ကောင်းကင်ပြာနယ်မြေသခင် အလွန် စိတ်ဓာတ်ကျနေသည်။ သူ ငယ်စဉ်ကတည်းက ယခုကဲ့သို့ သနားစရာကောင်းသော အခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။
ကစဉ့်ကလျားခန္ဓာ ပိုင်ရှင်ဖြစ်သည့် သူ၏ သိုင်းပညာပါရမီမှာ မည်မျှပင် သာမန်ကာလျှံကာ ဖြစ်ပါစေဦးတော့၊ ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့ထက်မူ သာလွန်နေသေးသည်။
ထို့ကြောင့် သိုင်းလမ်းစဉ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန်မှာ သူ့အတွက် လွယ်လင့်တကူ ဖြစ်သင့်သည်။
ကောင်းကင်ပြာနယ်မြေသခင်သည် သိုင်းလမ်းစဉ်ပေါ် ရောက်နေစဉ်အတွင်း သူလေ့ကျင့်ထားသော ကျင့်စဉ်များကို အခြေခံ၍ စိတ်အာရုံအချို့ကို ပုံဖော်ကာ လွှမ်းမိုးရန် ကြိုးစားခဲ့သည်။
သို့သော် သူ သိုင်းလမ်းစဉ်၏ အဆုံးသို့ ရောက်ရှိသောအခါ သူလေ့ကျင့်ထားသော ကျင့်စဉ်များမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေသဖြင့် သိုင်းလမ်းစဉ်၏ စွမ်းအားမှာ သူ၏ကျင့်စဉ်များကို စိတ်အာရုံအဖြစ် ပုံဖော်ပေးနိုင်စွမ်း မရှိသည့်အပြင် နောက်ဆုံးတွင်မူ သိုင်းလမ်းစဉ်ပါ ပျက်စီးသွားခဲ့ရသည်။
သူသည် အထီးကျန်တာအိုရှင်ကို အော်ကာ သူ၏ ဒေါသနှင့် မကျေနပ်မှုများကို တိုင်တန်းသော်လည်း လျစ်လျူရှုခြင်းကိုသာ ခံခဲ့ရသည်။
သူ ထိုကဲ့သို့ လက်မလျှော့ချင်သဖြင့် အတင်းအကျပ် ရှေ့ဆက်တိုးရန် ကြိုးစားခဲ့သော်လည်း သိုင်းလမ်းစဉ်မှာ တိုက်ရိုက် ပေါက်ကွဲသွားခဲ့ပြီး သူ့ကိုပင် ဒဏ်ရာရစေလုနီးပါး ဖြစ်သွားခဲ့သည်။
ဤအရာက ဘယ်လိုကျိုးကြောင်းဆီလျော်မှုမျိုးနည်း။
“ငါတို့ ရှုံးသွားပြီ...”
လီဟွာရီနှင့် လုချောင်တို့မှာ စိတ်မကောင်းခြင်းများစွာဖြင့် ရေရွတ်လိုက်ကြသည်။
သူတို့သည် ကောင်းကင်၏ ဂုဏ်ယူရာ သားတော်များ ဖြစ်သော်လည်း ရှုံးနိမ့်မှုများကို အကြိမ်ကြိမ် ကြုံဖူးကြသည်။ သို့သော် ယခုတစ်ကြိမ် ရှုံးနိမ့်မှုမှာမူ ကွဲပြားပြီး သူတို့ကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေသည်။
သို့သော်လည်း ယခုအချိန်တွင် သူတို့ ဘာများ ပြောနိုင်ပါဦးမည်နည်း။
ကောင်းကင်ပြာနယ်မြေသခင်ကိုလည်း အပြစ်မတင်နိုင်ပေ။ အကြောင်းမှာ ကောင်းကင်ပြာနယ်မြေသခင်သည် သူတို့ထက် ပို၍ ကြာရှည်စွာ လျှောက်လှမ်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသူ၏ သိုင်းပါရမီမှာ မြင့်မားသည်မှာ အမှန်ပင်ဖြစ်သော်လည်း ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့ကိုမူ မမီခဲ့ပေ။
ရုတ်တရက် သူတို့နှစ်ဦးစလုံး ကျန်းဟုန်ရှူးကို တစ်ပြိုင်နက်တည်း သတိရသွားကြပြီး သူမထံသို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့ကိုယ်တိုင်ပင် ယခုကဲ့သို့ စိတ်မသက်မသာ ဖြစ်နေရပါက ဟုန်ရှူးအနေဖြင့် မည်မျှအထိ ခံစားနေရမည်နည်း။
ငရဲမီးတံဆိပ်ပြားကို ရရှိရန်အတွက် သူမသည် တားမြစ်ပညာရပ်ကိုပါ အသုံးပြုခဲ့ပြီး အစွမ်းကုန် ကြိုးစားခဲ့သည် မဟုတ်ပါလော...
