"ဟင်းငါးမျိုးစလုံးက အရမ်းကောင်းတယ်။ ပြဿနာက ဟင်းသီးဟင်းရွက်ဟင်းတွေက နည်းနေတာပဲ" ယွမ်ကျိုးက သူရရှိထားသော ဒေါင်ကျင်းဟင်းလျာအတွဲအတွက် ကျေနပ်စွာ ရေရွတ်လိုက်သည်။
ယခုတစ်ကြိမ် ရရှိလိုက်သော ဆုလာဘ်မှာ တစ်ပြိုင်နက်တည်း ဟင်းလျာငါးမျိုး ရရှိခြင်းဖြစ်ရာ အလွန်ပင် ကျေနပ်စရာကောင်းလှသည်။ ကံစမ်းမဲနှိုက်အပြီး ခဏတာ အနားယူပြီးနောက် ယွမ်ကျိုးက သူသိချင်နေသောအရာကို ထပ်မံမေးမြန်းလိုက်သည်။
"စနစ်... 'အထူးဆုလာဘ်' က ဘာလဲ"
"လက်ခံပြီးရင် သိရပါလိမ့်မယ်" စနစ်ကထုံးစံအတိုင်း လျှို့ဝှက်ချက်လုပ်ကာ ပြန်ဖြေသည်။
ယွမ်ကျိုးမှာ စနစ်၏ ကြိုတင်မပြောတတ်သော အကျင့်ကို သိနေသဖြင့် ပခုံးတွန့်ကာ ပြန်ပြောလိုက်သည်။
"ဒါဆို အလယ်အလတ်အဆင့် စားဖိုမှူးအတွက် ဆုလာဘ်ကို အရင်စစ်ဆေးကြည့်တာ ပေါ့" သို့သော် သူက စနစ်ကို ကလိမ်ကကျစ် ဉာဏ်သုံးကာ စတင်မေးခွန်းထုတ်တော့သည်။
"စနစ်... အခု ငါက အလယ်အလတ်အဆင့် စားဖိုမှူး ဖြစ်သွားပြီဆိုတော့ အရင်က ငါက ဂျူနီယာစားဖိုမှူးပဲပေါ့... ဟုတ်လား"
"ဟုတ်ပါတယ်"
"ဒါဆိုရင် ဂျူနီယာစားဖိုမှူးတုန်းက ဆုလာဘ်က ဘယ်မှာလဲ" ယွမ်ကျိုးက တိုက်ရိုက်ပင် အကြွေးတောင်းလိုက်သည်။
"ဂျူနီယာစားဖိုမှူးအတွက် ဆုလာဘ်မရှိပါ"စနစ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ဒါဆို ဘာလို့ အလယ်အလတ်အဆင့်ကျမှ ဆုလာဘ်ရှိနေတာလဲ"
"အဆင့်တက်ပြီးနောက်ပိုင် အလယ်အလတ်အဆင့်စားဖိုမှူး၏ ဆုလာဘ်ကို အလိုအလျောက် ရရှိမှာဖြစ်ပြီး တကယ်လို့ဆိုင်ရှင်မလိုချင်ရင် အခွင့်အရေးကို စွန့်လွှတ်နိုင်ပါတယ်" စနစ်ကပြန်လည်ခြိမ်းခြောက်လာသည်။
"အဟမ်း... အဟမ်း... လက်ခံတယ်" ယွမ်ကျိုးသည် စနစ်ကို ဆက်မပြောတော့ဘဲ ဆုလာဘ်ကို ချက်ချင်း လက်ခံလိုက်သည်။ သူသာ ဆက်ပြီး ငြင်းခုံနေပါက ဤခမ်းနားသော ဆုလာဘ်ကို ဆုံးရှုံးရပေလိမ့်မည်။
အလယ်အလတ်အဆင့် စားဖိုမှူး၏ ဆုလာဘ်မှာ "လက်ဆောင်ထုပ်" ပုံစံဖြင့် ပေါ်လာသည်။ ယွမ်ကျိုး ထိုသေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ အတော်ကြာအောင် မှင်သက်သွားရသည်။ အကြောင်းမှာ ယခုတစ်ကြိမ်တွင် ဟင်းလျာစုစုပေါင်း (၁၀) မျိုးအထိ ပါဝင်နေသောကြောင့်ပင်။
"ပုံမှန်ဆိုရင် ကပ်စေးနှဲတဲ့စနစ်က အံ့သြစရာကောင်းလောက်အောင် တစ်ခါတည်းနဲ့ ဟင်းဆယ်မျိုးတောင် ပေးနေပါ့လား... ဘယ်လောက်တောင် ရက်ရောလိုက်လဲ" ယွမ်ကျိုးက ကျေနပ်အားရစွာ ပြောလိုက်သည်။
