ထမင်းစားပြီးနောက် ယန်ဒါသည် ရှောင်လျိုကို သူမ၏ကုမ္ပဏီရှေ့အထိ တိုက်ရိုက်ပြန်ပို့ပေးခဲ့သည်။ ကုမ္ပဏီအောက်ထပ်သို့ ရောက်သောအခါ သူသည် အချိန်ကို အမြန်စစ်ဆေးလိုက်သည်။
"မိနစ် ၂၀ ပဲ ကျန်တော့တယ်။ ၅ မိနစ်အတွင်း ဆိုင်ကိုရောက်အောင်မောင်းပြီး ၁၅ မိနစ်လောက် အထဲမှာ နေလို့ရမယ်" ယန်ဒါက သူ၏ဖုန်းကိုကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ အလျင်အမြန်ပင် ထွက်ခွာခဲ့သည်။ သူသည် လျှပ်စစ်စက်ဘီးကို စီးနင်းသူဖြစ်သဖြင့် ပါကင်နေရာ ရှာရသည့်ပြဿနာကို စိုးရိမ်စရာမလိုပေ။ ကားများမှာ လမ်းမကြီးဘေးတွင်သာ ရပ်နား၍ရသော်လည်း စက်ဘီးနှင့် လျှပ်စစ်စက်ဘီးများမှာ ဆိုင်ရှိရာ လမ်းကြားလေးအတွင်းအထိ မောင်းဝင်နိုင်သည်။ ယန်ဒါသည် ဆိုင်ရှေ့သို့ရောက်သည်နှင့် စက်ဘီးပေါ်မှဆင်းကာ အမြန်ဆုံး သော့ခတ်လိုက်တော့သည်။
ဆိုင်တံခါးဝသို့ ရောက်သောအခါ ယန်ဒါသည် ယွမ်ကျိုး၏ဆိုင်ထဲသို့ အလျင်အမြန် ဝင်သွားရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုအားသတိရသွားသည့်နှယ်သူ၏ခေါင်းကို ရိုက်လိုက်သည်။
"အာ... တန်းစီဖို့ မေ့သွားတယ်" သူသည် ချက်ချင်းတန်းစီနေသူများ၏ အဆုံးသို့ သွားရောက်ကာ တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေလိုက်သည်။
ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် လူတိုင်း တန်းစီရမည်ဖြစ်ပြီး မဟုတ်ပါက ဆိုင်အတွင်း လူအုပ်စုကြီး တိုးဝှေ့ကာ ရှုပ်ထွေးသွားပေလိမ့်မည်။ ယန်ဒါသည် ပါးနပ်သူတစ်ဦးဖြစ်ရာ သူသည် အချိန်ကို ချွေတာရန်အတွက် တာလီစက်၏ ဘိုကင်စနစ်ကိုကောင်းကောင်း အသုံးချနိုင်ပေသည်။ သူသည် နောက်တစ်နေ့အတွက် နံပါတ်တစ်ခုကို ကြိုတင်ယူထားလေ့ရှိသဖြင့် နေ့တိုင်းဆိုင်ထဲသို့ဝင်ကာ ယွမ်ကျိုး၏ လက်ရာကို အနီးကပ်ကြည့်ရှုနိုင်ခြင်း ဖြစ်သည်။
သူ ဆိုင်ထဲသို့ ဝင်လာသည်နှင့် မာစတာချန်က ပြုံးလျက် ယွမ်ကျိုးကို လှမ်းပြောလိုက်သည်။
"ကြည့်စမ်း... ဒီကောင်လေး မင်းကို လာကြည့်ပြန်ပြီ"
"အင်း" ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။
"သူက မင်းရဲ့ လက်ရာကို ခိုးပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ လာတာ ထင်တယ်"
မာစတာချန်က သူ့အတွေးနှင့်သူ
ပြောလိုက်သည်။
"မဟုတ်ဘူး" ယွမ်ကျိုးက ခေါင်းခါပြသည်။
