ကူချမ်မြဲ့က တားမြစ်နည်းလမ်းဖြစ်သော ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်းနည်းလမ်းကို အသက်သွင်းလိုက်သည်။ သူ့ခွန်အားက အထွတ်အထိပ်သို့ ရောက်ရှိသွား၏။
ဒါက ကျွင်းရှောင်ယောက်နှင့် တိုက်ခိုက်ခဲ့ချိန်ကထက် အများကြီး ပိုအားကောင်းသည်။
သို့သော်လည်း ဒါက ခဏတာ ပေါက်ကွဲထွက်လာသော မီးရှုးမီးပန်းများလိုပင်။
ယာယီအားဖြင့် အလွန်တောက်ပသော်လည်း၊ ၎င်းနောက်တွင် အေးစက်ပြီး အသက်မဲ့သော တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။
သူ့အနာဂတ်က လုံးဝ ပျောက်ကွယ်သွားပြီး နောက်ဆုံးအကြိမ် တောက်ပခြင်း ဖြစ်သည်။
သူ့အသက်ကိုရင်းကာ လောင်ကျွမ်းစေခဲ့ခြင်းဖြစ်၍ ယခုအချိန်မှာတော့ မည်သူမျှ သူ့ကို မတားဆီးနိုင်တော့ပေ။
"ဝုန်း..." တိုက်ခိုက်မှုတစ်ခု ရင်ဆိုင်မိပြီးနောက် ကျိချင်းရီက နောက်ပြန်ဆုတ်သွားရသည်။
သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး ပုဝါစမှာ နီစွန်းသွား၏။
ကျိချင်းရီက ဖုံးကွယ်ရာမှာ အလွန်တော်သည်။
သို့သော်လည်း ကူချမ်မြဲ့ကို သတ်လိုပါက ကြီးမားသော တန်ကြေးကို ပေးဆပ်ရလိမ့်မည်။
သူက ကျွင်းရှောင်ယောက်ကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။
ထိုအခါ ကျွင်းရှောင်ယောက်က အလောင်းဧကရာဇ်နှင့် တိုက်ပွဲတွင် ပိတ်မိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။
ကျွင်းရှောင်ယောက်ကလည်း ကူချမ်မြဲ့ကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုများကို သဘာဝအတိုင်း မြင်လိုက်ရသည်။
ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်တွင် ဤမျှထူးကဲသော လျှို့ဝှက်ကျင့်စဉ်တစ်မျိုးရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော်လည်း အနည်းငယ် အံ့အားသင့်မိရုံသာ ဖြစ်သည်။
ထို့ပြင်၊ ဤနည်းလမ်းက ကျိချင်းရီကို ထိခိုက်စေနိုင်သည့်တိုင် သူ့ကိုတော့ ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါ။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ကျိချင်းရီကိူ ကူညီရန်အတွက် အလောင်းဧကရာဇ်ကို ချက်ချင်း မသတ်ပေ။
အကြောင်းမှာ၊ သူက ကျိချင်းရီကို သတိပေးလိုသည်။
ဗိုက်ဝနေသူကို ထမင်းကြွေးခြင်းထက် ရေငတ်နေသူကို ရေတစ်ခွက် တိုက်ကြွေးခြင်းက ပိုသာသည်။
စစ်မှန်သော ကြင်နာမှုက အမှန်တကယ် လိုအပ်ချိန်မှာ ကူညီပေးခြင်းပင်။
ကျိချင်းရီ ဒဏ်ရာရသည်အထိ စောင့်ဆိုင်းပြီးမှ လှုပ်ရှားခြင်းမှာ ပိုကောင်းမွန်သော ရလဒ်ရှိနိုင်သည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်က အလောင်းဧကရာဇ်နှင့် တည်ငြိမ်သောတိုက်ပွဲတွင် ပါဝင်ခဲ့ပေသည်။
သို့သော်လည်း အလောင်းဧကရာဇ်က ဒါကို နားလည်မှုလွဲခဲ့သည်။
'ငါက ကျွင်းရှောင်ယောက်နဲ့ အပြန်အလှန် တိုက်ခိုက်နိုင်နေပြီပဲ'
'ကျွင်းရှောင်ယောက်ရဲ့ ခွန်အားတွေ ကျဆင်းလာတာ ဖြစ်နိုင်မလား'
ဒါက အလောင်းဧကရာဇ်၏ ဘဝတွင် အကြီးမားဆုံး နားလည်မှုလွဲခြင်းပင်။
သူက အခြေအနေကို ပြောင်းလဲပြီး တစ်ဖက်လူကို အနိုင်ယူနိုင်မည်ဟုပင် ယုံကြည်ခဲ့သည်။
တစ်ဖက်တွင်...
