ရွှစ်...
စစ်တုရင်နယ်ရုပ်အသစ်ဆီမှ လောကထဲရှိ အရာအားလုံးကို ပိုင်းဖြတ်နိုင်စွမ်းရှိသည့် နှိုင်းယှဉ်၍မရသော ထက်မြက်သည့် စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့ သုံးထားသည့် နယ်ရုပ်များထက် အားမနည်းပေ။
၎င်းမှာ ဆေဘာလမ်းစဉ်၏ စစ်မှန်သော အနှစ်သာရဖြစ်ပြီး “အနုပညာဓားချက်” ဟု အမည်ရသည်။
“ထင်ထားတဲ့အတိုင်း သူက ပိုမြင့်တဲ့ အဆင့်ရဲ့ အနှစ်သာရကိုနားလည်အောင် လုပ်နိုင်ခဲ့တာပဲ... ဒါပေမဲ့ ဘာဖြစ်လဲ... နယ်ရုပ်တစ်ရုပ်တည်းနဲ့တော့ ပြောင်းလဲဖို့ မလုံလောက်ဘူး...”
ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့က ဤအရာကို အရေးတယူ မရှိလှဘဲ ချင်ဟွမ်၏ အသည်းအသန် ရုန်းကန်မှုအဖြစ်သာ မှတ်ယူကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။
လူသားကမ္ဘာထဲမှ ရေစက်ပေါင်းများစွာမှာ အထက်သို့ ပျံတက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်တုရင်ခုံပေါ်တွင် လွင့်မျောနေသည့် ဓားနှစ်လက်အဖြစ်သို့ စုစည်းသွားသည်။
မြေကမ္ဘာရေဓားချက်.....
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ နယ်ရုပ် နှစ်ဆယ်တောင် မပြည့်သေးဘဲ သိုင်းကွက်နှစ်ခုကို ပုံဖော်နိုင်သည်မှာ မယုံနိုင်စရာဖြစ်သည်။
အပေါ်ယံကြည့်လျှင် သိုင်းစစ်တုရင်၏ စည်းမျဉ်းများမှာ ရိုးရှင်းလှသော်လည်း လက်တွေ့တွင်မူ အလွန် ရှုပ်ထွေးလှသည်။
၎င်းမှာ လူတစ်ဦး၏ သိုင်းပညာပါရမီနှင့် ကျင့်ကြံမှုအဆင့်ကို စမ်းသပ်ရုံသာမက ခြုံငုံသုံးသပ်နိုင်စွမ်းကိုလည်း စမ်းသပ်ခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ပထမဆုံး နယ်ရုပ်မှ စတင်ကာ တစ်ဆယ့်ငါးခုမြောက်အထိ ချလိုက်လျှင် သိုင်းကွက်အသစ်တစ်ခုကို ဖန်တီးနိုင်သည်။ သို့သော်လည်း ဘာမှမလုပ်ပါက နောက်ထပ် သိုင်းကွက်တစ်ခုဖန်တီးရန် အနည်းဆုံး နယ်ရုပ် တစ်ဆယ့်ငါးခု သို့မဟုတ် ထိုထက်မက ထပ်မံ လိုအပ်မည် ဖြစ်သည်။
သို့ရာတွင် ကြိုတင် ပြင်ဆင်မှုများလုပ်ထားပါက ပထမသိုင်းကွက်အတွက် နယ်ရုပ် တစ်ဆယ့်ငါးခု သုံးပြီးသော်လည်း ယခင်နယ်ရုပ်အချို့ကို ပြန်လည်အသုံးချကာ နောက်ထပ် နယ်ရုပ် ဆယ်ခုခန့်ဖြင့် ဒုတိယသိုင်းကွက်ကို ဖန်တီးနိုင်သည်။
ထို့အပြင် နယ်ရုပ် ရာနှင့်ချီ ချပြီးချိန်တွင် အဓိကကျသော နယ်ရုပ်အချို့ကို သုံးပြီး ယခင်နယ်ရုပ်များအားလုံးကို ချိတ်ဆက်ကာ ရန်သူကို အသေအလဲ ထိုးနှက်နိုင်မည့် ပိုမိုအစွမ်းထက်သော သိုင်းကွက်ကိုလည်း ဖန်တီးနိုင်သည်။
ပါရမီရှင်များပီပီ ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့မှာ ကောင်းကောင်းခြုံငုံသုံးသပ်နိုင်စွမ်း ရှိကြသည်။
ပထမ နယ်ရုပ်ကို စချကတည်းက နောက်ဘာချမလဲဆိုတာ အကုန်စီစဉ်ထားပြီးသား ဖြစ်သည်။
သို့သော်လည်း သူတို့၏ အစီအစဉ်အရ ယခင်နယ်ရုပ်များကို ချိတ်ဆက်ရန်အတွက် နောက်ထပ် နယ်ရုပ် ဆယ်ခုခန့် ထပ်ချရန် လိုအပ်နေသေးသည်။ သူတို့က ဒုတိယသိုင်းကွက်ကို အမြန် မထုတ်ချင်၍ မဟုတ်ဘဲ သိုင်းကွက်တစ်ခုကို တည်ဆောက်ရန်မှာ မလွယ်ကူခြင်းကြောင့် ဖြစ်သည်။ သူတို့၏ တွက်ချက်မှုအရ နယ်ရုပ် ဆယ်ခုမှာ အနည်းဆုံး ကန့်သတ်ချက် ဖြစ်သည်။
ဝုန်း... ဝုန်း...
