အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး ငါးလအကြာတွင် ချင်ချန်ခွန်က သူ့ထံ စာတစ်စောင် ပေးပို့လာခဲ့သည်။ ထိုစာထဲတွင် သူသည် ရှန်အဆင့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံအောင်မြင်ခဲ့ပြီး ယခုအခါ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၅ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရေးသားထားသည်။ ထို့ပြင် စိတ်ဝိညာဉ်ကျောင်းသို့ သွားရောက်ကာ တပည့်ရွေးချယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်ဖြစ်ကြောင်းလည်း ပါရှိသည်။
ချင်နန်သည် အားကျသွားသည်။ ထိုနေရာမှာ သူ ငယ်စဉ်ကတည်းက တောင့်တခဲ့ရသော သိုင်းပညာ၏ အထွတ်အမြတ်မြေ စိတ်ဝိညာဉ်ကျောင်း ဖြစ်သည်။ စိတ်ဝိညာဉ်ကျောင်း၏ တပည့်တစ်ဦး ဖြစ်လာရန် အခွင့်အရေး မရှိတော့လျှင်တောင်မှ တစ်ခေါက်တစ်ခါလောက်တော့ သွားရောက်ကြည့်ရှုရန် အခွင့်အရေးရှာမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
အမှတ်မထားမိစွာဖြင့် နှစ်နှစ်တာ အချိန်ကာလ ကုန်လွန်သွားခဲ့သည်။ ကောင်းကင်ဘုံသည် သူ့အတွက် တံခါးတစ်ချပ်ကို ပိတ်လိုက်သော်လည်း တစ်ချိန်တည်းမှာပင် အခြားတံခါးတစ်ချပ်ကို ဖွင့်ပေးခဲ့သည်။ သူသည် သိုင်းပညာလမ်းစဉ်တွင် ပါရမီ မပါသော်လည်း နိုင်ငံရေးလမ်းကြောင်းတွင်မူ အတော်လေး ပါရမီပါသည်။ စာပေနန်းတော်၏ နန်းတော်သခင်က သူ့ကို တန်ဖိုးထားလာခဲ့သည်။ ကလန်ဝင်များအားလုံးကလည်း အလွန်ကျေနပ်အားရကြပြီး သူ၏အပေါ်တွင် မျှော်လင့်ချက်ကြီးမားစွာ ထားရှိကြသည်။
ထိုသို့ဖြင့် သူသည် နေ့ဘက်တွင် စာသင်ကြားပြီး ညဘက်တွင် သိုင်းကျမ်းများကို ဆက်လက်လေ့လာခဲ့သည်။ ၎င်းမှာ သူအလိုရှိသော ဘဝမျိုး မဟုတ်သော်လည်း အဆင်ပြေပြေပင် ဖြတ်သန်းနိုင်ခဲ့သည်။
သို့သော် ကောင်းသောအချိန်များသည် ကြာရှည်မခံခဲ့ချေ။ တစ်ညတွင် စာပေနန်းတော်၏ နန်းတော်သခင်သည် သူနှင့် အရေးတကြီး ဆွေးနွေးစရာရှိသဖြင့် ရောက်လာခဲ့ရာ သူ သိုင်းကျမ်းများအား အာရုံစူးစိုက်စွာ ဖတ်ရှုနေသည်ကို ပက်ပင်းမိသွားခဲ့သည်။
ဤကိစ္စသည် ချက်ချင်းပင် ပွက်လောရိုက်သွားစေခဲ့သည်။ စာပေနန်းတော်ရှိ ပညာတတ်အားလုံးက သူ့အကြောင်းကို တီးတိုးပြောဆိုကာ လက်ညှိုးထိုး အတင်းတုတ်ကြသည်။ ထိုသတင်းကို ချင်ကလန်က ကြားသိသွားသောအခါ ချင်ကလန်ခေါင်းဆောင်နှင့် အခြားသူများအားလုံး စာပေနန်းတော်သို့ ချက်ချင်း အပြေးလာခဲ့ကြသည်။
