ယခုတစ်ကြိမ်တွင်မူ ချင်ဟွမ်အပေါ် သနားကရုဏာသက်မိသွားကြသည့် နတ်အင်ပါယာအထွတ်အထိပ်အဆင့်များစွာ ရှိကြသည်။
ပါရမီရှင်များဆိုသည်မှာ သူတို့အမြဲတမ်း ကျော်ဖြတ်လိုသည့် တောင်ကြီးတစ်လုံးဖြစ်သည်။ ယခုအခါ ချင်ဟွမ်က ထိုအရာကို လက်တွေ့လုပ်ဆောင်ပြခဲ့သဖြင့် သူတို့အနေဖြင့် သဘာဝကျကျပင် စာနာစိတ်များ ဝင်နေကြခြင်း ဖြစ်သည်။
“ဟားဟားဟား...”
ကျောက်ဝူရှန်၊ ကျန်းရှန်၊ ကျန်းချူနှင့် တခြားသူများမှာမူ အတိုင်းထက်အလွန် ဝမ်းသာနေကြသည်။
ဤစစ်တုရင်ပွဲမှာ အမှန်တကယ်ပင် ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။ အခြေအနေများက ထပ်ခါတလဲလဲ ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။
သို့သော် ယခုတစ်ကြိမ်တွင်မူ ချင်ဟွမ်အနေဖြင့် အခြေအနေကို ပြောင်းပြန်လှန်ရန်မှာ မဖြစ်နိုင်တော့ပေ။ ယခု အရာအားလုံးမှာ အစကနေ ပြန်စရတော့မည် ဖြစ်သည်။
အကယ်၍ ချင်ဟွမ်က ဤနှစ်မျိုးစပ်၀င်္ကပါနည်းဗျူဟာကိုသာ ဆက်သုံးနေမည်ဆိုပါက သူသည် ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်ကို ကျိန်းသေပေါက် အနိုင်ယူနိုင်လိမ့်မည် မဟုတ်တော့ချေ။
ပါရမီရှင်များအနေဖြင့် ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့သည် ထိုအရာကို တစ်ကြိမ် ကြုံတွေ့ခဲ့ဖူးပြီဖြစ်သည်။
သူတို့က ဒုတိယအကြိမ်မှာ ထပ်ပြီး ရှုံးနိမ့်ပါဦးမည်လော...
နောက်ဆုံးတွင် ချင်ဟွမ်၏ နှစ်မျိုးစပ်၀င်္ကပါနည်းဗျူဟာမှာ အရာအားလုံးကို ဖိနှိပ်နိုင်လောက်သည်အထိ ကြောက်မက်ဖွယ် မကောင်းသေးပေ။
အကယ်၍ ချင်ဟွမ်က တခြားသော နှစ်မျိုးစပ်၀င်္ကပါနည်းဗျူဟာများကို သုံးပြီး ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့ကို အကျပ်ရိုက်အောင် ကြိုးစားလျှင်ပင် ရှီထျန်းကျွင်းက အချိန်နှင့်အာကာသစွမ်းအားကို သုံး၍ ထိုနည်းဗျူဟာကို မူလအခြေအနေသို့ ပြန်ရောက်အောင် လုပ်နိုင်သည်။
ဤအတိုင်းသာ အချိန်အတော်ကြာ ဆက်သွားနေမည်ဆိုပါက ချင်ဟွမ်၏ စစ်တုရင်ရုပ်များနှင့် နည်းဗျူဟာများအားလုံး ကုန်ဆုံးသွားလိမ့်မည်ဖြစ်သည်။
ထိုအချိန်ကျမှ ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့က ချင်ဟွမ်ကို ပြန်လည် ကိုင်တွယ်ရန် သူတို့၏ နှစ်မျိုးစပ်နည်းဗျူဟာကို အသုံးပြုကြလိမ့်မည်။
ဤအခြေအနေကို မြင်သောအခါ အချိန်ဓားနှင့် အင်ပါယာခန္ဓာတို့မှာ မသက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်ပေ။ သူတို့သည် ချင်နန်၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်သွားလိုက်ကြသည်။
ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့က ပူးပေါင်းတိုက်ခိုက်ရုံသာမက ရှီထျန်းကျွင်းသည် အချိန်နှင့်အာကာသစွမ်းအားကိုပါ အသုံးပြုခဲ့သဖြင့် အရာအားလုံးမှာ မတရားသကဲ့သို့ ဖြစ်နေသည်။ သို့သော် လောကတွင် တရားမျှတမှုဆိုသည်မှာ မရှိသလောက်ပင်ဖြစ်သည်။
အရာအတော်များများမှာ ရလဒ်အပေါ်မှာသာ မူတည်နေခြင်း ဖြစ်သည်။
အဆုံးသတ်တွင် ချင်နန်မှာ ရှုံးနိမ့်သွားရတော့မည် ဖြစ်သည်။
“ချင်ဟွမ်... အရာအားလုံးက အစက ပြန်စနေပြီ...”
