“မင်းကိုယ်မင်း အနိုင်မရနိုင်ဘူးလို့ ပြောလိုက်တာလား”
“ကောင်းပြီလေ... မင်းကတော့ သေမင်းရဲ့ခေါ်သံကို ကိုယ်တိုင်နှိုးဆွလိုက်တာပဲ။ သေခြင်းတရားရဲ့ စွမ်းအားစက်ကွင်းထဲကိုလည်း မင်းရောက်နေပြီ”
ရွှီရန်၏ မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
ခုနက သူ ဓားကို လွှဲယမ်းခဲ့စဉ်က ဤရှေးဟောင်းသစ်ပင်ကြီးကို ပစ်မှတ်တစ်ခုအဖြစ် သဘောထားပြီး သူ၏ တိုက်ပွဲစွမ်းရည်ကို စမ်းသပ်ရုံသာ ရှိသေးသည်။ သူ၏ စွမ်းအားအစစ်အမှန်ကို လုံးဝအသုံးမပြုရသေးသလို စူပါပေါက်ကွဲအားပြင်းဓားချက် သို့မဟုတ် ယုံကြည်ခြင်းမျိုးစေ့ကိုလည်း အပြည့်အဝ မထုတ်ဖော်ရသေးပေ။ သူသည် ကိုယ့်ကိုကိုယ် လေ့ကျင့်နေခြင်းသက်သက်သာ ဖြစ်သည်။
မျှော်လင့်မထားသည်မှာ ဤရှေးဟောင်းသစ်ပင်ကြီးသည် ထူးဆန်းပြီး အမည်မသိသော စွမ်းအားအချို့ကို ဝါးမြိုလိုက်ပြီးနောက် ၎င်းကိုယ်၎င်း အမှန်တကယ်ပင် အနိုင်မရနိုင်တော့ဟု ထင်မှတ်နေခြင်းပင်။
အမှန်တကယ်ပင် ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ ဝိညာဉ်သလင်းချပ်ဝတ်များဖြင့် ဖုံးလွှမ်းထားပြီး အဆင့်မြင့် ချပ်ဝတ်တန်ဆာများကို အပြည့်အစုံ ဆင်မြန်းထားသည့်အလား ရှိနေသည်။ ၎င်း၏ လျှာဖျားများမှာပင် စိပ်စိပ်လေးများ ပေါက်နေသည့် ဆူးချွန်များဖြင့် ပြည့်နှက်နေသည်။
အဲ့လိုဝတ်ထားလဲ ဘာဖြစ်လဲ။
ရွှီရန်က ရယ်မောလိုက်သည်။
သူသည် အေးအေးလူလူပင် ဖျက်ဆီးခြင်းနယ်ပယ်ကို ဖြန့်ကြက်လိုက်သည်။
ယွဲ့နယ်ပယ်သို့ ရောက်ရှိပြီးနောက်တွင် ဖျက်ဆီးခြင်းနယ်ပယ်၏ လွှမ်းမိုးနိုင်စွမ်းမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့ပြီး နှစ်ကီလိုမီတာ ပတ်လည်အထိ ရှိနေပြီ ဖြစ်သည်။ မမြင်နိုင်သော ထိုနယ်ပယ်အတွင်းသို့ အလုံးစုံ ဝန်းရံခြင်း ခံလိုက်ရသည်ကို ထိုရှေးဟောင်းသစ်ပင်မိစ္ဆာမှာ သတိပင်မထားမိပါချေ။
၎င်းသည် သူ့ထံသို့ ပျံသန်းလာသော ဝိညာဉ်နှိမ်နင်းသူကိုသာ မြင်တွေ့နေရသည်။
၎င်း၏ ဒေါသများကို ပေါက်ကွဲပစ်ရန်အတွက် လမ်းကြောင်းတစ်ခု တွေ့ရှိသွားပုံပင်။
လက်မမလပ် လက်နက်တပ်ဆင်ထားသော လျှာလှံများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဝိညာဉ်နှိမ်နင်းသူကို ထိုးစိုက်လိုက်ကြသည်။