အကြီးအကဲများက ချင်နန်ကို တစ်လှည့်စီ ပြစ်တင် ဆူပူကြသည်။ ချင်တျန်၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။
“နန်အာ... မင်းရင်ထဲမှာ သိုင်းပညာကို ပိုပြီး လေ့ကျင့်ချင်နေတယ်ဆိုတာကို အဖေသိပါတယ်... ဒါပေမဲ့ မင်း လက်တွေ့ဘဝကို ရင်ဆိုင်ရမယ်... အဖေလည်း အသက်ကြီးနေပြီ... မင်းအပေါ်ပဲ အဖေ့ရဲ့ မျှော်လင့်ချက်တွေအားလုံး ထားထားရတာ”
ချင်နန်သည် ရှက်ရွံ့သွားသည်။ သူသည် သိုင်းကျမ်းကို ထုတ်ယူကာ မီးရှို့ဖျက်ဆီးပစ်လိုက်သည်။
လူတိုင်း ကျေနပ်သွားကြသော်လည်း ချင်နန်၏ ရင်ထဲတွင်မူ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရသည်။
နှစ်ကာလများ တရွေ့ရွေ့ ကုန်လွန်သွားပြီးနောက် ချင်နန်သည် နန်းတော်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သည်။ သူ၏ ရလဒ်များမှာ မဆိုးလှသဖြင့် ခရိုင်မှူး တစ်ဦး ချက်ချင်း ဖြစ်လာခဲ့သည်။ ထို့နောက်တွင်တော့ ချင်နန်၏ အရာရှိဘဝသည် အောင်မြင်တိုးတက်လာခဲ့သည်။ ဆယ့်ငါးနှစ်ပင် မပြည့်မီအချိန်အတွင်းမှာပင် သူသည် ပြည်နယ်မှူး ဖြစ်လာပြီး ပြည်နယ်တစ်ခုလုံးကို အုပ်ချုပ်ရကာ မြင့်မားသော ရာထူးနှင့် အာဏာကို ရရှိလာခဲ့သည်။
နောက်ပိုင်းတွင် သူတို့ ကန်းလန်တိုက်ကြီး၌ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်လာသည်။ ချင်နန်သည် အမြော်အမြင်ရှိစွာဖြင့် အစီအမံအမျိုးမျိုးကို ချမှတ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်အတွင်း ရာသီဥတု သာယာစေပြီး ဆုံးရှုံးမှု မရှိသလောက်ပင် ဖြစ်သွားစေခဲ့သည်။ ဤကိစ္စကြောင့် လျှိုမြစ်နိုင်ငံ၏ ဘုရင်သည် အလွန်ကျေနပ်ပြီး ဆယ့်သုံးယောက်မြောက်မင်းသမီးကို သူနှင့် လက်ဆက်ပေးလိုကြောင်း တိတ်တဆိတ် သတင်းပို့သည်။
ချင်ကလန် အဖွဲ့၀င်များ ကြားသိသည်နှင့် တစ်ပြိုင်နက် ချင်နန်အား တစ်လှည့်စီ နားချကြသည်။ ထို့ပြင် ဘုရင်၏ အမိန့်ကိုပါ မဆန်ကျင်ရဲသဖြင့် သူ ဆယ့်သုံးယောက်မြောက် မင်းသမီးနှင့် လက်ထပ်လိုက်ရသည်။
နှစ်ကာလများ ကုန်လွန်လာသည်နှင့်အမျှ ချင်နန်၏ ရာထူးသည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့သည်။ ဆယ့်သုံးယောက်မြောက် မင်းသမီးကလည်း သူ့အတွက် သားသမီးများ မွေးဖွားပေးခဲ့သည်။ ချင်နန်သည် လျင်မြန်စွာဖြင့် လျှိုမြစ်နိုင်ငံ၏ တောက်ပသော ကြယ်ပွင့်တစ်ပွင့် ဖြစ်လာခဲ့သည်။ နောက်ထပ် ဆယ်နှစ်ပင် မကြာမီအချိန်အတွင်း ချင်နန်သည် ဘုရင်တစ်ဦးတည်း၏ အောက်၊ လူတကာတို့၏ အထက်တွင်ရှိသော ၀န်ကြီးချုပ် ဖြစ်လာနိုင်မည်ဟု လူတိုင်းက ယုံကြည်ထားကြသည်။
