"ဝုန်း...ဝုန်း..." ကစဉ့်ကလျားကျောက်ပြားက အဆက်မပြတ် တုန်ခါရင်းမှ ဟင်းလင်းပြင်လမ်းကြောင်းကို ဖိနှိပ်ထားနေသည်။
နောက်ဆုံး ပြင်းထန်သော တုန်ခါမှုအပြီးတွင် ကစဉ့်ကလျားကျောက်တစ်ခုလုံးက ပတ်ဝန်းကျင်နှင့် ပေါင်းစည်းသွားသကဲ့သို့ ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ လုံးဝနစ်မြုပ်သွား၏။
ဟင်းလင်းပြင်လမ်းကြောင်းကို အပြည့်အဝ ပိတ်ဆို့ပြီးခဲ့ပြီ။
"အား.... မင်းတို့အားလုံး သေရမယ်" နတ်ဆိုးဝိညာဥ်ဂိုဏ်းချုပ်က ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ သူက မဟာဧကရာဇ် ဝူရှန်ကို ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများဖြင့် တိုက်ခိုက်လိုက်၏။
မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ တခြားမဟာဧကရာဇ်များကလည်း ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့အားလုံးက ရူးသွပ်သွားပုံရကာ သူတို့၏ တိုက်ခိုက်မှုများမှာလည်း ပိုမို ပြင်းထန်လာတော့သည်။
ဟင်းလင်းပြင်လမ်းကြောင်းကို ပိတ်ဆို့လိုက်ခြင်းက သူတို့၏ တပ်သားရင်းမြစ်ကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သည်။ ကောင်းကင်ဧကရာဇ်မြို့တော်ရှိ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်များသာ ကျန်ရှိတော့ပြီး ၎င်းတို့မှာလည်း အနှေးနှင့်အမြန် ပျောက်ကွယ်သွားရပေလိမ့်မည်။
"မင်းတို့ ရှုံးသွားပြီ၊ မင်းတို့ရဲ့ ကျဆုံးမှုက ရှောင်လွှဲမရနိုင်တော့ဘူး" မဟာဧကရာဇ် ဝူရှန်းက အေးစက်စွာ ပြောလိုက်သည်။
"ကျရှုံးတာလား၊ ဟာသပဲ။ ဟင်းလင်းပြင်လမ်းကြောင်းကို ပိတ်ဆို့လိုက်ရင်တောင် ဘာဖြစ်သေးသလဲ။ မင်းတို့လို မဟာဧကရာဇ်တွေကလွဲရင် ဘယ်သူက ငါတို့ကို တားဆီးနိုင်မှာလဲ။ အခုကစပြီး မဟာဧကရာဇ်နယ်ပယ်အောက်က ကျင့်ကြံသူအားလုံးကို ငါတို့သတ်ပစ်မယ်၊ အထူးသဖြင့် ဒီလိုပါရမီရှင်မျိုးတွေပဲ" နတ်ဆိုးဝိညာဉ်ဂိုဏ်းချုပ်၏ အသံက ရေခဲတမျှအေးစက်သည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်တို့လည်း ပြည့်နှက်နေ၏။ သူက စကားပြောရင်း လုမင်ကို အေးစက်စွာ တစ်ချက်လှမ်းကြည့်သည်။
လုမင်၏ နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရပေသည်။
အမှန်ပင်၊ တစ်ဖက်လူများမှာ မဟာဧကရာဇ်ခုနစ်ပါး ရှိနေဆဲ ဖြစ်သည်။ ဒါဟာ တကယ်ကို ကပ်ဘေးတစ်ခုပင်။
တစ်ဖက်လူများက ပုန်းခိုသွားပြီး မဟာဧကရာဇ်နယ်ပယ်အောက်မှ ကျင့်ကြံသူများကို အမဲလိုက်မည်ဆိုလျှင် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ အားလုံး သေဆုံးကြရမည် ဖြစ်သည်။
