ရွှီရန်သည် ပြိုလဲသွားသော ဧရာမသစ်ပင်ကြီး၏ ရှေ့မှောက်သို့ ဆင်းသက်လိုက်ပြီး သစ်ပင်၏ ဒဏ်ရာဟောင်းတစ်နေရာကို လှီးဖြတ်ကာ ထုတ်ယူလိုက်သည်။ အချို့သော သစ်ပင်
အမာရွတ်များသည် သစ်ဖုများအဖြစ် ပြောင်းလဲသွားတတ်သလို ထူးခြားသည့် သစ်အမျိုးအစားအချို့မှာမူ အမွှေးနံ့သာတုံးများ ဖြစ်လာတတ်ကြသည်။
ယခု သူ၏ရှေ့မှောက်ရှိ သစ်ပင်အမာရွတ်မှာ ကလေးငယ်တစ်ဦး၏ လက်မောင်းခန့် ထူထဲလှ၏။
၎င်းမှာ ကျောက်မျက်ရတနာတစ်ခုကဲ့သို့ တစ်ကိုယ်လုံး နီရဲတောက်ပနေသည်။
[ဝါးမြိုနိုင်သော ထူးဆန်းသည့် သစ်သားအနှစ်အောက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မွန်မြတ်သောရွှေရောင်သွေးအဖြစ် ပြောင်းလဲနိုင်သည်]
[ထုတ်ယူမှု အောင်မြင်ပါသည်။ မွန်မြတ်သောရွှေရောင်သွေး +၀.၀၅ စက်၊ လက်ရှိပိုင်ဆိုင်မှု ၅.၀၅ စက်]
ရွှီရန်မှာ အတန်ကြာအောင် အံ့အားသင့်မှင်သက်နေမိသည်။
“ဒီလောက်ကောင်းတဲ့ ပစ္စည်းကမှ ၀.၀၅ ပဲ ရတာလား ဒီလိုသစ်ပင်မျိုး ၁၀ ပင်ခုတ်မှ ၀.၅ စက်ပဲရမယ်။ အပင် ၁၀၀ ခုတ်မှ ၅ စက်ရမှာပေါ့။ ဒါဆို သစ်ပင်တစ်ပင်က သွေးစွမ်းအင် ၅၀၀ နဲ့ ညီမျှနေတာလား”
“ငါသာ ချမ်းသာချင်ရင် တုံးတိချန်လိုမျိုး သစ်ပင်တွေကို ရူးသွပ်မတတ် လိုက်ခုတ်နေရတော့မှာလား”
“ကောင်းပြီလေ... ဒါက သိပ်ပြီး ထူးထူးခြားခြားကောင်းတဲ့ သစ်သားမဟုတ်လို့ပဲ ထားပါတော့။ အတွင်းဘက်ကို ထပ်ပြီး စူးစမ်းကြည့်ရမယ်။ တစ်ခါတည်းနဲ့ ရွှေရောင်သွေး ၀.၁ စက်လောက် ပေးနိုင်တဲ့ သစ်ကောင်းမျိုးကိုသာ တွေ့လိုက်ရရင်တော့ တကယ့်ကို အလန်းစားပဲ”
ရွှီရန်၏ မျက်ဝန်းများမှာ အရောင်တောက်လာခဲ့သည်။
“မွန်မြတ်သောရွှေရောင်သွေးအဖြစ် ပြောင်းလဲနိုင်တဲ့ ဝါးမြိုစရာ ရတနာတွေကို ရှာဖွေတွေ့ရှိတာက တကယ့်ကို ကြီးမားတဲ့ အမြတ်အစွန်းပဲ”
“ဒီဧရာမသစ်ပင်တွေရဲ့ ဖြစ်တည်မှုပုံစံကို ငါသေချာမသိသေးပေမဲ့... ထူးခြားတဲ့ အပင်အမျိုးအနွယ်ဝင် သက်ရှိတွေအားလုံးကို မွန်မြတ်သောရွှေရောင်သွေးအဖြစ် ပြောင်းလဲဝါးမြိုလို့ ရနိုင်တာမျိုးလားမသိဘူး”
“တကယ်လို့သာ အဲဒီအတိုင်းဆိုရင်တော့ ဒီညစ်ညမ်းဧရိယာကြီးက ငါ့အတွက်တော့ ရွှေတွင်းကြီးအတိုင်းပဲ”
ရွှီရန်က ရုတ်တရက် အားရပါးရ ရယ်မောလိုက်သည်။
ဤခရီးစဉ်မှာ အမှန်တကယ်ပင် အချည်းနှီးမဖြစ်ခဲ့ပါချေ။
တုံးတိချန်လို သစ်ခုတ်သမားအဖြစ် ပြောင်းလဲသွားရမယ်ဆိုရင်တောင် ဘာအရေးလဲ။ ခုတ်မယ်... ခုတ်မယ်... အဆက်မပြတ် ခုတ်နေရုံပဲပေါ့။
မိစ္ဆာတွေကို သုတ်သင်တာနဲ့ သစ်ပင်ခုတ်တာက ဘာမှထူးတာမှ မဟုတ်တာ။