သို့သော် ချင်နန် မရယ် မပြုံးသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ကြောင်းကိုမူ မည်သူကမျှ သတိမထားမိခဲ့ကြချေ။
မရေမတွက်နိုင်သော လူများက ချင်နန်ကို အားကျနေကြပြီး ထိုထဲတွင် တစ်ခါတစ်ရံ စာရေး၍ အားကျကြောင်းပင် ဖော်ပြတတ်သော ချင်ချန်ခွန်လည်း ပါဝင်သည်။
အဆင့်အတန်း၊ ဂုဏ်သတင်း၊ အာဏာ၊ ငွေကြေး အစရှိသည်တို့ အားလုံးကို ချင်နန် ပိုင်ဆိုင်ထားသည်။ လူတိုင်း၏ အမြင်တွင် ချင်နန်သည် မလွဲမသွေ ပျော်ရွှင်နေသည်။
သို့သော် ချင်တျန် မသိခဲ့ချေ။
ဆယ့်သုံးယောက်မြောက် မင်းသမီးလည်း မသိခဲ့ချေ။
သူ၏ သားသမီးများပင်လျှင် မသိခဲ့ကြချေ။
သန်းခေါင်ယံအချိန် ရောက်လာတိုင်း ချင်နန်သည် ညကောင်းကင်ကြီးကို မော့ကြည့်ရင်း ရင်ထဲတွင် ဟာလာဟင်းလင်း ခံစားချက်ကိုသာ ခံစားနေရသည်။
လက်ရှိ သူနှင့် အသက်ရှိသော အလောင်းကောင်များအကြား ဘာကွာခြားချက် ရှိသနည်း....
မကြာမီမှာပင် ချင်နန်၏ အသက်ငါးဆယ်ပြည့် မွေးနေ့ ရောက်ရှိလာခဲ့သည်။ သူ၏ မွေးနေ့ကို ကျင်းပရန်အတွက် ဘုရင်ကိုယ်တိုင် ထုံးတမ်းရိုးရာအမတ်ချုပ်ကြီးကို ညစာစားပွဲ စီစဉ်ရန် အမိန့်ပေးခဲ့သည်။ ထိုနေ့တွင် ကျွမ်းကျင်သူများစွာ အပါအဝင် မရေမတွက်နိုင်သော အရာရှိများနှင့် သူကောင်းမျိုးနွယ်များအားလုံး ချင်နန်၏ စံအိမ်တော်သို့ အပြေးအလွှား ရောက်ရှိလာကြသည်။
သို့သော် ဧည့်သည်များအားလုံး ရောက်ရှိလာချိန်တွင် တစ်စုံတစ်ယောက်က ချင်နန်၏ အခန်းတံခါးကို ဖွင့်လိုက်ရာ အခန်းထဲတွင် စာတစ်စောင်သာ ကျန်ရစ်နေသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ ချင်နန် ချန်ထားရစ်ခဲ့သော နှုတ်ဆက်စာတစ်စောင် ဖြစ်သည်။
ထိုစာထဲတွင် သူက ဤသို့ ရေးသားထားသည်။
“ အဖေ... ကျနော့်ရဲ့ ရင်ထဲက ဆန္ဒက အမြဲတမ်း သိုင်းပညာပါပဲ... ကောင်းကင်က ကျနော့်ကို အခွင့်အရေး မပေးခဲ့ပေမဲ့ ကျနော်ကတော့ သိုင်းပညာကို မြတ်နိုးနေဆဲပါပဲ... အဖေက ကျနော့်ကို ပျိုးထောင်ပေးခဲ့ပြီး ချင်ကလန်ကလည်း ကျနော်အပေါ် ကောင်းခဲ့ပါတယ်... ကျနော့်မှာ ကျေးဇူးဆပ်စရာ နည်းလမ်း မရှိခဲ့ပါဘူး... ကြိုးကြိုးစားစား စာသင်ပြီး ချင်ကလန်ကို ကူညီပေးဖို့ပဲ တတ်နိုင်ခဲ့တာပါ... ဒါပေမဲ့ ဒီနေ့ထိဆိုရင်တော့ ကျနော် လုပ်ပေးခဲ့တာတွေ လုံလောက်ပြီလို့ ခံစားရပါတယ်...”
