"တောက်စ်၊ သေသင့်တဲ့ မိစ္ဆာနတ်ဘုရားမျိုးနွယ်" ဟွမ်လီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက လက်သီးကို တင်းတင်းဆုပ်ထားပြီး သွေးကြောများပင်ထောင်ထလာ၏။
ဟွမ်လင်၊ လုံချန်၊ လော့ထျန်းယီ၊ လော့ရှန်း၊ အိုးရန်ဝူရွှမ့်နှင့် အခြားသူများမှာလည်း အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ကို ထုတ်လွှတ်လာတော့သည်။
ဤသည်မှာ မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားသည်။
မိစ္ဆာနတ်ဘုရားမျိုးနွယ် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သွေးများက မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေပြီး ဘာမှမကျန်ရစ်ခဲ့ပါ။
"မိစ္ဆာနတ်ဘုရားမျိုးနွယ်စုက လူတွေကို ဒီလောက်အများကြီးသတ်ခဲ့ရတဲ့ အကြောင်းရင်းက ငါတို့ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ အရှိန်အဝါတွေကို ဖုံးကွယ်ဖို့ပဲ" ဝေ့ရှန်းက အံကိုတင်းတင်းကြိတ်လိုက်သည်။
ဤစကားများက လုမင်နှင့် ကျန်သူများ၏ သတ်ဖြတ်လိုစိတ်ကို ပိုမိုခိုင်မာစေခဲ့ပေသည်။
မိစ္ဆာနတ်ဘုရားမျိုးနွယ်စုက သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ရန်နှင့် လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်စေရန်အတွက် သွေးညှီနံ့များ လှိုင်နေစေရန် လူအများကြီးကို သတ်ဖြတ်ခဲ့ကြသည်။ သူတို့၏ နည်းလမ်းများက ရက်စက်လွန်းသဖြင့် လူများကို ကြက်သီးတဖြန်းဖြန်းထစေခဲ့ပေသည်။
"မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို သတ်... ဒီမိစ္ဆာကောင်တွေအားလုံးကို သတ်ကြရမယ်" ဟွမ်လီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
မိစ္ဆာနတ်ဘုရားမျိုးနွယ်နှင့် သူတို့ကြားတွင် ပြန်လည်သင့်မြတ်ရန် နေရာမရှိပါ။ နှစ်ဖက် တွေ့ဆုံသည်နှင့် အသေအရှင် သတ်ဖြတ်ရန်သာ ရှိခဲ့သည်။
"ဝေ့ရှန်း၊ မင်း ဆက်ပြီး ခြေရာခံနိုင်မလား" လုမင်က အသက်ပြင်းပြင်းရှူကာ သူ့စိတ်ကို ထိန်းချုပ်ပြီး မေးလိုက်သည်။
"ဒီမိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်တွေက တော်တော်ပါးတယ်။ သူတို့က မြို့တစ်မြို့လုံးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး သွေးတွေအများကြီး စုဆောင်းခဲ့ကြတယ်။ နောက်ပြီးတော့ သူတို့က လမ်းနည်းနည်းခွဲပြီး ကျုပ်တို့ကိုလှည့်စားဖို့ သွေးတွေကိုလည်း လမ်းတစ်လျှောက် ဖြန့်ကြဲခဲ့ကြသေးတယ်။ ဒါပေမဲ့ သူတို့က ကျုပ်ကို လျှော့တွက်ခဲ့ကြတာပဲ"
"အချိန်အနည်းငယ်ပေးသရွေ့ ကျုပ်က မှန်ကန်တဲ့လမ်းကြောင်းကို ရှာတွေ့နိုင်တယ်" ဝေ့ရှန်းက ပြောလိုက်သည်။
"ကောင်းပြီ၊ စလိုက်ကြရအောင်" လုမင်က ခေါင်းညိတ်လိုက်၏။ သူတို့လူစုက မြို့တွင်းပတ်ပတ်လည်တွင် အတန်ကြာအောင် လှည့်ပတ်နေခဲ့သည်။ ဝေ့ရှန်းက ဂရုတစိုက် အာရုံခံနေပြီး ခဏအကြာတွင် ဘယ်ဘက်သို့ လက်ညှိုးထိုးကာ ဦးဆောင်လမ်းပြလိုက်သည်။ ကျန်သူများလည်း လိုက်သွားကြ၏။
