"ကောင်းပါပြီ" ကျိုကျာက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
"ငွေကို ဘဏ်ကနေတစ်ဆင့် လွှဲပေးပြီးပြီ" မာကျစ်သာက သူ့ဖုန်းကိုထုတ်ကာ ငွေလွှဲပြီးကြောင်း ကျိုကျာကို ပြလိုက်သည်။
"ဟုတ်ကဲ့... ခဏစောင့်ပေးပါဦးနော်" ကျိုကျာက ငွေဝင်သည်ကို အတည်ပြုပြီးနောက် မှာယူမှုအတွက် ပြင်ဆင်ရန် ထွက်ခွာသွားသည်။
"မန်နေဂျာ ဆီလီကာ... ခဏလောက်ပဲ စောင့်ပေးပါဗျ" မာကျစ်သာက ပြုံးရွှင်စွာ ပြောလိုက်သည်။
"အစ်မရေ... ဒီကလေးမလေးက တော်တော် တော်တာပဲ" ဆီလီကာက
ကျိုကျာကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ဒါရိုက်တာကို ပြောလိုက်သည်။ ကျိုကျာက သူ့ကို ခေါင်းညိတ်ပြသွားသည်ကို မြင်ရုံနှင့်ပင် ဆီလီကာမှာ အံ့ဩတကြီးဖြင့် သက်ပြင်းချမိသည်။
"ဒါနဲ့... တစ်ယောက်စာက လောက်ပါ့မလား" မာကျစ်သာက သက်သတ်လွတ် ထမင်းကြော်နှစ်ပွဲစာ မှာထားခြင်းကို တွေးမိပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။ မည်သို့ပင်ဆိုစေကာ ယွမ်ကျိုး၏ ဟင်းလျာများက အလွန်စားကောင်းသော်လည်း စားသုံးသူတိုင်း ဗိုက်ဝသည်မခံစားရဘဲ ထပ်စားချင်စိတ်သာ ဖြစ်ပေါ်တတ်သည် မဟုတ်ပါလား။
"ဟေး... ဒီနှစ်ပွဲလုံးက ငါ့အတွက် မဟုတ်ဘူးလား" ဆီလီကာက ရှင်းရှင်းလင်းလင်းပင် မေးခွန်းထုတ်လိုက်သည်။
"ဟုတ်ပါတယ်... ဆီလီကာ စားချင်သလောက် စားပါ" လှပသော ဒါရိုက်တာက မာကျစ်သာကို ရက်စက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ဆီလီကာကို ပြုံးရွှင်စွာ ပြောလိုက်သည်။
ဒါရိုက်တာ၏ အဖြေကို ကြားရသောအခါမှ ဆီလီကာ ကျေနပ်စွာ ပြုံးနိုင်တော့သည်။
"ကလေးမ... အဲဒီ ထမင်းပေါင်း နှစ်ပွဲစလုံးကို ငါ့ဆီပဲ ယူလာပေးနော်" ဆီလီကာက ကျိုကျာကို သတိပေးရန်လည်း မမေ့ပေ။ သူစကားပြောနေစဉ်တွင် သူ၏ မုတ်ဆိတ်မွှေးများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် လှုပ်ခတ်နေသယောင် ရှိသည်။
"မစ္စတာမာ... ဘယ်လိုလုပ်ပေးရမလဲဟင်" ကျိုကျာက မာကျစ်သာကို သိနေသူဖြစ်ရာ ပြုံးရွှင်သော အကြည့်ဖြင့် လှမ်းမေးလိုက်သည်။
"အိုကေ... အားလုံး သူ့အတွက်ပဲ ပေးလိုက်ပါ" မာကျစ်သာမှာ လှပသော ဒါရိုက်တာ၏ ခြိမ်းခြောက်သည့် အကြည့်အောက်တွင် ခေါင်းညိတ်လိုက်ရတော့သည်။
"ဟေး... အလှလေး... ငါပြောသလိုသာ လုပ်ပါ။ မင်း ဘယ်တော့မှ အမှားလုပ်မိမှာ မဟုတ်ဘူး" ဆီလီကာက ကျိုကျာကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ... ခဏလေး စောင့်ပေးပါဦး။ ချက်ပြီးတာနဲ့ ပို့ပေးပါ့မယ်" ကျိုကျာက ပြုံးလျက် ပြန်ဖြေသည်။
