တိမ်မည်းများဖြင့် ဖြစ်ပေါ်နေခဲ့သည့် စာလုံးကြီးများက ဒေသတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။
၎င်းတို့က ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံးအပေါ် လွှမ်းခြုံထားသည့် အရိပ်ကြီးတစ်ခုကို ထင်ကျန်စေခဲ့သည်။
စောစောပိုင်းက ကြောက်စရာကောင်းသော လျှပ်စီးမှာ ချူဖုန်းနှင့် အမှန်တကယ် ပတ်သက်နေခဲ့ကြောင်း တွေးမိချိန်တွင် နောက်ဆုံး၌ ကပ်ဘေးတစ်ခုကို သူတို့ ဖိတ်ခေါ်မိခဲ့ကြောင်း ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ သဘောပေါက်ခဲ့ကြသည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံးမှာ ကြောက်ရွံ့မှုဖြင့် လူသေပမာ ဖြူဖွေးသွားပြီး တုန်ယင်နေခဲ့ကြသည်။
သူတို့အနက် တစ်စုံတစ်ရာ ပြောဆိုဝံ့သူပင် မရှိခဲ့ပေ။
သူတို့က သူတို့ မစော်ကားနိုင်သည့် လူတစ်ဦးကို စော်ကားမိခဲ့ကြသည်။
“ဖတ် …”
ရုတ်တရက် တစ်ဦးက မြေပြင်ပေါ် ဒူးထောက်လိုက်၏။ ၎င်းမှာ ဇော့ချိုကောင်းကင် မျိုးနွယ်စု၏ ဝါရင့်အကြီးအကဲ ဇော့ချိုဟန်ရွှင်ပင်။
“နားလည်မှုလွဲတာပါ … ဒါတွေအားလုံး နားလည်မှုလွဲတာပါ … ကျုပ်တို့က ချူဖုန်းကို အခက်တွေ့အောင် လုပ်ဖို့ မရည်ရွယ်ခဲ့တာ အမှန်ပါ … သူ့ကို လျှပ်စီးလမ်းညွှန် လုပ်ခိုင်းဖို့ ကျုပ်တို့ လုံးဝ မရည်ရွယ်ခဲ့ပါဘူး … ဒါတွေအားလုံးက တကယ်ကို နားလည်မှုလွဲတာပါ”
“သခင်၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပါ … ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပါ”
ဇော့ချိုဟန်ရွှင်မှာ တောင်းပန်ရင်း အရိုအသေပေးလာသည်။ သူ၏ အပြုအမူမှာ နတ်ဘုရားများထံ အသနားခံနေသည့် အရပ်သားတစ်ဦးနှင့် တူနေခဲ့သည်။ ၎င်းက အလွန့်အလွန် နိမ့်ကျ၍ နှိမ့်ချခဲ့သည်။
ဤမြင်ကွင်းက ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံးကို အံ့ဩတုန်လှုပ်စေခဲ့သည်။
၎င်းမှာ သူတို့၏ ခပ်တန်းတန်းနေတတ်သော ဝါရင့် အကြီးအကဲပင်။ သူ ထိုမျှ နှိမ့်ချ၍ နိမ့်ကျစွာ ပြုမူသည်ကို သူတို့ လုံးဝ မမြင်ဖူးခဲ့ကြပေ။
ရုတ်တရက် ဇော့ချိုဟန်ရွှင်က ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များထံ အော်ပြောလိုက်သည်။
“မင်းတို့အားလုံး ဘာကြောင့် ရပ်နေကြသေးတာလဲ … မြန်မြန် ဒူးထောက်ကြစမ်း”
