ထိုအခိုက်အတန့်တွင် ကျောက်ဝူရွှမ်နှင့် အခြားသခင်လေးများ၊ လေဟုန်ရှန်နှင့် နယ်မြေသခင်၏ သားသမီးများ၊ ကျန်းရှန်၊ ကျန်းချူ၊ ယိုမိသားစုမှ ညီအစ်မသုံးဦးနှင့် အခြားသော နတ်အင်ပါယာအထွတ်အထိပ်အဆင့်များအားလုံး မှင်တက်သွားကြသည်။ သူတို့သည် မိမိတို့၏မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေကြရသည်။
“ချင်... ချင်ဟွမ်...”
လီဟွာရီ၊ လုချောင်၊ ကျန်းရှောင်ရီနှင့် အခြားကာကွယ်သူများလည်း ကြောင်အမ်းအမ်းဖြင့် ရေရွတ်လိုက်သည်။
သူတို့သည် ချင်ဟွမ်ကို အရင်ကလို အထင်မသေးတော့သော်လည်း သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် သိုင်းလမ်းစဉ်ကို အောင်မြင်အောင် လျှောက်နိုင်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
ဤသည်မှာ ချင်ဟွမ်၏ သိုင်းပညာပါရမီမှာ သူတို့ထက်ပင် သာလွန်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်မဟုတ်ပါလော...
“နေပါဦး... ဘာလို့ ချင်ဟွမ်းရဲ့ အလင်းတန်းက ရွှေရောင်ဖြစ်နေရတာလဲ... ဘာကြောင့် နဂါးကိုးကောင်တောင် သူ့ကို ပို့ဆောင်ပေးတာလဲ... ဒါက...”
မကြာမီမှာပင် ထိုနေရာရှိ လူတိုင်း တစ်ခုခုမှားနေတာကို သတိထားမိသွားကြသည်။
သူတို့၏ အတွေ့အကြုံနှင့် ဗဟုသုတများအရ ဤကဲ့သို့သော ထူးခြားဆန်းပြားသည့် ဖြစ်စဉ်မှာ ဘာကိုဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်ကြသည်။ သူတို့၏စိတ်ထဲတွင် မယုံနိုင်စရာကောင်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်။
ချင်ဟွမ်၏ သိုင်းပညာပါရမီမှာ ကျောက်ဝူရွှမ်တို့ကဲ့သို့ ထူးချွန်သူများထက် သာလွန်ရုံသာမက ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့ထက်ပင် ပို၍မြင့်မားနေသည်လော...
ထိုသို့သာမဟုတ်လျှင် သိုင်းလမ်းစဉ်တွင် ဤမျှကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပေ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ကျန်းရှန်နှင့် ကျန်းချူတို့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်နေမိကြသည်။ အကယ်၍ ဤသို့စွမ်းဆောင်နိုင်သူမှာ အခြားတစ်ယောက်သာဆိုလျှင် သူတို့အနေဖြင့် လက်ခံနိုင်ကောင်း လက်ခံနိုင်ပေလိမ့်မည်။
သို့သော် သူတို့သည် ချင်ဟွမ်ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ အမြဲတမ်း မြင်ခဲ့ကြသူများ မဟုတ်ပါလား။
ယခုမူ ထိုပုရွက်ဆိတ်၏ သိုင်းပညာပါရမီက သူတို့ထက်သာသည်လော
ကျန်းဟုန်ရှူးလည်း အံ့အားသင့်သွားသည်။ သူမသည်လည်း သိုင်းပညာပါရမီအလွန်ထူးချွန်သူတစ်ဦးဖြစ်ပြီး အကယ်၍ သူမသာ သိုင်းလမ်းစဉ်ကို လျှောက်ခဲ့ပါက ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့ထက် နိမ့်ကျမည်မဟုတ်ကြောင်း ယုံကြည်ချက်ရှိသည်။ သို့သော် ဤကဲ့သို့သော ထူးခြားသည့်ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာအောင် လုပ်နိုင်စွမ်းရှိမည်ဟုမူ သူမကိုယ်သူမ ယုံကြည်မှုမရှိပေ။
ချင်နန်... ရှင်က ဘယ်လိုလူမျိုးလဲ...
လူတိုင်း၏ အကြည့်များအောက်တွင် ချင်နန်သည် နဂါးဘုရင်၏ ဦးခေါင်းပေါ်မှ ဆင်းသက်လာပြီး သိုင်းစစ်တုရင်ခုံရှေ့တွင် ရပ်လိုက်သည်။ သူ၊ ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့ သုံးဦးသည် တြိဂံပုံစံဖြင့် နေရာယူထားကြသည်။
ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့သည် နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။ ချင်နန်၏ ပေါ်ထွက်လာမှုမှာ သူတို့ကို အတော်လေး တုန်လှုပ်သွားစေခဲ့သည်။
“ကောင်းတယ်... အရမ်းကောင်းတယ်...”
