မြင်ကွင်းသည် ရုတ်ချည်းပင် ပြောင်းလဲသွားခဲ့သည်။
၎င်းမှာ သူ၏ ပထမဦးဆုံးသော သိုင်းပညာပါရမီပြိုင်ပွဲဖြစ်သည်။
သူ ကလန်မှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက် ရှောင်ချင်းရွှဲ့က သူ့အား လျှို့ဝှက်ခြေလှမ်းရှစ်လှမ်း သိုင်းကျမ်းကို ပေးခဲ့ပြီး အကြီးအကဲ ဘိုင်ဟန်နှင့် လောင်းကြေးထပ်ခွင့် ရရှိစေခဲ့သည်။
ဒုတိယအကြိမ် သိုင်းပညာပါရမီပြိုင်ပွဲမှာ စိတ်ဝိညာဉ်ကျောင်းတွင် ဖြစ်ပြီး သူ၏ သိုင်းပညာပါရမီကို စမ်းသပ်ရန် ပါရမီရှင်တပည့်တစ်ဦးနှင့် ယှဉ်ပြိုင်ခဲ့ရသည်။ ထို့နောက် တတိယ၊ စတုတ္ထနှင့် ပဉ္စမအကြိမ်မြောက် သိုင်းပညာပါရမီပြိုင်ပွဲများ... သူသည် ဝေးလံခေါင်သီသော အရပ်ဒေသမှသည် တိုက်ကြီး၏ ဗဟိုချက်မဆီသို့၊ ထိုမှတစ်ဆင့် ကိုးကောင်းကင်အင်မော်တယ်ဘုံ၏ အလယ်ဗဟိုဆီသို့ တဖြည်းဖြည်း တိုးဝင်လာခဲ့ပြီး အရှိန်အဟုန်ဖြင့် ထွန်းလင်းကျော်ကြားလာခဲ့သည်။
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၊ သိုင်းဘုရင်အဆင့်၊ ကိုးကောင်းကင်အဓိပတိအဆင့် သို့မဟုတ် သိုင်းအရှင်အဆင့်မှာပင် ဖြစ်စေ... သူ၏ သိုင်းပညာပါရမီသည် ပြိုင်ဘက်များထက် အမြဲတမ်း ပိုမိုသာလွန်ခဲ့သည်။
သူသည် သိုင်းပညာပါရမီပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့သည်။ ယခု နယ်မြေငါးခုမှ ထိပ်သီးပါရမီရှင်နှစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင်ပင်၊ ရှုံးနိမ့်လုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သော်လည်း သူ၏ သိုင်းပညာပါရမီသည် ထိုသူတို့ထက် ပိုမိုကောင်းမွန်နေဆဲဖြစ်ကြောင်း လူတိုင်း သိကြသည်။
“ မင်းအတွက် သိုင်းပညာပါရမီဆိုတာ ဘာလဲ...”
အဆုံးမရှိသည့် မှောင်မိုက်ခြင်းထဲမှ မည်သည့်နေရာမှန်းမသိသော အေးစက်စက် လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
“မင်း တကယ်ပဲ သိုင်းပညာကို မြတ်နိုးလို့လား... မဟုတ်ပါဘူး... မင်း မမြတ်နိုးပါဘူး...”
“ မင်းရဲ့ သိုင်းပညာအပေါ် မြတ်နိုးတယ်ဆိုတာက မင်းမှာ အောင်ပွဲတွေ တစ်ခုပြီးတစ်ခု ရယူပေးနိုင်တဲ့ ထူးကဲတဲ့ သိုင်းပညာပါရမီ ရှိနေလို့ပဲ...”
“မင်းက သိုင်းပညာပါရမီအပေါ် စွဲလန်းနေတာ မဟုတ်ဘူး... အနိုင်ရတာရဲ့ အရသာကိုပဲ စွဲလန်းနေတာ...”