ရှီထျန်းကျွင်းက ချင်နန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူက လူသားတစ်ဦးကို ငုံ့ကြည့်နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ရှိနေသည်။
“မင်း ရလဒ်ကို ခန့်မှန်းနိုင်ပြီမလား...”
“ထပ်ပြီး ရုန်းကန်မနေနဲ့တော့... စစ်တုရင်ရုပ်တွေကို လွှင့်ပစ်ပြီး အရှုံးပေးလိုက်တော့...”
ချင်နန်က လက်သီးကို တင်းတင်းဆုပ်ထားသည်။ သူ၏ ရင်ဘတ်ထဲတွင် မီးတောက်တစ်ခု ရှိနေသကဲ့သို့ ခံစားနေရသည်။
သူ ရလဒ်ကို အမှန်တကယ်ပင် ခန့်မှန်းမိပါသည်။
သို့သော် သူက ဤအတိုင်း အရှုံးပေးလိုက်ရမည်လော...
မဖြစ်နိုင်ဘူး....
လုံးဝ မဖြစ်နိုင်ဘူး...
လမ်းဆုံးနေလျှင်ပင် သူသည် ထိုလမ်းကို ဆက်လျှောက်မည်သာ ဖြစ်သည်။
ချင်နန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် စစ်တုရင်ရုပ်တစ်ခု ပေါ်လာပြီး ထူးကဲစစ်တုရင်ခုံပေါ်သို့ ချလိုက်သည်။
“အချည်းနှီး ရုန်းကန်နေတာပဲ...”
ရှီထျန်းကျွင်းက ခေါင်းခါလိုက်သည်။
“ဒါဆိုရင်လည်း မင်း အဲဒီ ၃နာရီအတွင်းမှာ နည်းဗျူဟာတွေ ဘယ်လောက် စဉ်းစားထားခဲ့လဲဆိုတာ ငါကြည့်ရသေးတာပေါ့...”
ရှီထျန်းကျွင်းက စစ်တုရင်ရုပ်များကို တစ်ခုပြီးတစ်ခု ချလိုက်သည်။
“နှမြောစရာပဲ...”
တုံဟွမ်ချင်က ချင်နန်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် သူကလည်း စစ်တုရင်ရုပ်များကို ခုံပေါ်သို့ ချလိုက်သည်။
သူ့အမြင်တွင် ချင်နန်မှာ အမှန်တကယ်ပင် ဝမ်းနည်းစရာ၊ သနားစရာ ကောင်းလှသည်။ အစက သူ၏ အလွန်အမင်း ကောင်းမွန်သော သိုင်းပညာပါရမီကို အမှီပြု၍ သူသည် ဤတခြားပါရမီရှင်နှစ်ဦးကို အနိုင်ယူပြီး အမြင့်မြတ်ဆုံးသော ဂုဏ်ကို ရရှိတော့မည် ဖြစ်သည်။
သို့သော် အဆုံးသတ်တွင်မူ ဤရလဒ်သာ ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း ချင်နန် မည်မျှပင် သနားစရာကောင်းနေပါစေ သူကတော့ သနားနေမည် မဟုတ်သလို လက်လျှော့ပေးမည်လည်း မဟုတ်ပေ။ ယင်းအစား သူက ပို၍ပင် ပြင်းပြင်းထန်ထန် ချေမှုန်းမည်ဖြစ်သည်။
