"ငါက ချွေချုံဟယ် မဟုတ်တော့ဘူး အဲဒါတွေ အားလုံး ပြီးသွားပြီ"
ချင်မင်က ကျိုးပဲ့နေသော အတိတ် မြင်ကွင်းများထဲမှ စိတ်ကူးများကို ပြန်လည် ရုပ်သိမ်းလိုက်ရာ မျက်လုံးများက ထက်မြက်နေပြီး မီးတောက်များကဲ့သို့ တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေကာ လူတစ်ကိုယ်လုံးက တက်ကြွသော အသက်ဝင်မှုများဖြင့် ပြည့်နှက်နေသည်။
ယခု သူက ချင်မင် ဖြစ်ပြီး အတိတ်သို့ ပြန်သွားရန် မဖြစ်နိုင်တော့ရာ ဖြတ်တောက်သင့်သည်များကို ဖြတ်တောက်ပြီး စွန့်လွှတ်သင့်သည်များကို စွန့်လွှတ်လိုက်ကာ မိတ်ဆွေဟောင်း အားလုံးက သူ့ကို တွေ့လျှင် အသိအမှတ် ပြုဦးမည်ဟု မျှော်လင့်နေစရာ မလိုတော့ချေ。
ယခင်က ၎င်းက နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစု၏ ကြောက်စရာကောင်းသည့် နောက်ခံမှ ထွက်ပေါ်လာသော အလင်းရောင်များက ချွေချုံဟယ်ကို လင်းထိန်စေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူက ကိုယ့်အားကိုယ်ကိုးပြီး တစ်လှမ်းချင်းစီ အရှေ့သို့ သွားရမည် ဖြစ်ရာ ဤကဲ့သို့ ရောက်ရှိနိုင်သော အမြင့်ပေကသာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် စစ်မှန်စွာ စီးဆင်းနေမည့် တောက်ပသော အလင်းရောင်များ ဖြစ်သည်။
"ဒီနေရာကို မြို့တည်ဖို့ ရွေးချယ်ခဲ့တာ တကယ်ပဲ အကြောင်းပြချက် ရှိတာကိုး"
ချင်မင်က တောအုပ်ထဲရှိ နှင်းများက ဒူးခေါင်း အထိသာ ရှိပြီး အလွန် "နူးညံ့" နေကြောင်း တွေ့ရှိလိုက်သည်။
အမည်းနှင့် အဖြူရောင် တောင်တန်းကြီးတွင် လွန်ခဲ့သော နှစ်နှစ်အတွင်း ကျဆင်းခဲ့သော နှင်းမုန်တိုင်းများက ခါးအထိ နစ်လေ့ရှိကြောင်း သိထားရမည် ဖြစ်သည်။
ချီရှမြို့တော်၏ အနောက်ဘက်တွင် ခမ်းနားကြီးမားသော တောင်တန်းကြီး တစ်ခု တည်ရှိနေပြီး ထိုဆက်တိုက် တည်ရှိနေသော တောင်တန်းများထဲတွင် အန္တရာယ်များသော မျိုးဗီဇပြောင်း သားရဲ အများအပြား ရှိနေခြင်းက ဝိညာဉ် ပစ္စည်းများ မရှားပါးကြောင်းကိုလည်း ဆိုလိုသည်။
မြို့တော်၏ အရှေ့ဘက်တွင် ကျယ်ပြန့်သော လွင်ပြင်ကြီး ရှိပြီး မီးစမ်းရေပေါက် စိုက်ခင်းများက တစ်ဆက်တည်း ရှိနေသည်။ ထို့အပြင် မြို့ပြင်တွင် အဝေးသို့ စီးဆင်းသွားသော မြစ်ကြီး တစ်စင်း ရှိနေပြီး နွေဦးပေါက်၍ ရေခဲများ အရည်ပျော်ပြီးနောက် သွားလာနေသော သင်္ဘောကြီး အများအပြား ရှိလာမည်ဖြစ်ကာ သယ်ယူပို့ဆောင်ရေး စွမ်းရည်က အလွန် အားကောင်းလှသည်။
အစိမ်းရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော မြို့ရိုးက မြင့်မားပြီး ထူထဲကာ ခမ်းနားကြီးမားသော မြို့တံခါး အဆောက်အဦးက အရှေ့ဘက်တွင် တည်ရှိနေပြီး အပေါ်တွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော တပ်သားများ အားလုံးက လှံရှည်များကို ကိုင်ဆောင်ထားကြကာ အေးစက်သော အလင်းတန်းများ စီးဆင်းနေပြီး မြို့တံခါးကို ဝင်ထွက်နေသော လူအများအပြား ရှိကာ ယာဉ်ရထားများလည်း ရှုပ်ယှက်ခတ်နေသည်။