သို့သော်လည်း လှံများမှာ ဝိညာဉ်နှိမ်နင်းသူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားရုံမျှသာ ရှိခဲ့သည်။
အကယ်၍သာ အခြားသော သက်ရှိတစ်ကောင်ဖြစ်ပါက ယခုအချိန်တွင် သေဆုံးနေလောက်သည်။
သို့သော် ဝိညာဉ်နှိမ်နင်းသူကမူ ဂရုမစိုက်ပေ။ ၎င်းသည် သစ်ပင်မိစ္ဆာထံသို့ တဟုန်ထိုး ပြေးဝင်သွားစဉ် အရှိန်ပင် လျော့မသွားခဲ့ပေ။
ဖျက်ဆီးခြင်းနယ်ပယ်အတွင်း၌ ဝိညာဉ်နှိမ်နင်းသူသည် စိတ်ဆန္ဒဆိုင်ရာ ပကတိစည်းမျဉ်းများထဲမှ တစ်ခုပင်။
မည်သူမျှ ၎င်းကို တိုက်ခိုက်၍ မရနိုင်ပေ။
၎င်းသည် တစ်နယ်ပယ်လုံး၏ အခြေခံကျသော နိယာမဖြစ်သဖြင့် ဖျက်ဆီးခြင်းနယ်ပယ်ကြီးတစ်ခုလုံး ပျက်စီးမှသာ ၎င်းကိုလည်း ချေမှုန်းနိုင်မည် ဖြစ်သည်။
သို့သော်လည်း ဖျက်ဆီးခြင်းနယ်ပယ်ကို ဖျက်ဆီးနိုင်လောက်သည့် ပြိုင်ဘက်မျိုးအား ရွှီရန် တစ်ခါမျှ မကြုံဖူးသေးပေ။
ထို့ကြောင့်ပင် သစ်ပင်မိစ္ဆာသည် ဝိညာဉ်နှိမ်နင်းသူက ၎င်း၏မျက်နှာပေါ်သို့ ကပ်ပါးကောင်တစ်ကောင်ကဲ့သို့ ခုန်အုပ်လာသည်ကို အကူအညီမဲ့စွာ ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။
၎င်းမှာ အလွန်ပင် စက်ဆုပ်ဖွယ်ကောင်းလှသည်။
၎င်းသည် သစ်ပင်မိစ္ဆာ၏ တိုက်ပွဲစွမ်းရည်ကို ၁၀ ရာခိုင်နှုန်းမျှ အတင်းအကျပ် လျော့ကျသွားစေရုံသာမက မျက်နှာပေါ်၌ပါ ကခုန်နေခဲ့သည်။
သစ်ပင်မိစ္ဆာက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“မင်းကို ငါထိုးသတ်လို့ ရမရ ကြည့်ကြသေးတာပေါ့”
၎င်းသည် သူ့၏မျက်နှာပေါ်ရှိ ဝိညာဉ်နှိမ်နင်းသူကို ရိုက်ချရန်အတွက် လျှာဖြင့် ရိုက်ပုတ်လိုက်သော်လည်း ယွဲ့နယ်ပယ်သို့ ရောက်ရှိပြီးနောက်တွင် ဝိညာဉ်နှိမ်နင်းသူမှာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းအောင် သစ်ပင်မိစ္ဆာ၏ မျက်နှာတွင် မြဲမြံစွာ ကပ်တွယ်နေခဲ့သည်။
၎င်းမှာ ကိုယ်ထည်အစစ်မဟုတ်သလို အမြင်အာရုံနှင့် အာရုံခံစားမှုများကိုလည်း မထိခိုက်စေသော်လည်း ၎င်း၏ တည်ရှိမှုကပင် စက်ဆုပ်ဖွယ်ကောင်းလှပြီး သစ်ပင်မိစ္ဆာကို ဒေါသပေါက်ကွဲစေခဲ့သည်။
ရာနှင့်ချီသော လျှာတန်းကြီးများသည် ပတ်ဝန်းကျင်ကို ရူးသွပ်စွာ ရိုက်ခတ်ဖျက်ဆီးနေသဖြင့် ဧရာမ ကျင်းကြီးတစ်ကျင်း ဖြစ်ပေါ်လာခဲ့သည်။