ဒေါသက သူ့အသံကို ဖြည့်ဆည်းထားခဲ့သည်။
သူ့စကားများကို ပြောပြီးပြီးချင်း ကျန်ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ ဒူးထောက်ခဲ့ကြသည်။
သူတို့က သူနှင့်အတူ တောင်းပန်လာကြသည်။
သို့သော် ရပ်နေသူတစ်ဦး ရှိနေပေသေးသည်။ ၎င်းမှာ ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင် ဖြစ်ပေလိမ့်မည်။
“ဝီး …”
ထိုခဏ၌ပင် တိမ်မည်းများတွင် လျှပ်စီးများ ပြန်လည်၍ လှိုင်းထလာသည်။
ရုတ်တရက် ပေါ်လာသည့် လျှပ်စီးက ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံးကို ကြောက်ရွံ့မှုဖြင့် ဖြူရော်သွားစေခဲ့သည်။
လျှပ်စီး ရုတ်တရက် ပြန်ပေါ်လာသည်မှာ သတိပေးမှုတစ်ခု ဖြစ်ဟန်တူပေသည်။
သို့သော် ၎င်းက မည်သူ့ကို သတိပေးနေခဲ့သနည်း။ ထိုလူမှာ ဒူးမထောက်ခဲ့သည့် တစ်ဦးတည်းသောသူ၊ သူတို့၏ ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင် ဖြစ်ပေလိမ့်မည်။
၎င်းကို မြင်လျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာမှာ ကြောက်ရွံ့မှုဖြင့် တွန့်ရှုံ့သွားပြီး သူ ချက်ချင်း ဒူးထောက်လိုက်သည်။
သူ့ထံ လျှပ်စီး ကျရောက်လာလိမ့်မည်ဟု သူ စိုးရွံ့မိခဲ့သည်။
ကောင်းကင်ရှိ လျှပ်စီးမှာ ယခင်ကဲ့သို့ မများပြားသည့်တိုင် အင်အားကြီးနေခဲ့ဆဲ၊ သူ ရင်မဆိုင်နိုင်သည့် အရာတစ်ခု ဖြစ်နေခဲ့ဆဲပင်။
အံ့ဩဖွယ်ကောင်းသည်မှာ ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင် ဒူးထောက်ပြီးနောက် လျှပ်စီးများ ပျောက်ကွယ်ခဲ့သည့်အပြင် တိမ်မည်းများပင် စတင် လွင့်ပြယ်ခဲ့ခြင်း ဖြစ်သည်။
ကပ်ဘေးတစ်ခုကို သူတို့ ရှောင်ရှားနိုင်ခဲ့သော်လည်း ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များမှာ ယခင်ထက်ပင် ပိုမို၍ ထိတ်လန့်နေခဲ့ကြသည်။
ဤသည်မှာ သူတို့၏ မျိုးနွယ်စု ခေါင်းဆောင်သခင်အတွက် အထူးသဖြင့် မှန်ကန်ပေသည်။
မူလတွင် ဖြစ်ရပ်များမှာ ချူဖုန်းနှင့် အမှန်တကယ် ပတ်သက်ခြင်း ရှိမရှိ သူ အနည်းငယ် သံသယဝင်မိခဲ့သည်။
သို့သော် ကိစ္စမှာ ချူဖုန်းနှင့် အမှန်တကယ် ပတ်သက်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။
ချူဖုန်းတွင် ကြီးမားသော ဇာစ်မြစ်တစ်ခု ပိုင်ဆိုင်ထားခဲ့သည်။ သူ့နောက်တွင် အလွန် ကြီးမား၍ အရာရာပင်စွမ်းသော တည်ရှိမှုတစ်ခု ရှိနေခဲ့သည်။