"ဘာလို့လဲ" မာစတာချန်က ဇဝေဇဝါ ဖြစ်သွားသည်။
"အရင်က လာတဲ့သူတွေရော၊ မနေ့ကလူနဲ့ အခု ဒီ ကောင်လေးရောကိုယ်စီကိုယ်စီမှာ မတူညီတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိကြတယ်" ယွမ်ကျိုးက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။
"တကယ်လား" မာစတာချန်မှာ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားရသည်။ သူ၏အမြင်တွင်တော့ လာသမျှလူတိုင်းမှာ ယွမ်ကျိုး၏ ချက်ပြုတ်ပုံနှင့် ဟင်းလျာအပြင်အဆင်များကိုသာ အာရုံစိုက်ကြည့်နေကြခြင်း ဖြစ်သည်။ သူတို့တွင် မတူညီသော စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို ယွမ်ကျိုးက မည်သို့ သိနိုင်သနည်း။
"စောင့်ကြည့်လေ့လာနိုင်စွမ်း က အရမ်းအရေးကြီးတယ်... မင်း သေချာကြည့်ကြည့်ပါ" ယွမ်ကျိုးက မာစတာချန်ကို ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" မာစတာချန်က အလေးအနက် ခေါင်းညိတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ယွမ်ကျိုးသည် အချိန်ကြာလာသည်နှင့်အမျှ ဂရန်းမာစတာတစ်ဦးနှင့် ပိုပို၍ တူလာခဲ့သည်။
"ငါ အမြန်ဆုံး အဆင့်တက်ရမယ်" ယွမ်ကျိုးက သူ၏ စိတ်ထဲတွင် ရေရွတ်နေမိသည်။
ထို့နောက် မာစတာချန်သည် ယန်ဒါကို စိတ်အားထက်သန်စွာ စောင့်ကြည့်ရင်း ယွမ်ကျိုး ပြောခဲ့သော စောင့်ကြည့်လေ့လာနိုင်စွမ်းကို စတင်လေ့ကျင့်တော့သည်။ တစ်ဖက်တွင် ယန်ဒါသည် ယွမ်ကျိုး၏ လက်လှုပ်ရှားမှုများကိုသာ အစကတည်းက စိုက်ကြည့်နေခဲ့သည်။ ယွမ်ကျိုး၏ သတိပေးချက်ကြောင့် မာစတာချန်သည် ယန်ဒါကို အသေအချာ ကြည့်လိုက်သောအခါ ပုံမှန်အချိန်များတွင် သူ သတိမထားမိခဲ့သော အရာတစ်ခုကို စတင်တွေ့ရှိလိုက်ပါတော့သည်။
"ဒီကောင်လေးက တချို့ဟင်းလျာတွေကိုပဲ စိတ်ဝင်စားတာလား" မာစတာချန်က သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုကောင်လေး (ယန်ဒါ) ဆိုင်သို့ နေ့တိုင်းလာသော်လည်း ချက်ပြုတ်နည်းကို အသည်းအသန် လေ့လာနေခြင်းမျိုး မဟုတ်သည်ကို သူ သတိပြုမိသွားသည်။
"ပြီးတော့ သူက လက်ရာကို ခိုးယူဖို့ ကြိုးစားနေတာလည်း မဟုတ်ဘူး။ ပန်းကန်ပြားပေါ်က အပြင်အဆင်နဲ့ တည်ခင်းပုံကိုပဲ ပိုစိတ်ဝင်စားနေသလိုပဲ" မာစတာချန်က ခေါင်းကိုပွတ်သပ်ရင်း ဇဝေဇဝါ ဖြစ်နေရှာသည်။