“မင်းသမီးဆယ့်သုံး... ညီမက ဇနီးတာ၀န်ကျေပွန်ပြီး အစ်ကိုအတွက် သားသမီးတွေလည်း မွေးပေးခဲ့ပါတယ်... ဒီတစ်ကြိမ်တော့ ညီမအပေါ် အစ်ကိုတာဝန်မဲ့သွားခဲ့ပြီ....အစ်ကို့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်... တကယ်လို့ အစ်ကိုသာ အစ်ကို့ရင်ထဲကဆန္ဒအတိုင်းမလုပ်ရင် အစ်ကို့ဘဝတစ်သက်တာလုံး နောင်တရနေမှာဖြစ်ပြီး သေရင်တောင် မျက်စိမှိတ်နိုင်မှာ မဟုတ်ဘူး... မိသားစုကိစ္စ အားလုံးကို ညီမဆီမှာပဲ အပ်ခဲ့ပါရစေ... အစ်ကို ငွေတစ်ပြားတစ်ချပ်မှ ယူမသွားပါဘူး... တခြားဘာတစ်ခုမှလည်း မယူသွားပါဘူး...”
ဟွှာအဆင့် ၁ သိုင်း၀ိညာဥ်သာရှိသော လျှိုမြစ်နိုင်ငံ၏ အနာဂတ် အမတ်ချုပ်လောင်းသည် သိုင်းပညာလမ်းစဉ်ကို လိုက်စားရန် ရွေးချယ်လိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
ချက်ချင်းဆိုသလိုပင် ဘုရင်မင်းကြီးမှာ ဒေါသထွက်သွားပြီး အမတ်ချုပ်ကြီးများက သက်ပြင်းချကာ ချင်ကလန်၀င်များမှာမူ ရင်ထဲတွင် ကြီးစွာသော နာကျင်မှုကို ခံစားလိုက်ကြရသည်။
ချင်နန် ရူးသွားပြီဟု လူတိုင်း ယူဆကြသည်။
သူသည် မဖြစ်နိုင်သော ထိုသိုင်းပညာလမ်းစဉ်ကို လိုက်စားရန်အတွက် ဤမျှကောင်းမွန်သော အလုပ်အကိုင်ကို တကယ်ကြီး စွန့်လွှတ်သွားခဲ့သည်။
သို့သော် ချင်နန်သည် အထုပ်အပိုးများကို သယ်ပိုးကာ အဝေးသို့ ထွက်ခွာသွားချိန်တွင် သူ၏ မျက်နှာပေါ်၌ ရိုးသားလှိုက်လှဲသော အပြုံးတစ်ခု ရှိနေသည်ကိုမူ မည်သူကမျှ မသိခဲ့ကြချေ။
သူ၏ ဆံပင်များကတော့ ဖြူစပြုနေပြီ ဖြစ်သည်။
လအနည်းငယ်ခန့် ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာပြီးနောက် ချင်နန်သည် အောက်ပိုင်းနယ်မြေရှိ ကျင့်ကြံသူများနေထိုင်ရာ မြို့တစ်မြို့သို့ ရောက်ရှိလာခဲ့သည်။ သူသည် မကျင့်ကြံနိုင်သဖြင့် ထိုမြို့၏ အောက်ခြေအဆင့်တွင်သာ ရှိနေသည်။ သူသည် မတတ်သာဘဲ ကိုယ့်ဝမ်းကိုယ်ကျောင်းရန်အတွက် စီးပွားရေးအသေးစားလေး တစ်ခုကို ရွေးချယ်လုပ်ကိုင်ခဲ့ရသည်။
ခါးသီးလှသည်။
အရာအားလုံးက ခါးသီးလှသည်။