ဤတစ်ကြိမ်တွင်၊ နောက်ထပ် နေ့တစ်ဝက်ကြာ ပျံသန်းလာပြီးနောက် လျှို့ဝှက်ချိုင့်ဝှမ်းတစ်ခု၏ ဝင်ပေါက်ကို ရောက်လာကြသည်။
ဤနေရာတွင် တောင်များ အများကြီးရှိပြီး တစ်ချက်ကြည့်လိုက်ပါက အဆုံးမရှိသလိုပင်။ သူတို့တွင် အစွမ်းထက်သော ထောက်လှမ်းရေးနည်းလမ်း မရှိပါက ဤနေရာကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
"မိစ္ဆာနတ်ဘုရားမျိုးနွယ်စုက ဒီချိုင့်ဝှမ်းထဲမှာ ရှိတယ်" ဝေ့ရှန်းက ပြောလိုက်သည်။
"ကောင်းပြီ၊ ဝေ့ရှန်း... မင်းနဲ့ လူအချို့က ချိုင့်ဝှမ်းဝင်ပေါက်ကို စောင့်ကြပ်နေကြပါ" လုမင်က ဝေ့ရှန်းနှင့် ကျင့်ကြံမှုခြေခံ အားနည်းသော ဟွမ်မျိုးနွယ်ဝင်အချို့ကို ကြည့်လိုက်သည်။
"ကျုပ်လည်း တိုက်ပွဲအတွင်းကို ပါဝင်လို့ရမလား။ မဟာမိတ်ခေါင်းဆောင်က ကျုပ်ရဲ့ စံပြပုဂ္ဂိုလ်ပါ" ဝေ့ရှန်းက ပြောသည်။
လွန်ခဲ့သည့် နှစ်လက သူသည် လုမင်တို့အဖွဲ့ကို ရှာတွေ့ခဲ့သည်။ သူက လုမင်ကိုမြင်သည်နှင့် လုမင်ဟာ သူ၏စံပြပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုခဲ့လေသည်။
ဤအကြောင်းကြောင့်ပင် သူက နဂါးမဟာမိတ်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် လုမင်က ဆွံ့အပြီး ဘာပြောရမည်မှန်း မသိခဲ့ပေ။ သို့သော်လည်း ဤကာလအတွင်းမှာ ဝေ့ရှန်းက အဖွဲ့ထဲ အသားကျလာပြီး အားလုံး၏ အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
သို့သော်လည်း ဝေ့ရှန်း၏ ကျင့်ကြံမှုအဆင့်က အနည်းငယ် နိမ့်ကျနေသေးသည်။ သူသည် မကြာသေးမီကမှ မဟာသူတော်စင်နယ်ပယ်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ လုမင်က သူ့ကို အန္တရာယ်မဖြစ်စေချင်ပေ။
"ချိုင့်ဝှမ်းဝင်ပေါက်က မင်းရဲ့တာဝန်ကလည်း အရမ်းအရေးကြီးပါတယ်။ ပိုက်ကွန်ထဲက ငါးတစ်ကောင်ကောင် လွတ်ထွက်လာရင်ရင် မင်းက သုတ်သင်ပစ်ရမယ်" လုမင်က ပြောလိုက်သည်။
ဝေ့ရှန်းလည်း ဘာမျှမတတ်နိုင်တော့ပေ။ သူ၏ ကျင့်ကြံမှုအဆင့်က အားနည်းသည်။ သူလိုက်သွားလျှင် လုမင်နှင့် တခြားသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်မှန်း သူသိသည်။ ထို့ကြောင့် ခေါင်းညိတ်ပြီး နေရစ်ခဲ့လေသည်။
လုမင်၊ ဟွမ်လီ၊ ဟွမ်လင်၊ လုံချန်၊ လော့ရှန်း၊ အိုးယန်ဝူရွှမ့်၊ လော့ထျန်းယီနှင့် ပေါင်ပေါင်တို့လည်း သူတို့၏ အရှိန်အဝါများကို ရုတ်သိမ်းကာ ချိုင့်ဝှမ်းဆီသို့ လျှောက်သွားကြသည်။
ချိုင့်ဝှမ်းထဲတွင် အနည်းဆုံး မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် ဆယ်ဂဏန်းခန့် စုဝေးနေသည်။ တချို့က ပြန်လည်ကောင်းမွန်လာနေပြီး တချို့ကတော့ လေ့ကျင့်နေ၏။
"ရန်သူတိုက်ခိုက်တယ်" မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်များက အလွန်သတိကြီးသည်။ လုမင်နှင့် အခြားသူများက ချိုင့်ဝှမ်းထဲကို ဝင်လိုက်သည်နှင့် မိစ္ဆာနတ်ဘုရားမျိုးနွယ်က သူတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် ဆယ်ဂဏန်းခန့်က သူတို့၏ အရှိန်အဝါများကို ပြိုင်တူ ထုတ်ဖော်လိုက်ကြသည်။ သူတို့က ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် လုမင်တို့ကို စူးစူးရဲရဲ ကြည့်လိုက်ကြ၏။