ယွမ်တောင်၏ မဟာဧကရာဇ်များကလည်း နေ့တိုင်း အတူရှိနေနိုင်မည် မဟုတ်ပေ။ သူတို့ လူစုခွဲသွားပါက သီးခြား တိုက်ခိုက်ခံရမည် ဖြစ်သည်။ ထိုအခါ မဟာဧကရာဇ်များပင် သေဆုံးကြလိမ့်မည်။
မဟာဧကရာဇ်ခုနစ်ပါးက အသက်ကိုရင်းပြီး တိုက်ခိုက်မည်ပါက အန္တရာယ်များလွန်းသည်။
"မင်းမှာ အခွင့်အရေးမရှိဘူး" ဤအချိန်တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော ဟွင်းထျန်း မဟာဧကရာဇ်က ပထမဆုံး စကားစလိုက်သည်။ ထို့နောက်၊ သူ့လက်ဖဝါးကို ဖြန့်လိုက်သောအခါ အလင်းတံခါးတစ်ခုက သူ့လက်ဖဝါးထဲတွင် ပေါ်လာ၏။
ဤအလင်းတံခါးက ပေါ်လာသည်နှင့်တပြိုင်နက် ချက်ချင်း ကြီးမားလာပြီး ပေတစ်သောင်းအမြင့်ရှိသော ဧရာမတံခါးကြီးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အလင်းတံခါးမှ ကြောက်စရာကောင်းသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာတော့သည်။
"အထဲကိုဝင်စမ်း" ဟွင်းထျန်းမဟာဧကရာဇ်က အလင်းတံခါးသို့ စွမ်းအင်များပို့လွှတ်ရင်း အော်ငေါက်လိုက်သည်။ အလင်းတံခါးမှ ပိုအားကောင်းသော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်လာ၏။ ထိုအင်အားက မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် မဟာဧကရာဇ်ခုနစ်ပါးကို လွှမ်းခြုံကာ အလင်းတံခါးအတွင်း ဆွဲသွင်းရန် ကြိုးစားလာတော့သည်။
"ချီးတဲ့မှပဲ၊ ဒါက ကောင်းကင်လောကတံခါးပဲ။ သူတို့က ငါတို့ကို ကောင်းကင်လောကကို ခေါ်သွားချင်နေတာ"
"သွားကြစို့"
မိစ္ဆာနတ်ဘုရားမျိုးနွယ်စု၏ မဟာဧကရာဇ်များက အလန့်တကြား အော်ဟစ်ပြီး အလျင်အမြန် ထွက်သွားရန် ကြိုးစားလိုက်ကြသည်။
"ဒီမှာနေစမ်း" ဤအချိန်တွင် မဟာဧကရာဇ် ဝူရှန်း၊ မဟာဧကရာဇ်ရှန့်၊ ဦးလေးခုန်းနှင့် အခြားသူများကလည်း ၎င်းတို့၏ ပြိုင်ဘက်များကို မလွတ်မြောက်စေရန် အစွမ်းကုန် ထုတ်ဖော်ကြတော့သည်။
လုမင်ကမူ ဦးလေးခုန်း၏ စွမ်းအားဖြင့် ဝန်းရံခံထားရပြီး သူ့နောက်တွင် ရပ်နေရသည်။
ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် သူက လုံးဝ ဝင်ရောက်စွက်ဖက်လို့ မရပေ။
'တောက်စ်၊ ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာက တစ်ဆယ်ရာခိုင်နှုန်းပြည့်ဖို့ လိုသေးတယ်။ အခုချိန်မှာ ငါက လုံးဝ မထိန်းချုပ်နိုင်သေးဘူး' လုမင်က အံကြိတ်လိုက်မိသည်။ ဤအချိန်မျိုးတွင် ကူညီနိုင်ရန် အမှန်တကယ် သူ မျှော်လင့်မိပေသည်။
အလင်းတံခါးက တုန်ခါသွားပြီး စုပ်ယူအားက ပိုပိုပြီး အားကောင်းလာသည်။ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် မဟာဧကရာဇ်ခုနစ်ပါးကို ဆွဲခေါ်ရန် ကြိုးစား၏။ သို့သော်လည်း မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် မဟာဧကရာဇ်များက အစွမ်းကုန် ခုခံခဲ့ကြသဖြင့် လုံးဝ မဝင်ရောက်ကြသေးပေ။