အေးစက်လှသော ဓားနှစ်လက်မှာ တစ်လက်က နတ်ဘုရားနယ်မြေသို့၊ ကျန်တစ်လက်က နတ်ဆိုးနယ်မြေသို့ အသီးသီး ပိုင်းချလိုက်သည်။ တိုက်စစ်ဖြင့် ခုခံလိုက်ခြင်းပင် ဖြစ်သည်။ ထိုဓားနှစ်လက်၏ စွမ်းအားမှာ တုံဟွမ်ချင်နှင့် ရှီထျန်းကျွင်းတို့၏ သိုင်းကွက်များထက် အားနည်းသော်လည်း ခဏတာ တားဆီးထားနိုင်သည်။
မြေကမ္ဘာ၊ ရေနှင့် တောင်တန်း သုံးထပ်ပြန်လည် ပေါ်ပေါက်လာမှုနှင့်အတူ သူတို့နှစ်ဦးမှာ လူသားကမ္ဘာကို အသက်နှစ်ရှိုက်အတွင်း ဖျက်ဆီးရန် မဖြစ်နိုင်တော့ပေ။
တုံဟွမ်ချင်၏ အော်ရာ ထိုးတက်လာပြီး ပြောလိုက်သည်။
“ချင်ဟွမ်... မင်းရဲ့ သိုင်းပညာပါရမီက ငါတို့နှစ်ယောက်စလုံးထက် သာပေမဲ့ မင်းရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတယ်... မင်း နားလည်ထားတဲ့ အဆင့်မြင့် အနှစ်သာရ ပမာဏက နည်းနေသေးတယ်... မင်း အခုလုပ်နေတာတွေက ပျက်စီးမဲ့ ကံကြမ္မာကို အချိန်ဆွဲနေရုံသက်သက်ပဲ...”
“နောက်ဆုံးမှာတော့ ကွာဟချက်ဆိုတာ ကွာဟချက်ပဲ... ဒါကို သိုင်းပညာပါရမီ တစ်ခုတည်းနဲ့တင် မဖြည့်ဆည်းနိုင်ဘူး...”
ရှီထျန်းကျွင်းလည်း ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးစလုံး အချိန်မဖြုန်းဘဲ နယ်ရုပ်များကို တစ်ခုပြီးတစ်ခု လျင်မြန်စွာ ချလိုက်ကြသည်။ နယ်ရုပ်တိုင်းမှာ ယခင်ကဲ့သို့ပင် အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ရာ အော်ရာများထုတ်ဖော်နေသည်။
ချင်နန်၏ မျက်လုံးများမှာ စူးရှနေပြီး တိုက်ခိုက်လိုစိတ်များ ဟုန်းဟုန်းတောက်နေသည်။ သူသည် ထိုသူနှစ်ကောင်၏ စကားကို လုံးဝ ဂရုမစိုက်ဘဲ နယ်ရုပ်များကိုသာ ဆက်တိုက် ချလိုက်သည်။
ထိုနယ်ရုပ်များထဲတွင် အားနည်းသော နယ်ရုပ်များနှင့် အစွမ်းထက်သော နယ်ရုပ်များ ပါဝင်နေသည်။
အခြေခံအားဖြင့် အားနည်းသော နယ်ရုပ် သုံးခုနှင့် အစွမ်းထက်သော နယ်ရုပ် တစ်ခု ပုံစံမျိုးဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့က နောက်ထပ် နယ်ရုပ် ခုနစ်ခုစီ ချလိုက်ကြသည်။ နတ်ဘုရားနယ်မြေနှင့် နတ်ဆိုးနယ်မြေများ၏ အထက်တွင် မမြင်နိုင်သော အော်ရာတစ်ခု စုစည်းလာပြီး ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ပေါ်ပေါက်လာတော့မည့်အလား ရှိနေသည်။
ထိုအခိုက်အတန့်တွင် ချင်နန်က နောက်ထပ် နယ်ရုပ်တစ်ခုကို ထပ်ချလိုက်သည်။
လူသားကမ္ဘာတွင် နောက်ထပ် လှိုင်းလုံးကြီးတစ်ခု ပေါ်လာပြီး ဧရာမ ပုံရိပ်ကြီးနှစ်ခု ထွက်ပေါ်လာသည်။ သူတို့မှာ စစ်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြပြီး တိုက်ခိုက်လိုစိတ်မှာ ကောင်းကင်ထိတိုင်အောင် မြင့်မားလှသည်။
ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့မှာ ထိတ်လန့်သွားကြသည်။ သူတို့၏ ဒုတိယသိုင်းကွက်ကို မထုတ်နိုင်ခင်မှာပင် ရန်သူက စုစုပေါင်း သိုင်းကွက်သုံးခုအထိ ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း ထိုပုံရိပ်ကြီးနှစ်ခု၏ အဆင့်မှာ နိမ့်လွန်းနေသေးသဖြင့် သူတို့ စိတ်အေးသွားကြသည်။ ၎င်းတို့မှာ သူတို့၏ သိုင်းကွက်များကို တစ်ခဏအတွင်း ဖြိုခွဲနိုင်မည် မဟုတ်ပေ။
တစ်ခဏဆိုသည့် အချိန်မှာ သူတို့အတွက် ဒုတိယသိုင်းကွက် ထုတ်ရန် လုံလောက်သည်။ ထိုအချိန်ကျလျှင် အခြေအနေမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားပေလိမ့်မည်။
ပုံရိပ်ကြီးနှစ်ခုက “သတ်” ဟု အော်ဟစ်လိုက်ပြီး နတ်ဘုရားနယ်မြေနှင့် နတ်ဆိုးနယ်မြေများထဲသို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။
အရေးကြီးသော အခိုက်အတန့်တွင် ထိုပုံရိပ်ကြီးနှစ်ခုက မယုံနိုင်စရာ လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်သည်။
သူတို့သည် မြေကမ္ဘာရေဓားကို ကိုင်ဆောင်လိုက်ပြီး ဓားနှင့်အတူ တစ်သားတည်း ဖြစ်သွားကြသည်။ သူတို့သည် ချင်နန်၏ ကိုယ်ပွားများကဲ့သို့ပင် မယုံနိုင်စရာ ဓားချက်တစ်ခုဖြင့် ခုတ်ပိုင်းလိုက်သည်။
“သိုင်းကွက်နှစ်ခုကို တစ်ခုတည်း ပေါင်းစပ်လိုက်တာလား...”
ထိုအခိုက်အတန့်တွင် ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ ချင်ဟွမ် ဤမျှ မယုံနိုင်စရာကောင်းသော အရာမျိုးကို လုပ်နိုင်လိမ့်မည်ဟု သူတို့ လုံး၀မထင်ထားခဲ့ပေ။
“တိုက်စမ်း...”
ချင်နန်၏ စိတ်ဆန္ဒမှာ ပေါက်ကွဲထွက်လာသည်။ သူသည် အနှစ်သာရများကို နားလည်အောင် လုပ်နေချိန်မှာပင် မေးခွန်းတစ်ခုကို စဉ်းစားနေခဲ့သည်။
သူ ဘယ်လို အနိုင်ယူမလဲ...
ကျင့်ကြံမှုအဆင့် ကွာဟချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ....
နယ်ရုပ် နည်းနည်းသုံးပြီး သိုင်းကွက်များများ ထုတ်နိုင်ရုံနဲ့တင် ရှီထျန်းကျွင်းနဲ့ တုံဟွမ်ချင်ကို အနိုင်ယူနိုင်မှာလား....
မဖြစ်နိုင်ဘူး...
အဲဒါက မဖြစ်နိုင်ဘူး...
ထို့ကြောင့် သူ့တွင် သွားရမဲ့ လမ်းတစ်လမ်းသာ ရှိသည်။
သူသည် ကြီးမားသော ဗျူဟာကို ခင်းရုံသာမက ဗျူဟာ၏ အစိတ်အပိုင်းတိုင်းကိုလည်း အဆုံးအစွန်ထိရောက်အောင် လုပ်ဆောင်ပြီး မတွေးဝံ့စရာ စွမ်းအားများကို ထုတ်ဖော်ရမည် ဖြစ်သည်။
သိုင်းကွက်တစ်ခုတည်း၏ စွမ်းအားက မလုံလောက်သောကြောင့် သူ သိုင်းကွက်နှစ်ခုကို တစ်ပြိုင်တည်း ထုတ်ဖော်မည် ဖြစ်သည်။
***