“ကိုယ့်သင်္ချိုင်းကိုယ် တူးနေတာလား မင်းကတော့ နေရာကောင်း ရွေးတတ်သားပဲ။ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးလိုက်ပါ့မယ်”
ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
သူသည် ဖျက်ဆီးခြင်းတံဆိပ်အထပ်ထပ် ဆင့်တက်လာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ကျင့်ကြံမှုအဆင့် ဆယ်ဆခန့်သာ ကွာခြားတော့သည့်အတွက် ဖျက်ဆီးခြင်းတံဆိပ်သည် အလွန်ပင် လျင်မြန်စွာ ဆင့်တက်လာခဲ့ပြီး ဆယ်မိနစ်ခန့်အတွင်းမှာပင် အပြည့်အဝ ဖြစ်လာတော့မည်ဟု ခန့်မှန်းရသည်။
ဤအရှိန်အဟုန်မှာ ယခင်က သစ်သားရုပ်တုမိစ္ဆာကို သုတ်သင်စဉ်ကနှင့် သိသိသာသာ ကွာခြားလှသည်။ ထိုစဉ်က သွေးစွမ်းအင် ၁.၂ သန်းရှိသော မိစ္ဆာတစ်ကောင်ကိုပင် ဖျက်ဆီးခြင်းတံဆိပ် အပြည့်ဖြစ်လာရန် နာရီဝက်ခန့် အချိန်ယူခဲ့ရသည်။ ယခုမူ သွေးစွမ်းအင် ၁၀ သန်းနီးပါးရှိသော မိစ္ဆာကြီးကို ဆယ်မိနစ်အတွင်းမှာပင် အပြီးအပိုင် ရှင်းလင်းနိုင်တော့မည် ဖြစ်သည်။
သေချာသည်မှာ တိုက်ပွဲတစ်ခုအတွင်း၌ ဆယ်မိနစ်ဆိုသော အချိန်မှာ အမှန်တကယ်ပင် ရှည်လျားလှသည်။ သို့သော် အမဲလိုက်သမားတစ်ဦးက အမြဲတစေ စိတ်ရှည်ရမည်ပင်။
ဆယ်မိနစ်မကဘဲ တစ်နေ့နှင့် တစ်ညပတ်လုံး အနားမနေတမ်း အမဲလိုက်ရမည်ဆိုလျှင်ပင် ၎င်းမှာ သေးငယ်သော ကိစ္စရပ်မျှသာ ဖြစ်သည်။ ရွှီရန်အနေဖြင့်လည်း ထိုသစ်ပင်မိစ္ဆာထံမှ ဓားစာခံများကို ကယ်တင်ရန် မလိုအပ်သဖြင့် ဤသားရဲကြီးကို အသေအလဲ တိုက်ခိုက်ချေမှုန်းပစ်ရန်အတွက် အချိန်အလုံအလောက် ရှိနေသည်။
သူသည် ကိုယ်ယောင်ဖျောက်ခြင်းအတတ်ကို အသုံးပြုလျက် မြေပြင်အထက် မီတာ ၁၈၀၀ အမြင့်တွင် ဝဲပျံနေပြီး သူ၏ သားကောင်ကို တိတ်တဆိတ် ချောင်းမြောင်းနေသော ကြောက်မက်ဖွယ် ကျားသစ်တစ်ကောင်ကဲ့သို့ ရှိနေသည်။
သစ်ပင်မိစ္ဆာသည် ငါးမိနစ်ခန့် ဒေါသတကြီး သောင်းကျန်းပြီးနောက်တွင် အလွန်အမင်း အန္တရာယ်ကြီးမားလှသော ခံစားချက်တစ်ခုကို ရုတ်တရက် သိရှိသွားခဲ့သည်။
၎င်းက အာရုံခံမိသွားပြီ ဖြစ်သည်။
သေမင်း၏ အရိပ်အယောင်မှာ ၎င်းကို ခြိမ်းခြောက်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ၎င်းသည် ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။ မျက်နှာပေါ်ရှိ ဝိညာဉ်နှိမ်နင်းသူကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နောက်သို့လှည့်ကာ အဝေးတစ်နေရာဆီသို့ အသည်းအသန် ထွက်ပြေးတိမ်းရှောင်တော့သည်။