သာမန်လူတစ်ယောက်အနေဖြင့် ထိုကဲ့သို့သော မြို့မျိုးတွင် သူသည် ဖယ်ကြဉ်ခံရပြီး အနိုင်ကျင့် ဗိုလ်ကျမှုများကို အကြီးအကျယ် ခံခဲ့ရသည်။ သို့သော် သူ၏ ရင်ထဲတွင်မူ ကျေနပ်မှုများ ပြည့်နှက်နေပြီး နေ့စဉ်ရက်ဆက် ကျေနပ်ရောင့်ရဲနေခဲ့သည်။
နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ သူ၏ ဆံပင်များ အားလုံး ဖြူဖွေးသွားခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ကိုင်းညွတ်လာခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် သိုင်းကျမ်း အတော်များများကို ရရှိခဲ့သည်။ သူသည် ထိုကျမ်းစာများအားလုံးကို အလွတ်ရသည်။
သို့သော်လည်း သူသည် ထိုကျမ်းစာများကို နားမလည်နိုင်သေးသကဲ့သို့ ကျင့်ကြံနိုင်ခြင်းလည်း မရှိခဲ့ချေ။
သူသည် သာမန်လူတစ်ယောက် ဖြစ်နေဆဲပင်....
ထိုမျှမကသေးဘဲ မကြာသေးမီက သိုင်းကြမ္မာနန်းဆောင် ဖွင့်လှစ်လိုက်ကြောင်းနှင့် ကံကြမ္မာကို ပြောင်းလဲပေးနိုင်သော ရှားပါး ရှေးဟောင်းရတနာတစ်ခု ရှိကြောင်းကိုပါ သူ ကြားသိခဲ့ရသည်။
သူ ချက်ချင်းပင် ထိုနေရာသို့ သွားခဲ့သည်။
သို့သော် သာမန်လူတစ်ယောက်က ထိုရှားပါး ရှေးဟောင်းရတနာကို မည်သို့ ရယူနိုင်မည်နည်း....
သူသည် ထိုရှားပါး ရှေးဟောင်းရတနာကို မရရှိခဲ့ရုံသာမက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လူတစ်ယောက်၏ သတ်ဖြတ်ခြင်းကိုပင် ခံရလုနီးပါး ဖြစ်ခဲ့သည်။ သို့သော် ထိုသူမှာ သူ အသက်ကြီးနေပြီဖြစ်၍ ပြဿနာ ဆက်မရှာတော့ဘဲ ဓားဖြင့် တစ်ချက်သာ ခုတ် သွားခဲ့သည်။
ပြန်ရောက်ပြီးနောက် ထိုဓားဒဏ်ရာကို ကုသရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ချင်နန်သည် အခြားသော ရောဂါများ ကူးစက်ခံလိုက်ရပြီး အခြေအနေမှာ အတော်လေး ဆိုးရွားနေခဲ့သည်။
သူ့အတွက် အချိန်သိပ်မကျန်တော့ကြောင်း ချင်နန် နားလည်သွားသည်။
ထိုနေ့တွင် ထုံးစံအတိုင်း သူသည် လမ်းမကြီးပေါ်သို့ သွားရောက်ခဲ့သည်။ သို့သော် သူ ဈေးဗန်းခင်းရန် ပြင်ဆင်နေစဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်း... မင်း... အမ်... ချင်... နန် လား...”
