ချူဖုန်း အသက်ရှင်နေသေးကြောင်း လုံတောက်ကျိ မသိခဲ့ပေ။
ထို့ကြောင့် ချူဖုန်း၏ သေဆုံးမှုနှင့် ပတ်သက်၍ အလွန့်အလွန် အပြစ်ရှိမှုကို သူ ခံစားခဲ့ရသည်။ အကယ်၍ သူသာ ချူဖုန်း၏ အကူအညီကို မတောင်းခံခဲ့လျှင် ချူဖုန်းအဖို့ ရှေးခေတ်ဟောင်း ကောင်းကင်ဝါးမျိုခြင်း သားရဲနှင့် ကြုံတွေ့ကာ ထိုကဲ့သို့ သေဆုံးခဲ့ရမည် မဟုတ်ဟု သူ ယူဆမိခဲ့သည်။
သို့သော် လုံတောက်ကျိမှာ ကြီးလေးသော တာဝန်တစ်ခုကို ထမ်းဆောင်နေခဲ့ရသည်။
ချူဖုန်း၏ သေဆုံးမှုအတွက် သူ ဝမ်းနည်းခဲ့ပြီး သူ့ကိုယ်သူ အပြစ်တင်ခဲ့သော်လည်း ထိုကိစ္စကြောင့် သူ၏ အရေးကြီးသော တာဝန်ကို စွန့်လွှတ်မည် မဟုတ်ပါချေ။
နောက်ဆုံးတွင် ကိစ္စက နဂါးမျိုးနွယ်စုသို့ သူ၏ မျိုးနွယ်စု ပြန်သွားနိုင်ခြင်း ရှိမရှိနှင့် ပတ်သက်နေခဲ့သည် မဟုတ်ပါလော။
အချိန်က အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း၌ နဂါးကြော ရင်းမြစ်ကျောက်တုံးအတွက် ယှဉ်ပြိုင်ရန် အချိန်ကျလာခဲ့သည်။
လုံတောက်ကျိနှင့် ရှေးဦးသိုင်း နဂါးမြို့မှ ကျန်သိုင်းထိပ်သီးများမှာ အသူတစ်ရာနက်သော တွင်းတစ်ခု၏ အပြင်ဘက်တွင် စုရုံးနေခဲ့ကြသည်။
တွင်းမှာ ကြီးမားလွန်းလှသည်။ အကယ်၍ တွင်း၏ အကျယ်သာ ရေကန်တစ်ခု၏ အရွယ်အစားနှင့် တူညီခဲ့လျှင် လူသားတစ်ဦး၏ အရွယ်အစားကို ပုရွက်ဆိတ်တစ်ကောင်နှင့်ပင် နှိုင်းယှဉ်နိုင်မည် မဟုတ်ပါချေ။
အတိုချုပ်အားဖြင့် ကျင့်ကြံသူတစ်ဦးမှာ ထိုကြီးမား၍ အသူတစ်ရာနက်သော တွင်း၏ အပြင်ဘက်တွင် ရပ်နေချိန်၌ အလွန့်အလွန် သေးငယ်ပေလိမ့်မည်။
ထိုခဏ၌ တွင်းအနီးတွင် လူအုပ်ကြီးတစ်ခု စုရုံးမိနေခဲ့သည်။
သို့သော် မည်သူတစ်ဦးမျှ ၎င်းအတွင်းသို့ ခြေမချနိုင်ခဲ့ပေ။
အသူတစ်ရာနက်သော တွင်းသို့ ဝင်ပေါက်ကို ကာကွယ်ထားသည့် မမြင်နိုင်သော စိတ်ဝိညာဉ် အစီအရင် အတားအဆီးတစ်ခု ရှိနေခဲ့သည်။ ထိုမမြင်နိုင်သော စိတ်ဝိညာဉ် အစီအရင်မှာ အလွန့်အလွန် အားကောင်း၍ မျက်မှောက်ရှိနေသည့် လူအားလုံးကို ပိတ်ဆို့ထားခဲ့သည်။