ချင်မင် မြို့ထဲသို့ ဝင်ရောက်လာချိန်တွင် စစ်ဆေးမေးမြန်းမှု သိပ်မရှိခဲ့ချေ။ ဤနေရာက အလွန် ပွင့်လင်းပြီး အရပ်လေးမျက်နှာမှ လာရောက်၍ စီးပွားရေး လုပ်ကိုင်သူ အများအပြား ရှိကာ လမ်းများပေါ်တွင် အစိမ်းရောင် ကျောက်ပြားများ ခင်းထားပြီး နှင်းပွင့် အနည်းငယ်မျှပင် မရှိဘဲ အလွန် သန့်ရှင်းအောင် ရှင်းလင်းထားသည်။
ချီရှမြို့တော်သို့ ဝင်ရောက်လာသည်နှင့် သူ၏ နားထဲတွင် အသံမျိုးစုံကို ကြားလိုက်ရပြီး ယင်ထိန်မြို့နယ်ထက် လူအများအပြား စည်ကားနေကာ ဤဒေသတွင် လူအုပ်ကြီးက ပြည့်နှက်နေပြီး ပခုံးချင်းတိုက်၊ ခြေချင်းလိမ်နေကြသည်။
ချင်မင်က ဤစည်ကားသော လမ်းမကြီး အတိုင်း အရှေ့သို့ လျှောက်သွားခဲ့ပြီး လမ်းဘေး တစ်ဖက်တစ်ချက်ရှိ ဆိုင်ခန်း တစ်ခန်းပြီး တစ်ခန်းတွင် ခင်းကျင်းပြသထားသော ကုန်ပစ္စည်း မျိုးစုံကို ကြည့်ရှုရင်း တစ်ခါတရံ ရပ်တန့်သွားတတ်သည်။
"ကလေးလေး ကြီးလာရင် ထာဝရ ညအမှောင်ထု လောကကြီးမှာ နာမည်ကြီးတဲ့ သိုင်းသမားကြီး တစ်ယောက် ဖြစ်ချင်လား အင်း ဒီရည်မှန်းချက်က နည်းနည်း ဝေးလွန်းနေပုံရတယ် မင်းက အဲဒီ ဂိုဏ်းတွေထဲ ဝင်ချင်လား၊ လျှို့ဝှက် ဂိုဏ်းဝင် တစ်ယောက် ဖြစ်ချင်လား၊ နတ်လမ်းစဉ် ကျင့်ကြံသူတွေရဲ့ ရွေးချယ်ခံရချင်လား၊ ဧရာမ မြို့ကြီးတွေမှာ ရှိတဲ့ အဆင့်မြင့် ကျောင်းတော်တွေကို ဝင်ခွင့် စာမေးပွဲ ဖြေချင်လား ရွှေရောင် လမ်းမကြီးတွေက အရှေ့မှာ ရှိနေတယ် ဒါပေမယ့် မင်းက အခုကတည်းက စတင် ပြင်ဆင်ရမယ် လာ မြန်မြန် ဆိုင်ထဲဝင် မင်း အမေကို ကျင့်စဉ်စာအုပ် တစ်အုပ်လောက် ဝယ်ပေးခိုင်းလိုက်"
ကလေးများနှင့် လူငယ်လေးများ တစ်အုပ်ကို ထားလိုက်တော့၊ ချင်မင် ကိုယ်တိုင်ပင် အနည်းငယ် စိတ်ဝင်စားသွားပြီး စာအုပ်များ အပြည့် ခင်းကျင်းထားသော ဤဆိုင်ဟောင်းလေးထဲသို့ ဝင်ကြည့်ချင်စိတ် ပေါ်လာသည်။
သူက ချက်ချင်းပင် နေမင်းကျင့်စဉ် ဆိုသော စာအုပ်တစ်အုပ်၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီး ဤစာအုပ် နာမည်က အတော်လေး နောက်ခံ ကြီးမားပုံရသည်။
"တောင်းပန်ပါတယ် ဧည့်သည်တော် ဒါက ရှားပါး ကျင့်စဉ် ဖြစ်ပြီး အဆင့်မြင့် စိတ်စွမ်းအင် ကျင့်စဉ်တွေထက်တောင် ပိုပြီး အဖိုးတန်ပါတယ် တစ်ချိန်တည်းမှာပဲ အလွန် လေ့ကျင့်ရ ခက်ခဲတယ် ဒါကို သင်ယူချင်ရင် ကြိုတင် လိုအပ်ချက်က ကြယ်မီးလျံ ကျင့်စဉ်ကို အောင်မြင်အောင် လေ့ကျင့်ထားရပါမယ် ဒီဘက်ကို ကြွပါ ကြယ်မီးလျံကျင့်စဉ်ရဲ့ အခြေခံ အခန်းကနေ စတင်ရမှာပါ..."
