“နောက်တစ်ဆင့်ကတော့ သွေးစွမ်းအင် ဆယ်သန်းနဲ့ ယွဲ့နယ်ပယ်ရဲ့ အထွတ်အထိပ်ကို တက်လှမ်းဖို့ပဲ။ အဲဒီနောက်မှာတော့ နတ်ဘုရားအဆင့်ကို ရောက်ရှိနိုင်မယ့် နည်းလမ်းကို ရှာဖွေရမယ်”
ရွှီရန်သည် ညစ်ညမ်းနေသော လေထုကို ဝဝလင်လင် ရှူသွင်းလိုက်မိသည်။
“တကယ်ပါပဲ... ညစ်ညမ်းဧရိယာထဲကို စွန့်စားဝင်ရောက်တာက ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းပဲ။ နှစ်လအတွင်းမှာတင် သွေးစွမ်းအင် ၄ သိန်း ၆ သောင်းကနေ တစ်သန်းအထိ မြင့်တက်လာတာဟာ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်”
သို့သော်လည်း သွေးစွမ်းအင် ဆယ်သန်းရှိသော ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်အတွက်မူ မွန်မြတ်သောရွှေရောင်သွေး စုစုပေါင်း အစက် ၉၀၀ ခန့် လိုအပ်မည်ဖြစ်ပြီး ဧရာမသစ်ပင်ကြီးပေါင်း နှစ်သောင်းခန့်ကို ခုတ်လှဲရပေလိမ့်မည်။ အနည်းဆုံး ရက်ပေါင်း ၉၀၀ ခန့် အနားမနေတမ်း သစ်ခုတ်ရမည့်သဘောဖြစ်ရာ ၎င်းမှာ သုံးနှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။
တောပြုန်းစေသူရွှီရန်သည် ထိုအခြေအနေမှာ အလွန်ပင် ပြင်းထန်လှသည်ဟု ခံစားလိုက်ရ၏။
“ငါ့ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ဆိုရင် ကပ်ဘေးအဆင့် ညစ်ညမ်းဇုန်ထဲကို ဝင်ရောက်ဖို့ ပိုပြီး ဘေးကင်းသွားပြီ။ အဲဒီလိုနေရာမျိုးမှာ ပိုကောင်းတဲ့ သစ်သားအနှစ်တွေ ရှိနေနိုင်သလို ငါ့ရဲ့ အစွမ်းနဲ့ဆိုရင် ပိုမိုကောင်းမွန်တဲ့ ထူးဆန်းတဲ့ သစ်ပင်ကြီးတွေကို အပိုင်သိမ်းဖို့ ကြိုးစားနိုင်ပြီ”
သူ၏ စီမံကိန်းမှာ အလွန်စနစ်ကျလှသည်။
အစပိုင်းတွင် ဒုတိယအဆင့် ညစ်ညမ်းဧရိယာ၌သာ အကျိုးအမြတ်ရှာခဲ့သော်လည်း နောက်ပိုင်းတွင် ပထမအဆင့် ညစ်ညမ်းဧရိယာအတွင်းသို့ ဝင်ရောက်ကာ သစ်ပင်များကို ခုတ်ထွင်ခဲ့သည်။ ယခု သူ၏အစွမ်းမှာ ယွဲ့နယ်ပယ်သို့ ရောက်ရှိသွားမှသာ ကပ်ဘေးအဆင့် ညစ်ညမ်းဇုန်ထဲသို့ ဝင်ရောက်ရန် စဉ်းစားခြင်းပင်။
သူသည် မည်သည့်အခါမျှ စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ ဇွတ်တရွတ်လုပ်တတ်သူ မဟုတ်ပေ။
ကပ်ဘေးအဆင့် ညစ်ညမ်းဇုန်ထဲမှာတော့ နတ်ဘုရားသတ်တပ်ဖွဲ့တောင် ကျဆုံးတတ်တာပဲ။ လုံလောက်တဲ့ စွမ်းအားမရှိဘဲနဲ့ ဘယ်သူက ဇွတ်ဝင်ရဲမှာလဲ။ ဒီလိုနေရာမျိုးမှာ အမှားအယွင်းမရှိတဲ့ နည်းဗျူဟာကမှ အသက်ရှင်ဖို့ တစ်ခုတည်းသော လမ်းစပဲ။
“ဒါပေမဲ့ မဝင်ခင်မှာ ငါ့ကိုယ်ငါ တစ်ခါလောက် ထပ်ပြီး အဆင့်မြှင့်တင်ရဦးမယ်”