"ဒါမှ ငါ့ရဲ့ မိန်းမလှလေးပေါ့" ဆီလီကာက အလွန်ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
ထိုစကားကြောင့် ကျိုကျာမှာ အနည်းငယ် ရှက်သွားပြီး ဘာမှ ပြန်မပြောတော့ဘဲ သူမ၏ အလုပ်များကိုသာ ဆက်လုပ်နေလိုက်တော့သည်။
"မုတ်ဆိတ်မွှေးရှိတဲ့ ယောက်ျားတွေက မိန်းကလေးတွေနဲ့ ပြောဆိုတဲ့နေရာမှာ တော်ကြတာပဲ" ယွမ်ကျိုးက ပန်းကန်များ ပြင်ဆင်ပေးရင်း စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဆီလီကာမှာ သက်သတ်လွတ် ထမင်းကြော်နှစ်ပွဲကို ရရှိသွားပြီးနောက် သူ၏ မျက်နှာပေါ်ရှိ မုတ်ဆိတ်ကြီးများကပင် သူ၏ အပြုံးကို မဖုံးကွယ်နိုင်တော့ပေ။
"အရမ်း စားကောင်းတာပဲ။ ဒီမှာ ထမင်းကြော်စစ်စစ် ရှိလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားဘူး။ အရမ်းကောင်းလွန်းတယ်" ဆီလီကာက စားနေရင်းနှင့်ပင် အခါအားလျော်စွာ ချီးကျူးစကား ဆိုနေသည်။
လှပသော ဒါရိုက်တာမှာလည်း ကျေနပ်သွားသလို၊ မာကျစ်သာမှာလည်း ဂုဏ်ယူမိသည်။ ဤနေရာသို့ မိတ်ဆက်ပေးခဲ့သူမှာ သူဖြစ်ရာ သူဌေးယွမ်၏ လက်ရာက လူများကို စိတ်ပျက်စေမည် မဟုတ်ကြောင်းကို သူ ယုံကြည်ပြီးသား ဖြစ်သည်။
"ကျွန်တော်လည်း... စားချင်တယ်" စားသောက်ဆိုင်ထဲသို့ ဝင်လာသော ဝူဟိုင်းက ကျိုကျာကို အားအင်ကုန်ခမ်းနေသော လေသံဖြင့် ပြောလိုက်သည်။
"မစ္စတာဝူ... ဘာဖြစ်လို့လဲ" ကျိုကျာက စပ်စုစွာ မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး... အခု ဗိုက်ဆာနေပြီ။ ကြက်ဥကြော်ထမင်းတစ်ပွဲနဲ့ အမျိုးတစ်ရာထမင်းဖြူတစ်ပွဲ ပေးပါ" ဝူဟိုင်းက သက်ပြင်းသဲ့သဲ့ ချရင်း မှာယူလိုက်သည်။
"ဟုတ်ကဲ့... မစ္စတာဝူမှာ ဘာအခက်အခဲ ရှိလို့လဲ" ကျိုကျာက ဂရုတစိုက် မေးလိုက်သည်။
ကျိုကျာသည် ပုံမှန်အားဖြင့် သူတစ်ပါးကိစ္စတွင် ဝင်ရောက်စွက်ဖက်တတ်သူ မဟုတ်ပေ။ သို့သော် အမြဲတမ်း ဆိုင်ရှေ့သို့ အမြန်ဆုံး ပြေးလာတတ်သည့် ဝူဟိုင်းမှာ ယနေ့တွင် တတိယအကျော့ရောက်မှ ပေါ်လာခြင်းမှာ အလွန်ပင် ထူးဆန်းနေသည်။ ထို့ပြင် သူ၏ စိတ်ခံစားချက်မှာလည်း မကောင်းလှရာ၊ ယွမ်ကျိုးကိုယ်စား ကျိုကျာက စိုးရိမ်တကြီး မေးလိုက်ခြင်း ဖြစ်သည်။
"သူ ဒီလိုဖြစ်နေတာ ယွမ်ကျိုးကြောင့်လို့ အထူးတလည် ပြောနေစရာတောင် မလိုပါဘူးဗျာ" လင်းဟုန်က ဘေးမှနေ၍ ကျေနပ်အားရစွာ ပြုံးလျက် ပြောလိုက်သည်။