ချင်မင်က ကြားလိုက်သည်နှင့် အလျင်အမြန် လက်ကာပြလိုက်ပြီး မကြာမီ လှည့်ထွက် သွားတော့သည်။ ဒီနေရာရှိ စာအုပ်များ အားလုံးက မှင်နံ့များ သင်းပျံ့နေသော ပုံနှိပ် စာအုပ်များ ဖြစ်ကြပြီး အားလုံးက အနိမ့်ဆုံး အဆင့် ဘဝသစ်ရရှိခြင်း နည်းလမ်းများသာ ဖြစ်ကာ အရင်လူများ၏ သွေးနှင့် ချွေးများ ပါဝင်သော ရှေးဟောင်း စာအုပ်များ လုံးဝ ရှိနိုင်မည် မဟုတ်ချေ။
သူက နေရာမှားသွားပြီဟု ထင်လိုက်ပြီး ရှားပါး စာအုပ်များ ရောင်းချသော နာမည်ကြီး စာအုပ်ဆိုင်ဟောင်းများ ရှိကောင်း ရှိနိုင်မည် ဖြစ်သည်။ (ဝိညာဉ် ပစ္စည်းများ ကို ဝိညာဉ် ရတနာ လို့ရေးပါမယ်နော်)
သို့သော် ၎င်းက သူ အလိုအပ်ဆုံး အရာ မဟုတ်ချေ။ သူ အလိုချင်ဆုံး အရာမှာ ဝိညာဉ် ရတနာများ ဖြစ်ပြီး ချက်ချင်း စတုတ္ထအကြိမ် ဘဝသစ် ရရှိကာ မှတ်ဉာဏ်များ ပြန်လည် ရရှိလာရန် အလွန် လိုလားနေပြီး အတိတ်က ကိစ္စများကို လုံးဝ ရှင်းလင်းသွားအောင် လုပ်ချင်နေသည်။
ချင်မင်က ဝိညာဉ် ရတနာ ရောင်းချသော ဆိုင်များ တကယ်ပဲ ရှိနေကြောင်း တွေ့ရှိလိုက်သည်။ အလွန် ခမ်းနားထည်ဝါသော အဆောက်အဦး တစ်ခုက မြေတစ်လက်မလျင် ရွှေတစ်ကျပ် တန်သော စည်ကားသည့် နေရာတွင် တည်ရှိနေပြီး ငါးထပ် အမြင့် ရှိသည်။
သို့သော် သူ ဝင်သွားပြီးနောက် မကြာမီ ပြန်ထွက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပထမဆုံးအကြိမ် ဘဝသစ် ရရှိရန် ကူညီပေးနိုင်သော ဝိညာဉ် ရတနာများကိုသာ မေးမြန်းကြည့်ခဲ့သော်လည်း သူ စုဆောင်းထားသော နေ့ရွှေဒင်္ဂါး အများစုကို ကုန်ကျသွားစေမည် ဖြစ်သောကြောင့် ဖြစ်သည်။
စတုတ္ထအကြိမ် ဘဝသစ် ရရှိရန် လိုအပ်သော ဝိညာဉ် ပစ္စည်းများကိုတော့ စဉ်းစားနေစရာပင် မလိုတော့ချေ။ ထို့အပြင် ထိုနာမည်ကြီး ဆိုင်ဟောင်း၏ အခြေအနေကို ကြည့်ရသည်မှာ အဆင့်မြင့် ဝိညာဉ် ပစ္စည်းများက အချိန်အများစုတွင် ပစ္စည်း ပြတ်လပ်နေတတ်ပြီး နေ့ရွှေဒင်္ဂါး ရှိလျှင်ပင် ဝယ်၍ မရနိုင်ကြောင်း သိသာလှသည်။
ချင်မင်က ချီရှမြို့တော်ထဲတွင် အရပ်လေးမျက်နှာသို့ လျှောက်သွားနေပြီး ထိုနေရာရှိ အရာအားလုံးကို တဖြည်းဖြည်း လေ့လာနေသည်။ မြို့တော်တွင် စတုတ္ထအဆင့် မီးစမ်းရေပေါက် တစ်ခု ရှိပြီး မီးရောင် တောက်ပနေသော အရည်များက ဆောင်းရာသီတွင်ပင် ခမ်းခြောက်သွားခြင်း မရှိဘဲ ပလုံစီ အသံများနှင့်အတူ အဆက်မပြတ် ထွက်ပေါ်နေကာ မြို့တော်၏ ရပ်ကွက် အသီးသီးသို့ စီးဆင်းသွားသည်။
ထို့အပြင် မြို့ထဲတွင် ပထမအဆင့်၊ ဒုတိယအဆင့် တွဲဖက် မီးစမ်းရေပေါက် အများအပြားလည်း ရှိနေပြီး နေရာအနှံ့ ပြန့်ကျဲနေကာ မြို့တော် တစ်ခုလုံး၏ တောက်ပမှုကို မြှင့်တင်ပေးထားသည်။
ချင်မင်က လူများသော နေရာများကို သီးသန့် ရွေးချယ်၍ သွားရောက်ကာ စည်ကားသော နေရာများသို့ တမင် ဝင်ရောက်သွားပြီး မြို့တော် တစ်ခုအကြောင်းကို နက်နက်ရှိုင်းရှိုင်း သိရှိလိုပါက ဤနေရာများသို့ သွားရောက်ခြင်းက သေချာပေါက် မှားယွင်းမည် မဟုတ်ချေ။
"သခင်လေး ဖြည်းဖြည်း သွားပါ နောက်တစ်ခါ စောစော လာခဲ့နော်"
"သခင်လေး မြန်မြန် အပေါ်ထပ်ကို တက်ခဲ့ပါ"
...