“ တကယ်လို့ မင်းရဲ့ သိုင်းပညာပါရမီက သာမန်ပဲ ဖြစ်နေမယ်ဆိုရင် ဒါမှမဟုတ် သာမန်လူတစ်ယောက်ထက်တောင် ပိုဆိုးနေမယ်ဆိုရင် မင်း သိုင်းပညာပါရမီကို မြတ်နိုးနေဦးမှာလား...”
စကားလုံးတစ်လုံးချင်းစီသည် ကောင်းကင်ယံထက်မှ ကျဆင်းလာသော မိုးကြိုးလျှပ်စီးများကဲ့သို့ပင်.....
ထို့နောက် မှောင်မိုက်ခြင်းထဲမှ ကြီးမားသော ဒီရေလှိုင်းကြီးတစ်ခု ပေါ်လာပြီး ချင်နန်ကို လုံးဝ ဝါးမြိုသွားတော့သည်။
အတန်ကြာပြီးနောက် စူးစူးဝါးဝါး အော်ဟစ်သံများကြားတွင် ချင်နန် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ မျက်လုံးများမှာ ကြောင်တောင်တောင် ဖြစ်နေသည်။
“မင်း ဘာလို့ ဒီလောက်တောင် အကြာကြီး အိပ်နေရတာလဲ...”
ခပ်ဆတ်ဆတ် တစ်ခုကို ကြားလိုက်ရသဖြင့် ချင်နန် ဘေးတစောင်းလှည့်ကြည့်လိုက်ရာ သူနှင့် မျိုးဆက်တူ ချင်ကလန်၏ တပည့်ဖြစ်သူ ချင်ချန်ခွန်ကို တွေ့လိုက်ရသည်။
ချင်နန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူသည် အခန်းတစ်ခုထဲတွင် ရောက်နေပြီး ဤအခန်းမှာ သူငယ်စဉ်ကတည်းက နေထိုင်ခဲ့သော ချင်ကလန်မှ အခန်း ဖြစ်သည်။
ချင်နန် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ သူသည် အလွန်အရေးကြီးသော အရာများစွာကို မေ့လျော့နေသလို ထူးဆန်းသည့် ခံစားချက်မျိုး စိတ်ထဲတွင် ဖြစ်ပေါ်နေသည်။
“ဟူး... မင်းကလည်း....ဒီလောက်လည်း စိတ်ဓာတ်မကျပါနဲ့ကွာ... မင်းက ဟွှာအဆင့် ၁ သိုင်းဝိညာဉ်ကိုပဲ နိုးထနိုင်ခဲ့ပေမဲ့ နိုင်ငံရေးလမ်းကြောင်းကို သွားလို့ရသေးတာပဲ... အခုဆိုရင် မင်း လျှိုမြစ်နိုင်ငံရဲ့ အရာရှိတစ်ယောက်လုပ်လို့ရတယ်၊ အဆင့်အတန်းလည်း မြင့်ပါတယ်...လျှိုမြစ်နိုင်ငံရဲ့ ဘုရင် ဒေါသထွက်ရင် ရှန်ထျန်အဆင့်ကျွမ်းကျင်သူတွေတောင် ကြောက်ရတယ်လို့ ငါကြားဖူးတယ်...”
ချင်ချန်ခွန်က နှစ်သိမ့်လိုက်သည်။
“ဟွှာအဆင့် ၁ သိုင်းဝိညာဉ်... နိုင်ငံရေး...”
ချင်နန်က ဘာမှနားမလည်သော မျက်နှာထားဖြင့် မေးလိုက်သည်။
“ချန်ခွန်... မင်း ဘာတွေပြောနေတာလဲ... ငါ ဘာလို့ ဘာမှနားမလည်သလို ဖြစ်နေရတာလဲ...
“ဟမ်... မင်း ဘာမှမသိတော့ဘူးလား... စိတ်ဒဏ်ရာက အဲလောက်တောင် ကြီးသွားတာလား...”