"ကျွန်မတို့ရဲ့ စားဖိုမှူးကြောင့်လား" ကျိုကျာက ဘာကိုဆိုလိုမှန်း နားမလည်သည့် အကြည့်ဖြင့် မေးလိုက်သည်။
"သူ့ကို ဒီအတိုင်းပဲ ထားလိုက်။ မှာထားတာတွေကိုပဲ ငါ့ဆီ လာပို့တော့" ယွမ်ကျိုးက ခေါင်းမော့ကာ ပေါ့ပေါ့ပါးပါးပင် ဝင်ပြောလိုက်သည်။
"ဟင်း... ငါ့ကို ပူပူစပ်စပ်ဟော့ပေါ့ဟင်းချို တစ်အိုး ထပ်ပေးဦး" ဝူဟိုင်းက နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်သော်လည်း စားချင်သည့်အရာကိုတော့ မမေ့ပေ။
"ဟုတ်ကဲ့ပါ... ခဏလေး စောင့်ပေးပါဦးရှင်" ကျိုကျာက ဇဝေဇဝါဖြစ်နေဆဲပင် ဖြစ်သော်လည်း ယွမ်ကျိုးထံသို့ မှာယူထားသည့်စာရင်းများကို သွားရောက်ပို့ဆောင်ရန် ထွက်ခွာသွားသည်။
"ဒီလောက်ကြီးလည်း စိတ်မပျက်ပါနဲ့ဗျာ။ ရည်မှန်းချက် မအောင်မြင်လည်း ဘာဖြစ်လဲ... နောက်တစ်ခါ ပိုကြိုးစားပေါ့" ဝူဟိုင်း၏ ကံဆိုးမှုကို ကြည့်ပြီး လင်းဟုန်က ခနဲ့ကာ ပြောလိုက်ပြန်သည်။
"မင်း နားမလည်ပါဘူး" ဝူဟိုင်းကတော့ ထူးထူးခြားခြားပင် လင်းဟုန်ကို ပြန်မရန်တွေ့ဘဲ ငြိမ်နေမိသည်။
"အဟမ်း... အဟမ်း... တကယ်တော့ 'ပေါင်မုန့်ရှည်' ဆိုတဲ့ နာမည်ကလည်း ဆိုးလှတာ မဟုတ်ပါဘူး။ တခြားသူတွေဆို ဒါမျိုးလုပ်ချင်ရင်တောင် ဘယ်လိုလုပ်ရမှန်း သိမှာမဟုတ်ဘူး" လင်းဟုန်က ရယ်ချင်စိတ်ကို အတင်းအောင့်ထားရင်း ချောင်းဟန့်ကာ ပြောလိုက်သည်။
ဝူဟိုင်း တစ်နေကုန် စိတ်တိုနေရသည့် အကြောင်းရင်းမှာ သူ အပင်ပန်းခံချက်ထားသည့် 'မန်ဒရင်းဘဲကိတ်' ကို ယွမ်ကျိုးက 'ပေါင်မုန့်ရှည်' အထင်မှားကာ မှတ်ချက်ပေးလိုက်သောကြောင့်ပင်။ ထို့ပြင် ယွမ်ကျိုးကို ဟင်းသီးဟင်းရွက် ဝယ်ယူရာတွင် လိုက်ပါကူညီပေးရန် တောင်းဆိုရန် မေ့သွားခဲ့သည်မှာလည်း သူ့အတွက် နောင်တရစရာ ဖြစ်နေသည်။
သူ၏ လက်ရာကိတ်မုန့်မှာ ပေါင်မုန့်အဖြစ် အသိအမှတ်ပြုခံလိုက်ရရုံသာမက၊ သူ့၏ အဓိကရည်ရွယ်ချက်ကိုပါ ထုတ်ဖော်မပြောလိုက်ရသဖြင့် ဝူဟိုင်း၏ သက်ပြင်းများမှာ သူ့အတွက်သာ ဖြစ်နေတော့သည်။
"ဒီအစပ်ဟင်းချိုထဲက ထမင်းကိုသာ ဆက်စားနေလိုက်ပါ။ ငါ တစ်ခါစားဖူးတယ်... အရသာက တကယ် ကောင်းတယ်" လင်းဟုန်က ကျေနပ်အားရသော အမူအရာဖြင့် အကြံပြုလိုက်သည်။
"ဟုတ်ပါတယ်လေ" ဝူဟိုင်းက စိတ်မပါလက်မပါဖြင့် လင်းဟုန်ကို မျက်စောင်းထိုးကြည့်လိုက်သည်။
"ငါ့ကတော့ မင်းက ကျေနပ်သင့်ပါသေးတယ်လို့ထင်တယ်။ အနည်းဆုံးတော့ သူဌေးယွမ်က မင်းကို မလှည့်စားခဲ့ဘူးလေ။ စုမူကို ကြည့်လိုက်ဦး" လင်းဟုန်က သနားစရာကောင်းသော စုမူအကြောင်းကို တွေးမိသွားသည်။
