အထီးကျန်တာအိုရှင်၏ စကားသံမှာ မကျယ်လောင်သော်လည်း သူတော်စင်သုံးပါးနေရာလွတ်၏ အရှင်သခင်ဖြစ်သည့်အပြင် အသံကိုလည်း တမင်တိုးထားခြင်း မရှိသဖြင့် ဒိုဂျိုအတွင်းရှိ လူတိုင်းက သူပြောသမျှ စကားလုံးတိုင်းကို ရှင်းလင်းစွာ ကြားနေရသည်။
“သိုင်းစစ်တုရင် ဆိုတာ ဒီလိုလား...”
ကျောက်ဝူရွှမ်နှင့် ကျန်ရှိသော ပါရမီရှင်များမှာ အံ့အားသင့်နေရာမှ ပြန်လည်သတိဝင်လာသောအခါ အတိုင်းထက်အလွန် ဝမ်းသာသွားကြသည်။ ချင်ဟွမ် ရုတ်တရက် လမ်းအဆုံးရောက်သွားခြင်းက သူတို့ကို အတော်လေး ထိတ်လန့်သွားစေခဲ့သည်။
၎င်းမှာ ချင်ဟွမ်တွင် ထူးကဲသော သိုင်းပါရမီရှိသည်ဟု ဆိုလိုရုံသာမက ကျန်းဟုန်ရှူးအနေဖြင့် သိုင်းနတ်ဘုရားတံဆိပ်ပြားကို ရရှိရန် အခွင့်အရေးကောင်း ရှိနေသည်ဟုလည်း ဆိုလိုခြင်းဖြစ်သည်။
သို့သော်လည်း ယခုလေးတင် ပေါ်ပေါက်လာသည့် အခွင့်အရေးမှာ အထီးကျန်တာအိုရှင်၏ စကားများကြောင့် လုံးဝဥဿုံ ပျက်စီးသွားပြီ ဖြစ်သည်။
“တော်သေးတာပေါ့... တော်သေးတယ်...”
ကျန်းရှန်နှင့် ကျန်းချူတို့မှာ လှောင်ပြောင်လိုသော အပြုံးများကို မဖုံးကွယ်နိုင်တော့ပေ။
ကျန်းဟုန်ရှူးတွင် ထူးချွန်သော သိုင်းပါရမီရှိနေရင်ရော ဘာဖြစ်သနည်း....
သိုင်းလမ်းစဉ်ကို အောင်မြင်အောင် လျှောက်နိုင်ခဲ့ရင်ရော ဘာဖြစ်သနည်း....
နောက်ဆုံးမှာတော့ ချင်ဟွမ်က ကျိန်းသေပေါက် ရှုံးနိမ့်မည်ဖြစ်သည်။
ကျန်းဟုန်ရှူးလည်း သိုင်းနတ်ဘုရားတံဆိပ်ပြားကို ရရှိမည်မဟုတ်ချေ။
“နှမြောစရာပဲ...”
ယိုရှောင်လင်၊ ယိုရှောင်ယောင်နှင့် ယိုရှောင်ယုတို့မှာ သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ လက်ရှိအခြေအနေအရ ချင်ဟွမ်၏ သိုင်းပညာပါရမီမှာ ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့ထက်ပင် သာလွန်နိုင်သော်လည်း ချင်ဟွမ်တွင် ဆိုးရွားသည့်အားနည်းချက်တစ်ခု ရှိနေသည်။ ၎င်းမှာ သူ၏ကျင့်ကြံမှုအဆင့်က နိမ့်လွန်းနေပြီး အတွေ့အကြုံနှင့် ဗဟုသုတလည်း ကန့်သတ်ချက် ရှိနေခြင်းဖြစ်သည်။
သိုင်းစစ်တုရင်၏ စည်းမျဉ်းများအရ စွမ်းအင်အမျိုးမျိုးနှင့် နယ်ရုပ် တစ်သိန်းနီးပါးထဲတွင် အစွမ်းထက်သော နယ်ရုပ်များကသာ အရေးကြီးဆုံးဖြစ်သည်။ အကြောင်းမှာ စွမ်းအင်အနှစ်သာရကို နားလည်သဘောပေါက်သူများသာ ပို၍အစွမ်းထက်သော နယ်ရုပ်များကို ချနိုင်မည်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို ဖန်တီးနိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း အစွမ်းထက်သော စွမ်းအင်အနှစ်သာရ အများအပြားမှာ ကျင့်ကြံမှုအဆင့် အမြင့်တစ်ခုသို့ ရောက်ရှိမှသာ နားလည်နိုင်မည့်အရာများ ဖြစ်သည်။