"လူငယ်လေးတွေပဲ၊ သတ်လိုက်" မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်အချို့သည် လုမင်နှင့် အခြားသူများက လူငယ်လေးများသာဖြစ်ကြောင်း မြင်ရသောအခါ အော်ဟစ်လိုက်ကြသည်။ သူတို့၏ တတိယမျက်လုံးများမှ ဖျက်ဆီးခြင်းအလင်းများ ထွက်ပေါ်လာပြီး လုမင်နှင့် အခြားသူများထံ ဖြတ်သန်းသွား၏။
တစ်ချိန်တည်းမှာပင်၊ မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ အခြားအဖွဲ့ဝင်များကလည်း တတိယမျက်လုံးများမှ ဖျက်ဆီးခြင်းအလင်းများကို ပစ်လွှတ်လိုက်တော့သည်။ ဤနေရာထိ ထွက်ပြေးနိုင်သော မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်များ အားလုံးက ကျွမ်းကျင်သူများ ဖြစ်ကြသည်။ အနည်းဆုံး၊ သူတို့က အန္တိမသူတော်စင်နယ်ပယ် ကျင့်ကြံမှုရှိ၏။ သူတို့အများစုက ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြသည်။
"သတ်" လုမင်နှင့် အခြားသူများကလည်း ကြုံးဝါးအော်ဟစ်လိုက်ကြသည်။ သူတို့က ဖျက်ဆီးခြင်းအလင်းများကို ဖျက်ဆီးပစ်ပြီး လျင်မြန်သော အဟုန်ဖြင့် ပြေးတက်သွားကြ၏။
ဤရှည်ကြာသော တိုက်ပွဲကာလအပြီးတွင် လုမင်နှင့် အခြားသူများ၏ ခွန်အားက သိသိသာသာ တိုးတက်လာခဲ့သည်။
သူတို့အားလုံးနီးပါးက သာမန် ဧကရာဇ်တစ်ပိုင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးကို ယှဉ်ပြိုင်ရန် သို့မဟုတ် သတ်ဖြတ်ရန်ပင် စွမ်းအားရှိသည်။
လုမင်နှင့် ပေါင်ပေါင်၏ တိုက်ခိုက်နိုင်စွမ်းဆိုလျှင် ပို၍ အံ့ဖွယ်ကောင်းသည်။ သူတို့၏ လက်ကို ဝှေ့ယမ်းခြင်းဖြင့် သာမန် ဧကရာဇ်တစ်ပိုင်းများကို သတ်နိုင်ကြ၏။ ခဏချင်းမှာပင်၊ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် ဆယ်ဦးကျော်က သူတို့၏လက်ချက်ဖြင့် သေဆုံးသွားကြတော့သည်။
ကျန်ရှိသော မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်များ မျက်နှာပျက်သွားကြသည်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်များနှင့် ကြုံတွေ့ခဲ့ရကြောင်း သိလိုက်ကြချေပြီ။
"နောက်ဆုတ်၊ နောက်ဆုတ်ကြ" မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်တချို့က ချိုင့်ဝှမ်း၏ အနက်ဆုံးနေရာသို့ ဆုတ်ခွာသွားလိုကြဟန်ဖြင့် အော်ဟစ်လိုက်ကြသည်။
'ပေါင်ပေါင်၊ သူတို့ကို မပြေးစေနဲ့' လုမင်က သူ့အသံကို ဘာဘယ်လ်များထံ ပို့လွှတ်လိုက်သည်။
"ကျွန်မကို ကြည့်ထား... တွိ..." ပေါင်ပေါင်က သူ၏ လက်သေးသေးလေးများဖြင့် ဖိချဟန်ပြုလိုက်၏။ ဟင်းလင်းပြင်အတက်အကျများ ဖြာထွက်လာပြီး မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို ဝန်းရံထားသော ဒိုင်းများအဖြစ် ခိုင်ခံ့လာတော့သည်။