တိုက်ခိုက်မှု ရာပေါင်းများစွာသော ရင်ဆိုင်ပြီးနောက် ကျိချင်းရီ၏ မျက်နှာကွယ် ပုဝါစက နီရဲနေပြီ ဖြစ်သည်။
"မကောင်းတဲ့မိန်းမ ငါနဲ့အတူ မင်းကို ငရဲကို ဆွဲချသွားမယ်" ကူချမ်မြဲ့က ကြုံးဝါးလိုက်သည်။ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းကျင့်စဉ်က အချိန်ကန့်သတ်ချက် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း သတိပြုမိ၏။
ကျိချင်းရီကို အမြန်ဆုံး သတ်ပစ်ရမည်။
"ကောင်းကင်နတ်ဆိုးရဲ့သွေး" ကူချမ်မြဲ့က သူ၏ အဆုံးစွန်နည်းလမ်းကို ထုတ်ဖော်လိုက်သည်။ သူ့သွေးများက နောက်ပြန်စီးဆင်းသွားပြီး သွေးနီရောင် နတ်ဆိုးအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရ၏။
ထို့နောက် အဆုံးသတ် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်တော့သည်။
'ငါ့ရဲ့ လျှို့ဝှက်ချက်ကို တကယ်ထုတ်ဖော်ရတော့မှာလား' ကျိချင်းရီက နှုတ်ခမ်းကိုကိုက်လိုက်သည်။
သူက ကူချမ်မြဲ့ကို တားဆီးနိုင်သော်လည်း ကြီးမားသော တန်ဖိုးကို ပေးဆပ်ရလိမ့်မည်။
ကူချမ်မြဲ့က အရူးတစ်ယောက်လိုဖြစ်ပြီး သူ့အသက်ကိုပင် ဂရုမစိုက်တော့ပေ။
ထိုစဉ်...
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားပြီး သူ၏ဓားဖြင့် အလောင်းဧကရာဇ်ကို ခုတ်ထစ်လိုက်သည်။
"ငါ ရင်ဆိုင်နိုင်တယ်ကွ" အလောင်းဧကရာဇ်က အော်ဟစ်လိုက်၏။
သို့သော်... နောက်အခိုက်တွင် သူ့ဦးခေါင်းက ပေါက်ကွဲသွားပြီး သူ၏ ရှေးဦးဝိညာဉ်သည်ပင် ပျက်သုဉ်းသွားတော့သည်။
တစ်ဖက်တွင်၊ ကျိချင်းရီကလည်း တစ်စုံတစ်ရာကို စတေးရန် ဟန်ပြင်လိုက်သည်။
ထိုစဉ်... လက်တစ်ဖက်က သူမ၏ သွယ်လျသောခါးကိုဖက်ပြီး နောက်ဘက်သို့ ဆွဲခေါ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ၊ ဓားအလင်းတစ်ခုက သွေးနီရောင်နတ်ဆိုးအရိပ်ကို ထက်ခြမ်းခွဲပစ်လိုက်၏။
"သခင်လေး..." ကျိချင်းရီ၏ မျက်နှာတွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်ကို ကူညီရန် တောင်းဆိုခဲ့သူမှာ သူဖြစ်သောကြောင့် ဤမျှလိုက်ပါပေးရန် မလိုပေ။
"ကျွင်းရှောင်ယောက်" ကူချမ်မြဲ့က အော်ဟစ်လိုက်သည်။ ကျွင်းရှောင်ယောက်က ကျိချင်းရီ၏ခါးကို ဖက်ထားကြောင်း သူ မြင်ရ၏။
