အပေါ်ယံကြည့်မည်ဆိုလျှင်၊ ယွမ်တောင်တွင် မဟာဧကရာဇ် အနည်းငယ်သာရှိသော်လည်း တကယ်တမ်းမှာတော့ ထိုထက်ပို၍ ရှိကြသည်။
ထို့ကြောင့် လုမင်၏နောက်ကွယ်တွင် မဟာဧကရာဇ်တစ်ပါး ရှိနေခြင်းက သိပ်တော့ အံ့ဩစရာမရှိပေ။
"အဘိုးကြီး၊ မင်းပဲ" မဟာဧကရာဇ် ထျန်းလော့က မျက်မှောင်ကြုတ်ကာ ဦးလေးခုန်းကို ကြည့်လိုက်သည်။
"လုမင်က တာ့ယန်ဆေးခန်းမရဲ့ ခန်းမသခင်ပဲ။ မင်းသူ့ကိုထိဝံ့ရင် ငါမင်းကိုသတ်မယ်" ဦးလေးခုန်းက ခပ်အေးအေးသာ ပြောလိုက်သော်လည်း သူ့အသံက သတ်ဖြတ်လိုစိတ် အပြည့်ရှိသည်။
လူအတော်များများ အံ့အားသင့်သွားကြ၏။ ဤအဘိုးကြီးက အမှန်တကယ် ကြီးစိုးသည်။ ထျန်းလော့ မဟာဧကရာဇ်က လုမင်ကို သတ်ချင်လျှင် မဟာဧကရာဇ် ထျန်းလော့ကို သတ်ရမည်။
ဤအဘိုးကြီးက အမှန်ပင် ထိုမျှအစွမ်းထက်ခြင်း ဖြစ်မည်လော။
"ငါ့ကိုသတ်မယ်...၊ သန်းခုန်း... မင်းက ယုံကြည်မှုတော်တော်မြင့်မားနေတာပဲ။ မင်းရဲ့ အထွတ်အထိပ်ကာလမှာတောင် ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ အခုလို မင်းဒဏ်ရာရနေချိန်မှာ မင်းက ငါ့ရဲ့ပြိုင်ဘက်တောင်ဖြစ်ပါ့မလား" မဟာဧကရာဇ် ထျန်းလော့က လှောင်ပြောင်လိုက်သည်။
မိစ္ဆာနတ်ဘုရားမျိုးနွယ်စုနှင့် တိုက်ပွဲတွင်... မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် မဟာဧကရာဇ်များကို လောကတံခါးမှတစ်ဆင့် ပို့ဆောင်ရန်အတွက် ယွမ်တောင်၏ မဟာဧကရာဇ်အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။
မဟာဧကရာဇ်များသည် မဟာလမ်းစဥ်၏ ကာကွယ်မှုကို ရရှိထားသောကြောင့် ထိခိုက်ဒဏ်ရာရရန် ခက်ခဲသည်။ သို့သော်လည်း ၎င်းတို့ ဒဏ်ရာရပြီးသည်နှင့် ပြန်လည်ကောင်းမွန်လာရန် မလွယ်ကူတော့ပေ။
ဤကာလအတွင်းတွင် ရှန့် မဟာဧကရာဇ်ကဲ့သို့သော မဟာဧကရာဇ်များက ပြန်လည်ကောင်းမွန်လာစေရန် တိတ်တဆိတ် ကုသနေခဲ့ကြသည်။ သို့သော်လည်း ဦးလေးခုန်းနှင့် မဟာဧကရာဇ် ဝူရှန်းတို့၏ ဒဏ်ရာများက မပျောက်ကင်းသေးသလို ၎င်းတို့၏ တိုက်ပွဲအင်အားသည်လည်း အထွတ်အထိပ်တွင် မရှိသေးပေ။ ထို့ကြောင့် မဟာဧကရာဇ် ထျန်းလော့က ထိုသို့ပြောခဲ့ခြင်း ဖြစ်သည်။
"ရွံစရာကောင်းလိုက်တာ၊ သူတို့က မဟာဧကရာဇ်တွေ မိစ္ဆာနတ်ဘုရားမျိုးနွယ်နဲ့ တိုက်ပွဲမှာ ဒဏ်ရာရခဲ့တာကို အခွင့်ကောင်းယူဖို့ ရောက်လာကြတယ်" ဟွမ်လီ မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။ မဟာဧကရာဇ် ထျန်းလော့၏ အေးစက်သော အကြည့်က ဟွမ်လီအပေါ် ဖြတ်သန်းသွား၏။