တိမ်မည်းများ လွင့်ပြယ်သွားခဲ့သည့်တိုင် ဇောချွေးများက ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ၏ မျက်နှာများကို ဖုံးလွှမ်းထားခဲ့ဆဲ ဖြစ်သည်။ သူတို့က ထမရပ်ဝံ့ဘဲ အချိန်အတော်ကြာ ဆက်လက်၍ ဒူးထောက်နေခဲ့ကြသည်။
သူတို့၏ မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့လေသည်။
***
သူ ထွက်ခွာလာပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို ချူဖုန်း မသိခဲ့ပေ။
သူက တည်နေရာပြောင်း အစီအရင်ကို အသုံးပြုလျက် ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်မှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့သော်လည်း တည်နေရာပြောင်းသည့် လုပ်ငန်းစဉ်မှာ အနည်းငယ် အချိန်ယူခဲ့ရဆဲ ဖြစ်သည်။
မည်သည့်နေရာသို့ ရွှေ့ပြောင်းရမည်ကို ဖုမော်ရှောင်းယွိ၊ ဖုမော်ရှင်းအော်နှင့်အတူ ချူဖုန်း ဆုံးဖြတ်ထားခဲ့သည်။
ထို့ကြောင့် အချိန်အတန်ကြာ ဖြတ်သန်းပြီးနောက် ချူဖုန်းမှာ တည်နေရာပြောင်း ဥမင်မှ ထွက်လာခဲ့သည်။
ချူဖုန်း ထွက်လာချိန်တွင် ဖုမော်ရှောင်းယွိနှင့် ဖုမော်ရှင်းအော်တို့ကို မြင်တွေ့လိုက်ရသည်။
“ညီနောင်ချူဖုန်း၊ ခင်ဗျား အဆင်ပြေတာ တကယ်ကို ကောင်းတယ်”
ဖုမော်ရှောင်းယွိနှင့် ဖုမော်ရှင်းအော်မှာ သူ့ထံ ချက်ချင်း ပြေးလာကြသည်။
သူတို့၏ မျက်နှာများထက်တွင် ပျော်ရွှင်သော အပြုံးများ ရှိနေသည့်တိုင် သူတို့ မည်မျှ စိုးရိမ်နေခဲ့ကြသည်ကို ချူဖုန်း မြင်တွေ့နိုင်ခဲ့သည်။
သူ မကြာသေးမီက သိကျွမ်းခဲ့သည့် ထိုမိတ်ဆွေနှစ်ဦးမှာ သူ၏ ဘေးကင်းမှုကို တစ်ချိန်လုံး စိုးရိမ်နေခဲ့ကြကြောင်း ထင်ရှားပေသည်။
“အခု ပြီးသွားပါပြီ”
ချူဖုန်းက ပြောလိုက်သည်။
“ကျုပ် မြင်ခဲ့တယ် … အကွာအဝေးက အတော် ဝေးပေမဲ့ ကောင်းကင်မှာ စုစည်းနေတဲ့ လျှပ်စီးတွေကို ကျုပ် မြင်ခဲ့ရသေးတယ်”
“နတ်လျှပ်စီးကပ်ဘေးရဲ့ အင်အားက တကယ်ကို အချည်းနှီး မဟုတ်ဘူး”
“ညီနောင်ချူဖုန်း၊ ခင်ဗျား အောင်အောင်မြင်မြင် အဆင့်တက်ခဲ့တာပဲ ဖြစ်ရမယ် … ဟုတ်တယ် မဟုတ်လား”
ဖုမော်ရှောင်းယွိက မေးလိုက်သည်။
“အင်း”
ချူဖုန်းက ခေါင်းညိတ်ပြလိုက်၏။