ခဏကြာပြီးနောက် ရှီထျန်းကျွင်း အလွန်ဝမ်းသာစွာ ရယ်မောရင်း ပြောလိုက်သည်။
“ဒါမှလည်း မင်းရဲ့ တာအိုလက်တွဲဖော်ဆီက ထူးကဲအမွေအနှစ်ကို လုယူရတာ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းမှာပေါ့...”
“ချင်ဟွမ်... ငါ တကယ်မထင်ထားခဲ့ဘူး... ကြည့်ရတာ မင်းရဲ့ အသုံးမကျတဲ့ သခင်လေးပုံစံက ဟန်ပြသက်သက်ပဲပေါ့...”
တုံဟွမ်ချင်၏ မျက်လုံးများမှာ တောက်ပနေပြီး သူ့ ခန္ဓာကိုယ်မှ ပြင်းထန်သောအော်ရာ ထွက်ပေါ်နေသည်။
“ဒါပေမဲ့ ဒါကလည်း ကောင်းတာပါပဲ... ငါက မင်း အားအသာဆုံးအပိုင်းမှာ မင်းကို အနိုင်ယူပြမယ်... အဲဒီနောက်မှာတော့ ဟုန်ရှူးကို ငါ့ရဲ့ ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်တော့မှာပါ...”
ချင်နန် မနေနိုင်ဘဲ ရယ်မောလိုက်ပြီးနောက် ဆိုလိုက်သည်။
“မင်းတို့နှစ်ယောက်ကို ဘယ်သူက ဒီလိုမျိုး ယုံကြည်ချက်တွေ ပေးထားတာလဲ...”
သူတို့၏ စကားများကို နားထောင်ရသည်မှာ မကြာမီ စတင်တော့မည့် သိုင်းစစ်တုရင်ပွဲတွင် သူက ကျိန်းသေပေါက် ရှုံးနိမ့်တော့မည့်အလားပင်ဖြစ်သည်။
သူတို့သုံးဦးကြားရှိ လေထုမှာ ချက်ချင်းပင် အေးခဲသွားပြီး အပြန်အလှန် ရန်လိုသည့် အနေအထားသို့ ရောက်ရှိသွားသည်။
သို့သော် သူတို့ထဲမှ နှစ်ဦးမှာ နာမည်ကျော် ပါရမီရှင်များဖြစ်ပြီး တာအိုထိတွေ့ခြင်းအဆင့် နတ်အင်ပါယာ အထွတ်အထိပ်များ ဖြစ်ကြသော်လည်း ကျန်တစ်ဦးမှာမူ နယ်ရှင်အဆင့်သာ ဖြစ်သည်။
ကျင့်ကြံမှုအဆင့်အရ ဆိုလျှင်မူ အမြင့်ဆုံးသော ကောင်းကင်ဘုံမှ နတ်ဘုရားနှစ်ပါးက လူ့လောကရှိ လူသားတစ်ဦးကို အမဲလိုက်ရန် စောင့်ကြည့်နေသကဲ့သို့ပင်ဖြစ်သည်။
သို့သော်လည်း ဤလူသားမှာ နတ်ဘုရားနှစ်ပါးကို ရင်ဆိုင်ရာတွင် အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိဘဲ ခမ်းနားထည်ဝါသော တိုက်ခိုက်လိုစိတ်များကိုသာ ထုတ်လွှတ်နေသည်။
“အခု ငါ သိုင်းစစ်တုရင်ရဲ့ စည်းမျဉ်းတွေကို ကြေညာမယ်...”
အသံတစ်သံ ထွက်ပေါ်လာသည်။ အထီးကျန်တာအိုရှင်၏ ပုံရိပ်မှာ စစ်တုရင်ခုံဘေးတွင် ပေါ်လာသည်။ သူသည်လည်း ဤသိုင်းစစ်တုရင်ပွဲကို အတော်လေး စိတ်ဝင်စားပုံရသည်။
အထီးကျန်တာအိုရှင်သည် ချင်နန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ စစ်တုရင်ခုံမှာ နယ်နမိတ်မြစ်ဖြင့် ပိုင်းခြားထားသော နတ်ဘုရားနယ်မြေ၊ နတ်ဆိုးနယ်မြေနှင့် လူသားနယ်မြေဟူ၍ ပြောင်းလဲသွားသည်။
ရှီထျန်းကျွင်းမှာ နတ်ဘုရားနယ်မြေတွင်ရှိပြီး တုံဟွမ်ချင်မှာ နတ်ဆိုးနယ်မြေတွင် ရှိနေကာ ချင်နန်မှာမူ လူသားနယ်မြေတွင် ရှိနေသည်။
“သိုင်းစစ်တုရင်မှာ မင်းတို့တစ်ယောက်ချင်းစီမှာ နယ်ရုပ် ကိုးသောင်းကိုးထောင် ကိုးရာကိုးဆယ့်ကိုးခုစီ ရှိမယ်... နယ်ရုပ်တိုင်းက သန့်စင်တဲ့ စွမ်းအင်တစ်မျိုးမျိုးနဲ့ ဖွဲ့စည်းထားတာ... ဥပမာအားဖြင့် ယန်မိုးကြိုးစွမ်းအင်၊ ယင်ရေစွမ်းအင်၊ ဘေးဒုက္ခစွမ်းအင်၊ နှင်းမဟူရာစွမ်းအင် စတာတွေနဲ့ပဲ...”