ချင်ဟွမ်တွင် ထူးကဲသော သိုင်းပါရမီရှိပြီး စွမ်းအင်အနှစ်သာရများကို အတင်းကြိုးစားပြီး နားလည်အောင် လုပ်နိုင်မည်ဆိုလျှင်ပင် အချိန်အတော်ကြာယူရမည် ဖြစ်သည်။ သို့သော်လည်း တာအိုထိတွေ့ခြင်းအဆင့် နတ်အင်ပါယာ အထွတ်အထိပ်များနှင့် ထိပ်တန်းအင်အားစုများက ပါရမီရှင်များအတွက်မူ ထိုမျှလောက် အချိန်ယူနေရန် မလိုပေ။ သုံးနာရီကြာပြီးနောက် သူတို့ နားလည်သွားမည့် စွမ်းအင်အနှစ်သာရ နယ်ရုပ်အရေအတွက်မှာ ချင်ဟွမ်ထက် အနည်းဆုံး ဆယ်ဆ သို့မဟုတ် အဆတစ်ရာမက ပိုများနေပေလိမ့်မည်။
ထိုသို့ဆိုလျှင် ချင်ဟွမ်က သူတို့ကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
သူ ဆင့်ကဲပြောင်းလဲမည့် သိုင်းပညာအရေအတွက်ကကော သူတို့နှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ဒါတင်မကသေးဘဲ ချင်ဟွမ်အနေဖြင့် စွမ်းအင်အနှစ်သာရများကို အတင်းအကျပ် နားလည်နိုင်သည်ဟု ဆိုလျှင်ပင် နယ်ရုပ် တစ်သိန်းနီးပါးထဲတွင် အလွန်အမင်း အစွမ်းထက်သော နယ်ရုပ်တစ်ခု ပါဝင်လာပြီး ချင်ဟွမ်က ကျင့်ကြံမှုအဆင့်နိမ့်သဖြင့် နားမလည်နိုင်ခဲ့ပါက သူသည် ပိုမြန်မြန်ဆန်ဆန်ပင် ရှုံးနိမ့်သွားလိမ့်မည်ဖြစ်သည်။
“ဒုက္ခပဲ...”
ကောင်းကင်ပြာနယ်မြေသခင်၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားသည်။ ချင်နန်က အနာဂတ်မှ လာသူဖြစ်သော်လည်း အနာဂတ်တွင် ချင်နန်က အလွန်အမင်း အစွမ်းမထက်သေးသည်ကို သူ ကောင်းကောင်းသိသည်။ သူ၏ကျင့်ကြံမှုအဆင့်မှာ သူနှင့်ပင် တူလောက်သည်။
ထို့ပြင် ထိုအရာက ချင်နန်ကိုယ်တိုင် နားလည်အောင် လုပ်ရန်လိုအပ်သည်။ အင်ပါယာခန္ဓာနှင့် အချိန်ဓားကလည်း သူ့ကို ကူညီနိုင်မည်မဟုတ်ပေ။
လီဟွာရီ၊ လုချောင်နှင့် အခြားသူများမှာ ပတ်ဝန်းကျင်မှ လှောင်ပြောင်သံများကို ကြားသောအခါ သူတို့၏မျက်နှာများက အတော် ကြည့်ရဆိုးနေသည်။ သူတို့သည် မျှော်လင့်ချက် ကင်းမဲ့သွားသလို ခံစားနေရသည်။
နောက်ဆုံးတော့ ဒါက အချည်းအနှီး ရုန်းကန်မှုတစ်ခုပဲ ဖြစ်သွားတော့မှာလား....
“ကျင့်ကြံသူကျန်း... သိပ်ပြီး စိုးရိမ်မနေပါနဲ့... ဒီကောင်လေးရဲ့ သိုင်းပညာပါရမီက ရှီထျန်းကျွင်းနဲ့ တုံဟွမ်ချင်တို့ကို နည်းနည်းပိုသာရုံတင် မဟုတ်တာ သေချာတယ်... ငါတို့မှာ အခွင့်အရေး ရှိပါသေးတယ်...”
ကောင်းကင်ပြာနယ်မြေသခင်က တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
“ကျွန်မ မစိုးရိမ်ပါဘူး...”
ကျန်းဟုန်ရှူးက ခေါင်းခါလိုက်သည်။
ကျရှုံးဖို့ ကျိန်းသေနေသည့် အခြေအနေမှ မျှော်လင့်ချက် ရောင်ခြည်လေး မြင်လိုက်ရသည့်အတွက် သူမအနေဖြင့် ဘာကို စိုးရိမ်နေရန် လိုဦးမည်နည်း....
လီဟွာရီနှင့် လုချောင်တို့မှာလည်း စိတ်ဂနာမငြိမ်နေရာမှ တဖြည်းဖြည်း တည်ငြိမ်သွားကြသည်။ သူတို့နှစ်ဦးစလုံးမှာ ခေါင်းကိုမော့ကာ ချင်ဟွမ်၏ ပိန်ပါးသော ပုံရိပ်ကို လှမ်းကြည့်လိုက်ကြသည်။ သူတို့စိတ်ထဲတွင်လည်း “ချင်ဟွမ်... အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်တော့တယ်...” ဟု ရေရွတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် စိမ်းပြာရောင်ကြာပန်း စင်မြင့်ပေါ်၌.....
ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့၏မျက်လုံးထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များကို မြင်တွေ့နေရသည်။ သူတို့၏ ဉာဏ်ပညာဖြင့် ဤသိုင်းစစ်တုရင်၏ အားသာချက်နှင့် အားနည်းချက်များကို ကောင်းကောင်း နားလည်ကြသည်။
ချင်နန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် စကားတစ်လုံးမှ မပြောတော့ဘဲ ထိုင်ခင်းပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကာ သူ၏အာရုံအားလုံးကို အလင်းအ၀ိုင်းပြားအတွင်းသို့ နှစ်မြှုပ်လိုက်သည်။
သိပ်သည်းလှသော နတ်ဘုရားအလင်းတန်းများမှာ သူ၏ စိတ်ထဲတွင် အဆပေါင်းများစွာ ကြီးမားလာသည်။ ထိုအလင်းတန်း အများအပြားမှာ ကြယ်တာရာများကဲ့သို့ ကြီးမားလှပြီး သူတို့၏ အော်ရာများမှာလည်း ခမ်းနားထည်ဝါသည်။
ထိုအလင်းတန်းများအောက်တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ အားအနည်းဆုံးသော အလင်းတန်းသည်ပင်လျှင် သူထက် အဆပေါင်းများစွာ ကြီးမားနေသဖြင့် သူသည် မော့ကြည့်နေရသည်။
လူတိုင်း မျှော်လင့်ထားသကဲ့သို့ပင် သူ၏ကျင့်ကြံမှုအဆင့်မှာ အလွန် နိမ့်ပါးလွန်းသဖြင့် ဤစွမ်းအင်များ၏ စစ်မှန်သော အနှစ်သာရမှာ သူ၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေသည်။
ချင်နန်၏ ခန္ဓာကိုယ်ထဲရှိ အင်ပါယာခန္ဓာနှင့် အချိန်ဓားတို့မှာလည်း ဤအခြေအနေကို ချက်ချင်း သိရှိသွားကြပြီး ထိုခမ်းနားသော တည်ရှိမှုနှစ်ခုက တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြသည်။ သူတို့အနေဖြင့် ယခုအချိန်တွင် သူ့ကို ကူညီနိုင်စွမ်း မရှိကြပေ။
အကယ်၍ သူတို့က ချင်နန်ကို ဤအလင်းတန်းများ၏ အနှစ်သာရကို ရှင်းပြလျှင်ပင် ချင်နန်အနေဖြင့် နားလည်နိုင်မည်မဟုတ်ပေ။ အကြောင်းမှာ ချင်နန်၏ ကျင့်ကြံမှုအဆင့်နှင့် ကွာဟချက်မှာ ကြီးမားလွန်းနေသောကြောင့်ဖြစ်သည်။
ချင်နန်အနေဖြင့် သူတို့ကို သူ့ဘာသာ အစကနေစပြီး အပြည့်အဝ နားလည်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ သို့မှသာ ၎င်းတို့ကို အပြည့်အဝ အသုံးချနိုင်ပြီး ၎င်းတို့၏ စွမ်းအားများကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
“ငါတို့ အဆင့်တွေကြားက ကွာဟချက်က ဒီလောက်တောင် ကြီးတာလား...”
ချင်နန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ထို့နောက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော ပြင်းပြသည့် စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။
ပို၍ ခက်ခဲလေလေ၊ သူက ပို၍ ရှေ့တိုးချင်လေလေဖြစ်သည်။ ကွာဟချက် မည်မျှပင် ကြီးမားပါစေ၊ သူသည် အနည်းငယ်မျှ နောက်ဆုတ်မည်မဟုတ်ဘဲ အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်သည်။
ချင်နန်၏ စိတ်အာရုံမှာ ချက်ချင်းပင် ပိုးဖလံကောင်ပေါင်းများစွာကဲ့သို့ ပြန့်နှံ့သွားသည်။ အချို့မှာ အားနည်းသော အလင်းတန်းများထံသို့ ပျံသန်းသွားကြပြီး ကျန်ရှိသော အစိတ်အပိုင်းများမှာမူ အတောက်ပဆုံးနှင့် အကြီးမားဆုံးသော အလင်းတန်းများထံသို့ ပျံသန်းသွားကြသည်။
ဝုန်း...
ခမ်းနားထည်ဝါသော အရှိန်အဝါနှင့် စိတ်ကူးမယဉ်နိုင်သော နက်နဲမှုများ၊ အနှစ်သာရများကြောင့် သူ၏ စိတ်အာရုံမှာ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူသည် အရှုံးမပေးခဲ့ပေ။
၎င်းမှာ အဆုံးမရှိသော သဲကန္တာရကြီး၏ အလယ်ဗဟိုတွင် ရောက်နေသကဲ့သို့ပင်ဖြစ်သည်။ သူသည် အဆုံးကို မမြင်နိုင်သော်လည်း ခြေတစ်လှမ်းချင်း ဆက်လက် လှမ်းနေဆဲပင် ဖြစ်သည်။
***