ရွှီရန်သည် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် မှောင်မည်းနေသော ဂူခန်းအတွင်း၌ နက်မှောင်ပြောင်လက်နေသော ကပ်ဘေးတစ်သောင်း မီးလျှံကို ထုတ်ယူလိုက်သည်။ ကြာပန်းပွင့်ချပ်များမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ တဟုန်ထိုး မြင့်တက်လာကာ တစ်သန်းအဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် သွေးစွမ်းအင် တစ်သန်းရှိသော တိုက်ခိုက်မှုကိုပင် လက်ဗလာဖြင့် ခုခံနိုင်စွမ်းရှိနေပြီဖြစ်ပြီး ရတနာအဆောင်နှစ်ခုကိုပါ ထပ်မံအသုံးပြုပါက သွေးစွမ်းအင် ၂.၂၅ သန်းအထိကို အလွယ်တကူ တောင့်ခံနိုင်မည်ဖြစ်သည်။
ရွှီရန်သည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း အားရပါးရ ရယ်မောလိုက်သည်။
သို့သော်လည်း ရုတ်တရက် သူသည် ချက်ချင်းပင် သတိဝီရိယ အပြည့်ရှိသွားခဲ့သည်။
ထူးဆန်းသော အူသံကြီးနှင့်အတူ သူ၏အောက်ခြေရှိ တောင်တန်းကြီးမှာ တုန်ခါသွားပြီး ကျောက်ဂူခန်းမှာ အက်ကွဲကာ ကျောက်တုံးများ ပြိုကျလာတော့သည်။ ၎င်းမှာ ဧရာမနဂါးကြီးတစ်ကောင် လူးလွန့်လိုက်သကဲ့သို့ပင် ရှိနေ၏။
ရွှီရန်သည် ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး အဆောင်တံဆိပ်များနှင့် စက္ကူရုပ်များကို သိမ်းဆည်းကာ သူ၏ ခန္ဓာကိုယ်အဟုန်ဖြင့် ရှေ့သို့ အရှိန်အဟုန်ပြင်းစွာ တိုးထွက်လိုက်သည်။ သူသည် တောင်ကုန်းကို ဖောက်ထွက်လျက် တိမ်တိုက်များဆီသို့ တစ်ဟုန်ထိုး ခုန်တက်သွားတော့သည်။
တိမ်တိုက်များအထက်တွင် ရပ်တန့်လျက် ရွှီရန်သည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
တောင်တန်းအချို့ ပြိုကျပျက်စီးသွားပြီးနောက် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဧရာမ ကျင်းကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုကျင်းကြီးထဲမှ ထူးဆန်းသော သစ်ပင်ကြီးတစ်ပင်သည် အရှိန်အဟုန်ဖြင့် ထိုးထွက်လာပြီး ရေတွက်၍မရနိုင်သော ၎င်း၏အမြစ်များက အလွန်ရှည်လျားသည့် နီရဲသော လျှာကြီးများအဖြစ် ပြောင်းလဲကာ လေထဲတွင် ဝဲပျံကခုန်နေကြသည်။
မီတာရာနှင့်ချီ ရှည်လျားသော ထိုလျှာပေါင်း သန်းနှင့်ချီသည့်ကြားတွင် ထိုအပင်၏ ဗဟိုချက်ကို မြင်တွေ့နိုင်ပြီး ၎င်းမှာ ဆယ်မီတာကျော် မြင့်မားသော ဧရာမ သစ်ပင်လူသားကြီးတစ်ဦး ဖြစ်သည်။ ကျား၊ မ ခွဲခြား၍မရသော ထိုသစ်ပင်လူသားတွင် ခြေလက်အင်္ဂါ၊ ဦးခေါင်းနှင့် မျက်နှာသွင်ပြင်များ ပြည့်စုံစွာ ပါရှိသော်လည်း ၎င်း၏အမြစ်များမှ ပြောင်းလဲလာသော လျှာများမှာမူ အလွန်ပင် များပြားလှသည်။