“သိုင်းစစ်တုရင်မှာ သန်မာတဲ့နယ်ရုပ်၊ အားနည်းတဲ့နယ်ရုပ်၊ အဆင့်မြင့်တဲ့ နယ်ရုပ်၊ အဆင့်နိမ့်တဲ့နယ်ရုပ်တွေ ရှိတယ်... ဒါပေမဲ့ မင်းတို့သုံးယောက်လုံးရဲ့ နယ်ရုပ်တွေက အကုန်သာတူညီမျှပဲ ဖြစ်လိမ့်မယ်...”
အထီးကျန်တာအိုရှင်က စကားပြောရင်း သူ၏လက်ချောင်းကို ခါယမ်းလိုက်သည်။ တောက်ပနေသော အဝိုင်းပြား သုံးခုမှာ ချင်နန်နှင့် အခြားသူများ၏ နောက်တွင် ပေါ်လာသည်။ ထိုအဝိုင်းပြားများသည် သိုလှောင်အိတ်များနှင့် ဆင်တူသည်။ အပြင်ပန်းကြည့်လျှင် ကြီးမားပုံမရသော်လည်း အတွင်း၌မူ ပစ္စည်းများစွာ ထည့်နိုင်သည်။
“သိုင်းစစ်တုရင်ဆိုတာ မင်းတို့မှာရှိတဲ့ နယ်ရုပ်တွေကို မင်းတို့ရဲ့ စစ်တုရင်ခုံပေါ်မှာ နေရာချပြီးတော့ ပြိုင်ဘက်ရဲ့ စစ်တုရင်ခုံကို တိုက်ခိုက်ရမဲ့ ကစားပွဲပဲ... “
“တကယ်လို့ ပြိုင်ဘက်ရဲ့ စစ်တုရင်ခုံက ခုခံနိုင်စွမ်းမရှိဘဲ တစ်စစီ ပျက်စီးသွားမယ်ဆိုရင် အဲဒီလူ ရှုံးနိမ့်သွားပြီလို့ ဆိုလိုတာပဲ...”
“ကစားပွဲမစတင်ခင်မှာ မင်းတို့အနေနဲ့ နယ်ရုပ်တွေကို နားလည်သဘောပေါက်အောင် လုပ်ဖို့အတွက် သုံးနာရီ အချိန်ရမယ်... အဲဒီနောက်မှာတော့ ကစားပွဲရလဒ် ထွက်ပေါ်လာတဲ့အထိ အနားယူချိန် ရှိမှာမဟုတ်ဘူး...”
“နယ်ရုပ်တွေကို ချပြီးတာနဲ့ မင်းတို့အချင်းချင်း စိတ်ကြိုက် တိုက်ခိုက်လို့ ရတယ်... ဒါတင်မကဘဲ တခြား လှည့်ကွက်တွေကိုလည်း သုံးနိုင်ပေမဲ့ စစ်တုရင်ခုံအတွင်းမှာပဲ ကန့်သတ်ထားရမယ်...”
“စည်းမျဉ်းနှစ်ခုကိုတော့ လုံးဝ တားမြစ်ထားတယ်... မင်းတို့ရဲ့ စွမ်းအားတွေနဲ့ ပြိုင်ဘက်ရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်တိုက်ခိုက်ခွင့် မရှိဘူး... “
“ပြီးတော့ ပြိုင်ဘက်ရဲ့ ခန္ဓာကိုယ်ကို တစ်ခုခုဖြစ်အောင် နှောင့်ယှက်ခွင့်လည်း မရှိဘူး... “
“တကယ်လို့ ငါသိရင် မင်းတို့ကို ပြိုင်ပွဲကနေ ချက်ချင်း ထုတ်ပယ်မယ်...”
“ကဲ... အခု စကြစို့...”
အထီးကျန်တာအိုရှင်က လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားအလင်းတန်းများ တောက်ပနေသော ထိုင်ခင်းငယ်သုံးခု သူတို့၏ နောက်တွင် ပေါ်လာသည်။
ထိုင်ခင်းများသည် သူတို့အား သိုင်းစစ်တုရင် နယ်ရုပ်များကို နားလည်သဘောပေါက်စေရန် ကူညီပေးရန်အတွက် ဖြစ်သည်။
***