သို့သော်လည်း ကျိချင်းရီက အနည်းငယ်မျှပင် စိတ်မသက်မသာမဖြစ်သင့်သည့်အပြင် ပျော်ရွှင်မှု အရိပ်အယောင်များပင် အမှန်တကယ် ရှိသေးသည်။
ကူချမ်မြဲ့ ရူးသွပ်ရသည်။
သူက အများကြီး ပေးဆပ်ခဲ့သော်လည်း ကျိချင်းရီ၏ လက်ကိုတောင် မထိခဲ့ရပေ။
ကျွင်းရှောင်ယောက်ကတော့ သူမ၏ခါးကို သာသာယာယာ ဖက်ထားသည်။ ထို့ပြင် ကျိချင်းရီကလည်း မကျေနပ်မှု တစ်စုံတစ်ရာ မပြခဲ့ပေ။
"မင်း မကောင်းတဲ့မိန်းမ" ကူချမ်မြဲ့က ဒေါသတကြီးဖြင့် အော်ဟစ်ကျိန်ဆဲလိုက်သည်။
"နားညီးတယ်" ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေဖြင့် လွှဲခုတ်လိုက်၏။ နဂါးငွေ့တန်းကဲ့သို့ တောက်ပပြီး မိုးနှင့်မြေကို ခွဲခြမ်းနိုင်သော နိယာမများကို သယ်ဆောင်ထားသော ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။
ကူချမ်မြဲ့၏ ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားပြီး သူ၏ ရှေးဦးဝိညာဉ်လည်း ပျက်သုဉ်းသွားတော့သည်။
ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် တတိယဖြစ်သော မဟာနတ်ဆိုးဘုရင် ကူချမ်မြဲ့လည်း ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် လှုပ်ခတ်မှုများ အားလုံး ငြိမ်သက်သွားလေသည်။
မြေအောက်ကမ္ဘာ၏ ဧကရာဇ်သုံးပါးလည်း သေဆုံးသွားခဲ့ပြီး တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိခဲ့ပေ။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွင်းသခင်လေး" ကျိချင်းရီက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
သူက အမြဲတမ်း ဟန်ဆောင်တတ်ပြီး အကြံများသော်လည်း ယခုအချိန်မှာတော့ ရိုးသားမှုကို မြင်နိုင်ပေသည်။
"တကယ်တော့ ကျုပ်က အခြားသူရဲ့ကိစ္စမှာ ဝင်စွတ်ဖက်မိတာပါပဲ။ ကျုပ်မပါရင်တောင် မင်းက ကူချမ်မြဲ့ကို တစ်ယောက်တည်း ကိုင်တွယ်နိုင်တယ် မဟုတ်လား" ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"အဲဒီလိုဆိုပေမဲ့ ချင်းရီလည်း တန်ကြေးတစ်ခုကို ပေးဆပ်ရမှာပါ"
"အခုတော့ ကျန်းစန်းယီနဲ့ ကျန်းလော့လီတို့လို မိန်းကလေးတွေက ကျွင်းသခင်လေးကို ဘာကြောင့် အရမ်းစွဲလန်းနေကြသလဲဆိုတာ ချင်းရီ နားလည်သွားခဲ့ပြီ" ကျိချင်းရီက ပြောလိုက်သည်။
