ထိုစကားကို ကြားလိုက်ရချိန်တွင် တုံဟွမ်ချင်၏ မျက်လုံးများက တောက်ပသွားသည်။
ရှီထျန်းကျွင်း၌ ထုတ်မသုံးရသေးသော ဝှက်ဖဲအချို့ ကျန်ရှိနေသေးသည်လော...
“မင်းရဲ့ သိုင်းပညာပါရမီက ကျင့်ကြံမှုအဆင့် ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်တယ်... ဒါပေမဲ့ ကံဆိုးတာက အပြည့်အဝတော့ မဖြည့်ဆည်းပေးနိုင်ဘူး... ဒီနေ့အတွက်တော့ မင်းရဲ့အားနည်းချက်က မင်းရဲ့ နောင်တ ဖြစ်လာလိမ့်မယ်...”
ရှီထျန်းကျွင်းက တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ဆက်ပြောသည်။
“မင်းရဲ့ တာအိုလက်တွဲဖော်ဆီက ထူးကဲအမွေအနှစ်ကို ယူမယ်လို့ ငါပြောခဲ့တာမလို့ ငါ သေချာပေါက် ရအောင် ယူမှာပဲ... မင်း ဘယ်လိုပဲ ခုခံနေပါစေ အဓိပ္ပာယ်မရှိဘူး...”
သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ရှီထျန်းကျွင်း၏ ခန္ဓာကိုယ်အတွင်းရှိ အချိန်နှင့်အာကာသကျမ်းစာမှာ စတင်လည်ပတ်လာသည်။
သူ၏ အော်ရာက လျှို့ဝှက်ဆန်းကြယ်လာပြီး လူအများအား မြူနှင်းထဲရှိ ပန်းပင်များကို ကြည့်နေရသကဲ့သို့ ခံစားလာရစေသည်။
ထိုမျှသာမက သူ့နောက်တွင် ခေါင်းလောင်းကြီးတစ်လုံး ပေါ်ထွက်လာပြီး ကျယ်လောင်သော အသံကြီးနှင့်အတူ ဖိအားများကို ထုတ်လွှတ်လိုက်သည်။
“မင်းက သိုင်းစစ်တုရင်ပွဲမှာ မနိုင်တော့လို့ တိုက်ခိုက်ချင်တာလား... ငါ့ရဲ့ ချင်မိသားစုမှာ ဘယ်သူမှမရှိဘူးလို့ မင်းထင်နေတာလား...”
မိုးထစ်ချုန်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီးတစ်သံ ပေါက်ကွဲထွက်လာသည်။ အင်ပါယာခန္ဓာနှင့် အချိန်ဓားတို့မှာ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တုန်ခါသွားစေသည်။
အချိန်ဓားသည် ချင်နန်ကို သေချာကြည့်လိုက်၏။ သူသည် ချင်နန်၏ ခန္ဓာကိုယ်ထဲတွင် တစ်ချိန်လုံး ကိန်းအောင်းနေခဲ့ပြီး ချင်နန် အခြေအနေအရပ်ရပ်ကို တစ်ဆင့်ချင်းစီ ပြောင်းပြန်လှန်ကာ နောက်ဆုံးတွင် ဤပါရမီရှင်နှစ်ဦးအား အကျပ်အတည်းဖြစ်အောင်ပါ တွန်းပို့နိုင်သည်ကို မြင်ခဲ့ရသည်။ ဤလူကို ယခင်ကထက်စာလျှင် ပို၍ အမြင်ကြည်လင်လာသည်ကို သူ ဝန်ခံရမည်။ သူ့ကို ယခင်ကကဲ့သို့ မကြိုက်တာမျိုး မရှိတော့ပေ။
အတိတ်တုန်းက ချင်နန်ကို ကူညီခဲ့ရသည်မှာ စိတ်မပါခဲ့လက်မပါ ဖြစ်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ မလိုလားခြင်း မရှိသည့်အပြင် စိတ်လှုပ်ရှားမှုကိုပင် ခံစားနေရသည်။
အနည်းဆုံးတော့ ချင်နန်သည် အသုံးမကျသူ မဟုတ်ချေ။
“စီနီယာတို့... အထင်မလွဲပါနဲ့... ကျုပ်သာ ချင်ဟွမ်ကို တိုက်ရိုက်တိုက်ခိုက်မယ်ဆိုရင် သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်တဲ့အပြင် ကျုပ်ပါ ဒီနေရာကနေ အနှင်ထုတ်ခံရမှာပါ... ကျုပ် အဲဒီလောက်ထိ မအပါဘူး...”
ထိုသို့ပြောပြီးနောက် ရှီထျန်းကျွင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဒါပေမဲ့... ကျုပ် ချင်ဟွမ်ကို တိုက်ခိုက်လို့ မရဘူးဆိုပေမဲ့... စစ်တုရင်ခုံကိုတော့ တိုက်ခိုက်လို့ ရတယ် မလား...”