"ဟုတ်တယ်... မှန်တယ်။ ဒါကြောင့် သူက ချက်ပြုတ်ပညာ သင်ယူဖို့ ဒီကိုလာတာ မဟုတ်ဘူး" ယွမ်ကျိုးက လှည့်ကြည့်လိုက်စဉ် မာစတာချန်၏ စကားကို ကြားသွားသဖြင့် တိုက်ရိုက်ပင် ဝင်ရောက်ဖြေကြားလိုက်သည်။
"ဒါဆို သူက နေ့တိုင်း ဘာအတွက် လာတာလဲ" မာစတာချန်က သိချင်စိတ်ဖြင့် အဆင်သင့်ပင် မေးလိုက်သည်။
"သေချာလေ့လာပြီး ကိုယ့်ဘာသာကိုယ် အဖြေရှာကြည့်ပါ" ယွမ်ကျိုးက အလွန်တည်ကြည်ပြီး ဟန်ဆောင်မှုကင်းသော အကြည့်ဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ... ကျွန်တော်ကိုယ်တိုင် သေချာစောင့်ကြည့်ပါရစေ" ယွမ်ကျိုးက ထိုမျှ အလေးအနက် ပြောလာသဖြင့် မာစတာချန်လည်း စိတ်ရင်းမှန်ဖြင့် ပြန်ဖြေကာ အာရုံစိုက်ရန် ပြင်လိုက်သည်။
ယွမ်ကျိုးသည် ခေါင်းညိတ်ပြပြီးနောက် သူ၏ မီးဖိုချောင်ထဲသို့ ပြန်ဝင်ကာ ဟင်းများကို ဆက်လက်ချက်ပြုတ်နေတော့သည်။
"သူဌေးယွမ်... ဝက်သားနဲ့ တို့ဟူးပေါင်း တစ်ပွဲ ပေးပါဦး" ဟင်းမှာသံများက ဆိုင်အတွင်း အဆက်မပြတ် ထွက်ပေါ်နေသည်။
ကျိုကျာမှာလည်း ထိုအခြေအနေကို ကျင့်သားရနေပြီ ဖြစ်ရာ မှာယူသည်များကို မှတ်စုထဲသို့ အလျင်အစလို ရေးမှတ်ပြီးနောက် ယွမ်ကျိုးထံသို့ ပေးပို့လိုက်သည်။
"ဝက်သားနဲ့တို့ဟူးပေါင်း တစ်ပွဲနဲ့ ထမင်းဖြူ တစ်ပွဲပါ" ကျိုကျာက
ယွမ်ကျိုးကို အမှာစာရင်းကို ဖတ်ပြလိုက်သည်။
"ကောင်းပြီ" ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။
သူသည် မနက်ကတည်းက ပြင်ဆင်ထားသော တို့ဟူးတစ်တုံးလုံးကို ထုတ်ယူလိုက်ပြီး ဓားဖြင့် လေးထောင့်တစ်တုံးကို အတိအကျ လှီးဖြတ်လိုက်သည်။
*ဇီ...* ဓားသွားနှင့် ဝါးဖြင့်ပြုလုပ်ထားသော ခုတ်ထစ်ခုံ ထိတွေ့သံ ထွက်ပေါ်လာသည်။ ထို့နောက် ယွမ်ကျိုးသည် တို့ဟူးကို ဘေးရှိ သန့်ရှင်းသောရေထဲသို့ ထည့်ကာ ကျောက်သားတုတ်ကလေးဖြင့် အနည်းငယ် မွှေပေးလိုက်သည်။ တို့ဟူး၏ မျက်နှာပြင်တိုင်း စင်ကြယ်သွားကြောင်းသေချာမှသာ သူသည် အပြားကျယ်သော ဝါးဓားဖြင့် တို့ဟူးကို အလွယ်တကူ ကောက်ယူလိုက်သည်။
*ပါ...* တို့ဟူးအပိုင်းအစလေးမှာ ခုတ်ထစ်ခုံပေါ်သို့ ပြန်လည်ကျရောက်သွားသည်။
*ရွှလွ... ရွှလွ...* ယွမ်ကျိုးက လျင်မြန်စွာ ထပ်မံလှီးဖြတ်လိုက်ရာ တို့ဟူးတုံးမှာ အရွယ်အစားတူညီလှသော အတုံးသေးသေးလေးများအဖြစ် ပြောင်းလဲသွားသည်။