"ဘာလို့လဲ"
"ဒီလိုကာကွယ်ခံရတာ တကယ်ကောင်းတယ်လေ" ကျိချင်းရီက ပြော၏။
"ဟားဟားဟား" ကျွင်းရှောင်ယောက်က ရုတ်တရက် ရယ်လိုက်သည်။
"ကျွင်းသခင်လေးက ဘာကို ရယ်တာလဲ"
"မင်းက တခြားသူတွေရဲ့ ကာကွယ်မှုကို ခံယူဖို့ ဆန္ဒရှိတဲ့ မိန်းမမျိုး မဟုတ်ဘူး"
"နောက်ပြီးတော့ ရိုးရိုးသားသားပြောရရင် မင်းကိုကာကွယ်ပေးတဲ့သူဟာ သူတို့ရဲ့နောက်ကျောကိုတောင် ဓားနဲ့ထိုးခံရနိုင်တယ်"
"ကျိတောက်ရီနဲ့ ကူချမ်မြဲ့တို့က ဒီလိုပဲ မဟုတ်လား"
"မင်းရဲ့ကာကွယ်သူဖြစ်ရတာက တကယ်ကို ကံမကောင်းဘူး" ကျွင်းရှောင်ယောက်က ရွှတ်နောက်နောက်ဖြင့် ပြောလိုက်သည်။
ဒါကိုကြားတော့ ကျိချင်းရီက ရှက်ရွံ့သွားလေသည်။ "ကျွင်းသခင်လေးက သူတို့နဲ့ မတူပါဘူး။ ချင်းရီက ဘယ်လိုလုပ် ရှင့်အပေါ် မကောင်းကြံဝံ့မှာလဲ"
"တကယ်လား၊ အဲဒီအချိန်တုန်းက မင်းဟာ ကူချမ်မြဲ့နဲ့အတူ ကျုပ်ကို ဖိနှိပ်ဖို့ တကယ်မရည်ရွယ်ခဲ့ဘူးလား"
"နောက်ပိုင်းမှာ ကျုပ်ရဲ့စွမ်းရည်က သူတို့ထင်ထားတာထက် အများကြီးပိုအားကောင်းတယ်ဆိုတာ တွေ့ရှိခဲ့တာကြောင့် မူလအစီအစဉ်အတိုင်း ကျုပ်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ မဟုတ်ဘူးလား" ကျွင်းရှောင်ယောက်က ပြောလိုက်၏။
ထိုအချိန်က ကျိချင်းရီသည် ကူချမ်မြဲ့နှင့်အတူ သူ့ကို အင်မော်တယ်နတ်ဆိုးပန်းချီကား အမှတ်အသားနှင့် ဖိနှိပ်ခဲ့သည်။
ထို့ပြင်၊ ဘာကိုမှ မလျှို့ဝှက်ထားပေ။
၎င်းက ကျွင်းရှောင်ယောက်၏ခွန်အားကို စမ်းသပ်ချက်တစ်ခု ဖြစ်နိုင်သည်။
"ကျွင်းသခင်လေးက ချင်းရီကို တကယ်ပဲ ဒီလိုမြင်နေတာလား၊ ချင်းရီက အကြံအစည်တွေနဲ့ ပြည့်နေတဲ့ မိန်းမတစ်ယောက်လား" ကျိချင်းရီက အနည်းငယ် မကျေနပ်မှု အရိပ်အယောင်တို့ဖြင့် ပြောလိုက်၏။
"ဒါက သိပ်အရေးမကြီးပါဘူး၊ မင်းရဲ့ ပါးနပ်မှုနဲ့ဆိုရင် ဘယ်သူ့ကို လှည့်စားနိုင်တယ်၊ ဘယ်သူ့ကို မလှည့်စားသင့်ဘူးဆိုတာ နားလည်သင့်တယ်" ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ချင်းရီ နားလည်ပါတယ်၊ ဒါပေမဲ့... ကျွင်းသခင်လေး ချင်းရီကို အရင်လွှတ်ပေးလို့ရမလား"