"ဒုန်း... ဒုန်း..." မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်များက ဟင်းလင်းပြင်ဒိုင်းကို တိုက်ခိုက်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ သို့သော်၊ အရာမဝင်ခဲ့ပေ။
ထို့နောက် လုမင်နှင့် အခြားသူများ ရောက်ရှိလာပြီး မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်များ တစ်ကောင်ပြီးတစ်ကောင် အသတ်ခံခဲ့ကြရသည်။
"သေချင်နေကြတာပဲ" ထိုစဉ်၊ ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးအရပ်မှ ဒေါသတကြီး ကြိမ်းမောင်းသံ ထွက်ပေါ်လာပြီး ချိုင့်ဝှမ်းတစ်ခုလုံး တုန်ခါသွားခဲ့သည်။
ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးနေရာမှ ကြီးမားသော အငွေ့အသက်တစ်ခု ပျံ့နှံ့သွား၏။
၎င်းက ဧကရာဇ်တစ်ပါး၏ အငွေ့အသက်ပင်။
ဤချိုင့်ဝှမ်းတွင် ဧကရာဇ်အဆင့် မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက် တကယ်ရှိနေခဲ့သည်။ ဤမိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်များက ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးအရပ်သို့ ပြေးချင်ကြတာ အံ့ဩစရာမရှိတော့ပေ။
လုမင်နှင့် အခြားသူများ၏ မျက်နှာအမူအရာများက အနည်းငယ် လေးနက်သွားကြသည်။
"ဝှစ်... ဝှစ်... ဝှစ်..." လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း သိုင်းပညာကို အဆက်မပြတ် အသုံးပြုခဲ့၏။ ကြီးမားသော လက်ချောင်းများ ထွက်ပေါ်လာပြီး ကျန်ရှိသော မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်များအားလုံး သေဆုံးသွားကြတော့သည်။
နောက်အခိုက်တွင်၊ လေပြင်းများ တိုက်ခတ်လာသည်။ အရပ်မြင့်မြင့် ခန္ဓာကိုယ် ကြီးမားတုပ်ခိုင်သော မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်တစ်ဦးက ချိုင့်ဝှမ်း၏ နက်နဲရာမှ ပြေးထွက်လာပြီး မြေပြင်ပေါ်ကို အရှိန်အဟုန်ဖြင့် ဆင်းသက်လိုက်၏။ တောင်တစ်လုံးကဲ့သို့ ကြီးမားသော ဖိအားတစ်ခုကလည်း လုမင်နှင့် အခြားသူများအပေါ် ဖိစီးလာတော့သည်။
ဒါက အစစ်အမှန်ဧကရာဇ်နယ်ပယ် မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။ သို့သော်လည်း သူ၏ အငွေ့အသက်များက ဗလာနယ်ဧကရာဇ်အဆင့်သာရှိပြီး မတည်မငြိမ်ပေ။
"သူ ဒဏ်ရာရနေတယ်" ဟွမ်လင်က ပြောလိုက်သည်။
မမှားပေ၊ ဤမိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်၏ ခန္ဓာကိုယ် တစ်ဝက်ခန့်က ပျက်စီးနေသည်။ ဒဏ်ရာပေါ်တွင် မီးတောက်တစ်လွှာက လောင်ကျွမ်းနေပြီး တဖျစ်ဖျစ် မြည်သံများလည်း ထွက်ပေါ်နေ၏။ ၎င်းက မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်ကို ပြန်လည်ကောင်းမွန်လာခြင်းမှ တားဆီးနေခဲ့သည်။
ဤမိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်က ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားခြင်းကြောင့် ဤနေရတွင် ပုန်းခိုကာ ပြန်လည်ကုသနေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