သူသည် ထိုသပ်ရပ်လှပသော တို့ဟူးတုံးလေးများကို မီးဖိုချောင်ဓားဖြင့် ခပ်ယူကာ အပူချိန် အနေတော်ဖြစ်နေသော ဒယ်အိုးထဲသို့ ထည့်လိုက်သည်။ နူးညံ့လှသော တို့ဟူးနှင့် ဆူပွက်နေသော ဆီပူတို့ ထိတွေ့လိုက်ချိန်တွင် *ရှဲရှဲ* ဟူသော ပြင်းထန်သည့် အသံနှင့်အတူ မွှေးရနံ့များ ထွက်ပေါ်လာသည်။
ယွမ်ကျိုးသည် လက်တစ်ဖက်ဖြင့် မီးလျှံကို ချိန်ညှိကာ ကျန်လက်တစ်ဖက်ဖြင့် ဒယ်အိုး၏ ထောင့်ကို ချိန်ညှိပေးသည်။ တို့ဟူးတစ်တုံးချင်းစီ၏အပြင်ဘက်က ခြောက်သွေ့ပြီး လှပသော အဝါရောင်သန်းလာသည်အထိ သူက ကြော်ပေးနေခြင်းဖြစ်သည်။ တို့ဟူးများ ဒယ်အိုးတွင် မကပ်စေရန် သူသည် မီးအားကို ဂရုတစိုက် စောင့်ကြည့်နေပြီး ဒယ်အိုး၏ အနေအထားကို အမြဲမပြတ် ချိန်ညှိပေးနေသည်။
ချက်ပြုတ်နေစဉ်အတွင်း ယွမ်ကျိုး၏ မျက်နှာမှာ အလွန်ပင် အာရုံစိုက်နေပြီး တည်ငြိမ်မှုအပြည့် ရှိနေပါတော့သည်။
နုတ်နုတ်စင်းထားသောဝက်သားနှင့် တို့ဟူးပေါင်းတို့ရော၍ချက်ပြုတ်ခြင်းကို ယွမ်ကျိုးသည် အလွန်ကျွမ်းကျင်စွာ ကိုင်တွယ်ခဲ့ပြီး စနစ်၏ ချက်ပြုတ်နည်းအတိုင်း တိတိကျကျ လိုက်နာနေရန် မလိုအပ်တော့ဘဲ သူကိုယ်တိုင် အသားကျနေပြီ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများမှာ လွင့်မျောနေသော မိုးတိမ်များနှင့် စီးဆင်းနေသော ရေကဲ့သို့ သဘာဝကျလှသဖြင့် ချက်ပြုတ်နေစဉ်တွင် ယွမ်ကျိုးမှာ ပိုမိုချောမောခန့်ညားနေခဲ့သည်။
ခဏအတွင်းမှာပင် ဟင်းလျာကို အပြီးသတ်ကာ စားပွဲရှည်ပေါ်သို့ တင်လိုက်ပြီး ဖောက်သည်များထံ ပို့ဆောင်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ချူးရှောင်က ယွမ်ကျိုးကို ရုတ်တရက် လှမ်းတားလိုက်သည်။
"မင်းသုံးနေတဲ့ ဒယ်အိုးက အရမ်းကောင်းတာပဲ" ချူးရှောင်က အပြုသဘောဆောင်သော လေသံဖြင့် စကားစလိုက်သည်။
"ဟုတ်ပါတယ်" ယွမ်ကျိုးကလည်း ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်သည်။
"ဘာကြောင့်လဲ" ချူးရှောင်က ယွမ်ကျိုးကို ကြည့်ကာ မေးလိုက်ပြန်သည်။
"ကျွန်တော့် စားသောက်ဆိုင်ထဲက အရာအားလုံးဟာ အကောင်းဆုံးတွေမို့လို့ပဲ" ယွမ်ကျိုးက ထိုသို့ပြောရာတွင် အလွန်ပင် ယုံကြည်မှု ရှိနေသည်။ အဆုံးစွန်အားဖြင့် စနစ်မှ ထောက်ပံ့ပေးထားသမျှ အရာအားလုံးမှာ အကောင်းဆုံး ဖြစ်ရမည် မဟုတ်ပါလား။
