မုန့်ဝမ်သည် လူသူကင်းမဲ့သော တောင်ကုန်းမှ ထွက်ခွာလာပြီးနောက် ဖီးနစ်တောင်ကြားသို့ ပြန်ရောက်သည်နှင့် ရှိုက်ကြီးတငင် ငိုကြွေးနေကြသော တောင်ထိပ်သခင် အချို့နှင့် တိုးလေတော့သည်။
“သခင်မ မုန့်ဝမ်... နောက်ဆုံးတော့ ကိုယ်ယောင်ပြလာပြီပဲ။ ဒီရက်ပိုင်းတွေမှာ ဘယ်များ ရောက်နေခဲ့တာလဲ”
“လင်ကျူက အကြီးအကျယ် ကျူးကျော်လာပြီး ကျွန်ုပ်တို့ သွေးလမ်းစဉ်ဂိုဏ်းစုရဲ့ တောင်ထိပ် ငါးခုကို သိမ်းပိုက်သွားပြီ။ ဘယ်လိုလုပ်ကြမလဲ”
“နတ်သားတော်သာ ဒါကို သိသွားလို့ အမျက်ဒေါသ ရှေ့ထားမယ်ဆိုရင် ကျွန်ုပ်တို့အားလုံး ဘေးဒုက္ခကြီးနဲ့ ကြုံရမှာကို စိုးရိမ်မိပါတယ်”
မုန့်ဝမ်သည် သူတို့၏ မြည်တမ်းသံများကို အေးဆေးစွာ နားထောင်နေပြီးမှ -
“စိုးရိမ်စရာမလိုဘူး... ငါ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိတယ်။ မင်းတို့အားလုံး ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ကြစမ်း”
ထိုစကားကို ကြားသောအခါ တောင်ထိပ်သခင်များမှာ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရချေ၏။
သူတို့၏ အခြေစိုက်စခန်းများ အလုခံထားရသည်ကို သူမက စိုးရိမ်စရာမလိုဟု ပြောနေသလော။
“သခင်မ...”
သူတို့က ဆက်လက် မြည်တမ်းရန် ပြင်လိုက်သော်လည်း မုန့်ဝမ်၏ အေးစက်သော အကြည့်ကြောင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားကြတော့သည်။
“တင်ပြစရာ တခြားမရှိရင် ငါ့ရှေ့မှာ အရုပ်ဆိုးအကျည်းတန်အောင် ရပ်မနေကြနဲ့တော့”
ပြောပြီးသည်နှင့် မုန့်ဝမ်သည် သူတို့ကို လျစ်လျူရှုကာ သူမ၏ အိပ်ဆောင်အတွင်းသို့ ဝင်သွားချေ၏။
ကျန်ရှိနေသော တောင်ထိပ်သခင်များမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ အချိန်အတော်ကြာပြီးနောက် မျက်နှာပျက်နေသော တစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“ငါတို့ တကယ်ပဲ ဒီအတိုင်း ပြန်သွားကြမှာလား”
“ဒါကလွဲလို့ တခြား ဘာလုပ်နိုင်မှာလဲ”
တစ်ဦးကမူ မကျေမနပ်ဖြင့် အသံလွှင့်ကာ ညည်းတွားလိုက်သည်။
“ငါ့အထင်တော့ သခင်မ မုန့်ဝမ်က... လင်ကျူကို ငါတို့ သွေးလမ်းစဉ်ဂိုဏ်းစုရဲ့ တောင်ထိပ်တွေ အများကြီး သိမ်းခွင့်ပေးလိုက်တာ။ သူမက လင်ကျူကို ကြောက်နေတာများလား”
“ဘယ်သူသိမှာလဲ... ဒါပေမဲ့ လင်ကျူကို ကြောက်လွန်းလို့ ကိုယ်ယောင်တောင် မပြရဲဘူးဆိုတာကတော့ အလွန်အကျွံ ဖြစ်လွန်းပါတယ်”