ရွှီရန်က အနည်းငယ် အံ့အားသင့်သွားပြီး “စစ်ကူတွေ သွားခေါ်မလို့လား မင်းကို အဲဒီလို မျှော်လင့်ချက်မျိုးတော့ ငါ ပေးလို့မဖြစ်ဘူး”
ဤအခိုက်အတန့်တွင် ရွှီရန်မှာ အေးစက်ရက်စက်လှသော ယမမင်းနှင့်ပင် တူညီနေတော့သည်။
သူသည် စူပါပေါက်ကွဲအားပြင်းဓားချက်အချို့ကို အသုံးပြုကာ ထိုသစ်ပင်မိစ္ဆာကို မြေပြင်ပေါ်သို့ လှဲချလိုက်သည်။ လက်နက်များ အပြည့်အစုံတပ်ဆင်ထားသော ၎င်း၏ ကိုယ်ထည်မှာ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်သွားပြီး ထိုအက်ကြောင်းများကြားမှ သွေးများမှာ အရှိန်အဟုန်ဖြင့် ပန်းထွက်လာခဲ့သည်။
ထိုသွေးတန်းကြီးများမှာ အတော်ပင် မြင့်မားသော နေရာအထိ ပန်းထွက်နေခဲ့သည်။
သွေးများကို တမင်တကာ ပန်းထုတ်နေသကဲ့သို့ပင်။
ရွှီရန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
ထိုသစ်ပင်မိစ္ဆာ ဘာလုပ်ဖို့ ကြိုးစားနေသည်ကို သူ သိသည်။ ပျံ့နှံ့နေသော သွေးမြူများမှတစ်ဆင့် ရွှီရန်ကို သွေးစွန်းစေပြီး သူ၏ တည်နေရာကို ဖော်ထုတ်ရန် ကြိုးစားနေခြင်းပင်။ ရွှီရန်ကို တိုက်ရိုက်မထိမှန်လျှင်ပင် လေထုထဲ၌ သွေးငွေ့မော်လီကျူးများကို ချန်ထားရစ်ရမည်ဖြစ်ရာ ရွှီရန်နှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ၎င်းက ရိပ်မိသွားပေလိမ့်မည်။
သွေးမြူတစ်စက်မျှ ရွှီရန်ကို ထိမှန်သွားသည်နှင့် သူ၏ ကိုယ်ယောင်ဖျောက်ခြင်းအတတ်မှာ ပျက်ပြယ်သွားမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဤအကွက်မှာ အခြားသူများအတွက် နတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းထက်သည့် လှည့်ကွက်ဖြစ်နိုင်သော်လည်း ရွှီရန်အတွက်မူ အသုံးမဝင်ပါချေ။
ဖျက်ဆီးခြင်းနယ်ပယ်သည် အနီးသို့ ရောက်ရှိလာသော သွေးမြူများကို အခြေခံအမှုန်အမွှားများအဖြစ်သို့ ချေဖျက်ပစ်လိုက်ပြီး လေထဲတွင်ပင် လွင့်ပါးသွားစေသည်။