ထို့နောက်တွင် သူက ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်အတွင်း၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအကြောင်း ဖုမောင်မောင်နှမများကို အသေးစိတ် ပြောပြခဲ့သည်။
ဤကိစ္စများတွင် ဇော့ချိုမျိုးနွယ်စု၏ ပါရမီရှင်နှစ်ဦးကို သူ အနိုင်ယူခဲ့ပုံနှင့် ဇော့ချိုထျန်းချင်အပေါ် ကျိန်စာတစ်ခု ထားရှိခဲ့ပုံတို့ ပါဝင်ခဲ့သည်။
အဖြစ်အပျက်ကို သိရှိရပြီးနောက် ဖုမော်မောင်နှမများမှာ သူတို့၏ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ဘဲ အားရဝမ်းသာ ပြုံးနေမိကြသည်။
ချူဖုန်း ပြုလုပ်ခဲ့သည့် အရာမှာ အမှန်တကယ် အားရဖွယ်ကောင်းသည်ဟု သူတို့နှစ်ဦးစလုံး ခံစားမိခဲ့ကြသည်။
ကံမကောင်းသည့် တစ်ခုတည်းသော အချက်မှာ ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များကို သူ မည်သို့ အရူးလုပ်ခဲ့ကြောင်း သူတို့ကိုယ်တိုင် မမြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
သို့သော် ပျော်ရွှင်မှုတွင် နစ်မျောနေပြီးနောက် ချူဖုန်း၏ မျက်နှာထက်တွင် ပျော်ရွှင်သော အမူအရာ များများစားစား မရှိသည့်အလျောက် တစ်စုံတစ်ခု လွဲမှားနေခဲ့ကြောင်း ဖုမော်ရှောင်းယွိ သတိပြုမိသွားခဲ့သည်။
“ညီနောင်ချူဖုန်း၊ ခင်ဗျားက ဇော့ချိုကောင်းကင် မျိုးနွယ်စုကို ကြီးကြီးမားမား သင်ခန်းစာပေးခဲ့တယ် … ခင်ဗျား ဘာကြောင့် မပျော်တာလဲ”
“ဇော့ချိုကောင်းကင် မျိုးနွယ်စုက အရမ်း စွမ်းအားကောင်းတယ်”
“ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ရဲ့ အတားအဆီးနဲ့ ခင်ဗျားရဲ့ တည်နေရာပြောင်း အစီအရင်ကြောင့်သာ ကျုပ် အသာစီးရခဲ့တာ”
“အစစ်အမှန် ခွန်အားအရာမှာ ကျုပ်က သူတို့ထက် အများကြီး နိမ့်ကျတယ်”
“သူတို့နဲ့ အချေအတင်ဖြစ်ခဲ့တဲ့ အချိန်အတွင်း ကျုပ်ရဲ့ ဇာစ်မြစ်ကို ကွယ်ဝှက်ထားဖို့ မေ့နေခဲ့တယ် … အဲဒါကြောင့် သူတို့က ကျုပ်ကို ကျိန်းသေပေါက် လက်စားချေကြလိမ့်မယ်”
“ကျုပ်က သူတို့ လက်စားချေတာကို ကာကွယ်ဖို့ ကျိန်စာတစ်ခုကို ဇော့ချိုထျန်းချင်အပေါ် ချန်ထားခဲ့ပေမဲ့ ဒီကိစ္စကို ဇော့ချိုကောင်းကင် မျိုးနွယ်စု လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး … ကျုပ်ရဲ့ ဇာစ်မြစ်ကို သူတို့ စုံစမ်းကြမှာ သေချာတယ်”