“ဟူး... ကံဆိုးတာပဲ။ ဒီလို အားကိုးမရတဲ့ သခင်နဲ့ တွေ့ရတာကတော့ ကပ်ဘေးတစ်ခုပဲ။ နတ်သားတော် အမျက်ချောင်းချောင်း ထွက်လာတဲ့အခါ ငါတို့ရဲ့ အရင်က ကောင်းတာတွေကို ထောက်ထားပြီး အသက်ချမ်းသာပေးဖို့ပဲ မျှော်လင့်ရတော့တာပေါ့”
နှလုံးစားပိုးကောင်သည် ထိုလူများ၏ အတွေးများကို မုန့်ဝမ်ထံသို့ တစ်လုံးမကျန် ပြန်လည်ပြောပြကာ အတင်းအဖျင်း ဆိုလိုက်ချေ၏။
“သခင်... ဒီကောင်တွေက မရိုးသားဘူး။ သခင်မ ကွယ်ရာမှာ အတင်းပြောနေကြတာ။ ကျွန်တော့်အမြင်အရတော့ သခင်မရဲ့ အစွမ်းကို သိသွားအောင် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်”
“အချိန်မရှိဘူး”
မုန့်ဝမ်သည် တင်ပလ္လင်ခွေ ထိုင်လိုက်ကာ ‘သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက်’ ၏ အသုံးဝင်ပုံကို ဆက်လက် ဆင်ခြင်နေမိသည်။
သူမသည် တောင်ကုန်းတွင် ဆိပ်ငြိမ်စွာ ကျင့်ကြံနေစဉ်အတွင်း ပထမဦးစွာ ‘သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း’ ကျင့်စဉ်ကို အသုံးပြု၍ ဒဏ်ရာများကို ကုသခဲ့ချေသည်။ ဒဏ်ရာများ သက်သာသွားပြီးနောက်တွင်လည်း ချက်ချင်း ထွက်မသွားဘဲ ‘သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက်’ လျှို့ဝှက်ကျင့်စဉ်ကို စတင် လေ့လာခဲ့သည်။
ပုံရိပ်ယောင် အတတ်ပညာတွင် သူမ၌ အခြေခံရှိပြီးသား ဖြစ်ရာ ဤလျှို့ဝှက်ကျင့်စဉ်ကို တစ်ရက် နှစ်ရက်အတွင်းမှာပင် ပိုင်နိုင်စွာ သင်ယူနိုင်ခဲ့ခြင်း ဖြစ်ချေသည်။
ထိုအချိန်တွင် ယွမ်ဝူက တောင်ကုန်းသို့ ကျူးကျော်လာခဲ့ရာ မုန့်ဝမ်သည် သူနှင့် နောက်မှ ရောက်လာသူများကို လေ့ကျင့်ဖော်များအဖြစ် အသုံးချခဲ့ခြင်း ဖြစ်သည်။
သွေးလမ်းစဉ်ဂိုဏ်းစုတွင် နတ်သားတော် တစ်ဦးနှင့် နတ်သားတော် အလျောင်းအလျာ ခြောက်ဦး ရှိချေသည်။
ယခုအချိန်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ခုနစ်တွင်ရှိသော ရွှယ်ဝူယာ နှင့် အဆင့် ငါးတွင်ရှိသော ချင်းလင် တို့နှစ်ဦးသာ သူမနှင့် မတိုက်ခိုက်ရသေးဘဲ ကျန်ရှိတော့သည်။
အခြားသူများ၏ ကျင့်ကြံမှုကို လုယူခြင်းက တစ်ဆင့်ချင်း ကျင့်ကြံခြင်းထက် သိသိသာသာ ပိုမိုမြန်ဆန်သည် မဟုတ်ပါလော။ ထို့ကြောင့် နောက်ထပ် ပစ်မှတ်မှာ ထိုနှစ်ဦးပင် ဖြစ်ချေသည်။
သို့သော် ရွှယ်ဝူယာသည် နတ်သားတော် တစ်ဦးအနေဖြင့် နတ်သားတော် အလျောင်းအလျာများ အားလုံးကို ဖိနှိပ်နိုင်သော အစွမ်းရှိမည်မှာ သေချာလှရာ လောလောဆယ်တွင် လူမသိအောင် အချိန်အနည်းငယ် အောင်းနေခြင်းက ပို၍ ကောင်းပေမည်။