လုံလောက်ကျိလည်း အသူတစ်ရာနက်သော တွင်း၏ အပြင်ဘက်တွင် ရပ်နေခဲ့သည်။ သို့သော် ၎င်းကို သူ များစွာ အာရုံမစိုက်ခဲ့ပေ။ ထိုအစား သူက မျက်မှောက်ရှိနေသည့် လူများကို စစ်ဆေးနေခဲ့သည်။
တကယ်တမ်းတွင် သူတို့အားလုံး မျိုးနွယ်စုတစ်ခုတည်းမှ ဖြစ်သည့်တိုင်၊ နဂါးမျိုးနွယ်စု၏ စွန့်ပစ်ခြင်း ခံခဲ့ရပြီး သူနှင့် သူ၏ ရှေးဦးသိုင်း နဂါးမြို့နည်းတူ သနားဖွယ်ကောင်းသော ဝိညာဉ်များ ဖြစ်သည့်တိုင် ၎င်းတို့မှာ သူ့ပြိုင်ဘက်များ ဖြစ်ကြောင်း လုံတောက်ကျိ သိနေသည်။
‘ကိုယ့်ကိုယ်ကိုယ် သိပြီး ရန်သူအကြောင်း သိလျှင် အမြဲတမ်း အောင်ပွဲရလိမ့်မည်’ ဟူ၍ ဆိုရိုးရှိပေသည်။
ထို့ကြောင့် လုံတောက်ကျိ မပေါ့ဆဝံ့ခဲ့ပေ။
ထိုခဏ၌ လုံတောက်ကျိနံဘေးတွင် ရှေးဦးသိုင်း နဂါးမြို့မှ သိုင်းထိပ်သီးများအပြင် နောက်ထပ်လူတစ်ဦး ရှိနေခဲ့သည်။
ထိုလူကား ရှေးဦးသိုင်း ကြယ်တာရာမြေ၏ ကျော်ကြားသော အသန်မာဆုံး ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူ ဆရာကြီးလျန်ချိုးပင်။
သို့သော် ဆရာကြီးလျန်ချိုး၏ လက်ရှိ စိတ်အခြေအနေမှာ များစွာ မကောင်းလှပါချေ။
“မြို့စားလုံ၊ မိတ်ဆွေလေးချူဖုန်းက တကယ်ပဲ ကံခေမှုတစ်ခုနဲ့ ကြုံခဲ့ရတာလား”
ဆရာကြီးလျန်ချိုးက ကောက်ကာငင်ကာ မေးလိုက်သည်။
တကယ်တမ်းတွင် ချူဖုန်း သေဆုံးကြောင်း သူ သိရှိထားခဲ့ပြီး ဖြစ်သည်။ သို့သော် ၎င်းကို သူ လက်မခံနိုင်သေးပါချေ။
သူ့ခံစားချက် ထိုမျှ လေးနက်နေခဲ့သည်မှာလည်း ထိုအချက်ကြောင့်ပင်။
နောက်ဆုံးတွင် သူက ချူဖုန်းအပေါ် များစွာ အထင်ကြီးခဲ့သည် မဟုတ်ပါလော။
“ဆရာကြီးလျန်ချိုး၊ ဒီကိစ္စက အပြည့်အဝ မှန်ပါတယ် … အဲဒါကို ကျုပ်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပါ”
“အားလုံးက ကျုပ်အပြစ်ပါ … မိတ်ဆွေလေးချူဖုန်း သေရတာ ကျုပ်ကြောင့်ပါ”
လုံတောက်ကျိက သူ့မျက်နှာတစ်ပြင်လုံးရှိ လိပ်ပြာမလုံသော အမူအရာဖြင့် ပြောလိုက်သည်။
ရုတ်တရက် လှောင်ပြောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။
“လုံတောက်ကျိ၊ အဲဒီလူငယ် ရိုးရိုးတန်းတန်း သေသွားတယ်လို့ ခင်ဗျားပြောရင် အမှန်လို့ ကျုပ် လက်ခံလိုက်မယ်”