" နောင်ပိုင်းအကြီးတန်းစားဖိုမှူးအဆင့်ကိုရောက်ပြီး မာစတာစားဖိုမှူး ဖြစ်လာတဲ့အခါ ဒီထက်ပိုတဲ့ဆုလာဘ်မျိုးကို ရရှိပါအုံးမယ်"
ယခုရရှိလိုက်သော ဆုလာဘ်မှာ "ငါးဟင်းပွဲတော်" ပင် ဖြစ်သည်။ ငါးတစ်ကောင်လုံး၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို အသုံးပြု၍ ချက်ပြုတ်ရသော ထူးခြားသည့် ဟင်းလျာ (၁၀) မျိုးမှာ ယွမ်ကျိုး၏ မီနူးတွင် ထပ်တိုးလာခဲ့ပြီဖြစ်သည်။
"ဟားဟား... အခုဆိုရင် ငါက ပွဲတော်တစ်ခုလုံးရဲ့ ဟင်းလျာတွေကို ကျွမ်းကျင်စွာ ချက်တတ်တဲ့ စားဖိုမှူးတစ်ယောက် ဖြစ်နေပြီ" ယွမ်ကျိုးက ကျေနပ်စွာ ပြုံးလိုက်ပါတော့သည်။
ယွမ်ကျိုးသည် အမြဲတမ်း နောင်တရနေခဲ့သော အချက်တစ်ခု ရှိသည်။ ၎င်းမှာ အရေးကြီးသော ပွဲတော်တစ်ခု သို့မဟုတ် ဂုဏ်သရေရှိ ဧည့်သည်များအတွက် အသင့်စားဟင်းလျာ၊ ပူပူနွေးနွေးဟင်းလျာ၊ ဟင်းချိုနှင့် အချိုပွဲများအထိ အစီအစဉ်တကျ ပါဝင်သော "ပြီးပြည့်စုံသော ဟင်းလျာပွဲတော်"ကို မချက်ပြုတ်နိုင်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ချူးရှောင် ဆိုင်သို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသော်လည်း၊ ယွမ်ကျိုးသည် ဥက္ကဋ္ဌကျိုးနှင့် ချူးရှောင်တို့ကို ညစာစားရန် ဘယ်သောအခါမှ တကူးတက ဖိတ်ခေါ်ခြင်း မပြုခဲ့ပေ။
သို့သော် ယခုတော့ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။ ယွမ်ကျိုးသည် စနစ်ထံမှ "ငါးဟင်းပွဲတော်" ကို ရရှိခဲ့ပြီဖြစ်ရာ ပြီးပြည့်စုံသော ပွဲတော်တစ်ခုကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စွမ်း ရှိလာခဲ့သည်။ ပြင်ပစားသောက်ဆိုင်များတွင် ငါးဟင်းများစွာ ရှိသော်လည်း ငါးတစ်ကောင်လုံးကို အစိတ်အပိုင်းအလိုက် အနုစိတ်ချက်ပြုတ်ရသော စစ်မှန်သည့် "ငါးဟင်းပွဲတော်" ကို ချက်နိုင်သည့် စားဖိုမှူးမှာ အလွန်နည်းပါးလှသည်။
ယွမ်ကျိုးသည် လက်နှစ်ဖက်ကို ခါးပေါ်တင်ကာ ကျေနပ်စွာ ပြုံးနေစဉ်မှာပင် သူ၏ဖုန်းမှာ မြည်လာခဲ့သည်။
*“တင်းလင်းလင်း... တင်းလင်းလင်း...”*
ဖုန်းမျက်နှာပြင်တွင် "ဥက္ကဋ္ဌကျိုး"ဟူသော နာမည်ကို တွေ့လိုက်ရသောအခါ ယွမ်ကျိုးက ချက်ချင်း ကိုင်လိုက်သည်။
"သူ့အကြောင်း တွေးမိတာနဲ့ ဖုန်းဆက်လာတာပဲ... တိုက်ဆိုင်လိုက်တာ"
"သူဌေးလေးယွမ်... အခု အလုပ်တွေ ပြီးပြီလား" ဥက္ကဋ္ဌကျိုးက ကြင်နာစွာ မေးသည်။
"ဟုတ်ကဲ့ ဥက္ကဋ္ဌကျိုး... အခုမှ သိမ်းပြီးတာပါ"
"ဟားဟား... ငါ မင်းကို အချိန်မီ ဖုန်းဆက်လိုက်တာပဲ။ ချူးရှောင် ပြန်ရောက်နေပြီဆိုတာ မင်းသိမှာပါ" ဥက္ကဋ္ဌကျိုးက ဆိုသည်။