မုန့်ဝမ်သည် မျက်လုံးကို မှိတ်လိုက်ကာ ‘သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက်’ ကို ဆက်လက် ကျင့်ကြံနေတော့သည်။
မုန့်ဝမ် ဖီးနစ်တောင်ကြားသို့ ပြန်ရောက်နေချိန်တွင် ယွမ်ဝူနှင့် အခြားသူများမှာလည်း ပြင်းထန်သော ထိုးနှက်ချက်မှ တဖြည်းဖြည်း ပြန်လည် သက်သာလာကြချေပြီ။
သူတို့၏ သွေးပင်လယ်နှင့် နှစ်ပေါင်းများစွာ စုဆောင်းခဲ့သမျှ အရာအားလုံး အလုခံလိုက်ရသည်ကို သိလိုက်ရသောအခါ သူတို့မှာ ဒေါသကြောင့် အသက်ပင် ရှူမဝဖြစ်ကာ သေလုနီးပါး ခံစားလိုက်ရတော့သည်။
“မုန့်ဝမ်... ဒီကိစ္စကို ငါ မင်းနဲ့ အပြတ်ရှင်းမယ်”
“ဒီအငြိုးကို လက်စာမချေရမချင်း ငါ အိပ်ပျော်မှာ မဟုတ်ဘူး”
ခြိမ်းခြောက်စကား အချို့ကို ဆိုပြီးနောက် သူတို့သည် မိမိတို့၏ နေအိမ်များသို့ တိတ်တဆိတ် ပြန်သွားကြတော့သည်။ ပြန်ရောက်သည်နှင့် ပထမဆုံး လုပ်သည့်အရာမှာ မိမိတို့လက်အောက်ရှိ တောင်ထိပ်သခင် အားလုံးကို ဆင့်ခေါ်ခြင်းပင်။
ထို့ကြောင့် ဘာမှမသိသေးသော တောင်ထိပ်သခင်များမှာ တက်ကြွစွာ ရောက်ရှိလာကြပြီး မကြာမီမှာပင် သူတို့၏ သွေးပင်လယ်များမှာ စုပ်ယူခံလိုက်ရကာ အရင်းအမြစ် အားလုံးမှာလည်း လုယူခြင်း ခံလိုက်ရတော့သည်။
နောက်ဆုံးတွင် သူတို့မှာ ငါးသေများကဲ့သို့ ညှိုးငယ်သော မျက်နှာများဖြင့် အပြင်သို့ လွှင့်ထုတ်ခြင်း ခံလိုက်ရချေ၏။
တောင်ထိပ်တစ်ခုချင်းစီ၏ သောင်ထိပ်သခင်များသာဆိုလျှင် ဆုံးရှုံးမှုကို ကာမိရန် မလုံလောက်ပေ။ ထို့ကြောင့် ယွမ်ဝူနှင့် အခြားသူများသည် အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးပိုင်း ကျင့်ကြံသူများကို ပစ်မှတ်ထားလာကြပြန်သည်။
တစ်ခေါက် ထပ်မံ လုယူပြီးနောက်တွင် သူတို့၏ ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် သုံးသို့ မနည်း ပြန်လည် ရောက်ရှိသွားတော့သည်။
ထိုအလုခံလိုက်ရသော တောင်ထိပ်သခင်များနှင့် အဆင့်မြင့် ကျင့်ကြံသူများသည်လည်း အားအင် အနည်းငယ် ပြန်ရလာသောအခါ အခြေခံတည်ဆောက်ခြင်း အစောပိုင်းနှင့် အလယ်အလတ် ကျင့်ကြံသူများကို ပြန်လည် စုပ်ယူပြန်သည်။ သူတို့၏ သွေးပင်လယ်များကို စုပ်ယူခြင်းဖြင့် ကျင့်ကြံမှုကို ပြန်လည် တည်ဆောက်ကြရသည်။
ဤလှုပ်ခတ်မှုကြီးအပြီးတွင် ချင်းလင်နှင့် မုန့်ဝမ် လက်အောက်ရှိ တောင်ထိပ်များမှလွဲ၍ သွေးလမ်းစဉ်ဂိုဏ်းစုရှိ တောင်ထိပ်များ၏ အစွမ်းမှာ ထိုးကျသွားတော့သည်။