ထိုစကား ကြားသည်နှင့် ချင်နန်၏ ရင်ထဲ မကောင်းသော အတိတ်နိမိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ရှီထျန်းကျွင်း၏ ခေါင်းလောင်းကြီး တစ်ဖန်အသက်၀င်လာပြီး စူးစူးရှရှ မြည်ဟီးသံများ ထွက်ပေါ်လာကာ ချင်နန်အတွက် ရလဒ်ကို ကြေညာနေသကဲ့သို့ ရှိသည်။
“အချိန်နဲ့ အာကာသ သန့်စင်မီးတောက်... လူသားကမ္ဘာကို လောင်မြိုက်စေ...”
ရှီထျန်းကျွင်းက လက်ဟန်သင်္ကေတတစ်ခု ဖန်တီးလိုက်ရာ ခေါင်းလောင်းကြီးမှ အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး လူသားကမ္ဘာအတွင်းသို့ ဝင်ရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် လူသားကမ္ဘာ၏ စစ်တုရင်ခုံတစ်ခုလုံး မီးစွဲလောင်သွားသကဲ့သို့ ဖြစ်သွားသည်။ မရေမတွက်နိုင်သော အချိန်နှင့်အာကာသ သန့်စင်မီးတောက်များ ပြင်းထန်စွာ လောင်မြိုက်လာကြသည်။
“ဒါက...”
ဒိုဂျိုတွင် ရှိနေသော ကောင်းကင်ပြာနယ်မြေသခင်နှင့် တခြားသူများမှာ မျက်လုံးများ မှေးစင်းသွားသည်။ ရုတ်တရက် သူတို့အားလုံး အထီးကျန်တာအိုရှင်၏ စကားကို ပြန်လည်အမှတ်ရသွားကြသည်။
“စစ်တုရင်ရုပ်တွေကို ချပြီးတာနဲ့ မင်းတို့သုံးယောက် စိတ်ကြိုက် တိုက်ခိုက်လို့ရတယ်... ဒါ့ပြင် တခြားနည်းလမ်းတွေကိုလည်း သုံးလို့ရတယ်... ဒါပေမဲ့ အဲဒီနည်းလမ်းတွေက စစ်တုရင်ခုံပေါ်မှာပဲ ကန့်သတ်ထားရမယ်...”
ဤစကားများကို သူတို့ လျစ်လျူရှုထားခဲ့မိကြသည်။ အကြောင်းမှာ စစ်တုရင်ရုပ်များ၏ စွမ်းအားအနှစ်သာရကို အသုံးပြုမှသာ ပြိုင်ဘက်၏ စစ်တုရင်ခုံကို ဖျက်ဆီးနိုင်မည် ဖြစ်သောကြောင့်ဖြစ်သည်။ တခြားသော နည်းလမ်းများမှာ လုံးဝ အသုံးမဝင်ချေ။
ရှီထျန်းကျွင်းကို ဥပမာပေးရလျှင် သူ့တွင် မရေမတွက်နိုင်သော နည်းဗျူဟာများ ရှိသော်လည်း ဤစစ်တုရင်ခုံပေါ်တွင်မူ နယ်ရုပ်များကို တစ်ခုချင်းစီသာ ရိုးရိုးသားသား ချနေခဲ့ရသည်။
သို့သော် လက်ရှိ ရှီထျန်းကျွင်း၏ မီးတောက်များမှာ တခြားနည်းဗျူဟာများနှင့် မတူပေ။
“မကောင်းတော့ဘူး...”
အချိန်ဓားနှင့် အင်ပါယာခန္ဓာတို့သည် ဤမီးတောက်၏ စွမ်းအားကို နားလည်ကြသည်။ သူတို့သည် အော်ရာများကို ထုတ်ဖော်ကာ ဤအချိန်နှင့်အာကာသ သန့်စင်မီးတောက်ကို ဖျက်ဆီးရန် ကြိုးစားလိုက်ကြသော်လည်း ချက်ချင်း အထီးကျန်တာအိုရှင်၏ သတိပေးမှုကို ခံလိုက်ရသည်။
အကယ်၍ သူတို့သာ ထိုမီးတောက်ကို တိုက်ခိုက်မည်ဆိုပါက စစ်တုရင်ခုံကိုပါ ထိခိုက်စေမည်ဖြစ်သည်။
ချင်နန်၏ မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။ သူသည် ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်ကို မည်သို့အနိုင်ယူရမည်ကိုသာ အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် သူသည် ရှီထျန်းကျွင်း၏ အထောက်အထားနှင့် စွမ်းအားကို လုံးဝ မေ့လျော့နေခဲ့သည်။
“အချိန်နဲ့အာကာသ သန့်စင်မီးတောက်...”