“ဒါ့အပြင် သူတို့က ကျိန်စာကို ဖယ်ရှားဖို့ သိုင်းထိပ်သီးတွေရဲ့ အကူအညီကိုလည်း တောင်းခံကြလိမ့်မယ်”
“ကျိန်စာကို မဖယ်ရှားနိုင်ရင် သူတို့တွေ ကြောက်စိတ်ရှိနေပြီး ရှုပ်ထွေးအောင် လုပ်ရဲမှာ မဟုတ်ဘူး”
“ဒါပေမဲ့ ကျိန်စာကို ဖယ်ရှားနိုင်တဲ့သူ ရှိရင်တော့ သူတို့မှာ ဘာစိုးရိမ်စရာမှ မရှိတော့ဘဲ ကျုပ်နဲ့ ပတ်သက်နေတဲ့ လူတိုင်းကို သေချာပေါက် သုတ်သင်ကြလိမ့်မယ်”
“အနှေးနဲ့အမြန်ဆိုသလို ကျုပ်ရဲ့ မျိုးနွယ်စု ဖော်ထုတ်ခံရလိမ့်မယ် … အဲဒီအချိန်ရောက်ရင် ကျုပ်က ကပ်ဘေးတစ်ခုကို ကျုပ်ရဲ့ မျိုးနွယ်စုဝင်တွေအပေါ် ဆောင်ကြဉ်းမိလိမ့်မယ်”
ချူဖုန်းမှာ သူ၏ စိုးရိမ်ပူပန်မှုများကို ဖွင့်ဟလာသည်။
“ညီနောင်ချူဖုန်း၊ ခင်ဗျားရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျုပ် နားလည်နိုင်ပါတယ် … အဲဒီလိုဆိုမှတော့ ကျုပ်တို့တွေ ခင်ဗျားရဲ့ မျိုးနွယ်စုကို အရင် ပြန်သွားကြရအောင် … ခင်ဗျားရဲ့ မျိုးနွယ်စုဝင်တွေကို ဝှက်ထားဖို့ နည်းလမ်းတစ်ခုကို ကျုပ်တို့ စဉ်းစားလို့ ရပါတယ်”
“နောက်ဆုံးတော့ ယောက်ျားကောင်းတစ်ယောက် လက်စားချေဖို့ ဆယ်နှစ်ဆိုလည်း သိပ်နောက်မကျဘူး မဟုတ်လား”
“ခင်ဗျားက လောလောဆယ် သူတို့ကို မယှဉ်နိုင်ပေမဲ့ နောင်တစ်ချိန်မှာ သူတို့ထက် ကျိန်းသေပေါက် သာသွားလိမ့်မယ်”
“အဲဒီအချိန်မှ လက်စားချေဖို့ သူတို့ကို ရှာလည်း သိပ်နောက်ကျမှာ မဟုတ်ပါဘူး”
ဖုမော်ရှောင်းယွိက ပြောလိုက်သည်။
“ဒါပေမဲ့ ကျုပ်ရဲ့ စီနီယာတစ်ယောက်ကို ကူညီဖို့ ကျုပ် သဘောတူထားခဲ့တယ်”
“အချိန်တွက်ကြည့်ရင် ကျုပ် နည်းနည်း နောက်ကျနေခဲ့ပြီးတာ ဖြစ်နိုုင်တယ် … ကျုပ်က အဲဒီစီနီယာကို အရင် သွားရှာရမယ်”
“ကျုပ် စိုးရိမ်မိတာက ကျုပ်ရဲ့ စီနီယာကို အရင် သွားကူညီပြီးမှ ကျုပ်ရဲ့ မျိုးနွယ်စုကို အကြောင်းကြားဖို့ ပြန်သွားရင် နောက်ကျလွန်းမှာကိုပဲ”
ချူဖုန်းက ပြောလိုက်လေသည်။
“အဲဒါ လွယ်ပါတယ် … ခင်ဗျားရဲ့ မျိုးနွယ်စု ဘယ်မှာရှိလဲ ကျုပ်ကို ပြောပြရင် ကျုပ်က ခင်ဗျားကို ကူညီပြီး သူတို့ကို သွားအကြောင်းကြားပေးပါ့မယ်”
“ဒါဖြင့် ညီနောင်ရှောင်းယွိကို ကျုပ် ဒုက္ခပေးမိပါပြီ”
ချူဖုန်းက ဖုမော်ရှောင်းယွိကို ချက်ချင်း ကျေးဇူးတင်လိုက်၏။