အခြားသော လမ်းစဉ်ဂိုဏ်းစုများနှင့် ထိပ်တိုက်တွေ့ရာတွင် ပိုမို ဆုတ်ယုတ်လာကာ တောင်ထိပ် ခုနစ်ခု၊ ရှစ်ခုခန့်ကို ဆက်တိုက် ဆုံးရှုံးလိုက်ရလေတော့၏။
အမှန်စင်စစ် ဤအရာအားလုံးမှာ မုန့်ဝမ်နှင့် မပတ်သက်ပေ။
ယခင်က ကျင့်ကြံနေစဉ် နှောင့်ယှက်ခံရသော အတွေ့အကြုံကြောင့် သူမသည် ယခုအခါ ကျင့်ကြံခြင်း ဂူအတွင်း ဝင်သည်နှင့် သူမ၏ အမှတ်အသားပြ သစ်သားပြားကို သိုလှောင်အိတ်ထဲသို့ တိုက်ရိုက် ပစ်ထည့်ထားလိုက်ခြင်း ဖြစ်သည်။
ရက်သတ္တပတ် နှစ်ပတ် ကြာပြီးနောက် မုန့်ဝမ် မျက်လုံးဖွင့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် သွေးရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
ဤရက်ပိုင်းအတွင်း သူမသည် ‘သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက်’ ကို ပိုမို နက်နဲစွာ လေ့လာနိုင်ခဲ့ရုံသာမက ‘သွေးစက်ဝန်းမျက်လုံး’ ဟူသော မျက်လုံးပညာရပ် တစ်ခုကိုလည်း သင်ယူခဲ့ချေသည်။
ဤမျက်လုံးပညာရပ်မှာ ပုံရိပ်ယောင်များကို ဖောက်ထွင်းမြင်နိုင်ရုံသာမက သွေးလမ်းစဉ်၏ အစွမ်းဖြင့် အခြားသူများ၏ အာရုံခံစားမှုကိုပါ နှောင့်ယှက်စေနိုင်သည်။
နှလုံးစားပိုးကောင်၏ အတွေးဖတ်နိုင်စွမ်း၊ စိတ်ခံစားမှုကို နှောင့်ယှက်နိုင်စွမ်းတို့နှင့် ပေါင်းစပ်လိုက်လျှင် မမျှော်လင့်ထားသော ရလဒ်များ ရရှိနိုင်ပေသည်။
မုန့်ဝမ်၏ စိတ်ကူးအရဆိုလျှင် သွေးမိစ္ဆာနန်းတော်မှ ယူဆောင်လာသော လျှို့ဝှက်ကျမ်း တစ်ဒါဇင်ကျော်လုံးကို ပိုင်နိုင်အောင် သင်ယူပြီးမှသာ အပြင်သို့ ထွက်လိုသည်။
သို့သော် သွေးလမ်းစဉ်ဂိုဏ်းစု၏ စည်းမျဉ်းများကို နတ်သားတော်က သတ်မှတ်ထားခြင်း ဖြစ်ရာ ဆန့်ကျင်၍ မရပေ။
ထို့ကြောင့် နှစ်ပတ်ကြာ ကျင့်ကြံပြီးနောက်တွင် ‘သွေးစက်ဝန်းမျက်လုံး’ ကို တတ်မြောက်သွားသော မုန့်ဝမ်သည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး ထောင့်တစ်နေရာတွင် ပစ်ထားသော အမှတ်အသားပြ သစ်သားပြားကို ထုတ်ယူလိုက်သည်။
သစ်သားပြားကို ထုတ်လိုက်သည်နှင့် စူးရှသော အသံတစ်ခု ချက်ချင်း ထွက်ပေါ်လာတော့၏။ သစ်သားပြားမှာ အဆက်မပြတ် တုန်ခါနေပြီး အရေးကြီးသော တိုက်ပွဲသတင်းများစွာ ရောက်ရှိနေချေပြီ။
မုန့်ဝမ်က သစ်သားပြားကို တစ်ချက် နှိပ်လိုက်ရာ အသံများ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