ချင်မင် ရုတ်တရက် ရပ်တန့်သွားသည်။ ဒါက ဘယ်နေရာကို ရောက်လာတာလဲ။
လမ်းပေါ်တွင် တွေ့ရသမျှက အမျိုးသားများသာ အဓိက ဖြစ်ပြီး အဆောက်အဦးများ အပေါ်တွင်မူ သာယာနာပျော်ဖွယ် တေးဂီတ အသံများ လွင့်ပျံနေသည်။
"အစ်ကိုချင် ဒီနေရာမှာ အစ်ကိုနဲ့ ဆုံရမယ်လို့ တကယ် မထင်ထားခဲ့ဘူး"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ချက်ချင်းပင် လမ်းပေါ်ရှိ လူအများအပြားက လှမ်းကြည့်လာကြရာ ချင်မင် ပထမဆုံးအကြိမ် အလွန် အရှက်ရသွားပြီး မျက်နှာကို ဖုံးကာ ထွက်ပြေးချင်စိတ်များ ပေါက်လာသည်။
ဒါက ဘယ်နေရာလဲဆိုတာ သူ သိလိုက်ပြီ။ အဘိုးဝူ ပိုက်ဆံ လာဖြုန်းတဲ့ နေရာ သေချာပေါက် ဖြစ်ရမယ်။
ထို့အပြင် သူက အဘိုးဝူ၏ မြေး ဝူကျန်း၏ အသံကို ကြားလိုက်ရပြီး လူအများရှေ့တွင် သူ့ကို လှမ်းခေါ်နေခြင်း ဖြစ်သည်။
"အစ်ကိုချင် တိုင်းတစ်ပါးမှာ အသိမိတ်ဆွေနဲ့ ဆုံရတာ တကယ်ကို ကံကောင်းတာပဲ အစ်ကို ဘာမှ မဖြစ်တာ ကောင်းတယ် နောက်ဆုံးတော့ ချီရှမြို့တော်ကို ဘေးကင်းကင်း ရောက်လာတာပေါ့"
အသက် ဆယ့်ခုနစ်နှစ် အရွယ် လူငယ်လေး ဝူကျန်းက မျက်နှာ အပြည့် အပြုံးများဖြင့် အလျင်အမြန် ပြေးလာကာ အလွန် နွေးထွေးစွာ ကြိုဆိုနေသည်။
"ငါ ဘာဖြစ်စရာ ရှိလို့လဲ အဲဒီနေ့က လူက ငါ့ရဲ့ အသိဟောင်း တစ်ယောက်ပါဟ"
ချင်မင်က ပြန်ဖြေလိုက်ပြီး တစ်ချိန်တည်းမှာပင် ထူးခြားသော အမူအရာ ပြသလိုက်ကာ မိသားစု၏ ပါရမီက တကယ်ပဲ မျိုးရိုးလိုက်နိုင်ကြောင်း သူ ခံစားလိုက်ရသည်။
ဝူကျန်းက လှံနှင့် မြား အလွန် ကျွမ်းကျင်သူဆိုသော ပါရမီကို ပြန်လည် ဖော်ဆောင်နိုင်မည်လား ဆိုသည်ကို သူ မသိသော်လည်း ဖြုန်းတီးပျော်ပါးသော နေရာတွင်တော့ အဘိုးဝူထက် မညံ့လောက်ကြောင်း ခန့်မှန်းရပြီး ချီရှမြို့တော်သို့ ရောက်ရောက်ချင်းမှာပင် ထိုလမ်းပေါ်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
"မင်းက ဗဟုသုတ လာရှာတာ မဟုတ်ဘူးလား ပိုက်ဆံကို အရေးကြီးတဲ့ နေရာမှာ သုံးရမယ် အစွမ်းအစကို ကြိုးစား မြှင့်တင်တာကမှ အမှန်တရားပဲ"
ချင်မင်က တစ်ခွန်း တားမြစ်လိုက်သည်။
ဝူကျန်းက ခေါင်းခါကာ ပြောလိုက်သည်။
"အစ်ကိုချင် ဘယ်တွေ လျှောက်တွေးနေတာလဲ ကျွန်တော်က စောင်းသံ လာနားထောင်တာ သက်သက်ပါ မိန်းမကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး"
ချင်မင်၏ မျက်လုံးများက ထူးခြားနေပြီး လုံးဝ မယုံကြည်ကြောင်း မြင်သောအခါ သူက ချက်ချင်း စိတ်လောသွားပြီး ပြောလိုက်သည်။
"တကယ် မလိမ်ပါဘူး အဓိကက မြို့ပြင်ထွက်ပြီး မျိုးဗီဇပြောင်း သားရဲတွေကို အမဲလိုက်တဲ့ အစွမ်းထက် သိုင်းသမား အများအပြားက ကိစ္စပြီးရင် ဒီနေရာကို လာပြီး အရက်သောက်၊ သီချင်း နားထောင်လေ့ ရှိကြတယ် တောင်တန်းတွေထဲက ကြောက်စရာကောင်းတဲ့ မျိုးဗီဇပြောင်း သတ္တဝါ မျိုးစုံ အကြောင်း ပြောကြသလို ဘယ်လို အမဲလိုက်ပြီး ဝိညာဉ် ပစ္စည်းတွေ ဘယ်လို ရယူမလဲ ဆိုတာကိုလည်း ဆွေးနွေးကြတယ် ကျွန်တော်က တန်ဖိုးရှိတဲ့ သတင်းတွေ လာနားထောင်တာပါ"