ထို့ပြင် ၎င်း၏မျက်နှာမှာ လူသားနှင့် လုံးဝမတူဘဲ ကြမ်းကြုတ်ခက်ထန်မှုကို ဖော်ပြနေသည့် မြေခွေးတစ်ကောင်နှင့် ပို၍တူညီနေသည်။
ယခုအခါတွင် ၎င်းသည် အလွန်အမင်း ဒေါသထွက်နေပုံရပြီး မြေပြင်ပေါ်သို့ ၎င်း၏ အမြစ်လျှာများဖြင့် ရူးသွပ်စွာ ရိုက်ခတ်ယက်ထုတ်နေခြင်းကြောင့် ကျောက်တုံးကြီးများမှာ အမှုန်အမွှားအဖြစ်သို့ပင် ကြေမွပျက်စီးကုန်သည်။
၎င်း၏ ဖရိုဖရဲ တိုက်ခိုက်မှုများကို လျှော့မတွက်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ပျက်စီးဆုံးရှုံးမှုမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသောကြောင့်ပင်။ ထိုလျှာနှင့် ထိမိရုံမျှဖြင့် အသားများမှာ အရည်ပျော်သွားမည်ဖြစ်ပြီး ဒဏ်ရာအတွင်းသို့လည်း ညစ်ညမ်းမှုများ ပြန့်နှံ့သွားမည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရွှီရန်သည် အလွန်ပင် လျင်မြန်လှသည်။
သူသည် လေထဲတွင် ဝဲပျံနိုင်စွမ်းရှိခြင်းကြောင့် တိမ်တိုက်များဆီသို့ တိုက်ရိုက်ခုန်တက်နိုင်ခဲ့ပြီး ပြည့်စုံသော ကိုယ်ယောင်ဖျောက်ခြင်းအတတ်ကြောင့် ထိုသစ်ပင်အဘွားကြီးမှာ ရွှီရန်ကို ရှာမတွေ့နိုင်ဘဲ အချည်းနှီးသာ ဒေါသတကြီး အော်ဟစ်နေခဲ့သည်။
“ဘယ်သူက ငါ့သစ်ပင်တွေကို အကုန်ခုတ်ပစ်တာလဲ”
“ယုတ်မာတဲ့ကောင် အပြင်ထွက်ခဲ့စမ်း မင်းကို ငါသတ်မယ်... တိရစ္ဆာန်ကောင် ငါ့ရဲ့ နတ်ဘုရားဖြစ်ခြင်း အခမ်းအနားအတွက် ပြင်ဆင်ထားတဲ့ နှစ်ပေါင်းနှစ်ထောင်သက်တမ်းရှိတဲ့ လျှို့ဝှက်
သစ်သားခြောက်မျိုးတွေ တစ်ဝက်ကျော်လောက် ပျက်စီးသွားပြီ”
သစ်ပင်အဘွားကြီး၏ အသံမှာ တစ်ခါတစ်ရံ အမျိုးသားအသံ၊ တစ်ခါတစ်ရံ အမျိုးသမီးအသံအဖြစ် ပြောင်းလဲထွက်ပေါ်နေသည်။
၎င်းသည် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
လအနည်းငယ်မျှသာ အိပ်ပျော်သွားခဲ့သော်လည်း ဤမျှလောက် ကြီးမားသော ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။
စောင့်ကြပ်နေသော ဝိညာဉ်သလင်းသားသားရဲများမှာလည်း မည်သည့်တိုက်ပွဲသံမျှ မထွက်ဘဲ တိတ်တဆိတ် သုတ်သင်ခံလိုက်ရခြင်းကြောင့် ၎င်းကိုပင် နိုးမလာစေခဲ့ပေ။
၎င်းမှာ အမှန်တကယ်ပင် ဒေါသဖြစ်ဖွယ်ရာ လုပ်ရပ်ပင်။
၎င်းသည် နှစ်ပေါင်းတစ်ထောင်တိုင်အောင် ပြင်ဆင်လာခဲ့ခြင်းပင်။
သစ်ပင်တစ်ပင်၊ နှစ်ပင် သို့မဟုတ် အပင်တစ်ရာခန့် ခုတ်လှဲခြင်းခံရလျှင်ပင် ၎င်းတွင် အရန်စီမံကိန်းများ ရှိနေပါသေးသည်။ သို့သော် ယခုကဲ့သို့ အပင်တစ်ထောင်နီးပါး ခုတ်လှဲခံလိုက်ရခြင်းမှာ နောက်ထပ် နှစ်ပေါင်းနှစ်ထောင်ခန့် ထပ်မံကြိုးစားရမည့်သဘော ဖြစ်နေသည်။