ရွှီရန်၏ နယ်မြေလွှမ်းမိုးမှု အတိုင်းအတာမှာ အချင်းဝက် မီတာနှစ်ထောင်အထိ ရှိနေခြင်းကြောင့် သွေးမြူများမှတစ်ဆင့် ဖျက်ဆီးခြင်းနယ်ပယ် တည်ရှိနေသည်ကို သစ်ပင်မိစ္ဆာ သိရှိသွားလျှင်ပင် ရွှီရန် အတိအကျ မည်သည့်နေရာမှာ ရှိနေသည်ကိုမူ သိနိုင်မည် မဟုတ်ပေ။ ရွှီရန်ကို တိုက်ခိုက်ရန် ကြိုးစားခြင်းမှာမူ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။
မီတာနှစ်ထောင်ဆိုသည်မှာ တရုတ်ပြည်၏ အထွတ်အမြတ်ထားရာ တောင်ကြီးငါးလုံးထဲတွင် အမြင့်ဆုံးဖြစ်သော ထိုက်ရှန်းတောင်ပင်လျှင် ၁,၅၃၂.၇ မီတာသာ မြင့်မားပါသည်။ ရွှီရန်ရှိရာသို့ ရောက်ရှိရန်အတွက် ထိုမိစ္ဆာသည် ထိုက်ရှန်းတောင်ထက်ပင် မြင့်သောနေရာသို့ အရင်ဆုံး တက်လှမ်းနိုင်ရပေလိမ့်မည်။
ရွှီရန်က ငြိမ်သက်စွာ ရပ်နေခဲ့သည်။
သစ်ပင်မိစ္ဆာက အရှိန်ဖြင့် ခုန်တက်နိုင်သော်လည်း ရွှီရန်မှာ ငြိမ်ခံနေမည့် ပစ်မှတ်တစ်ခု မဟုတ်ပေ။
သစ်ပင်မိစ္ဆာသည် အပေါ်သို့ အားကုန်သုံး၍ ခုန်တက်လာသည့် အခိုက်အတန့်မှာပင်
ရွှီရန်သည် မိုးကြိုးခြေလှမ်း သုံးထောင်ကို အသုံးပြုကာ ဘေးဘက်သို့ ရှောင်ထွက်လိုက်သည်။ သစ်ပင်မိစ္ဆာသည် ပစ်မှတ်လွဲချော်သွားပြီး လေထဲတွင် ယောင်ယမ်းကာ ရုန်းကန်နေရပြီးနောက် မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြန်လည်ပြုတ်ကျသွားတော့သည်။ မြေကြီးမှာ သိမ့်သိမ့်တုန်သွားပြီး ဖုန်မှုန့်များ ဝေတက်လာကာ တောင်ကုန်းကြီးမှာ အက်ကွဲသွားပြီး ကမ်းပါးယံကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“အားးးးး”
သစ်ပင်မိစ္ဆာသည် ပထမတွင် မိန်းမပျိုလေးတစ်ဦး၏ အသံဖြင့် အော်ဟစ်လိုက်သည်။
ထို့နောက်တွင်မူ အမျိုးသားအသံကြီးအဖြစ် ပြောင်းလဲသွားပြန်သည်။
ထိုဒေါသတကြီး အော်ဟစ်မြည်တမ်းသံများမှာ ရွှီရန်၏ ကျောရိုးထဲအထိပင် စိမ့်သွားစေသည်။
အမြင့်ဆုံးနေရာတွင် ဝဲပျံနေသဖြင့် အပူချိန်မှာ ၁၀ ဒီဂရီခန့် ကျဆင်းသွားသော်လည်း ရွှီရန်အတွက်မူ သူ၏မျက်နှာကို လာရောက်ပွတ်သပ်နေသော လေပြေလေညင်းမှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။
၎င်းမှာ လင်းယုန်ငှက်တစ်ကောင်၏ ပျော်ရွှင်မှုမျိုးပင်။
ရွှီရန်သည် ခပ်ဖွဖွ ပြုံးလိုက်မိသည်။
သူသည် တိမ်တိုက်များအထက်မှနေ၍ သူ၏ သားကောင်ကို ငုံ့ကြည့်ကာ အမဲလိုက်နေသော လင်းယုန်တစ်ကောင်နှင့် အမှန်တကယ်ပင် တူညီနေတော့သည်။
***