"ဟုတ်ကဲ့... သိပါတယ်" ယွမ်ကျိုးက ပြီးခဲ့သော တစ်လတာအတွင်း ချူးရှောင်၏ ထူးဆန်းသော အပြုအမူများကို ပြန်တွေးရင်း ဖြေလိုက်သည်။
"သူပြန်ရောက်ရင် ငါတို့ မင်းရဲ့ဆိုင်မှာ ညစာသွားစားကြမယ်လို့ ကတိပေးထားတာ မှတ်မိလား။ ဒီတစ်ခါတော့ မင်းရဲ့ဆိုင်မှာစားကြမယ်။ အဆင်ပြေတယ်မလား" ဥက္ကဋ္ဌကျိုးက ခင်မင်ရင်းနှီးစွာ မေးလိုက်သည်။
"ပြဿနာမရှိပါဘူး" ယွမ်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် ဖြေသည်။ မနေ့ကသာဆိုလျှင် သူ အနည်းငယ် တွန့်ဆုတ်နေဦးမည်ဖြစ်သော်လည်း ယခုတော့ သူ့တွင် လက်နက်ကောင်း ရှိနေပြီဖြစ်သည်။
"ကောင်းပြီ... ချူးရှောင်ရဲ့ မာနကို ဖိနှိပ်ချင်ရင်တော့ ဒီတစ်ခါ မင်းရဲ့ စစ်မှန်တဲ့ စွမ်းရည်တွေကို ပြရလိမ့်မယ်နော်" ဥက္ကဋ္ဌကျိုးက ပြုံးရွှင်စွာ တိုက်တွန်းသည်။
"ဟုတ်ကဲ့... သေချာပေါက်ထုတ်ပြပါ့မယ်"
ယခင်က ချူးရှောင်အား "မာနကြီးသော ချူး" အမည်ပြောင်ပေးခဲ့သော်လည်း ယခုအခါတွင် ထိုလူက သူ့အား အနိုင်ယူနိုင်ဖွယ် မရှိတော့ကြောင်း ယွမ်ကျိုး သေချာနေပြီဖြစ်သည်။
"ဟားဟား... ဒါဆို ငါ မင်းကို အားကိုးလိုက်တော့မယ်။ နောက်လေးရက်နေရင် ညနေခင်းမှာ တွေ့ကြတာပေါ့" ဥက္ကဋ္ဌကျိုးက ကျေနပ်အားရစွာ ပြောလိုက်ပါတော့သည်။
"အင်း... ဒါပေမဲ့ ဒီတစ်ခါ ပြင်ဆင်မဲ့ ဟင်းပွဲတော်ကို နှစ်ယောက်တည်းနဲ့ ကုန်အောင် စားနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နောက်ထပ် နှစ်ယောက်လောက် ထပ်ခေါ်လာခဲ့ပြီး စောစောစီးစီး တန်းစီဖို့ မမေ့နဲ့ဦး" ယွမ်ကျိုးက ခဏစဉ်းစားပြီး သတိပေးလိုက်သည်။
"ဟင်းပွဲတော်လား... အိုကေ၊ ပြဿနာမရှိပါဘူး။ မင်းရဲ့ စည်းမျဉ်းတွေကို ငါသိပြီးသားပါ ခေါင်းမာတဲ့ မြည်းလေးရာ" ဥက္ကဋ္ဌကျိုးက အတူလိုက်ပါမည့်သူ နှစ်ဦးအကြောင်းကို ချက်ချင်း စဉ်းစားမိသွားပြီး အလွယ်တကူ သဘောတူလိုက်သည်။
"ဒါဆို လေးရက်နေရင် တွေ့ကြတာပေါ့ ဥက္ကဋ္ဌကျိုး" ယွမ်ကျိုးက နှုတ်ဆက်လိုက်သည်။
"ကောင်းပြီ... ငါ မနှောင့်ယှက်တော့ဘူး" ဥက္ကဋ္ဌကျိုးက ဖုန်းကို အသာအယာ ချလိုက်သည်။
ဖုန်းချပြီးသည်နှင့် ဥက္ကဋ္ဌကျိုးသည် သူခေါ်လာရန် အဆင်သင့်ဖြစ်နေသော ကိုယ်စားလှယ်များထံသို့ ချက်ချင်း ဖုန်းဆက်တော့သည်။ တစ်ဖက်တွင်ယွမ်ကျိုးသည် ငါးကို ကိုင်တွယ်ပုံနှင့် ချက်ပြုတ်နည်း အမျိုးမျိုးကို ကျွမ်းကျင်လာစေရန် စတင်ပြင်ဆင်တော့သည်။ သူသည် ကျန်ရှိနေသော အခြားဆုလာဘ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ငါးဟင်းလျာများအပေါ်မှာသာ အာရုံအပြည့် ထားလိုက်သည်။