သို့သော်လည်း ဟွမ်လီက မကြောက်ရွံ့ဘဲ မဟာဧကရာဇ်ထျန်းလော့ကို စိုက်ကြည့်နေဆဲပင်။
"ရွှမ်" ဦးလေးခုန်းက ဘာမှထပ်မပြောတော့ဘဲ သူ့ဓားကို ဓားအိမ်မှ တိုက်ရိုက်ထုတ်လိုက်သည်။ ဤအခိုက်တွင်၊ ဦးလေးခုန်းထံမှ အနှိုင်းမဲ့ ထက်မြက်သော အငွေ့အသက်တို့ ထွက်ပေါ်လာ၏။ သူက အိုမင်းနေသော အဘိုးအိုတစ်ဦးအသွင်မှ ပြိုင်စံရှား ဓားသမားတစ်ဦးအသွင် ပြောင်းလဲလာတော့သည်။
"ဝုန်း" ဒဏ်ရာရနေသော ဦးလေးခုန်းကို ရင်ဆိုင်ရသော်လည်း မဟာဧကရာဇ် ထျန်းလော့ဟာ ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။ သူက အရှိန်အဝါများကို အမြင့်ဆုံးထုတ်ဖော်လိုက်သည်။ တံဆိပ်ကြီးတစ်ခုကလည်း သူ့ဦးခေါင်းထက်တွင် လွင့်မျောလာ၏။
"မင်းတို့နှစ်ယောက်တည်းနဲ့ လုမင်ကို မကယ်တင်နိုင်မှာ ငါကြောက်တယ်" ဤအချိန်တွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ဟဲမိသားစုဝင် ကျွမ်းကျင်သူများ၏ အထက်တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။
လူအတော်များများ၏ နှလုံးသားများက တုန်ခါသွားကြသည်။
ဟဲမိသားစု၏ မဟာဧကရာဇ်ကြီး ရောက်လာပြီ။
မဟာဧကရာဇ်အဆင့် အင်အားစုကြီးသုံးခုမှ မဟာဧကရာဇ်သုံးပါးစလုံး ရောက်ရှိလာကြပြီ ဖြစ်သည်။
လုမင်က ယနေ့မှာ အမှန်တကယ်ကို ကိစ္စပြတ်ပြီ။
လုမင်၏ဘက်တွင် မဟာဧကရာဇ်နှစ်ပါးရှိသော်လည်း မဟာဧကရာဇ်သုံးပါးကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ထို့ပြင်၊ အင်အားစုကြီးသုံးခုမှ ကျွမ်းကျင်သူများကလည်း အများကြီး ရှိခဲ့သည်။
လူအတော်များများ သက်ပြင်းချလိုက်ကြလေသည်။
"ဝုန်း" မဟာဧကရာဇ်ဝူရှန်းက အားကောင်းသော အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။ သို့ရာတွင်၊ ဟန်မိသားစု၏ မဟာဧကရာဇ်သည်လည်း သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ သူက မဟာဧကရာဇ်ဝူရှန်းကို ဟန့်တားထားပြီး လုမင်အတွက် အကူအညီကို ပြတ်စေသည်။
"မင်းတို့က မဟာဧကရာဇ်တွေဖြစ်ပြီး အငယ်လေးတစ်ယောက်ကို ကိုင်တွယ်ဖို့ လူအများကြီး စုပေါင်းနေရတယ်။ တကယ်ကို ရှက်စရာပဲ" မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။
"လုမင်က ငါတို့ မိသားစုကြီးနှစ်ခုကြားကို သွေးထိုးခဲ့တာကြောင့် တန်ရာတန်ကြေးကို သူ ပေးဆပ်ရမယ်။ နောက်ပြီးတော့ ဒီနေ့လာခဲ့တာမှာ အကြောင်းတစ်ခု ရှိသေးတယ်။ ဝူရှန်း... မင်းကို ငါတို့ပြောစရာရှိတယ်"