ဤအချိန်တွင် ထျန်းဟော်မဟာဧကရာဇ်သည်လည်း အလင်းတံခါးသို့ ရောက်ရှိလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက အလင်းတံခါးထဲသို့ တိုးဝင်လာ၏။ အလင်းတံခါးမှ စုပ်ယူအားက ပို၍ပင် ပြင်းထန်လာတော့သည်။
သို့သော်လည်း အနည်းငယ် အားနည်းနေဆဲ ဖြစ်သည်။
မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် မဟာဧကရာဇ်ခုနစ်ပါးက ရူးသွပ်စွာ တိုက်ခိုက်နေကြပြီး သူတို့၏ တိုက်ခိုက်မှုများက ကြောက်စရာကောင်းလွန်းပေသည်။
ဦးလေးခုန်းတို့ဘက်တွင် လူလေးယောက်သာ ရှိသည်။ သူတို့က ရန်သူများကို တားဆီးထားရန် အကောင်းဆုံး ကြိုးစားနေကြသော်လည်း အခြေအနေက အန္တရာယ်များနေသေးသည်။
"ဝုန်း" မဟာဧကရာဇ် ဝူရှန်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
သို့သော်လည်း သူက အံကိုတင်းတင်းကြိတ်ထားပြီး နောက်ကိုမဆုတ်ပေ။
တစ်ချိန်တည်းမှာပင် မဟာဧကရာဇ်ရှန့်လည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။
"ထျန်းဟော်၊ စလိုက်ကြရအောင်" ဟွင်းထျန်းမဟာဧကရာဇ်က ထျန်းဟော်မဟာဧကရာဇ်ကို ကြည့်လိုက်သည်။
"ကောင်းပြီ" ထျန်းဟော် မဟာဧကရာဇ်က ခေါင်းညိတ်လိုက်၏။
"ဝုန်း... ဝုန်း..." ရုတ်တရက်၊ ထျန်းဟော်မဟာဧကရာဇ်နှင့် ဟွင်းထျန်းမဟာဧကရာဇ်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်များက မီးလူသားများကဲ့သို့ လောင်ကျွမ်းနေပုံရပေသည်။
လောကတံခါး၏ ဆွဲငင်မှုအင်အားကလည်း ရုတ်တရက် အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။
မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် မဟာဧကရာဇ်ခုနစ်ဦးက ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် ဆွဲဆောင်ခံရပြီး လောကတံခါးဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားကြသည်။
လောကတံခါးက ကောင်းကင်ကမ္ဘာသို့ ဦးတည်သည်။ တစ်စုံတစ်ယောက်က ထိုအထဲသို့ ဆွဲဆောင်ခံရပါက ကောင်းကင်လောကကို တိုက်ရိုက်ရောက်ရှိသွားလိမ့်မည်။ မှန်ကန်သော ဟင်းလင်းပြင်လမ်းကြောင်းကို ရှာမတွေ့ပါက ၎င်းတို့ ပြန်လာနိုင်မည် မဟုတ်တော့ပါ။
ဤနည်းအားဖြင့် ယွမ်တောင်၏ အကျပ်အတည်းကို ဖြေရှင်းနိုင်မည် ဖြစ်သည်။
"မင်းတို့ ရူးနေကြပြီလား။ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းပစ်ရဲတယ်" နတ်ဆိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က အော်ဟစ်ပြီး ရှေ့သို့ တဟုန်ထိုးပြေးသွားသည်။
အခြား မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ မဟာဧကရာဇ်များကလည်း အစွမ်းကုန် ပေါက်ကွဲထွက်လာကြ၏။ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုအမျိုးမျိုးက ဦးလေးခုန်းနှင့် အခြားသူများထံသို့ ကျရောက်လာတော့သည်။