“ဒါပေမဲ့ ခင်ဗျားက သူ့ကို ရှေးခေတ်ဟောင်း ကောင်းကင်ဝါးမျိုခြင်း သားရဲတစ်ကောင် မျိုချခဲ့တယ်လို့ တကယ် ပြောနေတယ် … ကျုပ်အထင်တော့ ခင်ဗျားက ကျုပ်တို့ကို ဟာသလုပ်နေတာပဲ”
“ရှေးခေတ်ဟောင်း ကောင်းကင်ဝါးမျိုခြင်း သားရဲတွေက ကောင်းကင်ဝါးမျိုခြင်း ကြယ်တာရာမြေရဲ့ ဒဏ္ဍာရီတွေဆိုတာ ဘယ်သူ မသိလို့လဲ”
“ရှေးခေတ်ဟောင်း ကောင်းကင်ဝါးမျိုခြင်း သားရဲတွေရဲ့ အရိုးစုတွေ ရှိနေပေမဲ့ သူတို့ မျိုးတုံးသွားခဲ့တာ ကြာလှပြီ”
ထိုစကားများကို ပြောလိုက်သူမှာ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မုတ်ဆိတ်မည်းမည်းနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။
အမျိုးသားမှာ အလွန် ရက်စက်သည့်အသွင် ရှိခဲ့သည်။
သူ့နောက်တွင် တူညီဝတ်စုံများကို ဝတ်ဆင်ထားသည့် လူအတော်များများ ရပ်နေသည်။
သူ့အကြောင်း မသိသူများမှာ သူ၏ မှတ်ချက်များကို ကြားရပြီးနောက် သူ့ကို လုံတောက်ကျိ၏ ပြိုင်ဘက်ဟု တွေးထင်မိနိုင်ပေသည်။
သို့သော် သူက လုံတောက်ကျိ၏ ပြိုင်ဘက် မဟုတ်ပါချေ။ သူနှင့် လုံတောက်ကျိတို့ အကြားတွင် ပဋိပက္ခ မရှိခဲ့ပေ။
ဆန့်ကျင်ဘက်အားဖြင့် သူက လုံတောက်ကျိ မဟာမိတ်ဖွဲ့ထားသည့် အင်အားစုလေးခု၏ ခေါင်းဆောင်များအနက်မှ တစ်ဦးပင်။
သူတို့အားလုံး နဂါးမျိုးနွယ်စု၏ စွန့်ပစ်ခြင်း ခံခဲ့ရသော်လည်း အမျိုးသားမှာ ရှေးဦးသိုင်း နဂါးမြို့မှ လူများနှင့် လုံတောက်ကျိအပေါ် အထင်သေးနေခဲ့ဆဲ ဖြစ်သည်။
“ကျုပ်ပြောခဲ့တာ အတော် ယုံနိုင်စရာမရှိမှန်း ကျုပ် သိပါတယ် … ဒါပေမဲ့ အဲဒါ ကျုပ် မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ အရာပါ”
“ရှေးခေတ်ဟောင်း ကောင်းကင်ဝါးမျိုခြင်း သားရဲတွေ ရှိနေသေးတယ်”
လုံတောက်ကျိက ပြောလိုက်သည်။
“ဟာသပဲ … ခင်ဗျားတို့ ရှေးဦးသိုင်း နဂါးမြို့က သတင်းထွက်နေသလို အတော် အသုံးမကျဘူး ထင်ပါရဲ့ … ခင်ဗျားတို့ အသုံးမကျလွန်းလို့ တခြားသူရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ တရားလွန် အပြောတွေကို အားကိုးနေရတယ်”