လီဟွာရီ စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်ပြီး ကျန်းဟုန်ရှူးကို ဖျောင်းဖျလိုက်သည်။
“ဟုန်ရှူး... ဒီကိစ္စကို စိတ်ထဲ သိပ်မထားပါနဲ့... ငါတို့ အစွမ်းကုန် ကြိုးစားခဲ့ကြတာပဲ... ထူးကဲအမွေအနှစ်နဲ့ ငါတို့ကြားမှာ ရေစက်မပါသေးလို့ ဖြစ်မှာပါ...”
လုချောင်ကလည်း ဆက်၍ ပြောလိုက်သည်။
“ဟုတ်တယ် ဟုန်ရှူး... ဒီအမွေအနှစ်ကို ချန်ထားခဲ့တဲ့သူက ဒီလောက်ခက်ခက်ခဲခဲနဲ့လုပ်ခဲ့မှတော့ သူ့ ရည်ရွယ်ချက်က ထူးကဲခန္ဓာပိုင်ရှင်အတွက်ပါ...ညီမရဲ့ မျှော်လင့်ချက်ကို လုံးဝ စွန့်လွှတ်လိုက်စရာမလိုပါဘူး... နောင်တစ်ချိန်မှာ အခွင့်အရေး ပြန်ရဦးမှာပါ...”
ကျန်းဟုန်ရှူး၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။ သို့သော် သူမ ပို၍ တည်ငြိမ်လေလေ လီဟွာရီနှင့် လုချောင်တို့မှာ ပို၍ စိတ်မကောင်း ဖြစ်လေလေပင်ဖြစ်သည်။ သူတို့၏ မျက်နှာများမှာလည်း မှိုင်းညှို့နေကြသည်။
သူတို့အချင်းချင်း စကားပြောနေကြစဉ်မှာပင် ကောင်းကင်ပြာနယ်မြေသခင်သည် လူအများ၏ အကြည့်များအောက်တွင် လီဟွာရီ၊ လုချောင်နှင့် အခြားသူများ၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။ သူတို့အားလုံး၏ ညှိုးငယ်နေသော မျက်နှာများကို မြင်လိုက်ရသောအခါ ကောင်းကင်ပြာနယ်မြေသခင်မှာ ခေတ္တမျှ ကြောင်သွားပြီးနောက် ပြုံးလျက်ဖြင့် အသံလွှင့်ကာ ပြောလိုက်သည်။
“မင်းတို့ မျက်နှာတွေက ဘာဖြစ်နေကြတာလဲ... မပြီးသေးဘူးလေ... ငါတို့မှာ အခွင့်အရေး ရှိသေးတာကို...”
ကျန်းဟုန်ရှူးက ခေါင်းညိတ်လိုက်ပြီး
“ကျွန်မလည်း အခွင့်အရေး ရှိသေးတယ်လို့ ထင်တယ်...” ဟု ဆိုလိုက်သည်။
“အခွင့်အရေး ရှိသေးတယ်... ဘာကို ပြောတာလဲ... အစ်ကိုကျောက် တို့မှာ အရန်အစီအစဉ် တစ်ခုခု ရှိလို့လား...”