"တကယ် ပြောတာလား"
ချင်မင် စိတ်ဝင်စားသွားသည်။
ဝူကျန်းက ပြောလိုက်သည်။
"အစ်ကို မယုံရင် ခဏနေ အစ်ကိုရွှီကို မေးကြည့်လိုက် အင်း ရွှီချန်းလေ ငါတို့ကို ချီရှမြို့တော်ကို ခေါ်လာတဲ့ နယ်လှည့် ကုန်သည် သူ အလုပ် ပြောင်းသွားပြီ လွတ်လပ်တဲ့ ဝိညာဉ် မုဆိုး တစ်ယောက် ဖြစ်ဖို့ ဆုံးဖြတ်လိုက်တယ် ဒီတစ်ခေါက် လမ်းမှာ သူက အဖွဲ့ထဲက အမျိုးသမီး သားရဲရဲ့ ခြောက်လှန့်မှုကြောင့် သေလုနီးပါး ဖြစ်သွားတာကိုး"
ချင်မင်က စောစောက ဝူကျန်းကို ဤကဲ့သို့သော နေရာများတွင် အချိန်မဖြုန်းရန် သွယ်ဝိုက်၍ တားမြစ်နေခဲ့သော်လည်း ရလဒ်အနေဖြင့် ခဏအကြာတွင် သူက ဝူကျန်းနှင့်အတူ မူးယစ်တိမ်တိုက် အဆောက်အဦးပေါ်သို့ တက်သွားခဲ့သည်။
ထိုနေရာက တကယ်ကို အရက်သောက်ပြီး စောင်းတီးသံ နားထောင်သော နေရာ သက်သက်သာ ဖြစ်ပြီး မွှေးကြိုင်သော အခိုးအငွေ့များ လွင့်ပျံနေကာ ပုလဲကန့်လန့်ကာ နောက်ကွယ်တွင် မိန်းမလှလေး တစ်ဦးက စောင်းတီးနေပြီး တချွင်ချွင် တဒေါင်ဒေါင် အသံများ ထွက်ပေါ်နေသည်။
ကျယ်ဝန်းသော ခန်းမကြီးထဲတွင် စားပွဲ အများအပြား ရှိပြီး ဘဝသစ်ရထားသူများ ပြည့်နှက်နေကာ လူများက အရက်သောက်ရင်း အကြိတ်အနယ် စကားပြောနေကြသည်။
ဘယ်အချိန်ကတည်းက စတင်ခဲ့သည် မသိသော်လည်း ထိုနေရာက သူတို့၏ သတင်း ဖလှယ်ရာ နေရာ ဖြစ်လာခဲ့ပြီး မူးယစ်တိမ်တိုက် အဆောက်အဦး၏ ပိုင်ရှင်ကို အလွန် လက်မှိုင်ချသွားစေသော်လည်း စီးပွားရေး ကောင်းလျှင် ပြီးတာပါပဲဟု သဘောထားလိုက်သည်။
ချင်မင်နှင့် ဝူကျန်းတို့ စားပွဲ တစ်လုံး ရှာ၍ ထိုင်လိုက်သည်နှင့် ချက်ချင်းပင် ဆွေးနွေးသံ မျိုးစုံကို ကြားလိုက်ရသည်။
"ကြားပြီးပြီလား ချီးရှတောင်ကုန်းမှာ ခြောက်ကြိမ် မျိုးဗီဇပြောင်းထားတဲ့ တောင်ပေါ် သားရဲ တစ်ကောင် ထွက်ပေါ်လာတယ် မူလပုံစံက ဘာလဲဆိုတာ မသိရသေးပေမယ့် သူ့ရဲ့ အစွမ်းအစက တူညီတဲ့ အဆင့်တွေထက် အများကြီး သာလွန်နေတယ် ဝိညာဉ် သားရဲ ဖြစ်လောက်တယ် အတူတူ ပူးပေါင်းပြီး အမဲသွားလိုက်ချင်တဲ့သူ ရှိလား"
"မင်း သေချင်နေပြီလား ဝိညာဉ်သားရဲတွေရဲ့ အစွမ်းအစက ပုံမှန် အခြေအနေမှာ တကယ့် မျိုးဗီဇပြောင်း အကြိမ်ရေထက် တစ်ဆင့် ပိုမြင့်နေတတ်တယ် ခုနစ်ကြိမ် မျိုးဗီဇပြောင်းထားတဲ့ သားရဲလောက် နီးပါး ဖြစ်နေပြီ"
ချင်မင်က သေသေချာချာ နားထောင်နေပြီး လာရတာ တန်တယ်ဟု ခံစားလိုက်ရသည်။ ဤနေရာရှိ လူများ အချင်းချင်း ဖလှယ်မှုက သူ့ကို တောင်တန်းများထဲရှိ အခြေအနေများကို အလျင်အမြန် သိရှိလာစေနိုင်သည်။
"ညီလေးချင် မင်း ဘာမှ မဖြစ်တာ ကောင်းတယ် ဒီလိုဆိုတော့ ငါ ပြီးခဲ့တဲ့ တစ်ခေါက် အဖွဲ့ကို ဦးဆောင်တုန်းက တစ်ယောက်မှ မသေဘဲ အားလုံး ချီရှမြို့တော်ကို ဘေးကင်းကင်း ရောက်လာတာပေါ့ ဟားဟား"
ရွှီချန်း ရောက်လာပြီး ချင်မင်ကို မြင်သောအခါ အလွန် နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။
"အစ်ကိုရွှီ အစ်ကို့ရဲ့ ဒဏ်ရာက..."