"အခုကစပြီး ကောင်းကင်ဧကရာဇ်မြို့တော်ဟာ ဟဲမိသားစုနဲ့ ဟန်မိသားစုရဲ့ ပိုင်ဆိုင်မှုဖြစ်လိမ့်မယ်။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်လည်း အတူတူပဲ။ ဝူရှန်း... မင်း ကောင်းကင်ဧကရာဇ်မြို့တော်ကနေ ထွက်သွားသင့်တယ်" ဟဲမိသားစု၏ မဟာဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။
'ဘာ'
လူအများက ထိုစကားကိုကြားသောအခါ ဒေါသထွက်သွားကြသည်။ အထူးသဖြင့်၊ လုမင်နှင့် ယွမ်တောင်မြင့်မြတ်သောကျောင်းတော်မှ ကျန်လူများမှာ ဒေါသပေါက်ကွဲသွား၏။
ဟန်မိသားစုနှင့် ဟဲမိသားစုတို့က ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို သူတို့ကိုယ်ကျိုးအတွက် သိမ်းပိုက်လိုကြသည်။ ၎င်းကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟု ဖော်ပြ၍ပင် မရတော့ပါ။
"ဟားဟားဟား၊ ဘာကို မဟာဧကရာဇ်လဲ။ မင်းတို့က သောက်ရှက်မရှိတဲ့ ခွေးအိုကြီးတွေပဲဖြစ်ရမယ်" လုမင်က လက်သီးကို ဆုပ်ပြီး လှောင်ပြောင်ရယ်မောလိုက်သည်။
သူ့စကားများက ဟဲမိသားစု၏ မဟာဧကရာဇ်၊ ဟန်မိသားစု၏ မဟာဧကရာဇ်နှင့် မဟာဧကရာဇ် ထျန်းလော့တို့ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။ သူတို့က လုမင်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
အင်အားစုကြီးသုံးခုမှ အခြားသူများမှာလည်း ဒေါသထွက်ကုန်ကြတော့သည်။
"လုမင်၊ မင်း ဘာပြောလိုက်တာလဲ"
"မင်းကများ မဟာဧကရာဇ်ကြီးတွေကို စော်ကားဝံ့တယ်။ မင်း သေချင်နေတာပဲ"
ဟန်မိသားစုဝင်များနှင့် အခြားလူများက အော်ဟစ်လိုက်ကြသည်။
"ငါမှားလို့လား၊ ငါ့အမြင်အရတော့ မင်းတို့ရဲ့ မဟာဧကရာဇ်ကြီးသုံးပါးက မိစ္ဆာနတ်ဘုရားမျိုးနွယ်လောက်တောင် မသန့်ရှင်းကြဘူး"
"ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ရဲ့ မဟာဧကရာဇ်ကြီးသုံးပါးနဲ့ အခြား မဟာဧကရာဇ်ကြီးတွေက ယွမ်တောင်ကို ကာကွယ်ဖို့အတွက် အသက်စွန့် ကြိုးပမ်းခဲ့ကြတယ်။ နောက်ဆုံးမှာ မဟာမကရာဇ်ကြီး ထျန်းဟော်နဲ့ မဟာဧကရာဇ်ကြီး ဟွင်းထျန်းတို့က အသက်ကိုစတေးခဲ့ပြီး အခြား မဟာဧကရာဇ်ကြီးတွေလည်း ဒဏ်ရာရရှိခဲ့တယ်။ ဒါပေမဲ့ မင်းတို့ကတော့ လိပ်လို ပုန်းအောင်းခဲ့ပြီး အခြေအနေကို အခွင့်ကောင်းယူခဲ့ကြတယ်"
"မင်းတို့က သေရမှာကြောက်ရုံတင်မကဘဲ မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို တိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းတွေရဲ့ နယ်မြေကိုလည်း သိမ်းပိုက်ချင်သေးတယ်။ မင်းတို့ကမှ ခွေးတွေမဟုတ်ရင် ဘာလဲ။ မဟုတ်သေးဘူး... ငါမှားသွားတယ်။ ခွေးတွေတောင် သူတို့ကို အစာကျွေးသူအပေါ် သစ္စာရှိတယ်။ မင်းတို့ကို ခွေးလို့ခေါ်တာက ခွေးတွေကို စော်ကားတာပဲ"