ထို့ကြောင့် ၎င်းက ရူးသွပ်မတတ် ဟိန်းဟောက်နေခြင်းပင်။
ရွှီရန်ကမူ ကောင်းကင်ယံအထက်မှနေ၍ ငေးကြည့်နေခဲ့သည်။
“အော်... ဒါကြောင့်လည်း မွန်မြတ်သောရွှေရောင်သွေးအဖြစ် ပြောင်းလဲပြီး ဝါးမြိုလို့ ရနေတာကိုး။ ဒါက နတ်ဘုရားအဆင့် သတ္တဝါတစ်ကောင်နဲ့ တကယ်ကို ဆက်နွယ်နေတာပဲ”
သို့သော်လည်း အောက်ဘက်တွင် ဒေါသတကြီး သောင်းကျန်းနေသော နတ်ဘုရားအဆင့် သတ္တဝါမှာ ၎င်း၏ နတ်ဘုရားဖြစ်ခြင်းအခမ်းအနား မပြီးဆုံးသေးခြင်းကြောင့် နတ်ဘုရားတစ်ပိုင်းအဆင့်သာ ရှိသေးသည်။
သွေးစွမ်းအင် သန်းပေါင်းများစွာရှိသော ၎င်း၏ ဖိအားမှာ တောင်ထိပ်တစ်ခုကဲ့သို့ပင် လေးလံနေသည်။
မီတာငါးရာအမြင့်ရှိသော ကောင်းကင်ယံတွင် ဝဲပျံနေသော်လည်း ရွှီရန်မှာ ထိုကြီးမားလှသော ဖိအားကို ခံစားနေရဆဲပင်။
“ဒီထူးဆန်းတဲ့ သစ်ပင်ကြီးကို သတ်လိုက်ရင် ငါအများကြီး အကျိုးအမြတ် ရနိုင်မလား”
ရွှီရန်သည် စမ်းသပ်လိုစိတ်များ ပြင်းထန်နေခဲ့သည်။
သူသည် ယွဲ့နယ်ပယ်အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်မှာ မကြာသေးခြင်းကြောင့် နိမိတ်ကောင်းတစ်ခုအနေဖြင့် နတ်ဘုရားတစ်ပိုင်းတစ်ယောက်ကို နှိမ်နင်းလိုက်သင့်သည်။
“မင်းပဲပေါ့... ကံမကောင်းတဲ့ကောင်က”
ယနေ့တွင် မည်သို့ပင်ဖြစ်စေ ထိုအရာကို သူ အပြတ်အသတ် သုတ်သင်ရပေမည်။
ရွှီရန်သည် သူ၏ ရှည်လျားသော ဓားကို ဆွဲထုတ်လိုက်ကာ ဂလွမ်ဟူသော သတ္တုချင်းထိသံနှင့်အတူ သစ်ပင်အဘွားကြီးသည် လှုပ်ရှားမှုကို ချက်ချင်းပင် အာရုံခံမိသွားပြီး ကောင်းကင်ယံသို့ တဟုန်ထိုး ပြေးတက်လာကာ အသံထွက်ပေါ်ရာအရပ်သို့ နီရဲသော လျှာများကို ပစ်လွှတ်လိုက်တော့သည်။
လှံအစင်းပေါင်းများစွာနှင့် တူလှသော နီရဲသည့် လျှာတန်းကြီးများသည် ကမ္ဘာ့ဆွဲအားကို အန်တုလျက် မြားမိုးရွာချသကဲ့သို့ ကောင်းကင်ယံသို့ ထိုးစိုက်တက်လာကြသည်။
ရွှီရန်သည် လျင်မြန်စွာပင် တိမ်းရှောင်လိုက်၏။
သူ၏ အရှိန်အဟုန်မှာ အံ့မခန်းပက်။
သူ၏ သွေးစွမ်းအင်မှာ ပြိုင်ဘက်ထက် ဆယ်ဆခန့် နည်းပါးနေသော်လည်း မိုးကြိုးခြေလှမ်း သုံးထောင်ကို အသုံးပြုလိုက်သည့်အခါ လျှပ်စီးလက်သကဲ့သို့ လျင်မြန်သွားခဲ့သည်။
လေဟာနယ်ထဲတွင် မမြင်နိုင်သော ကိုယ်ရောင်ဖျောက်ပုံရိပ်တစ်ခုသည် လျှာတန်းကြီးများကြားတွင် ကျွမ်းကျင်စွာ ကူးလူးပျံသန်းနေသည်။
