နှစ်နာရီအကြာတွင် မုန့်ဝမ်သည် သူမ၏လက်အောက်ငယ်သားများကို ဦးဆောင်ကာ တန်ပြန်တိုက်စစ်ကို စတင်လိုက်တော့သည်။
လင်ကျူသည် သူမ၏တောင်ထိပ် ငါးခုဖြစ်သော ဟူရှောင်၊ လူမင်၊ သွေးငန်း၊ ချင်းရှာတောင်နှင့် မေပယ်တိမ်တိုက် တို့ကို သိမ်းပိုက်ခဲ့သည်။ ထို့ကြောင့် အနီးဆုံးဖြစ်သော မေပယ်တိမ်တိုက်တောင်မှပင် စတင်တိုက်ခိုက်ကြချေမည်။
မုန့်ဝမ်သည် ပထမဦးစွာ မေပယ်တိမ်တိုက်တောင်သို့ လူအင်အားဖြင့် ချီတက်သွားသည်။ ရောက်ရှိသည်နှင့် တပြိုင်နက် တိုက်ခိုက်မှု စတင်ရာ မိစ္ဆာလမ်းစဉ်ဂိုဏ်းစုမှာ အငိုက်မိသွားတော့၏။ အဆမတန် သာလွန်သော တိုက်ခိုက်ရေးစွမ်းရည်ဖြင့် မေပယ်တိမ်တိုက်တောင်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အားလုံးကို ရက်စက်စွာ ဖိနှိပ်လိုက်ကာ သူတို့၏ကျင့်ကြံမှုကို ပထမဦးစွာ တားမြစ်ပိတ်ပင် လိုက်ပြီးမှ စနစ်တကျ ချုပ်နှောင်ထားလိုက်သည်။
အသက်ရှင်ကျန်ရစ်သော သွေးလမ်းစဉ်ဂိုဏ်းသားများကိုမူ ကောင်းမွန်စွာ နှစ်သိမ့်ပေးလိုက်ကာ သီးခြားစီ စီစဉ်ပေးလိုက်ချေ၏။
မုန့်ဝမ် မေပယ်တိမ်တိုက်တောင်ကို ပြန်လည်သိမ်းပိုက်နေစဉ်မှာပင် ထိုတောင်ကျဆုံးသွားသည့်သတင်းမှာ လင်ကျူထံသို့ ရောက်ရှိသွားတော့သည်။
မုန့်ဝမ်၏ နယ်မြေငါးခုကို သိမ်းပိုက်ပြီးနောက်တွင် လင်ကျူသည် မုန့်ဝမ် ရုတ်တရက်ပေါ်လာပြီး အလစ်အငိုက် တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် အချိန်အတော်ကြာ သတိကြီးစွာ ထားခဲ့သည်။
သို့သော် နှစ်ပတ်ကျော် စောင့်ခဲ့သော်လည်း မုန့်ဝမ်မှာ ပေါ်မလာခဲ့သဖြင့် သူ၏ သတိဝီရိယမှာ တဖြည်းဖြည်း လျော့ရဲလာခဲ့ချေ၏။
ထို့ကြောင့် သူသည် အဝေးသို့ ခရီးထွက်ခွာသွားခဲ့သည်။
သူထွက်သွားပြီး နှစ်ရက်အကြာမှာပင် မေပယ်တိမ်တိုက်တောင် ကျဆုံးသွားသည့် သတင်းကို ရရှိလိုက်တော့သည်။
လင်ကျူ၏ မျက်နှာမှာ အုံ့မှိုင်းသွားကာ ဟူရှောင်၊ လူမင်၊ သွေးငန်း နှင့် ချင်းရှာတောင် လေးခုရှိ သူ၏လက်အောက်ငယ်သားများကို အင်အားဖြည့်တင်းရန်နှင့် ခံစစ်အထပ်ထပ် ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။
ထို့နောက် မိစ္ဆာလမ်းစဉ်ဂိုဏ်းစုမှ အခြား နတ်သားတော်အလျောင်းအလျာ တစ်ဦးဖြစ်သော မြွေဖြူမယ်ထံသို့ အကူအညီတောင်းခံသည့် သတင်းပို့လိုက်တော့သည်။