ချင်မင်က သူ၏ လည်ပင်းကို ကြည့်လိုက်ရာ ထိုနေရာတွင် ကုတ်ခံထားရဖူးပြီး ဆယ်ရက်ကျော် ကြာပြီးနောက် အနာကျက်သွားပြီ ဖြစ်သည်။
ရွှီချန်းက အရက်တစ်ခွက် သောက်လိုက်ပြီး ပြောလိုက်သည်။
"မပြောပါနဲ့တော့ အဆင့်မြင့် မျိုးဗီဇပြောင်း သားရဲတွေရဲ့ မျိုးဆက်တွေက အတွေ့အကြုံ လာယူကြတာလေ ချီရှမြို့တော် အထက်လူကြီးတွေက မြို့ထဲ ဝင်ခွင့် ပြုထားတဲ့ တည်ရှိမှုတွေပေါ့ ရလဒ်အနေနဲ့ သတ္တိက သေးသေးလေးရယ်၊ လေတိုက်လို့ မြက်ပင်လှုပ်တာလေး ရှိတာနဲ့ လူကိုယ်ပေါ် တွယ်တက်ပြီး အားကုန် ညှစ်တော့တာပဲ ဒါ့အပြင် သူက အကြိမ်ကြိမ် ဘဝသစ် ရထားပြီးပြီ ဆိုတော့ ငါလည်း ပြန်မခုခံနိုင်ဘဲ တစ်ခါ သတိလစ်သွားသေးတယ် ငါ နယ်လှည့် ကုန်သည် မလုပ်တော့ဘူး အလုပ် ပြောင်းပြီ"
ချင်မင်က သူ့ကို ခွက်ချင်းတိုက်ကာ ပြောလိုက်သည်။
"အလုပ် ပြောင်းတာ ကောင်းပါတယ် မဟုတ်ရင် ညဘက် ခရီးသွားတာ များရင် တစ်နေ့နေ့ ပြဿနာ တက်နိုင်တယ်"
ရွှီချန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"မှန်တယ် ငါ မင်းတို့ကို ပြောမယ် တချို့ နယ်လှည့် ကုန်သည်အိုကြီးတွေက အရင်တုန်းက လူတွေ မဟုတ်တော့လောက်ဘူး လွန်ခဲ့တဲ့ နှစ်ပေါင်း မသိနိုင်လောက်အောင် ကြာကတည်းက အမည်မသိ သတ္တဝါတွေရဲ့ အစားထိုးတာ ခံလိုက်ရတာ ဖြစ်နိုင်တယ် ငါတို့ အလုပ်မှာ ဒဏ္ဍာရီတွေ အများကြီး ရှိတယ် ငါက စောစောကတည်းက လက်လျှော့ချင်နေခဲ့တာ"
ဝူကျန်းကလည်း ခွက်ကို မြှောက်ကာ ပြောလိုက်သည်။
"အစ်ကိုရွှီ အလုပ် ပြောင်းတာ အောင်မြင်ဖို့အတွက် တစ်ခွက် သောက်လိုက်ရအောင် နောက်ပိုင်း ညီလေးက ချီရှမြို့တော်မှာ အစ်ကိုနဲ့ပဲ ပေါင်းတော့မယ် အစ်ကိုက သိုင်းသမားကြီးဆိုတော့ ကျွန်တော့်ကို အများကြီး ခေါ်သွားပေးပါဦး"
ထိုအချိန်တွင် ဘေးဘက်ရှိ စားပွဲ တစ်လုံးမှ မိုးကြိုးမီး ကမ္မဋ္ဌာန်း ကျောင်းဆောင် ဆိုသော အကြောင်းအရာကို အလွန် အကြိတ်အနယ် ဆွေးနွေးလာကြပြီးနောက် လူအများအပြားက ဝင်ရောက် ပါဝင်လာကြသည်။
ချင်မင် စိတ်အားထက်သန်သွားသည်။ ဤလူများက ရှားပါးသော ဝိညာဉ် ရတနာ တစ်မျိုး အကြောင်းကို ပြောနေပုံရသည်။