ယွမ်ကျိုး၏အမြင်တွင် ချူးရှောင်သည် အမှန်တကယ်ပင် တော်သော ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးသည် မိမိကိုယ်မိမိ ယုံကြည်မှု ရှိသော်လည်း ပေါ့လျော့၍ မရကြောင်း နားလည်ထားသည်။ ဤဟင်းလျာများကို ကျွမ်းကျင်ပိုင်နိုင်ရန် လေးရက်ဆိုသည်မှာ သူ့အတွက် လုံလောက်သော အချိန်ဖြစ်သည်။
သို့သော် သူ လေ့ကျင့်မှု မစတင်မီ ဟင်းလျာအမည်များကို စစ်ဆေးရန် မီနူးကို ဖွင့်ကြည့်လိုက်သောအခါ အံ့အားသင့်စရာတစ်ခုကို ရှာတွေ့ခဲ့သည်။ မီနူးအောက်ခြေတွင် စနစ်မှ ရေးသားထားသော စာလုံးငယ်လေးများကို တွေ့လိုက်ရသည်။
[မှတ်ချက်] - ငါးဟင်းလျာအတွဲကို ပွဲတော် အတွက်သာ အထူးပြင်ဆင်ထားခြင်း ဖြစ်သည်။ ပုံမှန်အချိန်များတွင် သီးခြားခွဲ၍ ရောင်းချ၍ မရပါ။
"သေစမ်း" ထိုစာကို ဖတ်ပြီးနောက် ယွမ်ကျိုး မနေနိုင်ဘဲ ဆဲဆိုလိုက်မိသည်။
"စနစ်... အဲဒါ ဘာကို ဆိုလိုတာလဲ" ယွမ်ကျိုးမှာ သူ၏ တရုတ်စာ နားလည်နိုင်စွမ်းကိုပင် သံသယ ဝင်သွားရသည်။
"မွေးနေ့ပွဲ၊ အရေးကြီးသော ဧည့်ခံပွဲ၊ မင်္ဂလာဆောင်နှင့် အထိမ်းအမှတ် အခမ်းအနားတွေမှာပဲ ငါးပွဲတော်ကို ကျင်းပနိုင်ပ်တယ်"
"ငါးဟင်းလျာအတွဲကို တစ်ပွဲချင်း မှာလို့မရဘူး၊ တစ်စုံလုံးမှာရမယ်လို့ မင်းပြောနေတာပေါ့။ ဒါက သက်သက်ညစ်တာပဲ စနစ် မင်းက ဒီစာတွေကို ငါမမြင်ရအောင် တမင် ဖျောက်ထားတာလား" ယွမ်ကျိုးက ဒေါသတကြီး ညည်းညူလိုက်သည်။
သို့သော် စနစ်က ဘာမှ ပြန်မပြောပေ။ ယွမ်ကျိုးသည် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို အေးအေးထားလိုက်ပြီးနောက် ထပ်မံမေးမြန်းလိုက်သည်။
"ဒါဆို တရုတ်စားဖိုမှူးများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌက လာစားတာဆိုရင်ရော အရေးကြီးတဲ့ ပွဲတော်အဖြစ် သတ်မှတ်လို့ ရမလား"
"အရေးကြီးသော ဧည့်ခံပွဲ ဟုတ်၊ မဟုတ်ကို ဆိုင်ရှင်ကသာ ဆုံးဖြတ်နိုင်ပါသည်"
"စနစ်... မင်းက တစ်ခါတလေကျတော့လည်း သိပ်မဆိုးပါဘူး" ထိုအခါမှသာ ယွမ်ကျိုး သက်ပြင်းချနိုင်တော့သည်။
ဤအဖြေက ယွမ်ကျိုးကို အလွန်ကျေနပ်စေသည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းက ဟင်း (၁၀) မျိုး ပါဝင်သော ငါးပွဲတော် တစ်ခုလုံးကို အပြည့်အဝ စားနိုင်မှာ မဟုတ်ပေ။ သို့သော် သူတို့ စားနိုင်၊ မ
စားနိုင်ထက် စည်းမျဉ်းကတော့ စည်းမျဉ်းပင် မဟုတ်ပါလား...
***