လောကတံခါး၏ စွမ်းအားက ဦးလေးခုန်းနှင့် တခြားသူများအပေါ်မှာတော့ သက်ရောက်မှုမရှိပေ။
"ဝင်သွားစမ်း" ဦးလေးခုန်းနှင့် အခြားသူများက ၎င်းတို့ကို ထွက်မပြေးစေရန် အပြင်းအထန် ပိတ်ဆို့ထားကြသည်။
လေးယောက်နှင့် ခုနစ်ယောက်ကို ရင်ဆိုင်ရသောအခါ သူတို့က လုံးဝ အားနည်းချက်ရှိသည်။ ယခုအချိန်တွင် ဦးလေးခုန်းသည်ပင် ဒဏ်ရာရရှိနေခဲ့ပြီ။
သို့သော်လည်း သူတို့၏ ဒဏ်ရာများကို ဂရုမစိုက်ဘဲ အခိုင်အမာ ရပ်တည်နေကြဆဲ ဖြစ်သည်။
"အထဲကိုဝင်စမ်း" ဟွင်းထျန်းမဟာဧကရာဇ်နှင့် ထျန်းဟော်မဟာဧကရာဇ်တို့က အော်ဟစ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ကြည်လင်လာပြီး လောကတံခါးနှင့် ပေါင်းစည်းတော့မည်ကဲ့သို့ပင်။ လောကတံခါး၏ ဆွဲငင်မှု အင်အားကလည်း အလွန်တရာ အားကောင်းလာခဲ့သည်။
"မဟုတ်ဘူး၊ ငါ လက်မခံနိုင်ဘူး..." နောက်ဆုံးတွင် မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ မဟာဧကရာဇ်တစ်ပါးက မခုခံနိုင်တော့ဘဲ လောကတံခါးထဲသို့ ဆွဲခေါ်ခံရပြီး ပျောက်ကွယ်သွားခဲ့သည်။
အခြားသော မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ မဟာဧကရာဇ်များလည်း တုန်လှုပ်သွားကြသည်။ သူတို့က အော်ဟစ်ပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်ကြ၏။
သို့သော်လည်း ဟွင်းထျန်းမဟာဧကရာဇ်နှင့် ထျန်းဟော် မဟာဧကရာဇ်တို့က လောကတံခါးနှင့် ပေါင်းစည်းတော့မည်။ လောကတံခါး၏ စွမ်းအားက ပိုမိုအားကောင်းလာသဖြင့် မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် မဟာဧကရာဇ်များကို ပြင်းထန်စွာ ထိခိုက်စေသည်။
"မဟာဧကရာဇ်တို့..." လုမင်၏ နှလုံးသားက တုန်ခါသွားသည်။ သူ့ရင်ထဲမှာလည်း မကောင်းတော့ပေ။
ဟွင်းထျန်းမဟာဧကရာဇ်နှင့် ထျန်းဟော်မဟာဧကရာဇ်တို့က အသက်နှင့်လဲပြီး တိုက်ခိုက်နေကြကြောင်း ထင်ရှားသည်။ သူတို့က သူတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဂရုမစိုက်ကြဘဲ ယွမ်တောင်အတွက် တစ်ဖက်လူများကို ကောင်းကင်ကမ္ဘာသို့ တွန်းပို့လိုကြသည်။
ကောင်းကင်ကမ္ဘာ၏ နယ်မြေအများစုကို မိစ္ဆာနတ်ဘုရားမျိုးနွယ်စုက သိမ်းပိုက်ထားခဲ့ပြီး ဖြစ်သည်။ ထိုနေရာများတွင် မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်ကျွမ်းကျင်သူများ ရှိ၏။ ထို့ကြောင့် မဟာဧကရာဇ်အနည်းငယ် ထပ်မံရောက်ရှိသွားခြင်းက ထူးခြားမှုရှိမည် မဟုတ်ပေ။
"ဝင်သွားကြစမ်း" မဟာဧကရာဇ် ဝူရှန်း၊ ဦးလေးခုန်းနှင့် အခြားသူများက ရန်သူများကို လောကတံခါးထဲသို့ အတင်းအကြပ် တွန်းပို့ရန် အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသည်။