အရေးကြီးသော သတင်းစကားအားလုံးကို နားထောင်ပြီးနောက်တွင် သူမ ကျင့်ကြံနေစဉ်အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို မုန့်ဝမ် နားလည်သွားတော့သည်။
ယွမ်ဝူနှင့် အခြားသူများ၏ တောင်ထိပ်များ အလုခံလိုက်ရကြောင်း သိလိုက်ရသောအခါ သူမမှာ လှောင်ရယ်မိပြီး ဤကိစ္စ၏ တရားခံမှာ သူမဖြစ်သည်ကို အနည်းငယ်မျှပင် ရှက်ရွံ့ခြင်း မရှိပေ။
အကယ်၍ အခြားသူများမှာ အပြစ်မရှိဘဲ မုန့်ဝမ် တစ်ဦးတည်းသာ ရှုံးနိမ့်၍ တောင်ထိပ်များ ဆုံးရှုံးခဲ့ပါက နတ်သားတော်၏ အမျက်ဒေါသမှာ သူမထံသို့သာ ကျရောက်မည် ဖြစ်သည်။
သို့သော် ယခုမူ အားလုံး ရှုံးနိမ့်နေကြရာ နတ်သားတော်၏ အမျက်မှာလည်း အားလုံးအပေါ် မျှဝေ ကျရောက်သွားမည် ဖြစ်ချေသည်။ မုန့်ဝမ်အပေါ် ကျရောက်မည့် အမျက်ဒေါသမှာလည်း သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။
သို့သော်လည်း... အကယ်၍ အခြားသူများ စစ်မြေပြင်တွင် ဆုံးရှုံးနေချိန်၌ သူမက အပြစ်မရှိရုံသာမက အောင်မြင်မှု အနည်းငယ် ရရှိခဲ့မည်ဆိုလျှင်ကော။
ထိုအခါတွင် နတ်သားတော်၏ အမျက်ဒေါသမှာ အခြားသူများထံသို့သာ ဦးတည်သွားမည် ဖြစ်သည်။
မုန့်ဝမ်သည် ဖီးနစ်တောင်ကြားမှ ထွက်ခွာလာပြီး သူမ လက်အောက်တွင် ကျန်ရှိနေသော တောင်ထိပ် သုံးခုမှ တောင်ထိပ်သခင်များထံသို့ တစ်ပြိုင်နက်တည်း သတင်းပေးလိုက်သည်။
ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် သိမ်းပိုက်ရန်အတွက် အင်အားစုစည်းကာ သူမနောက်သို့ အမြန်လိုက်ပါရန် အမိန့်ပေးလိုက်ခြင်းပင် ဖြစ်ချေသည်။
တောင်ထိပ်သခင် သုံးဦးမှာ သတင်းစကားကို ရရှိသောအခါ အံ့အားသင့်နေကြဆဲ ဖြစ်သည်။ သူတို့မှာ ဤရက်ပိုင်းအတွင်း မုန့်ဝမ်၏ အားကိုးမရမှုကို နေသားကျနေပြီ ဖြစ်သည်။
သူမက ရုတ်တရက် အမိန့်ထုတ်ကာ တန်ပြန်တိုက်စစ် ဆင်မည်ဟု ပြောလိုက်သောအခါ သူတို့မှာ တုံ့ပြန်ရန် အနည်းငယ် နှေးကွေးနေကြဆဲ ဖြစ်ချေသည်။
သို့သော်လည်း မကြာမီမှာပင် တောင်ထိပ်သခင် သုံးဦးမှာ သူတို့၏ အတွေးများကို ဖုံးကွယ်လိုက်ကြပြီး လက်အောက်မှ အထူးချွန်ဆုံး လူများကို ရွေးချယ်ကာ တိုက်ပွဲအတွက် ပြင်ဆင်ကြတော့သည်။
ဤရက်ပိုင်းအတွင်း အခြားလမ်းစဉ်ဂိုဏ်းစုမှ လူများသည် ယွမ်ဝူ၊ ယွဲ့ချန် တို့နှင့် တိုက်ခိုက်ပြီး နယ်မြေသိမ်းပိုက်ရန်သာ အလုပ်ရှုပ်နေကြသည်။ ထို့ကြောင့် မုန့်ဝမ် လက်အောက်ရှိ ကျန်ရှိသော တောင်ထိပ် သုံးခုမှာ အခြားသူများ၏ လုယက်မှုကို မခံရသေးပေ။
***