လုမင်က အဆက်မပြတ် ပြောလိုက်သည်။ သူ့ရင်ဘတ်ထဲတွင် ဒေါသဖြင့် မီးလျှံတို့ပင် လောင်ကျွမ်းနေသလို ခံစားရပေသည်။
ဟန်မိသားစု၊ ဟဲမိသားစုနှင့် တာ့လော့ကောင်းကင်ဂိုဏ်းတို့မှ လူများလည်း ရှက်ရွံ့ခြင်း၊ ဒေါသဖြစ်ခြင်းတို့ဖြင့် လုမင်ကို စိုက်ကြည့်လိုက်ကြသည်။
"ဟမ့်၊ မင်းလေသံကတော့ တော်တော်မြင့်တယ်။ မသိရင် မင်းက အရမ်းကိုကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ခဲ့သလိုပဲ"
"မင်းကိုယ်တိုင်ကရော မိစ္ဆာနတ်ဘုရားမျိုးနွယ် ဘာလုပ်နေခဲ့လို့လဲ"
ဟဲမိသားစုနှင့် ဟန်မိသားစုတို့မှ လူငယ်များက မနေနိုင်ဘဲ မေးလိုက်ကြသည်။
"ငါက မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို တိုက်ခိုက်နေခဲ့တာ" လုမင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို တိုက်ခိုက်တာလား။ ဒါက ကောင်းမွန်တယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မင်းက ငါးလေးတွေ၊ ကြက်ကလေးတွေကို သုတ်သင်ဖို့ အခွင့်အရေးယူခဲ့ရုံပါပဲ။ ဒါက စစ်ပွဲတစ်ခုလုံးအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိမှာလဲ။ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက် အမွှန်းတင်မနေနဲ့" ဟီမိသားစုမှ လူငယ်တစ်ဦးက လှောင်ပြောင်လိုက်သည်။
"ဟားဟားဟား၊ တကယ်ကို ဘမျိုးဘိုးတူတွေပါပဲ" ထိုအချိန်တွင်၊ မဟာဧကရာဇ်ဝူရှန်းက လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်သည်။ ထို့နောက် သူ့လေသံကိုမြှင့်ပြီး ပြောလိုက်၏။ "ဒါဆိုရင် ဒီနေ့ ငါပြောပြလိုက်မယ်။ လုမင်က မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို တိုက်ခိုက်ရာမှာ ဘာတွေလုပ်ခဲ့သလဲ"
"တကယ်တမ်း မိစ္ဆာနတ်ဘုရားမျိုးနွယ်က ဖွင့်လှစ်ထားတဲ့ ဟင်းလင်းပြင်လမ်းကြောင်းကို လုမင်က တံဆိပ်ခတ်ခဲ့တာ" မဟာဧကရာဇ်ဝူရှန်း၏ အသံက ကျယ်လောင်ပြတ်သားပြီး ကောင်းကင်ဧကရာဇ်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
"ဘာ၊ လုမင်က ဟင်းလင်းပြင်လမ်းကြောင်းကို တံဆိပ်ခတ်လိုက်တာလား။ အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"လုမင်ရဲ့ ကျင့်ကြံမှုနဲ့ သူက ဘယ်လိုလုပ်နိုင်မှာလဲ"
လူအများက မယုံကြည်နိုင်ဟန် ပြသခဲ့ကြသည်။