သက်လတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။
“ရှင်တို့ ရှေးဦးသိုင်း ကြယ်တာရာမြေရဲ့ ကိစ္စကို ကျွန်မတို့ ဂရုမစိုက်ဘူး”
“လုံတောက်ကျိ၊ အင်အားစုငါးခု ပူးပေါင်းရမယ်လို့ နဂါးမျိုးနွယ်စု စည်းကမ်းသတ်မှတ်ထားလို့သာ မဟုတ်ခဲ့ရင် ကျွန်မတို့က ရှင်နဲ့ လုံးဝ မဟာမိတ်ဖွဲ့ခဲ့မှာ မဟုတ်ဘူး”
“ရှင် ကောင်းကောင်း စွမ်းဆောင်ပြတာ အကောင်းဆုံးပဲ … နောက်ဆုံးတော့ နဂါးကြော ရင်းမြစ်ကျောက်တုံးတွေက လေးတုံးပဲ ရှိတာလေ … ရှင့်ရဲ့ စွမ်းဆောင်မှု ချို့တဲ့နေရင် ကျောက်တုံးတစ်တုံးကို မရနိုင်ဘူး”
“အဲဒါက လုံတောက်ကျိအတွက်တင် မကဘူး … ကျန်တဲ့ ရှင်တို့အတွက်လည်း မှန်တယ်”
“ကျွန်မတို့ရဲ့ မဟာမိတ်က အင်အားစုငါးခုနဲ့ ဖွဲ့စည်းထားပြီး နဂါးကြော ရင်းမြစ်ကျောက်တုံးတွေက လေးတုံးပဲ ရှိတယ်”
“ဒါကြောင့် ကျွန်မတို့က မဟာမိတ်တွေ ဖြစ်နေပေမဲ့ စွမ်းဆောင်မှုအလိုက် ခွဲဝေရလိမ့်မယ်”
“တကယ်လို့ တစ်ယောက်ယောက်က ကျွန်မတို့ကို စိတ်ပျက်အောင် လုပ်မိရင် နဂါးကြော ရင်းမြစ်ကျောက်တုံးတစ်တုံးကို ရဖို့ အခွင့်အရေး မရှိဘူး”
အဘွားအိုတစ်ဦးက ပြောလိုက်ခြင်း ဖြစ်သည်။
သူမက အင်အားစုငါးခု၏ မဟာမိတ်အဖွဲ့အနက် အခြားသော အင်အားစုတစ်ခု၏ ခေါင်းဆောင်ပင်။
“ခင်ဗျား သတိမပေးရင်တောင် အဲဒါကို ကျုပ်တို့ သိတယ်”
ကျန်အင်အားစုများမှ ကိုယ်စားလှယ်များလည်း သူတို့၏ စကားများကို တုံ့ပြန်လာကြသည်။
လုံတောက်ကျိမှာ ဤအခြေအနေနှင့် ပတ်သက်၍ မည်သည်ကိုမျှ မပြောခဲ့ပေ။
အင်မော်တယ်နှင်းအပ်ခြင်း အထက်ဘုံသို့ သူ ကြိုတင်၍ ရောက်ရှိလာခဲ့သည်မှာ တန်ပြန်ရေး အစီအမံတစ်ခုကို ထိုအင်အားစုလေးခုနှင့် ဆွေးနွေးနိုင်ရန် ဖြစ်ပေသည်။
သို့သော် ရောက်ရှိလာပြီးနောက် သူတစ်ဦးတည်း ကြိုရောက်လာခဲ့ကြောင်း သူ တွေ့ရှိခဲ့ရသည်။ ကျန်အင်အားစုလေးခုမှာ မကြာမီကမှ ရောက်ရှိလာခဲ့ကြသည်။
ထို့ကြောင့် ထိုအင်အားစုလေးခု၏ သဘောထားကို မမေးမြန်းဘဲ သူ သိရှိလိုက်သည်။