"ဝှစ်..." နောက်ဆုံးတွင် နောက်ထပ်လူတစ်ဦးကို လောကတံခါးအတွင်းသို့ တွန်းပို့နိုင်ခဲ့သည်။
လူတစ်ယောက်ကို ဆွဲခေါ်သွားတိုင်း ဦးလေးခုန်းနှင့် တခြားသူများအပေါ် ဖိအားများက လျော့သွားသွားသည်။ တစ်ဖက်လူများ၏ ခုခံနိုင်စွမ်းလည်း သိသိသာသာ လျော့သွားလိမ့်မည်။
တစ်ဖက်လူများက မည်မျှပင် ဆန့်ကျင်နေပါစေ၊ အခြေအနေကို ပြောင်းလဲနိုင်တော့မည် မဟုတ်ပေ။ တစ်ယောက်ပြီးတစ်ယောက် လောကတံခါးအတွင်းသို့ ဆွဲခေါ်ခံရပြီး ပျောက်ကွယ်သွားကြသည်။
ခဏအကြာတွင် မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ မဟာဧကရာဇ်များအားလုံးကို လောကတံခါးထဲသို့ ဆွဲခေါ်သွားနိုင်ခဲ့၏။
ဤအချိန်တွင် ထျန်းဟော် မဟာဧကရာဇ်နှင့် ဟွင်းထျန်းမဟာဧကရာဇ်တို့၏ ပုံရိပ်များက ဖောက်ထွင်းမြင်ရလုနီး ဖြစ်နေကြချေပြီ။
"လူတိုင်းပဲ၊ ယွမ်တောင်ရဲ့အနာဂတ်ကို ခင်ဗျားတို့ဆီမှာ အပ်ခဲ့ပါရစေ" ထျန်းဟော်မဟာဧကရာဇ်က လက်ယှက်ပြလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက်လည်း ဂရုစိုက်ကြပါ" မဟာဧကရာဇ်ရှန့်၊ ဦးလေးခုန်းနှင့် အခြားသူများလည်း ဝမ်းနည်းခြင်း၊ အကူအညီမဲ့ခြင်း အရိပ်အယောင်များဖြင့် လက်ယှက်ပြလိုက်ကြလေသည်။
လုမင်က ရှေ့သို့တိုးလာပြီး လက်ယှက်ပြကာ မဟာဧကရာဇ်နှစ်ပါးကို ဦးညွှတ်လိုက်သည်။
ဤအချိန်တွင် သူက မဟာဧကရာဇ်နှစ်ပါးကို အလွန်လေးစားမှုရှိနေပြီ။
"လုမင်၊ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် အနာဂတ်မှာ ငါတို့လို လူအိုကြီးတွေကို ကျော်လွန်သွားဖို့ ပြဿနာမရှိဘူး။ မင်းရဲ့ တိုးတက်မှုကို ငါ မျှော်လင့်နေမယ်" ထျန်းဟော်မဟာဧကရာဇ်က အပြုံးဖြင့် ပြောလိုက်သည်။
ဟွင်းထျန်းမဟာဧကရာဇ်ကမူ ခေါင်းကိုသာညိတ်ပြီး ဘာမှ မပြောပေ။
"ဝှစ်..." ဤအချိန်တွင် လောကတံခါးက လင်းလက်သွားပြီး ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထျန်းဟောမဟာဧကရာဇ်နှင့် ဟွင်းထျန်းမဟာဧကရာဇ်တို့လည်း ပျောက်ကွယ်သွားကြ၏။
လုမင်၏ နှလုံးသားက တုန်ခါသွားသည်။ မဟာဧကရာဇ်ကြီးနှစ်ပါးက ဤကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီ။ သူတို့ သေဆုံးသွားခြင်း ဖြစ်နိုင်မလား။
ထို့ပြင်၊ ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မဟာဧကရာဇ်များက ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ဟင်းလင်းပြင်လမ်းကြောင်းကို ကစဉ့်ကလျားကျောက်ဖြင့် လုမင်အား ဦးစွာပိတ်စေသည်။ ထို့နောက်တွင်မှ မဟာဧကရာဇ်ကြီးများသည် ရန်သူမဟာဧကရာဇ်များကို ကောင်းကင်လောကသို့ ပြန်လည်တွန်းထုတ်ကြလိမ့်မည်။