လီဟွာရီနှင့် လုချောင်တို့မှာ မျှော်လင့်ချက် ရောင်ခြည် သန်းလာသကဲ့သို့ စိတ်ဝင်တစား မေးလိုက်ကြသည်။
“ချင်ဟွမ် အခုထိ ထွက်မလာသေးတာကို မင်းတို့ သတိမထားမိကြဘူးလား...”
ကောင်းကင်ပြာနယ်မြေသခင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“စိတ်မပူနဲ့... ချင်ဟွမ်က သိုင်းလမ်းစဉ်ကို အောင်မြင်အောင် လျှောက်နိုင်မှာပါ...”
“ချင်... ချင်ဟွမ်လား...”
လီဟွာရီ အလွန်အံ့ဩသွားပြီး သူ၏ နားကိုပင် မယုံနိုင် ဖြစ်သွားသည်။ ထို့ကြောင့် နတ်ဘုရားအာရုံကိုသုံး၍ ပြောရန်ကိုပင် မေ့သွားကာ ဒိုဂျိုတစ်ခုလုံး ကြားအောင် အော်မိသွားသည်။
“ချင်ဟွမ်က သိုင်းလမ်းစဉ်ကို အောင်မြင်အောင် လျှောက်နိုင်မယ်... အစ်ကိုကျောက် နောက်နေတာလား...”
လီဟွာရီ တစ်ဦးတည်း မဟုတ်ဘဲ လုချောင်၊ ကျန်းရှောင်ရီနှင့် အခြားသူများလည်း အလားတူပင် ဖြစ်နေကြသည်။ ဒိုဂျိုအတွင်းရှိ ပါရမီရှင်များနှင့် နတ်အင်ပါယာ အထွတ်အထိပ်များမှာ ထိုစကားကို ကြားသောအခါ ခေတ္တမျှ ကြောင်သွားကြပြီးနောက် တစ်ပြိုင်နက်တည်း ဝိုင်းရယ်လိုက်ကြသည်။
“ဟားဟားဟား... ငါ နားကြားမှားတာလား... ကျန်းဟုန်ရှူးရဲ့ သူ့လူတွေက ချင်ဟွမ်အပေါ်မှာ မျှော်လင့်ချက် ထားနေကြတာလား...”
“ဟေ့... မင်းကလည်း မပြောနဲ့လေ... အခုထိတော့ ချင်ဟွမ်က ထွက်မလာသေးဘူး မလား...”
“ချင်ဟွမ် ထွက်မလာသေးတာက သူ ပုံရိပ်ယောင်ထဲမှာ ပိတ်မိနေလို့ပဲ ဖြစ်မှာပေါ့... ပါရမီရှင်တွေထက် နောက်ကျပြီးမှ ထွက်လာတဲ့ တခြားနတ်အင်ပါယာ အထွတ်အထိပ်တွေလည်း ရှိတာပဲ... ဒါပေမဲ့ သူတို့ ထွက်လာတဲ့အခါမှာ ပုံရိပ်ယောင်ထဲမှာ နစ်မွန်းလွန်းလို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရလာကြတာချည်းပဲ...”
“ဟူး... ချင်ဟွမ်က အင်ပါယာခန္ဓာနဲ့ အင်ပါယာလက်နက်ကို ဆင့်ခေါ်နိုင်တာကတော့ ငါ့ကို အံ့ဩစေခဲ့တာ အမှန်ပဲ... ဒါပေမဲ့ ဒီလို လက်ကြောမတင်းအပျော်အပါးသမားက သိုင်းလမ်းစဉ်ကို အဆုံးထိ လျှောက်နိုင်မယ်ဆိုတာကတော့ ငါ့ကို သတ်မယ်ဆိုရင်တောင် မယုံဘူး...”