ချင်နန်သည် သူ၏ အချိန်နှင့်အာကာသကျမ်းစာကို ချက်ချင်း အစွမ်းကုန် အသက်သွင်းလိုက်သည်။ မီးတောက်များသည် စစ်တုရင်ရုပ်များအပေါ်သို့ ကျရောက်သွားပြီး ထိခိုက်မှုမရှိစေရန် တားဆီးဖို့ ကြိုးစားလိုက်သည်။
“အသုံးမ၀င်ဘူး... မင်းရဲ့ မီးတောက်က အရမ်း အားနည်းလွန်းတယ်...”
ရှီထျန်းကျွင်းက အရာအားလုံးကို အထက်စီးမှနေ၍ ငုံ့ကြည့်နေသည်။
သူပြောသကဲ့သို့ပင် ချင်နန်၏ အချိန်နှင့်အာကာသ သန့်စင်မီးတောက်မှာ ကျယ်ပြောလှသော သမုဒ္ဒရာအလယ်ရှိ အထီးကျန်လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်နေသည်။ သေးငယ်သော လှိုင်းလုံးတစ်ခုကပင် ၎င်းကို မှောက်လှန်ပစ်ရန် လုံလောက်လှသည်။
ချင်နန်သည် သူ့စစ်တုရင်ခုံပေါ်မှ နယ်ရုပ်များ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ပေါ်ထွက်လာခဲ့သောနဂါးများနှင့် စစ်နတ်ဘုရားတို့မှာလည်း စတင်ပြိုကွဲပျက်စီးလာကြသည်။
အချိန်ပြောင်းပြန်လှန်ခြင်း....
အရာအားလုံးက လွန်ခဲ့သော တစ်နာရီခန့်ဆီသို့ ပြန်ရောက်သွားသည်။ လွန်ခဲ့သော တစ်နာရီက လူသားနယ်မြေ စစ်တုရင်ခုံပေါ်တွင် မည်သည့်အရာမှ မရှိခဲ့ပေ။ ချင်နန် အစောပိုင်းက ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားရသည်။ အချိန်နှင့်အာကာသ သန့်စင်မီးတောက်မှာ နတ်ဘုရားနယ်မြေနှင့် နတ်ဆိုးနယ်မြေများဆီသို့ပါ လွှမ်းခြုံကူးစက်သွားသည်။
ရှီထျန်းကျွင်း မျက်မှောင်ကြုတ်သွားသည်။ မကြာမီမှာပင် သူသည် အကြောင်းရင်းကို နားလည်သွားသည်။ နယ်မြေသုံးခု၏ အုတ်မြစ်က တကယ်တော့ စစ်တုရင်ခုံတစ်ခုတည်းသာ ဖြစ်သည်။ အကယ်၍ လူသားနယ်မြေ ထိခိုက်သွားပါက ကျန်နယ်မြေများမှာလည်း ဘေးကင်းနိုင်မည် မဟုတ်ချေ။ သို့သော် သူ၏ မျက်မှောင်ကြုတ်ထားမှုမှာ မကြာခင်မှာပင် ပြေလျော့သွားသည်။
မီးတောက်များက စစ်တုရင်ခုံကို လွှမ်းခြုံသွားသည်။ မကြာမီမှာပင် နယ်ပယ်သုံးခု စစ်တုရင်ခုံမှာ မူလအခြေအနေသို့ ပြန်ရောက်သွားသည်။ စစ်တုရင်ရုပ် တစ်ခုမျှပင် မကျန်ရှိချေ။
ဝုန်း...
တိတ်ဆိတ်နေသော ဒိုဂျိုအတွင်း၌ ဆူညံသံများ ချက်ချင်း ထွက်ပေါ်လာသည်။
ယခုကဲ့သို့ အခြေအနေများ ရုတ်ချည်း ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
“ဒါက အချိန်နဲ့အာကာသ လျှို့ဝှက်ပညာရပ်လား... အချိန်ပြန်လှည့်တာလား...”
“အံ့ဩတာ...ရှီထျန်းကျွင်းက အချိန်နှင့်အာကာသဘုရားကျောင်းရဲ့ ဆက်ခံသူ ဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး...”
“ဟူး... နှမြောစရာပဲ... တကယ်လို့ ဒီအတိုင်းသာ ဆက်သွားရင် ချင်ဟွမ် သေချာပေါက် နိုင်မှာ...”
ဤတစ်ကြိမ်တွင်မူ နတ်အင်ပါယာအထွတ်အထိပ်အဆင့်များစွာမှာ ချင်ဟွမ်အတွက် စိတ်မကောင်း ဖြစ်နေကြသည်။
သူတို့သည် ကောင်းကင်၏ မျက်နှာသာပေးခြင်းခံထားရသော ပါရမီရှင်များကို ကျော်လွန်လိုသော ဆန္ဒများ အမြဲရှိခဲ့ကြသူများ ဖြစ်သည်။ ယခုအခါ ချင်ဟွမ်က ထိုအရာကို လက်တွေ့လုပ်ဆောင်ပြခဲ့သဖြင့် ၎င်းက သူတို့ကို ပဲ့တင်ထပ်စေခဲ့သည်။
***