သူသည် အခါအားလျော်စွာ ဓားကို ဝှေ့ယမ်းကာ လျှာတန်းများကို ပိုင်းဖြတ်လိုက်ရာ အစာစားပြီးနောက် ကောင်းကင်တွင် အေးအေးလူလူ ပျံသန်းနေသော လင်းယုန်ငှက်တစ်ကောင်အလား တည်ငြိမ်နေသည်။ ဓားချက်ထိမှန်သမျှ လျှာတန်းများသည် ထိကရုန်းပင်ကဲ့သို့ တွန့်လိမ်ကာ ရုတ်သိမ်းသွားပြီး ရွှီရန် ရှိနေခဲ့သော နေရာဟောင်းကိုသာ တရစပ် ပြန်လည်တိုက်ခိုက်နေကြသည်။
သို့သော် ရွှီရန်မှာမူ ထိုနေရာမှ လွင့်မျောထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ယုံကြည်ခြင်းမျိုးစေ့သည် လေထုကို မြန်နှုန်းမြင့် ဖောက်ထွက်လျက် သစ်ပင်ဝိညာဉ်၏ နဖူးဆီသို့ စူးစိုက်ဝင်ရောက်သွားခဲ့သည်။
နောက်တစ်ခဏတွင် ရွှီရန်သည် သူ၏ခြေဖဝါးအောက်ရှိ မြေပြင်နှင့် အပြိုင် လေထုနံရံတစ်ခုကို ဖန်တီးလိုက်ပြီး ၎င်းကို အရှိန်ပြင်းပြင်း နင်းထုတ်ကာ တိမ်တိုက်များထဲသို့ ပျံတက်သွားသော လင်းယုန်တစ်ကောင်ကဲ့သို့ ကိုယ်ကို မြှင့်တင်လိုက်သည်။
သူသည် အထက်သို့ တက်လှမ်းခဲ့ကာ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
သူ၏အောက်ခြေတွင်မူ သစ်ပင်ဝိညာဉ်သည် လှုပ်ရှားနေသော တောင်ကြီးတစ်လုံးကဲ့သို့ ဒေါသတကြီး သောင်းကျန်းနေ၏။
သူသည် ဓားကို အောက်ဘက်သို့ ဦးတည်ကာ လွှဲယမ်းလိုက်သည်။
စူပါပေါက်ကွဲအားပြင်းဓားချက်အစွမ်းမှာ ပွင့်ထွက်သွားပြီး သစ်ပင်ဝိညာဉ်သည် ထိတ်လန့်တကြားဖြင့် အဝေးသို့ အမြန်ဆုတ်ခွာရန် ကြိုးစားတော့သည်။
သို့သော် ထိုခုတ်ချက်မှာ မြန်ဆန်လွန်းလှသည်။
၎င်းသည် သစ်ပင်ဝိညာဉ်၏ ခန္ဓာကိုယ်အတွင်း၌ ချက်ချင်းပင် ပေါက်ကွဲသွားရာ ၎င်းသည် ကျား၊ မ ခွဲခြားမရသော အသံကြီးဖြင့် နာကျင်စွာ အော်ဟစ်တော့သည်။ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ဟက်တက်ကွဲသွားသော်လည်း လုံးဝဥဿုံ ကြေမွပျက်စီးသွားခြင်းမျိုးတော့ မရှိသေးပေ။
အရင်းမှ ပြတ်တောက်သွားသော လျှာတန်းအချို့မှာမူ မြေပြင်ပေါ်တွင် အဆိပ်ပြင်းမြွေများကဲ့သို့ တွန့်လိမ်နေကြသည်။
“တော်တော်လေး ခံနိုင်ရည်ရှိတာပဲ။ သွေးစွမ်းအင် ဆယ်သန်းနီးပါး ရှိနေတဲ့ မိစ္ဆာတစ်ကောင်ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖို့ဆိုတာ မလွယ်ဘူးထင်တယ်”
“ဒါပေမဲ့ တစ်ချက်နဲ့ မလုံလောက်ရင် ငါ့မှာ ဒုတိယတစ်ချက် ရှိသေးတာပေါ့”
ရွှီရန်က ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်သည်။
သူသည် ဓားကို ထပ်မံလွှဲယမ်းလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ သစ်ပင်ဝိညာဉ်သည် ပိုမိုထိတ်လန့်စရာကောင်းသော အော်ဟစ်သံကို ထုတ်ဖော်လိုက်သော်လည်း သေဆုံးခြင်း မရှိသေးပေ။ သို့သော် ခန္ဓာကိုယ်တစ်ခုလုံးမှာ အပေါက်အပြဲများဖြင့် ဗရပွဖြစ်သွားပြီး ဆန်ခါတစ်ခုကဲ့သို့ သွေးများ ပန်းထွက်နေခဲ့သည်။