သို့သော်လည်း လုမင်နှင့် အခြားသူများက ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပါ။ ဒဏ်ရာရနေသော အစစ်အမှန်ဧကရာဇ်ဖြစ်လျှင်ပင် ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။
"ငါဒဏ်ရာရရင်တောင် မင်းတို့အားလုံးကို သတ်နိုင်တယ်ကွ။ သေလိုက်ကြစမ်း" မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် ဧကရာဇ်က အော်ဟစ်လိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးမှ ဖျက်ဆီးခြင်းအလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်၏။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း" လုမင်က အစွမ်းကုန်ထုတ်ဖော်ပြီး လက်ညှိုးညွှန်ပြလိုက်သည်။ ကြီးမားသော လက်ချောင်းတစ်ချောင်းက တစ်ဖက်လူ၏ ဖျက်ဆီးခြင်းအလင်းနှင့် တိုက်မိသွား၏။
"ဝုန်း" ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီး ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ကွဲအက်သွားခဲ့သည်။ သို့သော်လည်း လုမင်က ဖျက်ဆီးခြင်းအလင်းကို ပိတ်ဆို့ထားနိုင်ခဲ့ပေသည်။
လုမင်၏ ခန္ဓာကိုယ်က တုန်ခါပြီး နောက်ကို ဆုတ်သွားခဲ့ရသည်။ သူ၏ ချီနှင့်သွေးများကလည်း ဆူပွက်သွားသလို ခံစားလိုက်ရ၏။
'အစစ်အမှန်ဧကရာဇ်နယ်ပယ် ကျင့်ကြံသူက တကယ်ကို အစွမ်းထက်တာပဲ' လုမင်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
လုမင်၏ လက်ရှိတိုက်ခိုက်နိုင်စွမ်းအရ သာမန် ဗလာနယ်ဧကရာဇ်တစ်ပါးကို သတ်ရန်မှာ ဘာမျှ အခက်အခဲမရှိပေ။ သို့သော်လည်း တစ်ဖက်လူကို ရင်ဆိုင်ပြီးနောက် သူက အားနည်းချက်တစ်ခုကို ကျရောက်ခဲ့ရသည်။
အစစ်အမှန်ဧကရာဇ်များက အလွန်အားကောင်းကြပေသည်။ သူတို့က ကမ္ဘာ့စွမ်းအင်ကို သန့်စင်ထားခဲ့ပြီးဖြစ်သကဲ့သို့ တုနှိုင်းမရသော တိုက်ခိုက်နိုင်စွမ်းများ ရှိသည်။ ဗလာနယ်ဧကရာဇ်နှင့် အစစ်အမှန်ဧကရာဇ်ကြားမှ ခွန်အားကွာဟချက်က ကြီးမားလွန်းပေသည်။
လုမင်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သို့သော်၊ တစ်ဖက်လူက ပို၍ပင် အံ့အားသင့်သွားသည်ကို သူ မသိခဲ့ပါ။
အန္တိမသူတော်စင်တစ်ပါးက သူ၏ တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်ခဲ့ခြင်းမှာ မယုံနိုင်စရာပင်။
အစစ်အမှန်ဧကရာဇ်များက အကန့်အသတ်မဲ့ သက်တမ်းရှိသော တည်ရှိမှုများ ဖြစ်ကြသည်။ အချို့နေရာများတွင် သူတို့ကို အင်မော်တယ်များဟုပင် ခေါ်ဆိုကြ၏။
အစစ်အမှန်ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်ရသည့်အခါ အစစ်အမှန်ဧကရာဇ်နယ်ပယ်အောက်ရှိသူများက လုံးဝ ခုခံနိုင်မည် မဟုတ်ပါ။ တစ်ချက်တည်းဖြင့် သူတို့ကို သတ်ပစ်နိုင်သည်။
ယခုမူ၊ ဧကရာဇ်တစ်ပိုင်းပင် မဖြစ်သေးသော အန္တိမသူတော်စင်တစ်ပါးက သူ၏ တိုက်ခိုက်မှုတစ်ခုကို ဒဏ်ရာရခြင်းမရှိဘဲ ခုခံသွားခဲ့ပြီ။ ဒါက ကြောက်စရာကောင်းလွန်းသည်။