"မဟုတ်ဘူး... ဒါ ငါလိုချင်တဲ့ အဖြေမဟုတ်ဘူး။ မင်းက ဘာလို့ မကပ်တဲ့ ဒယ်အိုး ကို မသုံးတာလဲ" ချူးရှောင်က ယွမ်ကျိုး သယ်လာသည့် ဝက်သားနုတ်နုတ်စင်း တို့ဟူးဟင်းကို ညွှန်ပြကာ မေးလိုက်သည်။ ချူးရှောင်၏ စကားများထဲတွင် သံသယများ ပါဝင်နေသော်လည်း အသံမှာ ပုံမှန်အတိုင်းပင် ဖြစ်သည်။
ချူးရှောင်နှင့် ယွမ်ကျိုးတို့၏ စကားပြောဆိုမှုမှာ ဖောက်သည်များအတွက်တော့ အထူးအဆန်း မဟုတ်တော့ပေ။ ချူးရှောင်မှာ မကြာခဏဆိုသလို ဆိုင်သို့ ရောက်လာတတ်ပြီး တစ်ခုခုကို မေးမြန်းခြင်း သို့မဟုတ် ဟင်းလျာများကို ရှင်းပြခြင်းများ လုပ်တတ်သောကြောင့် ဖြစ်သည်။ သူသည် အလွန်တော်သော စားဖိုမှူးတစ်ဦးဖြစ်ကြောင်း သိပြီးနောက်တွင် ဖောက်သည်များမှာလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
" ပိုပြီး အဆင်ပြေတာပေါ့" ချူးရှောင်က အလေးပေးပြောသည်။ သူ၏ အမြင်တွင် ယွမ်ကျိုးသည် မကပ်တဲ့ဒယ်အိုးကို သုံးလျှင် အချိန်ပိုသက်သာနိုင်ပြီး ချက်ပြုတ်ရာတွင်လည်း ပို၍ပင် ချောမွေ့သွားနိုင်သည် ယူဆထားခြင်းဖြစ်သည်။
"မင်းရော မကပ်တဲ့ဒယ်အိုးကို သုံးတာလား" ယွမ်ကျိုးက ပြန်မေးလိုက်သည်။
"ဟုတ်တယ်" ချူးရှောင်က တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေသည်။
"ဒီဒယ်အိုးနဲ့ချက်တဲ့ဟင်းက မကပ်တဲ့ဒယ်အိုးနဲ့ ချက်တာထက် ပိုအရသာရှိလို့လား" ချူးရှောင်က မေးရာတွင် သူ၏ မျက်နှာတွင် မာနအရိပ်အယောင်များ ပေါ်လာသည်။
"မဟုတ်ပါဘူး။ ဒီလို သံဒယ်အိုးနဲ့ ချက်ခြင်းက ပိုပြီး အာရုံစိုက်ဖို့ လိုအပ်တယ်လို့ ခံစားရလို့ပါ"ယွမ်ကျိုးက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"မကပ်တဲ့ဒယ်အိုးအတွက်လည်း အာရုံစိုက်မှု အများကြီး လိုအပ်တယ်လို့ ငါထင်တယ်" ချူးရှောင်က လေးနက်စွာ တုံ့ပြန်သည်။
"မင်း တကယ်ပဲ အဲဒီလို ထင်တာလား" ယွမ်ကျိုးက မေးလိုက်သည်။
"ဟုတ်တယ်" ချူးရှောင်က ခိုင်မာစွာ ဖြေသည်။
"အိုကေ... ဒါလည်း ကောင်းတာပဲ" ယွမ်ကျိုးက ခေါင်းညိတ်ပြီးနောက် မီးဖိုချောင်ထဲသို့ ပြန်လှည့်ကာ သူ၏အလုပ်ကိုသာ ဆက်လုပ်နေသည်။
"ဒါလည်း ကောင်းတာပဲလား" ချူးရှောင် အံ့အားသင့်သွားသည်။ ယွမ်ကျိုးသည် သူနှင့် ငြင်းခုံလိမ့်မည် ထင်ထားသော်လည်း ယွမ်ကျိုးက အငြင်းမပွားဘဲ အသိအမှတ်ပြုလိုက်သဖြင့် သူ ပြင်ဆင်ထားသော အကြောင်းပြချက် တစ်ထောင်မှာ အလဟဿ ဖြစ်သွားရသည်။
"ဟဲဟဲ... ပျင်း
စရာကြီး" ချူးရှောင်က ရေရွတ်ပြီး ချက်ချင်းပင် ထွက်သွားပါတော့သည်။
***