သူတို့က မဟာမိတ်များ ဖြစ်သော်လည်း သူတို့အကြားတွင် ယုံကြည်မှု မရှိခဲ့ပေ။ ထို့ပြင် သူတို့အားလုံးက သူ၏ ရှေးဦးသိုင်း နဂါးမြို့ကို လိုအပ်သည့် အရေအတွက် ပြည့်မီစေရန် အိမ်ဖြည့်အဖြစ်သာ ရှုမြင်ထားခဲ့ကြသည်။
သို့သော် တကယ်တမ်းတွင် လုံတောက်ကျိ၏ ခွန်အားက သူတို့ထက် ပိုမိုသန်မာကြောင်း သူတို့ မသိခဲ့ကြပေ။
သူတို့နှင့် ငြင်းခုံရန် လုံတောက်ကျိ စိတ်မဝင်စားခဲ့သည်မှာလည်း ထိုအချက်ကြောင့်ပင်။
လုံတောက်ကျိမှာ အရှက်ခွဲမှုကို သည်းခံမည့်သူတစ်ဦး မဟုတ်ခဲ့ပေ။ သူ သည်းခံခဲ့သည်မှာ သူ့ခွန်အားကို မဖော်ထုတ်လိုခဲ့၍ ဖြစ်သည်။
ထိုအင်အားစု လေးခုစလုံးက သူ့ကို အိမ်ဖြည့်အဖြစ် ရှုမြင်ခဲ့ကြသောကြောင့် သူတို့အပေါ် အခွင့်ကောင်းယူ၍ အရေးကြီးသော အခိုက်အတန့်တွင်မှသာ သူ၏ အစစ်အမှန် ခွန်အားနှင့် လုံတောက်ကျိဟူသည့် သူ မည်သို့သော လူစားမျိုး ဖြစ်ကြောင်း ပြသရန် သူ ဆုံးဖြတ်ထားခဲ့သည်။
ရုတ်တရက် အထက်ကောင်းကင်တွင် ရွှေရောင်အလင်း ဖြာထွက်လာသည်။
ကောင်းကင်တွင် ပေါ်ပေါက်ခဲ့သည့် ပြောင်းလဲမှုကို မြင်လျှင် အောက်ဘက်ရှိ လူအားလုံး တညီတညာတည်း ဒူးထောက်လိုက်ကြသည်။ လုံတောက်ကျိနှင့် ကျန်သူများလည်း ခြွင်းချက်မရှိပါချေ။
ထို့နောက် ရွှေရောင်အလင်းထံမှ လွင့်မျောနေသော စစ်ရထားဆယ့်ရှစ်စင်း ပေါ်လာသည်။
‘နဂါးမျိုးနွယ်စု’ ဟူသည့် စာလုံးများကို ရေးထိုးထားသည့် အလံများက ၎င်းတို့အပေါ်ဘက်တွင် လွင့်ဝဲနေခဲ့သည်။
စစ်ရထားများဖြင့် ရောက်ရှိလာသူများမှာ နဂါးမျိုးနွယ်စုမှ လူများပင်။
“သခင်တို့ကို ကျုပ်တို့ ဂါရဝပြုပါတယ်”
နဂါးမျိုးနွယ်စုမှ လူများ ရောက်ရှိလာသည်ကို သူတို့ မြင်တွေ့မိချိန်တွင် အောက်ဘက်မှ ကျယ်လောင်မြည်ဟိန်းသော အသံများ ထွက်ပေါ်လာသည်။
“မင်းတို့အားလုံး ထလို့ရပြီ”
အဓိက စစ်ရထားအတွင်းမှ အိုမင်းသော အသံတစ်ခု ပျံ့လွင့်လာသည်။
“အားလုံးပဲ၊ ဒီတွင်းကို အဆုံးမဲ့ချောက်လို့ ခေါ်တယ် … အဲဒီအထဲမှာ ရှိနေတာက ကျုပ်တို့ နဂါးမျိုးနွယ်စုရဲ့ အဖိုးတန် ကျင့်ကြံမှုရတနာ၊ နဂါးကြော ရင်းမြစ်ကျောက်တုံးပဲ”