“မြွေဖြူမယ်... နင် ငါ့ကို ဟူရှောင်၊ လူမင်၊ သွေးငန်း နဲ့ ချင်းရှာတောင်တောင် လေးခုကို ကာကွယ်ပေးပြီး မုန့်ဝမ်ကို တားဆီးပေးမယ်ဆိုရင် ငါ နင့်ကို တောင်ထိပ်တစ်ခု ပေးမယ်”
ထိုစကားကို ကြားသောအခါ မြွေဖြူမယ်က တဟားဟား ရယ်မောလိုက်ပြီး လင်ကျူကို တိုက်ရိုက်ပင် ငြင်းပယ်လိုက်၏။
“ငါ့မှာ လုပ်စရာကိစ္စလေးတွေ ရှိနေလို့ အချိန်မပေးနိုင်တာ စိတ်မကောင်းပါဘူး”
လင်ကျူက သွားကြိတ်လျက် -
“တောင်ထိပ်တစ်ခုတင်မကဘူး၊ သွေးကျွန် ငါးဆယ်လည်း ထပ်ပေးမယ်။ ဒါ ငါ့ရဲ့ နောက်ဆုံးကမ်းလှမ်းချက်ပဲ။ နင် ဒါမှ သဘောမတူရင် ငါ တခြားလူပဲ ရှာရတော့မယ်”
“ကောင်းပြီလေ... ဒီနတ်သမီးလေးက နင့်အတွက် တစ်ခေါက်လောက် သွားပေးတာပေါ့”
မြွေဖြူမယ်က ပြုံးလိုက်ပြီး သတင်းပို့ခြင်းကို ဖြတ်တောက်ကာ သူမ၏ ကျင့်ကြံခြင်းဂူမှ ထွက်လာခဲ့သည်။
သူမသည် ခါးလေးကို နွဲ့ကာ လှုပ်ရှားလိုက်သည်နှင့် ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။
တစ်ချိန်တည်းမှာပင် သွေးငန်းတောင် အပြင်ဘက်၌...
သွေးငန်းတောင်တွင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ ပိုမိုစုဝေးလာသည်ကိုလည်းကောင်း၊ ကျင့်ကြံသူ အမြောက်အမြားဖြင့် ဖွဲ့စည်းထားသော အစီအရင်ကိုလည်းကောင်း ကြည့်ရှုရင်း မေပယ်တိမ်တိုက်တောင်၏ ခန္ဓာကိုယ်ပိန်လှီနေသော တောင်ထိပ်သခင်မှာ ပင်ကိုယ်သိစိတ်အရ နဖူးကြောများ တွန့်သွားမိချေသည်။
ထိုမေပယ်တိမ်တိုက်တောင်ထိပ်သခင်မှာ ကံဆိုးစွာပင် မိစ္ဆာလမ်းစဉ်ဂိုဏ်းစု၏ လက်အောက်တွင် အကျဉ်းသား ဖြစ်ခဲ့ရသူဖြစ်သည်။ နှစ်ပတ်ကျော်တိုင်အောင် မိစ္ဆာကျင့်ကြံသူများ၏ ကျွန်ပြုခြင်းနှင့် နှိပ်စက်ခြင်းကို ခံခဲ့ရကာ အကြီးအကျယ် အရှက်ရခဲ့သူပင်။
ထို့ကြောင့် ကယ်တင်ခြင်း ခံရပြီးနောက်တွင် မေပယ်တိမ်တိုက်တောင်၌ နေရစ်ရန် အကြံပြုချက်ကို ငြင်းပယ်ပြီး လာမည့်တိုက်ပွဲတွင် ပါဝင်ရန် တက်ကြွစွာ တောင်းဆိုခဲ့ခြင်း ဖြစ်ချေသည်။
“သခင်မ... ဒါက မိစ္ဆာလမ်းစဉ်ဂိုဏ်းစုရဲ့ ထူးခြားတဲ့ အစီအရင်တစ်ခုဖြစ်တဲ့ ‘နေဝန်းရွှေရောင် သားရဲရှစ်ပါး အစီအရင်’ ပဲ။ ဒါကို မိစ္ဆာကျင့်ကြံသူ ရှစ်ဦး ဒါမှမဟုတ် ရှစ်ဦးထက်ပိုတဲ့သူတွေက သူတို့ရဲ့ သားရဲအသွင်ကို ဖော်ထုတ်ပြီး အရပ်ရှစ်မျက်နှာမှာ ရပ်တည်ကာ သူတို့ရဲ့ စွမ်းအားတွေကို ပေါင်းစပ်ထားတာ ဖြစ်တယ်”
မုန့်ဝမ် အကြည့်ကို ပို့လိုက်ရာ ‘နေဝန်းရွှေရောင် သားရဲရှစ်ပါး အစီအရင်’ ၏ အရပ်ရှစ်မျက်နှာတွင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများစွာ စုဝေးနေပြီး သားရဲအသွင်များကို ဖော်ထုတ်ထားသည်ကို တွေ့လိုက်ရသည်။