ဒါ့အပြင် ငါက သစ်ပင်ခုတ်ရင်းနဲ့ မိစ္ဆာတွေကိုပါ တစ်ခါတည်း ရှင်းလင်းနိုင်တာကြောင့် တစချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။
ရွှီရန်က ခပ်ဖွဖွလေး ရယ်မောရင်း တောင်တန်းများကြားတွင် တိတ်တဆိတ် ရွေ့လျားနေခဲ့သည်။
သူသည် ညစ်ညမ်းမှု အနည်းငယ်သာရှိသော တောကြက်နှင့်တူသည့် သတ္တဝါအချို့ကို ဖမ်းဆီးကာ သန့်စင်ခြင်းအဆောင်တစ်ခုကို ကပ်၍ ညစ်ညမ်းမှုများကို ဖယ်ရှားလိုက်ပြီးနောက် တောင်ပေါ်၌ ကင်စားလိုက်သည်။
အရသာမှာ မဆိုးပေ။
သူသည် အားရပါးရပင် စားသောက်လိုက်တော့သည်။
ရွှီရန်သည် စိတ်ကျေနပ်မှုအပြည့်ဖြင့် တောင်တန်းများကြားတွင် ဆက်လက်လှည့်လည်နေခဲ့သည်။
ဆိတ်ငြိမ်လှသော တောင်ထိပ်တစ်ခုသို့ ရောက်ရှိသောအခါ သူသည် ရပ်တန့်လိုက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်ကာ ကျေနပ်အားရသော မျက်နှာထားကို ပြသလိုက်၏။
ဤနေရာတွင် ထူးဆန်းသော သစ်ပင်များမှာ ပေါက်ရောက်နေပြီး ထူထပ်လှသော မြက်ပင်များက ကျဉ်းမြောင်းသည့် ဂူပေါက်တစ်ခုကို ဖုံးကွယ်ထားသည်။ ဂူအတွင်း၌မူ ရေစီးသံများ ထွက်ပေါ်နေပြီး ညစ်ညမ်းမှုမှာလည်း အလွန်အမင်း ပြင်းထန်ပုံမရပေ။
ရွှီရန်က ခေါင်းညိတ်လိုက်ပြီး ဂူရှေ့သို့ ဆင်းသက်လိုက်သည်။ သူသည် ဓားကိုအသုံးပြု၍ ဂူအတွင်းပိုင်းကို ချဲ့ထွင်လိုက်ပြီး အခန်းတစ်ခန်းနှင့် ခန်းမဆောင်တစ်ခုကို ထွင်းထုလိုက်၏။ ထို့ပြင် စီးဆင်းနေသော ရေများကို စုဆောင်းရန်အတွက် ရေကန်ငယ်တစ်ခုကိုလည်း ထွင်းထု၍ ဖန်တီးလိုက်သည်။
ထိုအလုပ်များ အားလုံးပြီးစီးသွားသောအခါ သူသည် ဂူဝကို ကျောက်တုံးကြီးတစ်တုံးဖြင့် ပိတ်ဆို့လိုက်ပြီး လေဝင်လေထွက်အတွက် အပေါက်ငယ် သုံးပေါက်ကိုသာ ချန်ထားခဲ့သည်။
ဤအခြေအနေသို့ ရောက်သောအခါ အပြင်ဘက်ရှိ ရှုပ်ထွေးနေသော သစ်ပင်များနှင့် မြက်ပင်များကြားမှ ဂူအတွင်းပိုင်းကို မည်သို့မျှ မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။ အစွမ်းထက်သော မိစ္ဆာသားရဲများ ဖြတ်သန်းသွားလျှင်ပင် အတွင်း၌ လူတစ်ယောက် ပုန်းအောင်းနေသည်ကို ရိပ်မိကြမည်မဟုတ်ပေ။ တစ်စုံတစ်ရာကို အာရုံခံမိလျှင်ပင် အခြားမိစ္ဆာသားရဲတစ်ကောင်အဖြစ်သာ ထင်မှတ်ကြမည်ဖြစ်ပြီး အထူးတလည် ဂရုစိုက်ကြလိမ့်မည် မဟုတ်ပေ။
သူသည် ဂူအောင်းရာနေရာနှင့် ရေကန်ဝန်းကျင်တွင် သန့်စင်ခြင်း ရတနာအဆောင်ငယ်အချို့ကို ချထားလိုက်ရာ လေထုမှာ လျင်မြန်စွာပင် လန်းဆန်းလာခဲ့သည်။ ဝိညာဉ်စွမ်းအင်အမှုန်အမွှားလေးများသည် ဂူအတွင်း၌ တဖြည်းဖြည်း ကြွယ်ဝလာပြီး အလွန်ပင် နေချင်စဖွယ် ကောင်းလာတော့သည်။