“ဒီအဆုံးမဲ့ချောက်က ရှေးခေတ်ဟောင်းကနေ ဆင်းသက်လာခဲ့ပြီး ရှေးခေတ်ဟောင်းရဲ့ မဟာ အစီအရင်တစ်ခုနဲ့ ကာကွယ်ထားတယ် … အဲဒါကို ချိုးဖျက်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ဘူး … ဒါ့အပြင် ဝင်ပြီးတဲ့နောက် မင်းတို့ရဲ့ သေရေးရှင်ရေးကို မင်းတို့ပဲ တာဝန်ယူရမယ်”
“တကယ်လို့ အခုအချိန်မှာ လက်လျှော့ချင်တဲ့ ဘယ်သူမဆို ထွက်သွားနိုင်တယ်”
အဘိုးအိုက ပြောလိုက်သည်။
ရောက်ရှိလာခဲ့သည့် နဂါးမျိုးနွယ်စု၏ စစ်ရထား ဆယ့်ရှစ်စင်းစလုံးမှာ အရွယ်အစား ကြီးမားကြသည်။ ၎င်းတို့တွင် လူအတော်များများ ဝင်ဆံ့သည်မှာ ကျိန်းသေပေသည်။
သို့သော် တစ်ဦးတလေမျှ ထွက်မလာခဲ့ပေ။ စကားပြောခဲ့သည့် အဘိုးအိုပင် လူလုံးမပြခဲ့ပါချေ။
အောက်ဘက်ရှိ လူများမှာ သူတို့၏ ရုပ်သွင်များကို မြင်တွေ့ရန် အရည်အချင်း မမီကြသည့်နှယ်ပင်။
သူတို့၏ သဘောထားများမှာ အလွန့်အလွန် စီးပိုးလှသည်။
သို့တိုင် အောက်ဘက်ရှိ မည်သူတစ်ဦးမျှ တစ်စုံတစ်ရာ မကျေနပ်မှုကို မဖွင့်ဟဝံ့ခဲ့ပေ။
ထွက်သွားဝံ့သူလည်း မရှိခဲ့ပါချေ။
ထိုအစား သူတို့အားလုံးက အသူတစ်ရာနက်သော တွင်းသို့ ဝင်ရောက်ရန် သူတို့၏ သန္နိဋ္ဌာန်များကို ဖွင့်ဟခဲ့ကြသည်။
၎င်းကို မြင်လျှင် စစ်ရထားထံမှ အဘိုးအို၏ ကျေနပ်သော ရယ်သံ ထွက်ပေါ်လာသည်။
“မင်းတို့အားလုံး ကြိုတင် ပြင်ဆင်ထားကြပုံပဲ … ကောင်းပြီ၊ မင်းတို့က အတော်အသင့် သတ္တိရှိတယ်”
“အဲဒီလိုဆိုမှတော့ ကျုပ်က မင်းတို့ကို အကူအညီတချို့ ပေးလိုက်မယ်”
“မကြာခင် ကျုပ်တို့ရဲ့ နဂါးမျိုးနွယ်စုက မင်းတို့အားလုံးကို ကူညီပြီး ဒီရှေးခေတ်ဟောင်းရဲ့ မဟာ အစီအရင်ကို အသက်သွင်းပေးမယ်”
“အဲဒါကို အသက်သွင်းပြီးတာနဲ့ ဝင်ပေါက်တွေ ပေါ်လာလိမ့်မယ် … ဒါပေမဲ့ အဲဒီ ဝင်ပေါက်တွေကို တစ်ပြိုင်နက် ဖွင့်ဖို့ ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူငါးယောက် လိုအပ်တယ် … အဲဒီနောက်မှပဲ ဝင်ပေါက်တွေကို ချိုးဖျက်နိုင်တယ် … ချိုးဖျက်ပြီးတာနဲ့ မင်းတို့အားလုံး အဆုံးမဲ့ချောက်ကို ဝင်နိုင်ကြလိမ့်မယ်”