ချင်ချန်ခွန်သည် အတန်ကြာအောင် အံ့အားသင့်သွားပြီးမှ သက်ပြင်းချကာ ပြောလိုက်သည်။
“ထားပါတော့... ငါ ပြောပြမယ်... မင်း စိတ်ကိုအေးအေးထား.... သိပ်ပြီး အလေးအနက်မထားနဲ့...”
ချင်ချန်ခွန် တစ်နာရီနီးပါးခန့် အသေးစိတ်ရှင်းပြသည်ကို နားထောင်ပြီးနောက် ချင်နန် အားလုံးကို ပြန်လည်မှတ်မိသွားခဲ့သည်။
သူသည် လင်းရှုမြို့ရှိ ချင်ကလန်၏ သခင်လေး ဖြစ်သည်။ လက်ရှိတွင် သူ၏ အသက်မှာ တစ်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ပြီး မနေ့ကမှ သူ၏ သိုင်းဝိညာဉ် နိုးထခဲ့ခြင်း ဖြစ်သည်။
ကန်းလန်တိုက်ကြီးတွင် လူတိုင်း ကျင့်ကြံနိုင်သည် မဟုတ်ချေ။ လူတိုင်းသည် အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်တွင် သိုင်း၀ိညာဥ် နိုးထသည်။
သိုင်း၀ိညာဥ်အဆင့်ကို ဟွှာ၊ ရှန်၊ ဒီနှင့် ထျန် ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။ ‘ဒီ’ အဆင့်မှာ အမြင့်ဆုံးဖြစ်ပြီး ဟွှာအဆင့်မှာ အနိမ့်ဆုံးဖြစ်ကာ အဆင့်တစ်ခုစီတွင်လည်း အဆင့်ခွဲ ဆယ်ဆင့်စီ ရှိကြသည်။
သိုင်းဝိညာဉ်အဆင့် ပိုမြင့်လေ ပိုမိုမြင့်မားသော ကျင့်စဉ်နှင့် သိုင်းပညာများကို နားလည်နိုင်လေဖြစ်သည်။ ကျင့်ကြံမှုအရှိန်လည်း ပိုမြန်ကာ မြင့်မားသောအောင်မြင်မှုများ ရရှိနိုင်မည် ဖြစ်သည်။
သိုင်းဝိညာဉ်အဆင့် နိမ့်ပါးပါက အောင်မြင်မှုမှာလည်း အကန့်အသတ် ရှိပေလိမ့်မည်။
ယေဘုယျအားဖြင့် ဟွှာအဆင့် ၂ သိုင်းဝိညာဉ်ကို နိုးထနိုင်သူများသည် အခြေခံကျင့်စဉ်အချို့ကို နားလည်နိုင်ပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို ခက်ခက်ခဲခဲ လျှောက်လှမ်းနိုင်သည်။
သို့သော် ဟွှာအဆင့် ၁ သိုင်းဝိညာဉ်မှာမူ သာမန်လူနှင့် မခြားနားချေ။ မည်သည့်ကျင့်စဉ်ကိုမျှ နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။
အတိုချုပ်ပြောရလျှင် ကျင့်ကြံခြင်းလမ်းစဉ်တွင် သူသည် အမှိုက်သက်သက်သာ ဖြစ်ပြီး ကျင့်ကြံရန် အရည်အချင်းပင် မရှိချေ။
ချင်နန် စိတ်ထဲတွင် ခါးသီးမှုကို ခံစားလိုက်ရသည်။ သူသည် ငယ်စဉ်ကတည်းက ကျင့်ကြံသူတစ်ဦး ဖြစ်ရန် အမြဲတမ်း တောင့်တခဲ့သူဖြစ်သည်။ တစ်နေ့တွင် ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီး ကန်းလန်တိုက်ကြီးတွင် အဟန့်အတားမရှိ သွားလာဖို့ အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသည်။
သို့သော်လည်း အဆုံးသတ်မှာမူ ဤသို့ ဖြစ်လာခဲ့သည်။
ချင်နန် ရုတ်တရက် သည်းထန်စွာ ချောင်းနှစ်ကြိမ် ဆက်တိုက် ဆိုးသွားသည်။ ရင်ဘတ်ထဲတွင်လည်း အနည်းငယ် မွန်းကျပ်လာသည်။ ၎င်းမှာ သူ၏ ဒဏ်ရာဟောင်း ဖြစ်သည်။ သူ အသက်တစ်ဆယ်အရွယ်တွင် ကံဆိုးစွာဖြင့် မိုးကြိုး ထိမှန်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ တဖြည်းဖြည်း အားနည်းလာခဲ့သည်။
“ဟျောင့်”(ဟေ့ကောင်)
ချင်ချန်ခွန်က ချင်နန်၏ ကျောကို ပုတ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
“ မနက်ဖြန်လောက်ဆိုရင် ငါတို့ကလန်က တပည့်တွေ မြို့ထဲက သိုင်းနန်းတော်မှာ သွားလေ့လာကြရမှာ... ငါ မင်းကို အဖော်မလုပ်ပေးနိုင်တော့ဘူး...”