စုမူမှာလည်း ယွမ်ကျိုးထံမှ ဟင်းသီးဟင်းရွက် ရွေးချယ်နည်း အသိပညာများစွာ ရရှိခဲ့သော်လည်း ပြဿနာမှာ သူသည် 'တရုတ်ကြက်သွန်မြိတ်' နှင့် 'စပါးပင်ပေါက်' ကိုပင် ခွဲခြားမသိနိုင်ခြင်းဖြစ်သည်။ မည်မျှပင် သင်ယူပါစေ၊ လက်တွေ့တွင်တော့ အောင်မြင်ရန် ခဲယဉ်းလှပေသည်။
ဥပမာအားဖြင့် ယွမ်ကျိုးက "လိမ္မော်သီးဝယ်ရင် အရောင်တောက်ပြီး ရနံ့သင်းရမယ်။ မျက်နှာပြင်က ပျော့ပျောင်းပြီး အောက်ခြေမှာ ခွက်နေတဲ့ စက်ဝိုင်းသေးသေးလေးပါတဲ့ အသီးကို ရွေးပါ။ အဲဒါမှ လတ်ဆတ်ပြီး ချိုမှာ" သင်ပေးခဲ့ဖူးသည်။
သို့သော် စုမူကတော့ ဇဝေဇဝါဖြင့် "လိမ္မော်သီးတွေလား... အားလုံးက လိမ္မော်သီးပဲ မဟုတ်ဘူးလား" ပြန်မေးခဲ့သည်။ စုမူမှာ လိမ္မော်သီးအမျိုးအစားများ၏ ကွာခြားချက်ကိုပင် မသိနိုင်ရာ၊ သူ မည်သို့ အောင်မြင်စွာ ဝယ်ယူနိုင်ပါမည်နည်း။
"ကျွန်တော် လှည့်စားလိုက်တာ မဟုတ်ဘူး။ ဒါက တန်ဖိုးချင်းတူညီတဲ့ ဖလှယ်မှုတစ်ခုပဲ" ယွမ်ကျိုးက သူတို့၏ အထင်အမြင်လွဲမှားမှုကို အလေးအနက် ပြင်ဆင်ပေးလိုက်သည်။
"ဟားဟား... ဟုတ်ပါပြီဗျာ၊ တန်ဖိုးချင်းတူညီတဲ့ လဲလှယ်မှုပေါ့" လင်းဟုန်ကတော့ ယွမ်ကျိုး၏ တည်ကြည်လွန်းသော အမူအရာကို ကြည့်ပြီး မအောင့်နိုင်ဘဲ ရယ်မောလိုက်မိသည်။
"ဟွန်း..." ဝူဟိုင်းကတော့ လင်းဟုန်နှင့် စကား ဆက်မပြောချင်တော့ဘဲ စားပွဲတွင် ဝင်ထိုင်လိုက်သည်။ ကျိုကျာက ဝူဟိုင်းအတွက် ပန်းကန်များကို လာချပေးသည့် အခါမှသာ သူက ခေါင်းမော့ကြည့်ပြီး တူကိုကိုင်ကာ အားရပါးရ စတင်စားသုံးတော့သည်။
သူ ပထမဆုံး မြည်းစမ်းသည့် ဟင်းပွဲမှာ အခြားမဟုတ်၊ အနီရောင် ပူပူစပ်စပ်ဟော့ပေါ့ထဲတွင် စိမ်ထားသော ရိုးရိုးထမင်းဖြူတစ်ပွဲပင် ဖြစ်သည်။
"အံ့ဩစရာပဲ... သူက ဟော့ပေါ့ဟင်းရည်ချည်းပဲ သီးသန့်ရောင်းနေတာလား" ထူးဆန်းစွာပင် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်တတ်သော ချူးရှောင်က တစ်ဖန် ပြန်ပေါ်လာပြန်သည်။
အမှန်စင်စစ် သူသည် ထိုနေရာတွင် ရှိနေသည်မှာ တစ်မိနစ်ခန့် ရှိနေပြီဖြစ်သော်လည်း တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်။ ဟော့ပေါ့ဟင်းရည် စားပွဲပေါ်ရောက်လာပြီး ဝူဟိုင်းစားနေသည်ကို မြင်မှသာ သူက စကားစလိုက်ခြင်း ဖြစ်သည်။
"ဟုတ်တယ်" ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။