စစ်တုရင်ရုပ်များမှာ နတ်ဘုရားနယ်မြေ၊ မိစ္ဆာနယ်မြေနှင့် လူသားနယ်မြေ စစ်တုရင်ခုံများပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်လာသည်။
တစ်ခုပြီးတစ်ခုသော မန္တန်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး စစ်တုရင်ခုံပေါ်တွင် ထိပ်တိုက်တွေ့ကြသည်။
ချင်နန်၏ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ ပထမအကြိမ်နှင့် လုံးဝ ကွဲပြားသည်။
၎င်းမှာ မတူညီသော မန္တန်နှစ်ခု၏ ပေါင်းစပ်မှု၊ မတူညီသော နည်းဗျူဟာတစ်ခု ဖြစ်သည်။ ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့ မည်သို့ပင် ခုခံပါစေ သူတို့ မတားဆီးနိုင်ခဲ့ကြပေ။
သို့သော် ချင်နန်က အောင်ပွဲရရန် လက်တစ်ကမ်းအလိုသို့ ရောက်လာတိုင်း ပြင်းထန်လှသော မီးတောက်များက နယ်မြေသုံးခုလုံးကို ထပ်မံ လွှမ်းခြုံသွားပြန်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
လူတိုင်း၏ အကြည့်များမှာ ဝေဟင်ရှိ လူသုံးဦးအပေါ်တွင်သာ စွဲထင်နေကြသည်။
ချင်နန်၏ သိုင်းပညာပါရမီမှာ ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါ်လွင်နေသည်။
သူ၏ သိုင်းကွက်တစ်ခုစီတိုင်းက အလွန်ပင် အံ့အားသင့်ဖို့ ကောင်းလှသည်။
ဒိုဂျိုရှိ ကျင့်ကြံသူများသည် သူ့သိုင်းကွက်များ၏ အနှစ်သာရကို နားမလည်ကြသော်လည်း အော်ရာများ ပေါင်းစပ်ပုံနှင့် ဖြစ်ပေါ်လာပုံကိုမူ နားလည်နိုင်ကြသည်။
သို့သော် မည်မျှပင် ထူးခြားဆန်းပြားပြီး မယုံကြည်နိုင်စရာ ကောင်းနေပါစေ ချင်နန်ကို ဆီးကြိုနေသည်မှာ တောက်လောင်နေသော မီးတောက်များသာ ဖြစ်သည်။
တဖြည်းဖြည်းနှင့် ဒိုဂျိုတစ်ခုလုံး တိတ်ဆိတ်လာသည်။
ကျောက်ဝူရှန်၊ ကျန်းရှန်၊ ကျန်းချူနှင့် တခြားသူများမှာမူ ချင်နန်က ရယ်စရာကောင်းနေသည်ဟု ခံစားနေရသည်။ ချင်နန်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ရုန်းကန်နေသည်ဟု သူတို့ မြင်ကြသည်။
သို့သော် လူအများစုမှာမူ တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။
ချင်ဟွမ်က ရလဒ်ကို မခန့်မှန်းနိုင်ဘူးလော...
သူ သေချာပေါက် နားလည်နေမှာပါ။
“ချီးပဲ... သူတို့တွေ လွန်နေပြီ...”