ကျောက်ဝူရွှမ်နှင့် အခြားပါရမီရှင်များမှာမူ ဘာမှမပြောကြသော်လည်း သူတို့၏ မျက်နှာပေါ်မှ အပြုံးများမှာ လှောင်ပြောင်မှုများ ပါဝင်နေသည်။ အထူးသဖြင့် ကျန်းရှန်နှင့် ကျန်းချူတို့မှာ လွန်ခဲ့သော ဆယ်နှစ်အတွင်း သူတို့ကြားဖူးသမျှ အကောင်းဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ အားရပါးရ ရယ်မောနေကြသည်။
..............
တစ်ချိန်တည်းမှာပင် သိုင်းနတ်ဘုရားစမ်းသပ်မှုအတွင်းရှိ စိမ်းပြာရောင် ကြာပန်းကြီးပေါ်တွင်မူ ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့သည် စစ်တုရင်ခုံကို အလယ်မှာထား၍ ရပ်နေကြသည်။ သူတို့နှစ်ဦးစလုံးမှာ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်နေပြီး သူတို့၏ အော်ရာများမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေကာ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်တော့မည့်အလား ရှိနေသည်။
သူတို့နှစ်ဦးစလုံးမှာ မကြာမီ စတင်တော့မည့် သိုင်းစစ်တုရင် တိုက်ပွဲအတွက် စွမ်းအင်များကို စုစည်းနေကြခြင်း ဖြစ်သည်။ သို့သော်လည်း မကြာမီမှာပင် သူတို့နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားကြသည်။ အဘယ့်ကြောင့် တိုက်ပွဲက အခုထိ စတင်ခြင်း မရှိသေးသနည်း။
“စီနီယာ... အခု တိုက်ပွဲကို စလို့ ရပြီမဟုတ်ဘူးလား...”
ရှီထျန်းကျွင်းက အော်မေးလိုက်သည်။ သူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြု၍ ဟင်းလင်းပြင်သို့ လှမ်း၍ ဆက်သွယ်လိုက်ရာ သူ၏အသံမှာ အဆုံးမရှိသော အမှောင်ထုထဲတွင် ပဲ့တင်ထပ်သွားသည်။
“နောက်ထပ် လူတစ်ယောက် ကျန်သေးတယ်...”
အေးစက်သော အသံ ထွက်ပေါ်လာသည်။
“နောက်လူတစ်ယောက် ကျန်သေးတာလား...”
ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့မှာ အနည်းငယ် တုန်လှုပ်သွားကြသည်။
မည်သည့် ပါရမီရှင် ထွက်ပေါ်လာဦးမည်နည်း။
..........
ထိုအခိုက်အတန့်တွင် ဒိုဂျို၌.....
ကောင်းကင်ပြာနယ်မြေသခင်မှာ လူအများ၏ လှောင်ရယ်သံများကို ကြားသောအခါ မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်သည်။ သူက ပြန်လည် ချေပရန် ပြင်လိုက်စဉ်မှာပင် သူတို့၏ ဦးခေါင်းအထက်မှ နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
လူတိုင်း၏ အပြုံးများမှာ ခဲသွားကြပြီး မသိစိတ်အရ ခေါင်းလှည့်ကြည့်လိုက်ကြသည်။ များပြားလှသော သိုင်းလမ်းစဉ်များထဲမှ ငြိမ်သက်နေသော လမ်းစဉ်တစ်ခုမှာ တောက်ပသော ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။
ချက်ချင်းဆိုသလိုပင် နဂါးဟိန်းသံ ကိုးသံ ပဲ့တင်ထပ်သွားပြီး နဂါးကိုးကောင်မှာ သိုင်းလမ်းစဉ်မှ ကောင်းကင်သို့ ပျံတက်သွားကြသည်။ ချင်နန်သည် နဂါးမင်း၏ ဦးခေါင်းပေါ်တွင် တည်ငြိမ်စွာ ရပ်နေပြီး စိမ်းပြာရောင် ကြာပန်းပေါ်ရှိ ကျင့်ကြံသူနှစ်ဦးကို စိုက်ကြည့်လိုက်သည်။
ထိုမြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။
***