ရေကန်အတွင်းရှိ ရေများမှာလည်း တဖြည်းဖြည်းနှင့် ကြည်လင်လာခဲ့သည်။
ရွှီရန်သည် ခပ်ဖွဖွလေး ပြုံးလိုက်မိသည်။
သူသည် တောင်ကုန်းအတွင်း၌ မီတာ ၁၀၀ ကျော် ရှည်လျားသော ထွက်ပြေးတိမ်းရှောင်ရန် လမ်းကြောင်းတစ်ခုကို တူးဖော်လိုက်၏။ ထို့နောက် ဂူဝတွင် ကင်းစောင့်ရန်အတွက် စက္ကူရုပ်အချို့ကို ချထားလိုက်သည်။
ပြင်ဆင်မှုအားလုံး ပြီးစီးသွားသောအခါ ရွှီရန်သည် မွန်မြတ်သောရွှေရောင်သွေး ၅ စက်ကို ထုတ်ယူကာ သူ၏ နှလုံးသားအတွင်းသို့ ရိုက်သွင်းလိုက်သည်။ သူ၏ ကျင့်ကြံမှုစွမ်းအားမှာ ၄ သိန်း ၅ သောင်းအထိ လျင်မြန်စွာ ထိုးတက်သွားခဲ့သည်။
“အတော်လေး ကောင်းသွားပြီ”
ရွှီရန်သည် သူ၏ နေ့စဉ်ပြုလုပ်မြဲဖြစ်သော စည်းကမ်းတကျ ကျင့်ကြံမှုများကို စတင်လိုက်တော့သည်။
နှစ်နာရီခန့် ကြာပြီးနောက်တွင် အဆောင်တံဆိပ်များကို စတင်ထွင်းထုပြန်သည်။ အရန်အဖြစ် ထားရှိရန် လုံလောက်သော အဆောင်တံဆိပ်များကို ဖယ်ချန်ထားပြီး ကျန်ရှိသည်များကိုမူ အလင်းလိပ်
အခွံထံသို့ ဝါးမြိုရန် အားဖြည့်ပေးလိုက်သည်။
အလုပ်များဖြင့် ခေတ္တမျှ ရှုပ်ယှက်ခတ်နေပြီးနောက် ရွှီရန်သည် အဝတ်အစားများကို ချွတ်ကာ ရေချိုးလိုက်ပြီး သူ၏ အဝတ်များကိုလည်း တစ်ခါတည်း လျှော်ဖွတ်လိုက်သည်။ ညစ်ညမ်းဧရိယာအတွင်း၌ ရေချိုးရန်မှာ အတန်ငယ် အခက်အခဲရှိသော်လည်း ရွှီရန်တွင်မူ ကောင်းမွန်သော နည်းလမ်းများ ရှိနေပါသည်။ အကယ်၍သာ သူသာ သက်စောင့်အဆောင်ကို တတ်မြောက်ထားပါက သူ၏ လူနေမှုဘဝ အရည်အသွေးမှာ ယခုထက် ပိုမိုမြင့်မားလာဦးမည် ဖြစ်သည်။
အဝတ်များ လျှော်ဖွတ်ပြီးနောက်တွင် ရွှီရန်သည် အဝတ်အစားမပါဘဲ အိပ်စက်အနားယူလိုက်သည်။
ခြောက်နာရီခန့် အိပ်ပျော်သွားပြီးသည့်အချိန်၌ ရုတ်တရက် အဝေးတစ်နေရာမှ တုန်ခါမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဂူတစ်ခုလုံး သိသိသာသာ တုန်ခါသွားပြီး အပေါ်ဘက်ရှိ ကျောက်တုံးကြီးများသည် အချိန်မရွေး ပြိုကျကာ ရွှီရန်ကို ဖိသတ်တော့မည့်အလားပင်။
“အင်မတန် အစွမ်းထက်တဲ့ တိုက်ပွဲတစ်ခု ဖြစ်နေပြီ”
ရွှီရန်သည် အမြန်ပင် ထလိုက်ပြီး စိုထိုင်းထိုင်း ဖြစ်နေသေးသော အဝတ်များကို ကဗျာကယာ ဝတ်ဆင်လိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ဂူအတွင်းမှ ပျောက်ကွယ်သွားခဲ့တော့သည်။
မြင့်မားလှသော တောင်ထိပ်ပေါ်တွင် ကိုယ်ယောင်ဖျောက်လျက် ရပ်နေသော ရွှီရန်သည် တုန်ခါမှုများ ထွက်ပေါ်လာရာ အရပ်ဆီသို့ အာရုံစိုက်ကာ ကြည့်ရှုလိုက်လေရာ...
***