ကောင်းကင်ပြာနယ်မြေသခင်က လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး မျက်လုံးများမှာလည်း မီးတောက်မတတ် ဖြစ်နေသည်။
သူက တရားမျှတခြင်း၊ မမျှတခြင်းကို ဂရုမစိုက်ပေ။
ရှီထျန်းကျွင်းနှင့် တုံဟွမ်ချင်တို့၏ လုပ်ရပ်ကို သူ လုံးဝ မနှစ်မြို့ခြင်းသာ ဖြစ်သည်။
အကယ်၍ သူသာ ဤကိစ္စပြီးသည့်နောက် သူတို့ကို သင်ခန်းစာ မပေးနိုင်လျှင် သူ ကစဉ့်ကလျားခန္ဓာပိုင်ရှင် မဖြစ်သင့်ပေ။
လီဟွာရီ၊ လုချောင်နှင့် တခြားသူများလည်း ဒေါသထွက်နေကြသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် ချင်နန်၏ နဖူးပေါ်မှ စီးကျလာသော ချွေးစက်များကို မြင်တွေ့နေရသည်။
ချင်နန်၏ အနည်းငယ် တုန်ယင်နေသော လက်များကို မြင်တွေ့နေရသည်။
ချင်နန်၏ လက်မခံနိုင်သော၊ အလျှော့မပေးသော အကြည့်များကို မြင်တွေ့နေရသည်။
သူတို့၏ နှလုံးသားများက သူ့အတွက် နာကျင်လာကြသည်။
အကယ်၍ သူတို့သာ ထိုစစ်တုရင်ခုံပေါ်တွင် ရပ်နေခဲ့လျှင် ယခုအချိန်တွင် မည်သို့ ခံစားနေရမည်နည်း။
သူတို့လည်း အလျှော့ပေးချင်မည် မဟုတ်သော်ငြား စိတ်ပျက်အားငယ်မှုများက သူတို့ကို တဖြည်းဖြည်း လှိုက်စားလာမည်ဖြစ်သည်။
သူတို့ ရုန်းကန်နေမည် ဖြစ်သော်လည်း အေးစက်လှသော လက်တွေ့ဘဝက သူတို့၏ စိတ်ဓာတ်များကို တဖြည်းဖြည်း တိုက်စားသွားလိမ့်မည်။
ဤခံစားချက်မှာ မည်မျှအထိ ခံစားရ ခက်ခဲလိမ့်မည်နည်း။
“ချင်ဟွမ်... မင်း တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့ပြီ... လက်လွှတ်လိုက်ပါတော့...”
လီဟွာရီ၊ လုချောင်နှင့် တခြားသူများက လေဟာနယ်သို့ လှမ်း၍ အော်ဟစ်လိုက်ကြသည်။
သူတို့သည် “အရှုံးပေးလိုက်ပါ” ဆိုသည့် စကားလုံးကို မသုံးနှုန်းခဲ့ကြပေ။
အကြောင်းမှာ ထိုစကားလုံးက ချင်ဟွမ်အား နာကျင်စေမည်ကို သူတို့ ကြောက်ရွံ့သောကြောင့် ဖြစ်သည်။
ချင်နန်သည် ထိုအသံကို လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။
အချိန်နှင့်အာကာသ မီးတောက်က စစ်တုရင်ခုံကို ထပ်မံလွှမ်းခြုံသွားပြီး အရာအားလုံး အစသို့ ပြန်ရောက်သွားချိန်တွင်တောင် သူက စစ်တုရင်ရုပ်များကို ခေါင်းမာစွာဖြင့် ဆက်လက် ချနေဆဲပင် ဖြစ်သည်။
“ချင်ဟွမ်...”
လီဟွာရီနှင့် လုချောင်တို့ ထပ်မံ ပြောဆိုရန် ကြိုးစားသော်လည်း သူတို့ စကားမဆုံးခင်မှာပင် ကျန်းဟုန်ရှူးက ကြားဖြတ်ပြောလိုက်သည်။
“ဘာမှမပြောကြနဲ့တော့...”
လီဟွာရီနှင့် လုချောင်တို့မှာ အံ့ဩသွားကြသည်။
သူတို့ သူမကို လှည့်ကြည့်လိုက်သောအခါ သူမသည် မျက်နှာသေနှင့် ဖြစ်နေသော်လည်း နှုတ်ခမ်းများ တင်းတင်းစေ့ထားသည်ကို တွေ့လိုက်ရသည်။
ကျန်းဟုန်ရှူးက ချင်နန်၏ ပိန်ပါးသော ပုံရိပ်ကို ကြည့်နေသည်။
သူမသည် ငရဲမီး စမ်းသပ်မှုအတွင်းရှိ မိမိကိုယ်ကိုယ် မြင်တွေ့နေရသကဲ့သို့ ခံစားနေရသည်။
အလားတူစွာပင် သူမသည်လည်း စိတ်ပျက်အားငယ်မှု၊ မတတ်သာမှုနှင့် လက်မခံနိုင်မှုများကို ခံစားခဲ့ရဖူးသည်။
သို့သော် သူမသည် ချင်နန်ကို လက်လျှော့ရန် တိုက်တွန်းမည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းက သူ၏ ဇွဲလုံ့လ ဖြစ်သောကြောင့်ဖြစ်သည်။
နောက်ဆုံးရလဒ်က မည်သို့ပင်ဖြစ်စေ သူမသည် သူ့ကို တားဆီးမည် မဟုတ်ပေ။
***