၎င်းသည် မြေပြင်ပေါ်တွင် အသည်းအသန် တွားသွားနေပြီး လျှာတန်းများကို ခြေထောက်ပေါင်းများစွာကဲ့သို့ အသုံးချကာ လျင်မြန်စွာ ထွက်ပြေးတိမ်းရှောင်နေတော့သည်။
၎င်း၏ ဒဏ်ရာများမှ သွေးမြားတန်းများ ပန်းထွက်လာပြီးနောက် ထိုသွေးများကပင် သွေးမြူတိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲကာ ကြောက်မက်ဖွယ်ကောင်းလှသော ဒဏ်ရာများကို ထူးဆန်းစွာ ပြန်လည်ကုစားပေးနေသည်။
ရွှီရန်က မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
“တော်တော်လေး အသက်ပြင်းတာပဲ မဟုတ်လား အခုထိ မသေသေးဘူးလား”
ရွှီရန်သည် သူ၏မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ကာ ဖျက်ဆီးခြင်း ကပ်ဘေးအလင်းတန်းကို ထုတ်လွှတ်လိုက်လေတော့သည်။
ထိုအခိုက်အတန့်မှာပင် လျှာတန်းကြီးများကြားရှိ သစ်ပင်လူသားမှာ အရှိန်ပြင်းပြင်း ထိမှန်သွားခဲ့ပြီး တောင်ကြီးတစ်လုံးကဲ့သို့ ဧရာမသတ္တဝါကြီး၏ ခန္ဓာကိုယ်တွင် တောင်ဖောက်ဥမင်လှိုဏ်ဂူတစ်ခုသဏ္ဌာန် အပေါက်ကြီး ပွင့်ထွက်သွားခဲ့သည်။
ထိုအပေါက်ကြီးမှတစ်ဆင့် အခြားတစ်ဖက်ရှိ ရှုခင်းများကိုပင် လှမ်းမြင်နေရပြီ ဖြစ်သည်။
ရွှီရန်၏ မျက်ဝန်းများမှာ အရောင်တောက်သွားခဲ့သည်။
“အော်... ဆယ်မီတာမြင့်တဲ့ သစ်ပင်ရုပ်ကြီးက အယောင်ပြသက်သက်ပဲကိုး။ တကယ့်ကိုယ်ထည်အစစ်က အောက်ခြေမှာ ပုန်းအောင်းနေတဲ့ သစ်ပင်ရုပ်အသေးလေးပဲ။ ဒီကိုယ်ထည်အစစ်က အနာအဆာမရှိသရွေ့ သူက ဆက်ပြီး အသက်ရှင်နေနိုင်မှာပဲ”
ရွှီရန်သည် ၎င်း၏ လှည့်ကွက်ကို ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။
၎င်း၏ ပရိယာယ်မှာ အတော်ပင် ယုတ်မာပတ်စက်ကြောင်း သူ ဝန်ခံရပေမည်။
အကယ်၍ ရန်သူများသာ ၎င်းနှင့် အသေအလဲ တိုက်ခိုက်မည်ဆိုပါက မြင်တွေ့နေရသော အယောင်ပြ သစ်ပင်ရုပ်ကြီးကိုသာ ပစ်မှတ်ထားကြမည်ဖြစ်ပြီး အချိန်အကြာကြီး တိုက်ခိုက်ရင်း သွေးစွမ်းအင်များ ကုန်ခမ်းကာ ဒဏ်ရာများပင် ရရှိနိုင်သည်။ မည်မျှပင် တိုက်ခိုက်စေကာမူ ကိုယ်ထည်အစစ်ဖြစ်သော သစ်ပင်ရုပ်အသေးလေးမှာ ထိခိုက်မှုမရှိပါက ၎င်း၏ တိုက်ပွဲစွမ်းရည်မှာ လျော့ပါးသွားမည် မဟုတ်ပါချေ။
“အားးးး”
သစ်ပင်ဝိညာဉ်က နာကျင်စွာ အော်ဟစ်လိုက်သည်။
၎င်းသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အမြစ်ပေါင်း ထောင်နှင့်ချီကာ မြေကြီးအတွင်းသို့ တိုးဝင်သွားကြသည်။