“မင်း စိတ်ကိုလျှော့ထား... မနက်ဖြန်ကျရင် မင်း စာပေနန်းတော်ကို သွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်...”
ကန်းလန်တိုက်ကြီးတွင် ကျင့်ကြံခြင်းအပြင် လျှောက်လှမ်းနိုင်သော အခြားလမ်းတစ်ခုမှာ စာပေသင်ကြားခြင်း ဖြစ်သည်။ နောင်တွင် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ကာ လျှိုမြစ်နိုင်ငံ၏ အုပ်ချုပ်ရေးထဲတွင် ပါ၀င်နိုင်သည်။
လျှိုမြစ်နိုင်ငံတွင် အရာရှိတစ်ဦးသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက သူတို့၏ အဆင့်အတန်းမှာ ကြီးမြတ်သော ကျင့်ကြံသူများထက် မနိမ့်ပါးချေ။
ထို့ပြင် နန်းတော်ထဲတွင် ရာထူးတစ်ခုရရှိသွားပါက နိုင်ငံတော်က အမျိုးမျိုးသော ရတနာများဖြင့် ခန္ဓာကိုယ်ကို သန့်စင်ပေးမည်ဖြစ်သဖြင့် အသက်ရှည်ရှည် နေနိုင်မည် ဖြစ်သည်။
“အေးပါ.... ငါ သွားလိုက်မယ်... မင်း လုပ်စရာရှိတာတွေပဲ သွားလုပ်လိုက်... ငါ အဆင်ပြေပါတယ်...”
ချင်နန်က ခေါင်းညိတ်ပြလိုက်သည်။
ချင်ချန်ခွန်သည် သူနှင့် အတန်ကြာ စကားပြောဆိုပြီးနောက် သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ပြဿနာမရှိသည်ကို အတည်ပြုပြီးမှ လှည့်ထွက်သွားတော့သည်။
ချင်နန်သည် သူ၏ ခြံ၀င်းထဲမှ လမ်းလျှောက် ထွက်လာခဲ့သည်။ အဝေးရှိ လေ့ကျင့်ရေးကွင်းထဲတွင် ဆူညံသံများဖြင့် စည်ကားနေသည်။ သူ မနေနိုင်ဘဲ အကြာကြီး ငေးကြည့်မိသွားသည်။
ထို့နောက် သူ၏ လက်ရှိအခြေအနေကို ပြန်တွေးမိကာ သက်ပြင်းချလိုက်မိသည်။
သူ ကျင့်ကြံချင်နေဆဲပင်ဖြစ်သည်။
သို့သော် ဟွှာအဆင့် ၁ သိုင်းဝိညာဉ်ဖြင့် သူ မည်သို့ ကျင့်ကြံနိုင်မည်နည်း.....