“ဒီအဆုံးမဲ့ချောက်က မရေမတွက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေဦးမှာပဲ … ဒါပေမဲ့ နဂါးကြော ရင်းမြစ်ကျောက်တုံး ရယူဖို့ အခွင့်အရေးက အဲဒီအထဲမှာ ရှိနေတယ်”
“အဆုံးမဲ့ချောက်ထဲမှာ နဂါးကြော ရင်းမြစ်ကျောက်တုံး လေးတုံးတိတိ ရှိတယ် … နဂါးကြော ရင်းမြစ်ကျောက်တုံးတစ်တုံးကို ရတဲ့ ဘယ်သူမဆို သူတို့ရဲ့ မျိုးနွယ်စုဝင်အားလုံးကို ခေါ်ပြီး နဂါးမျိုးနွယ်စုကို ပြန်လို့ရတယ်”
အဘိုးအို ပြောပြီးနောက် စစ်ရထားဆယ့်ရှစ်စင်းက အက္ခရာများနှင့် သင်္ကေတများဖြင့် ပြည့်နှက်နေခဲ့သည့် အလင်းကို ထုတ်လွှတ်လာသည်။
အလင်းများ ပေါင်းစပ်ပြီးနောက် အဆုံးမဲ့ချောက်အတွင်းသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားခဲ့သည်။
“အုန်း …”
သို့သော် အဆုံးမဲ့ချောက်သို့ အလင်း မဝင်ရောက်နိုင်မီ စိတ်ဝိညာဉ် အစီအရင်တစ်လွှာက ၎င်းကို တားဆီးခဲ့သည်။
နောက်ဆုံး၌ မမြင်နိုင်သော စိတ်ဝိညာဉ် အစီအရင်မှာ အလိုအလျောက် ပေါ်လာခဲ့သည်။
စိတ်ဝိညာဉ် အစီအရင်ကို မြင်တွေ့ရချိန်တွင် မျက်မှောက်ရှိနေသည့် ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူအားလုံး ပင့်သက်ကိုယ်စီ ရှိုက်သွင်းလိုက်မိကြသည်။
သူတို့အားလုံးမှာ အင်အားစုအသီးသီး တောင်းဆိုထားခဲ့သည့် ကူညီသူများ ဖြစ်ကြသည်။ သူတို့က စိတ်ဝိညာဉ် အစီအရင်ကို ချိုးဖျက်ခြင်းအတွက် အရေးပါကြသည်။
သို့သော် မဟာ အစီအရင်ကို မြင်တွေ့ရပြီးနောက် ပြင်းထန်သော ဖိအားကို သူတို့အားလုံး ခံစားမိခဲ့ကြသည်။
အကြောင်းမူ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက မဟာ အစီအရင် ထွက်ပေါ်လာမှုနှင့် ယှဉ်တွဲလာခဲ့၍ ဖြစ်သည်။
ထိုကြောက်စရာကောင်းသော အရှိန်အဝါမှာ အဆုံးမဲ့ချောက်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းကား အလွန့်အလွန် ပြင်းထန်သော သေခြင်းတရား၏ အငွေ့အသက်တစ်ခုပင်။
ထိုးထွင်းမြင်နိုင်သော ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူများ ဖြစ်သည့်အလျောက် အဆုံးမဲ့ချောက်မှာ သူတို့အတွက် အခြားမည်သည်ထက်မဆို ငရဲနှင့် ပိုတူနေခဲ့လေသည်။
***