နောက်တစ်စက္ကန့်တွင်မူ မြေအောက်မှ ထူးဆန်းသော စွမ်းအားများသည် ဧရာမမြွေကြီးများအလား ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာပြီး မြေအောက်ကျောက်တုံးများကိုပင် လူးလွန့်ကာ ပြိုပျက်သွားစေသည်။
၎င်း၏ ဒဏ်ရာရနေသော အသားစများကို လျှာတန်းများဖြင့် ကိုယ်တိုင်လှီးဖြတ်ကာ စတေးပစ်လိုက်ပုံမှာ ရွှီရန်ကိုပင် အံ့အားသင့်သွားစေသည်။
ထိုခဏအတွင်းမှာပင် တောင်တန်းတစ်ခုလုံး၌ ထူးဆန်းသော စွမ်းအားများ ပြည့်နှက်သွားပြီး ဧရာမမြွေကြီးပေါင်း ၅ ထောင်မှ ၆ ထောင်ခန့်မှာ သစ်ပင်ဝိညာဉ်အတွင်းသို့ စီးဝင်သွားကြသည်။
သစ်ပင်ဝိညာဉ်သည် ရူးသွပ်စွာ ရယ်မောရင်း ၎င်း၏ အပြင်ပန်း အသားခွံကို ပြန်လည်တည်ဆောက်လိုက်၏။
သို့သော်လည်း ၎င်း၏ မူလ တောင်ကြီးတစ်လုံးကဲ့သို့ အရွယ်အစားမှာ တစ်ဝက်ခန့် သေးငယ်သွားပြီး လျှာတန်းများမှာလည်း တစ်ရာခန့်သာ ကျန်ရှိတော့သည်။
အရွယ်အစားနှင့် လျှာအရေအတွက် လျော့နည်းသွားသော်လည်း အစွမ်းလျော့သွားသည်ဟု မဆိုနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ယခုအခါ ၎င်း၏ လျှာတန်းများပေါ်တွင် ရွှေရောင်အစက်အပြောက်များပါသည့် အနက်ရောင် အကြေးခွံမာများ ဖုံးလွှမ်းနေပြီး ထိပ်ဖျားများတွင်လည်း ချွန်ထက်လှသော ဆူးချွန်များ ပေါက်ထွက်နေသောကြောင့်ပင်။ ထိုလျှာနှင့် တစ်ချက်မျှ ရိုက်ပုတ်လိုက်ရုံ သို့မဟုတ် ချိတ်ဆွဲလိုက်ရုံဖြင့် သွေးစွမ်းအင် သန်းနှင့်ချီရှိသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကိုပင် နှစ်ခြမ်းကွဲသွားစေနိုင်လောက်အောင် အစွမ်းထက်လှသည်။
“ပိုးမွှားလေး အခုတော့ ငါက အနိုင်မရနိုင်တဲ့သူ ဖြစ်သွားပြီ မင်းကိုသတ်ပြီး ငါ့ရဲ့ သန့်စင်သောသစ်ပင်ကို စိုက်ပျိုးဖို့အတွက် မျိုးစေ့အဖြစ် သုံးပစ်မယ်”
သစ်ပင်ဝိညာဉ်၏ အသံမှာ အမျိုးသား၊ အမျိုးသမီးအသံများ ရောပြွမ်းနေဆဲပင်။
ရွှီရန်သည် ကြက်သီးမွှေးညင်းများပင် ထသွားမိသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ရွှီရန်သည် သူ၏မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး အကြည့်အနက်ရှိုင်းဆုံးနေရာ၌ သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“မင်းက ခုနက... အခု မင်းက အနိုင်မရနိုင်တဲ့သူ ဖြစ်သွားပြီလို့ ပြောလိုက်တာလား”
“ဟုတ်တယ် ငါက အနိုင်မရနိုင်တဲ့သူ ဖြစ်သွားပြီ ထာဝရရှင်သန်သူပဲ နတ်ဘုရားတစ်ပါး ဆင်းသက်မလာသရွေ့ပေါ့”
***