"နောက်ထပ် လဝက်လောက် နေရင် ရေခဲနဲ့ နှင်းတွေ အရည်ပျော်တော့မယ် အဲဒီအချိန်ကျရင် နွေဦး မိုးကြိုးတွေ ပစ်ပြီး သက်ရှိ အားလုံး ပြန်လည် နိုးထလာလိမ့်မယ် ဒီနှစ် ချီရှတောင်ပေါ်က မိုးကြိုးမီး ကမ္မဋ္ဌာန်း ကျောင်းဆောင်က ဘယ်လို နေမလဲ မသိဘူး သေရမှာ မကြောက်ဘဲ မိုးကြိုး အလင်းတန်းတွေကို ခန္ဓာကိုယ်ထဲ ဝင်အောင် သွားဆွဲဆောင်ရဲတဲ့သူ ဘယ်နှစ်ယောက် ရှိမလဲ"
"နှစ်တိုင်း လူတချို့ သေတတ်တယ် ကံကောင်းတဲ့သူက အရမ်း နည်းတယ်"
ချင်မင်က အလွန် စိတ်ဝင်စားသွားပြီး ဘေးရှိ ရွှီချန်းကို ချက်ချင်း မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူက ဒေသခံ ဖြစ်သောကြောင့် ဖြစ်သည်။
"အစ်ကိုရွှီ မိုးကြိုးမီး ကမ္မဋ္ဌာန်း ကျောင်းဆောင်က ဘယ်လို အခြေအနေ ရှိလဲ"
ရွှီချန်းက အသက် သုံးဆယ်ကျော် အရွယ် ရှိပြီး အလွန် တည်ငြိမ်သူ ဖြစ်ကာ ချက်ချင်း တားဆီးကာ ပြောလိုက်သည်။
"ရှောင်ချင် မင်း စိတ်ဝင်စားသွားပြီလား အဲဒီနေရာမှာ ကံကောင်းမှုတွေ ရှိပေမယ့် အရမ်း အန္တရာယ်များတယ် နှစ်တိုင်း ဘဝသစ်ရထားသူ တချို့ သေတတ်တယ် မင်း စိတ်အေးအေး ထားဖို့ ငါ အကြံပေးချင်တယ်"
တကယ်တမ်း ထိုနေရာတွင် အခွင့်အရေး ရရှိနိုင်သူက အလွန် နည်းပါးကြောင်းနှင့် အားလုံးက ကံတရား အပေါ်တွင်သာ မူတည်နေပြီး နှစ်အနည်းငယ်ကြာမှ လူတစ်ယောက် ထွက်ပေါ်လာလျှင်ပင် ကောင်းမွန်နေပြီ ဖြစ်ကြောင်း သူက ပြောပြလိုက်သည်။
ချင်မင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျွန်တော် ဒီနေ့မှ ပထမဆုံးအကြိမ် ကြားဖူးတာ အရမ်း စိတ်ဝင်စားလို့ အခြေအနေကို သိချင်ရုံပါ တကယ်လို့ အဲဒီလောက် အန္တရာယ်များတဲ့ နေရာ ဆိုရင်တော့ ကျွန်တော် သေချာပေါက် ကိုယ့်သဘောနဲ့ကိုယ် အနားကပ်မှာ မဟုတ်ပါဘူး"
"အစ်ကိုရွှီ မြန်မြန် ပြောပြပါဦး"
ဝူကျန်းကလည်း တိုက်တွန်းလိုက်သည်။
"ဒါဆို ငါ မင်းတို့ကို အသေးစိတ် ပြောပြမယ် မိုးကြိုးမီး ကျောင်းဆောင်က မြို့ပြင်က ချီရှတောင်ပေါ်မှာ ရှိတယ် အနည်းဆုံး သမိုင်းကြောင်း နှစ်တစ်ထောင်ကျော် ရှိပြီလို့ ဆိုကြတယ် အဲဒါက ထူးခြားတဲ့ ကျောင်းဆောင် တစ်ခုပဲ အမိုးအကာတွေကို အဓိကအားဖြင့် ကြေးနီ အစစ်နဲ့ လုပ်ထားပြီး ရှားပါး သတ္တု တချို့လည်း ရောစပ်ထားတယ်..."