ထို့အပြင် ချင်ကလန်တွင် စည်းကမ်းတစ်ခု ရှိသည်။ တပည့်တစ်ဦးသည် အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်သည်နှင့် ကလန်မှ ခွဲထွက်ကာ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမည် ဖြစ်သည်။
ကလန်၏ သခင်လေးတစ်ဦးအနေဖြင့် သူသာ ကလန်တွင် ဆက်နေပြီး ဘာမှ အကျိုးမပြုနိုင်ပါက သူ၏ ဖခင်မှာ မျက်နှာပျက်ရမည်ဖြစ်ပြီး လူပြောစရာဖြစ်ပေလိမ့်မည်။
သူ စာပေနန်းတော်သို့သာ သွားနိုင်သည်။
နောက်တစ်နေ့ နံနက်တွင် ချင်ကလန်မှ လူငယ်တပည့် အများစုမှာ သိုင်းနန်းတော်သို့ ခမ်းနားစွာ ထွက်ခွာသွားကြသည်။
ချင်နန်သည် ပါရမီနိမ့်ပါးသော သို့မဟုတ် နိုင်ငံရေးကို ဝါသနာပါသော အခြားတပည့် နှစ်ဦး၊ သုံးဦးနှင့်အတူ စာပေနန်းတော်သို့ သွားခဲ့သည်။
စာပေနန်းတော်တွင် အတန်းများစွာ ရှိသည်။ မနက်မှ ညအထိ တစ်နေ့လျှင် တစ်ဆယ့်ခြောက်နာရီခန့် စာသင်ကြရသည်။ ပထမဦးစွာ လျှိုမြစ်နိုင်ငံ၏ အခြေခံကျမ်းစာလေးအုပ်နှင့် ဂန္ထဝင်ပညာငါးရပ်ကို သင်ယူရမည်သည်။ ထို့နောက်မှ ပိုမိုမြင့်မားသော အကြောင်းအရာများကို သင်ယူကြရသည်။
ချင်နန်သည် တစ်နေကုန် စာသင်ခဲ့သည်။ သူ၏ အခန်းသို့ ပြန်ရောက်သောအခါ ခေါင်းများပင် မူးနောက်နေပြီ ဖြစ်သည်။
သူ မျက်နှာသစ်လိုက်ပြီး စိတ်ကြည်လင်သွားသောအခါ ဟောင်းနွမ်းစုတ်ပြတ်နေသည့် ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဂရုတစိုက် ထုတ်ယူလိုက်သည်။
၎င်းမှာ သူ အသက်တစ်ဆယ့်ငါးနှစ်ပြည့်စဉ်က ဖခင်ဖြစ်သူ ပေးခဲ့သော လက်ဆောင်ဖြစ်သည်။ ထိုစာအုပ်မှာ မိုးကြိုးဓားသိုင်း ဟုခေါ်သော အဆင့်မြင့် သိုင်းပညာတစ်ခု ဖြစ်သည်။
ဤစာအုပ်ထဲတွင် စာလုံးရေ သိပ် မများလှပေ၊ ထောင်ဂဏန်းခန့်သာ ရှိသည်။ ချင်နန်သည် ထိုစာလုံးများကို အရှေ့အနောက် ပြောင်းပြန်လှန်လို့ရအောင်ပင် အလွတ်ကျက်ထားနိုင်သော်လည်း ထူးဆန်းသည်မှာ စာအုပ်ထဲမှ အဓိပ္ပာယ်များကိုမူ သူ နားမလည်နိုင်ဘဲ ဖြစ်နေရသည်။
ဤသို့ ဆက်ဖတ်နေခြင်းမှာ အပိုပင်ဖြစ်ကြောင်း ချင်နန် သိသော်လည်း အကြောင်းရင်း တစ်ခုခုကြောင့် ပထမစာမျက်နှာကို လှန်ကာ အလွန်ရင်းနှီးနေသော စာသားများကို တစ်လုံးချင်းစီ ပြန်လည်ဖတ်ရှုနေမိသည်။
သူသည် အသက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အတော်လေး သက်သောင့်သက်သာဖြစ်သည်။
***