သူက ဖုမော်ရှောင်းယွိကို အဆင်မပြေ ဖြစ်စေမည့်တိုင် ၎င်းမှာ အတော် သင့်လျော်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေခဲ့ဆဲပင်။
ထို့နောက် ချူဖုန်းနှင့် ဖုမော်ရှောင်းယွိတို့ အစီအစဉ်ဆွဲခဲ့ကြသည်။
ဖုမော်ရှောင်းယွိမှာ ချူကောင်းကင် မျိုးနွယ်စုသို့ သွားရောက်၍ အကြောင်းကြားပြီးနောက် အင်မော်တယ်နှင်းအပ်ခြင်း အထက်ဘုံတွင် ချူဖုန်းနှင့် ဆုံတွေ့ပေလိမ့်မည်။
“ဒါဖြင့် အစ်ကိုကြီး၊ ရှင်နဲ့ နောက်မှတွေ့မယ်”
ဖုမော်ရှင်းအော်က ပြောလိုက်သည်။
“ငါနဲ့ နောက်မှတွေ့မယ် မဟုတ်လား”
“ကောင်မလေး၊ နင်ပြောတာ ဘာအဓိပ္ပာယ်လဲ … နင်က နင့်အစ်ကိုကြီးကို ပစ်ထားပြီး ညီနောင်ချူဖုန်းနဲ့ လိုက်သွားဖို့ စိတ်ကူးနေတာလား”
ဖုမော်ရှောင်းယွိမှာ အံ့ဩမှုဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
“အစ်ကိုကြီး၊ ကျွန်မက လောကကြီးကို ကြည့်ချင်တယ် … ရှင်က ချူဖုန်းရဲ့ မျိုးနွယ်စုကို အကြောင်းကြားရုံပဲ သွားမှာလေ … ပြီးရင် ကျွန်မတို့ကို လာရှာမယ် … အဲဒါ အဆင်ပြေတယ် မဟုတ်ဘူးလား”
“ဒါ့အပြင် ရှင့်မှာ ကျွန်မရဲ့ ခြေရာခံအဆောင် ရှိနေတယ် … ကျွန်မသာ ချူဖုန်းနဲ့အတူ ရှိနေရင် ကျွန်မတို့ကို ရှင် ရှာတွေ့ဖို့ ပိုလွယ်လိမ့်မယ်”
ဖုမော်ရှင်းအော်က ရွှင်ပျသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“အစ်ကိုအရင်းထက် ဆန့်ကျင်ဘက်လိင်နဲ့ လူတစ်ယောက်ကို ဦးစားပေးတာ နင်က တကယ်ကို အသိတရား ကင်းမဲ့တာပဲ”
“ကောင်းပြီ၊ ဖုမော်ရှင်းအော် … ဖုမော်ရှောင်းယွိဆိုတဲ့ ငါက ဒါကို မှတ်ထားလိုက်မယ်”
“နှုတ်ဆက်ပါတယ်”
ထိုစကားများကို အဆုံးသတ်ပြီးနောက် ဖုမော်ရှောင်းယွိက တည်နေရာပြောင်း အစီအရင်တစ်ခု အတွင်းသို့ လှမ်းဝင်လိုက်သည်။
သူ နှုတ်ဆက်လိုက်စဉ် ဖုမော်ရှောင်းယွိတွင် ဝမ်းနည်းသော အမူအရာတစ်ခု ရှိနေခဲ့သည့်တိုင် ချူဖုန်းနှင့် ဖုမော်ရှင်းအော်တို့ နှစ်ဦးစလုံး ပြုံးနေမိကြသည်။
ဖုမော်ရှောင်းယွိမှာ ရယ်စရာအဖြစ်သာ ဝမ်းနည်းပြနေခဲ့ကြောင်း သူတို့ သိနေကြသည်။
ဖုမော်ရှောင်းယွိနှင့် သူ အချိန်တိုတစ်ခုသာ သိကျွမ်းခဲ့သည့်တိုင် ဖုမော်ရှောင်းယွိ အလွန် စိတ်ချရသူတစ်ဦး ဖြစ်သည်ကို ချူဖုန်း သိနေသည်။
ထို့ကြောင့် ဖုမော်ရှောင်းယွိက သူ၏ မျိုးနွယ်စုဝင်များကို ကောင်းစွာ အကြောင်းကြားနိုင်မည်ဟု သူ သေချာနေခဲ့လေသည်။