မိုးကြိုးမုန်တိုင်း ကျလာသောအခါ ထိုကြေးနီ ကျောင်းဆောင်ပေါ်တွင် ထူးဆန်းသော မြင်ကွင်းများ ထွက်ပေါ်လာပြီး မိုးကြိုးမီးလုံးများ လိမ့်ဆင်းလာကာ လျှပ်စစ် လှိုင်းများ ယှက်နွယ်နေပြီး အလွန် တောက်ပလှသည်။
"မိုးကြိုး ပစ်ချလိုက်တဲ့အခါ ကောင်းကင်အလင်း တချို့ ပါလာတတ်တယ် နွေဦး မိုးကြိုးကတော့ အထူးခြားဆုံးပဲ အရာအားလုံးရဲ့ အစဦး ဖြစ်တည်မှု အငွေ့အသက်တွေ ပါဝင်နေတယ် မိုးကြိုးနဲ့ ကောင်းကင်အလင်း ရောထွေးသွားပြီး ထူးခြားတဲ့ ဝိညာဉ် ပစ္စည်း တစ်မျိုးကို မွေးဖွားပေးနိုင်တယ် ဒါကြောင့် နှစ်တိုင်း နွေဦး မိုးကြိုး ပစ်တဲ့အခါ ဘဝသစ်ရထားသူ အများအပြားက မိုးကြိုးမီး ကျောင်းဆောင်ကို သွားပြီး မိုးကြိုးနဲ့ ကောင်းကင်အလင်း ပေါင်းစပ်ထားတဲ့ အရာကို လက်ခံဖို့ ကြိုးစားကြတယ် အဲဒီကနေတစ်ဆင့် အဆင့်တက်ဖို့၊ ပြင်းထန်တဲ့ အသွင်ပြောင်းမှု တစ်ခု ဖြစ်ပေါ်လာဖို့နဲ့ ဘဝသစ် ရရှိဖို့ မျှော်လင့်ကြတာ"
ချင်မင်က အလွန် နက်ရှိုင်းစွာ နားထောင်နေပြီး စိတ်ဝင်စားမှုက ပိုမို ပြင်းထန်လာသည်။
ရွှီချန်းက သတိပေးလိုက်သည်။
"ကြေးနီ ကျောင်းဆောင်ရဲ့ တားဆီးမှုကြောင့် တကယ်တော့ မိုးကြိုးက အဲဒီလောက် မပြင်းထန်တော့ဘူး အတိုင်းအတာ တစ်ခုအထိ အားနည်းသွားတယ် ဒါပေမယ့် အကြောက်ရဆုံးက ကောင်းကင်အလင်းပဲ ကောင်းကင်အလင်း ဖုံးလွှမ်းသွားရင် မသေဘဲ နေနိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိလဲ ဒါက ဝိညာဉ်တောင်ပေါ်ကို ကျလာတာထက် အများကြီး ပိုပြင်းထန်တယ် လုံးဝ မစမ်းသပ်သင့်ဘူး"
ချင်မင်က ဤနေရာသို့ သူ သေချာပေါက် သွားရမည်ဟု ထင်လိုက်သည်။ သူ အစိုးရိမ်ဆုံးမှာ မိုးကြိုးများ ဖြစ်ပြီး ထိုသဘာဝတရား၏ အစွမ်းအစကို ယခုလက်ရှိ အဆင့်တွင် သူ စဉ်းစား၍ပင် မရနိုင်ဘဲ သွားရောက် ထိတွေ့ရဲပါက သေချာပေါက် မီးလောင်ပြာကျသွားမည် ဖြစ်သည်။
သို့သော် မိုးကြိုးမီး ကျောင်းဆောင်က မိုးကြိုးကို သန့်စင် ပေးပြီးနောက် သူ ဘာကို ကြောက်စရာ လိုသေးသလဲ။ သူက ကောင်းကင်အလင်း၏ ဆေးကြောမှုကို ခံနိုင်ရည် ရှိပြီး အမည်းနှင့် အဖြူရောင် တောင်တန်းကြီး၏ ထူးခြားသော နေရာများတွင် ပါဝင်သော ကောင်းကင်အလင်းထက် အများကြီး ပိုမို ပြင်းထန်နေလျှင်ပင် ပြဿနာ သိပ်မကြီးနိုင်ဟု သူ ခန့်မှန်းရသည်။
တခြားလူများက ထိုနေရာသို့ သွားရောက်ခြင်းက အသက်ရှင်ရန် ကံတရား အပေါ်တွင် မူတည်နေသော်လည်း သူက ချီရှတောင်သို့ သွားရောက်ခြင်းက အစွမ်းအစဖြင့် တကယ်ပဲ ပြင်းထန်သော အသွင်ပြောင်းမှုကို ရရှိနိုင်ပြီး ဘဝသစ် ရရှိနိုင်မည် ဖြစ်သည်။
"အချိန်ကို တွက်ကြည့်လိုက်ရင် နွေဦးရဲ့ ပထမဆုံး ကောင်းကင် မိုးကြိုး ကျလာဖို့ ရက် သိပ်မလိုတော့ဘူး ခဏလောက် အနားယူလိုက်ရင် အချိန် ရောက်လာတော့မှာပဲ"
ချင်မင် အလွန် မျှော်လင့်နေသည်။
***