ချင်နန် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ရှေ့မှလူမှာ အခြားသူမဟုတ်ဘဲ ချင်ချန်ခွန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သော်လည်း ချင်ချန်ခွန်သည် သက်ကြီးရွယ်အိုဘဝသို့ ချဉ်းကပ်နေပြီဖြစ်သော သူနှင့်မတူဘဲ လူလတ်ပိုင်းအရွယ်တွင်သာ ရှိနေဆဲဖြစ်သည်။
အကယ်၍ သူသာ လျှိုမြစ်နိုင်ငံ၏ ပါရမီရှင်တစ်ဦး ဖြစ်နေဆဲဆိုလျှင် ယခုအချိန်တွင် ချင်ချန်ခွန်လို အရွယ်တင်နေမည်မှာ သေချာသည်။
သူတို့နှစ်ဦးသည် စုတ်ပြတ်နေသော နေအိမ်လေးဆီသို့ ပြန်လာခဲ့ကြပြီး လက်ဖက်ရည်တစ်အိုး ဖျော်လိုက်ကြသည်။ ချင်ချန်ခွန်သည် သူ၏ ငယ်သူငယ်ချင်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ဟူး... မင်းကွာ... ဘာလို့ အဲဒီလောက်တောင် ခေါင်းမာခဲ့ရတာလဲ... ဘာလို့ သိုင်းပညာကိုပဲ အတင်းအဓမ္မ လိုက်စားခဲ့ရတာလဲ...”
ချင်နန် ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ရင်ဘတ်ထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ပြင်းထန်စွာ ချောင်းဆိုးလိုက်မိသည်။
“ဟူး... မင်းကိုယ်မင်း ပြန်ကြည့်စမ်းပါဦး... အခု ဘယ်လိုဘဝမျိုးနဲ့ နေ နေရတာလဲ... သိုင်းပညာက ဘာတွေများ ကောင်းနေလို့ အဲဒီလောက်တောင် ခေါင်းမာနေရတာလဲ”
ချင်ချန်ခွန်က သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ မင်း ဖြတ်သန်းလာခဲ့ရတဲ့ နှစ်တွေလည်း အများကြီးရှိနေပြီပဲ... အခုရော နောင်တရနေပြီလား...”
ချင်နန် ခေါင်းခါလိုက်ပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
“ ငါ နောင်တမရပါဘူး...”
“ဟမ်... နောင်တမရဘူးလား... အချိန်သိပ်မကျန်တော့တဲ့ အနိမ့်ကျဆုံး ဘဝမျိုးနဲ့ နေထိုင်နေရတာတောင် မင်းက နောင်တမရသေးဘူးလား”
ချင်ချန်ခွန် အံ့အားသင့်သွားသည်။
“အင်း... ငါ နည်းနည်းလေးမှ နောင်တမရဘူး”
ချင်နန်သည် ကောင်းကင်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ နှမြောစရာကောင်းတာက နှစ်တွေဒီလောက်ကြာသွားတာတောင် ငါ သိုင်းပညာတစ်ခုကိုမှ မသင်ယူနိုင်ခဲ့တာပဲ...”
“ချန်ခွန်... မင်းက ငါ့ကိုယ်စား သိုင်းပညာတွေကို ဆက်ပြီး သင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်”
စကားပြောနေရင်းဖြင့် ချင်နန်၏ အသက်ရှူသံများ တဖြည်းဖြည်း အားနည်းလာပြီးနောက် အဆုံးတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ချင်ချန်ခွန်သည် သူ့ကို ကြောင်အဖြင့် စိုက်ကြည့်နေမိသည်။ ချင်နန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ယခင်ကအတိုင်း တောက်ပနေဆဲဖြစ်ကြောင်းကို သူ တွေ့လိုက်ရသည်။
***