"ဒါက လုံးဝ မဖြစ်နိုင်ဘူး၊ သူက လုမင်ရဲ့ အဆင့်အတန်းကို တမင်တကာ မြှင့်တင်နေတာ"
"လုမင်းရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီလိုဟာသမျိုးကို ဘယ်သူမှ မယုံဘူး"
ဟန်မိသားစု၊ ဟဲမိသားစုနှင့် တာ့လော့ကောင်းကင်ဂိုဏ်းတို့မှ လူများက အော်ဟစ်ကာ ငြင်းဆိုလိုက်ကြသည်။
"လုမင်က ကစဉ့်ကလျားနိယာမကို အသုံးပြုပြီး ရှေးဟောင်း ကစဉ့်ကလျားကျောက်ပြားကို ပြန်လည်အသက်သွင်းခဲ့တယ်။ အဲဒီအချိန်က ငါတို့အကြီးအကဲတွေဟာ ဟင်းလင်းပြင်လမ်းကြောင်းကို ပိတ်ဖို့တိုက်ပွဲအတွင်းမှာ လုမင်ကိုကူညီခဲ့ရုံပဲ"
"မဟာဧကရာဇ်တွေရဲ့ နာမည်နဲ့ ငါကျိန်ဆိုဝံ့တယ်။ ဒါက လုံးဝ အမှန်တရားပဲ။ လုမင်သာမရှိရင် ယွမ်တောင်ဟာ စစ်ပွဲရဲ့ မီးလျှံတွေထဲမှာ ပိတ်မိနေဦးမှာ သေချာတယ်။ ဒါပေမဲ့ အခုတော့ သူတို့က ဒီလိုဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကို သတ်ချင်နေကြတယ်။ မင်းတို့က ဒါကို ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား" မဟာဧကရာဇ် ဝူရှန်း၏ အသံက ကောင်းကင်ဧကရာဇ်မြို့တော်တစ်ခွင် ပျံ့နှံ့သွားသည်။
သူက ကောင်းကင်ဧကရာဇ်မြို့တော်မှ အခြားသူများကို ပြောလိုက်ခြင်း ဖြစ်၏။
လူအများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
မဟာဧကရာဇ် ဝူရှန်းက မဟာဧကရာဇ်၏အမည်ဖြင့် ကျိန်ဆိုခဲ့ခြင်းဖြစ်၍ အမှားအယွင်း မရှိနိုင်ပေ။
ထိုနေ့က တိုက်ပွဲ၏နောက်ကွယ်တွင် ဤမျှများပြားသော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပါ။
ထို့ထက် အကြီးမားဆုံး ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်က လုမင်ဖြစ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။ သို့ရာတွင် လုမင်က ဤကိစ္စကို ဘယ်တုန်းကမှ ထုတ်မပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။ အင်အားစုကြီးသုံးခု၏ ဖိအားပေးခြင်းကြောင့် မဟာဧကရာဇ် ဝူရှန်းက အမှန်အတိုင်းပြောခဲ့ခြင်းမဟုတ်လျှင် မည်သူမျှတောင် သိရှိနိုင်မည် မဟုတ်ပါချေ။
အင်အားစုကြီးသုံးခုက မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို ချေမှုန်းရန် အကြီးမားဆုံး ဂုဏ်ထူးဆောင်ခဲ့သော ပုဂ္ဂိုလ်ကို သတ်ရန်ကြိုးစားနေကြသည်။
"ဝှစ်... ဝှစ်... ဝှစ်..." လုမင်နှင့် အခြားသူများ၏ နောက်ကွယ်တွင် ပုံရိပ်တချို့ ပေါ်လာခဲ့သည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်လာတော့သည်။