ချူးရှောင်သည် ဝူဟိုင်း၏ ပန်းကန်လုံးကို အသေအချာ ပြန်ကြည့်လိုက်သည်။ ကြည်လင်လှသော ဆန်စေ့လေးများကို နီရဲနေသော ဟင်းရည်အလွှာတစ်ခုက ဖုံးအုပ်ထားသည်။ ပူပြင်းသည့် အစပ်ရနံ့က နှာခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသလို၊ တစ်ဖက်တွင်လည်း ထမင်း၏ နူးညံ့လှသော သဘာဝရနံ့ကိုပါ နိုးကြွလာစေသည်။
"ဟော့ပေါ့ထဲမှာ ထမင်းထည့်ထားတာပဲ။ ငရုတ်သီးတွေထဲကနေ အစေ့တွေကို ဖယ်ထုတ်ထားပေမဲ့ ငရုတ်သီးရဲ့ ထူးခြားတဲ့ ရနံ့ကိုတော့ အပြည့်အဝ ထိန်းသိမ်းထားနိုင်ခဲ့တယ်" ချူးရှောင်က သူ၏ ထက်မြက်လှသော မျက်လုံးများဖြင့် ဟင်းချိုထဲမှ ထမင်းကို စိုက်ကြည့်ရင်း သုံးသပ်ပြလိုက်သည်။
"ကျစ်..." ဝူဟိုင်းကတော့ သူ့အစားအစာကို တစ်ယောက်ယောက်က လုယူတော့မည့်အလား ပန်းကန်ကို သူ့ဘက်သို့ ဆွဲကာ ကာကွယ်လိုက်သည်။
"ဒီမွှေးရနံ့က နှမ်းစေ့ကနေ လာတာမဟုတ်ဘဲ ငရုတ်သီးစေ့ကနေ ထွက်လာတာပဲ။ ဒါဆို မင်းက နှမ်းစေ့တွေအစား ငရုတ်သီးစေ့ကို အစားထိုး သုံးလိုက်တာပေါ့ ဟုတ်လား" ချူးရှောင်က ယွမ်ကျိုးကို အလေးအနက် ကြည့်ကာ မေးလိုက်သည်။
"မင်းပြောတာ မှန်တယ်" ယွမ်ကျိုးက ဝန်ခံလိုက်သည်။
"ငရုတ်သီးစေ့တွေကို ကြော်ပြီး အရသာထည့်ပြီးမှ အစေ့တွေကို တစ်ခုချင်း ပြန်ထုတ်ယူလိုက်တာလား"
ချူးရှောင်က အနည်းငယ် မသေချာသလို မေးလိုက်သည်။ ငရုတ်သီးစေ့ဆိုသည်မှာ အလွန်သေးငယ်လှသည် မဟုတ်ပါလား။ အရသာရှိအောင် ကြော်ပြီးမှ ထိုအစေ့လေးများကို ပြန်ထုတ်ယူရန် ကြိုးစားခြင်းမှာ စင်ဒရဲလား၏ မိထွေးက ပြာပုံထဲမှ ပဲစေ့များကို ရွေးခိုင်းသကဲ့သို့ ခက်ခဲလှပေလိမ့်မည်။
"မဟုတ်ဘူး... ဒီထက်တောင် ပိုခက်ခဲဦးမယ်"ချူးရှောင်က အတည်ပြုလိုက်သည်။
သို့သော် ချူးရှောင်က ဝူဟိုင်း၏ ပန်းကန်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို မြင်သောအခါ ယွမ်ကျိုးက ထုံးစံအတိုင်း မေးလိုက်သည်။
"မင်းရော စားမလား"
"ဟင့်အင်း... အခုတော့ မစားသေးဘူး" ချူးရှောင်က ဘာမှဆက်မပြောဘဲ လှည့်ထွက်သွားပြန်သည်။
"တကယ်ကို ထူးဆန်းတဲ့လူပဲ" လင်းဟုန်က မှတ်ချက်ပေးလိုက်သည်။
"သူ အခု စားချင်စိတ် မရှိတာပဲ ကျေးဇူးတင်ရမယ်" ဝူဟိုင်းက သူ့အစားအစာကို ဝေမျှစရာ မလိုတော့သဖြင့် စိတ်အေးသွားဟန်ဖြင့် ပြောလိုက်သည်။
"သူက ခင်ဗျားနဲ့ ပြိုင်ချင်နေတာ နဲ့တူတယ်" မာစတာချန်က မသေချာစွာ ပြောလိုက်သော်လည်း ယွမ်ကျိုးကတော့ ခေါင်းခါပြလိုက်သည်။
"ကျွန်တော်တော့ မထင်ဘူး"
"ဒါဆို သူက ဘာဖြစ်နေတာလဲ" လင်းဟုန်က စပ်စုလိုက်ရာ ယွမ်ကျိုးက မျက်ခုံးအသာပင့်
ရင်း ပြန်ဖြေလိုက်ပါတော့သည်။
"သူ စားရမယ့် အချိန် မရောက်သေးလို့ ဖြစ်လိမ့်မယ်"
***