ထိုအခါမှ ကျွင်းရှောင်ယောက်သည် သူ့လက်က ကျိချင်းရီ၏ ခါးတွင် ရှိနေသေးသည်ကို အမှတ်ရသွားသည်။
ကျိချင်းရီ၏ခါးက အလွန်သေးသွယ်ပြီး ပျော့ပြောင်း၍ မြွေလူသားမျိုးနွယ်နှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ကျွင်းရှောင်ယောက်က သူ့လက်ကို လွှတ်လိုက်သည်။
ထို့နောက် ကျိချင်းရီက အင်မော်တယ်နတ်ဆိုးပန်းချီကား အမှတ်အသားကို အသုံးပြု၍ ကူချမ်မြဲ့၏ ခန္ဓာကိုယ်ကို သန့်စင်လိုက်၏။
နောက်ဆုံးတွင် ၎င်းကို သန့်စင်သော နတ်ဆိုးသွေးအဖြစ် သန့်စင်နိုင်ခဲ့သည်။
အင်မော်တယ်နှင့် နတ်ဆိုးကို ပေါင်းစပ်မှသာ အင်မော်တယ်နတ်ဆိုးခန္ဓာကို ဖွဲ့စည်းနိုင်လိမ့်မည်။
သို့သော်လည်း ကျိချင်းရီက ၎င်းကို ချက်ချင်း မသန့်စင်နိုင်ဘဲ သိမ်းဆည်းထားကာ နောင်တွင် ဖြည်းဖြည်းချင်း လေ့ကျင့်ရန် စီစဉ်ထားသည်။
ထို့နောက်၊ ကျွင်းရှောင်ယောက်က စွမ်းအင်ပြန်လည်ဖြည့်တင်းပြီး ထွက်ခွာရန် ပြင်ဆင်လိုက်၏။
ဤနေရာမှာ အချိန်အများကြီး ကြာနေခဲ့ပြီ။
သူက အင်မော်တယ်ဓာတ်စွမ်းအင်များကို ရှာဖွေရန် လိုအပ်နေသေးသည်။
ကျိချင်းရီက ကျွင်းရှောင်ယောက်၏ဘေးသို့ လျှောက်လာပြီး သူမ၏မျက်နှာမှ သွေးစွန်းနေသော ပုဝါစကို ဖယ်ရှားလိုက်သည်။
ရုတ်တရက်၊ ကောင်းကင်နှင့်မြေပြင်၏ အရောင်တောက်ပမှုကိုပင် မှိန်ဖျော့သွားစေနိုင်သော မျက်နှာတစ်ခု ပေါ်လာ၏။
သူမ၏ မျက်နှာလေးက ကြည်လင်ချောမွတ်ပြီး မျက်ခုံးများက ဖြောင့်စင်းသည်။ ဖြောင့်စင်းသော နှာတံအပြင် မျက်လုံးများကလည်း ဆောင်းဦးနှင်းရည်စက်ကဲ့သို့ ကြည်လင်နေသေးသည်။
သူမ၏ မျက်နှာသွင်ပြင်က အမှန်တကယ် ပြီးပြည့်စုံသည်။
သို့သော်...
ထိုကဲ့သို့ ချောမွေ့ပြီး လှပသော မျက်နှာပေါ်တွင် အမှတ်အသားတစ်ခု ရှိနေသည်။
၎င်းက နယ်စပ်တွင် လေ့ကျင့်နေချိန် ဖြစ်ခဲ့သည်။
ကျွင်းရှောင်ယောက်က ကစဉ့်ကလျားခန္ဓာ၏စွမ်းအားနှင့် နိယာမတို့ကို အသုံးပြုကာ သူမ၏မျက်နှာပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ပေသည်။
၎င်းက သူ့မကို ကိုယ့်အကြောင်းကိုသိစေရန် သတိပေးချက်တစ်ခု ဖြစ်သည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်သာ ဤအမှတ်အသားကို ဖျက်ပစ်နိုင်လိမ့်မည်။
***