မျက်လုံးပြာ မီးခြင်္သေ့၊ မီးလျှံဖြူ နဂါးဆင်၊ ရွှေချပ်ဝတ် မြေနဂါး စသည်ဖြင့် အားလုံးမှာ ကြီးမားပြီး အစွမ်းထက်သော မိစ္ဆာသားရဲများ ဖြစ်ကြချေ၏။
မေပယ်တိမ်တိုက်တောင်ထိပ်သခင်က ဆက်လက် ရှင်းပြသည်မှာ -
“နေဝန်းရွှေရောင် သားရဲရှစ်ပါး အစီအရင်ဟာ ပြင်းထန်ပြီး ကျယ်ပြန့်တဲ့ စွမ်းအားကို ဦးတည်တာပါ။ ဒီအစီအရင်ကို ဖွဲ့စည်းထားတဲ့ မိစ္ဆာသားရဲတွေ ပိုသန်မာလေ၊ ထွက်ပေါ်လာတဲ့ တိုက်ခိုက်ရေးစွမ်းရည်က ပိုကြီးမားလေပဲ။ အောက်က အစီအရင်ဆိုရင် အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးပိုင်း ကျင့်ကြံသူ နှစ်ဆယ့်လေးဦးနဲ့ ဖွဲ့စည်းထားတာမို့ အဲဒီစွမ်းအားက အခြေခံတည်ဆောက်ခြင်းအဆင့် သုံးမှာရှိတဲ့ နတ်သားတော်အလျောင်းအလျာ တစ်ယောက်ရဲ့ စွမ်းအားနဲ့ ညီမျှနေတာပါ”
အောက်ခြေက လူအယောက် နှစ်ဆယ်ကျော် ပေါင်းစပ်ရုံနဲ့ ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအား တစ်ခုကို ဖန်တီးနိုင်တာလား.........
မုန့်ဝမ်သည် အောက်ရှိ ‘နေဝန်းရွှေရောင် သားရဲရှစ်ပါး အစီအရင်’ ကို စိတ်ဝင်တစား ကြည့်ရှုနေမိသည်။ သူမသည် အစီအရင်များအကြောင်းကို အနည်းငယ်သာ သိရှိပြီး များစွာ မလေ့လာဖူးပေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ပြီးကတည်းက နယ်မြေသိမ်းခြင်းနှင့် ကျင့်ကြံခြင်းတို့ဖြင့်သာ အလုပ်ရှုပ်နေခဲ့ရသဖြင့် ထိုသို့သောအရာများကို လေ့လာရန် အချိန်မရှိခဲ့ပေ။
“ငါတို့ သွေးလမ်းစဉ်ဂိုဏ်းစုမှာရော ဒီလို အစီအရင်မျိုး ရှိလား”
“ရှိပါတယ်ခင်ဗျာ။ ဒါပေမဲ့ ကျွန်တော်ကြားဖူးတာတော့ ကျွန်ုပ်တို့ရဲ့ နတ်သားတော်အလျောင်းအလျာတွေထဲမှာ သခင်မ ချင်းလင် တစ်ယောက်ပဲ ဒီပညာရပ်မှာ ကျွမ်းကျင်တယ်လို့ သိရပါတယ်”
မေပယ်တိမ်တိုက်တောင်ထိပ်သခင်က မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ ဖွဲ့စည်းနေသော အခြား အစီအရင်များအကြောင်းကိုလည်း မိတ်ဆက်ပေးသော်လည်း စွမ်းအားပိုင်းတွင် ‘နေဝန်းရွှေရောင် သားရဲရှစ်ပါး အစီအရင်’ က အသန်မာဆုံး ဖြစ်ချေသည်။
မုန့်ဝမ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူမကိုယ်တိုင် ရှေ့သို့ တက်လှမ်းကာ ဝေးကွာသောနေရာရှိ ‘နေဝန်းရွှေရောင် သားရဲရှစ်ပါး အစီအရင်’ ထံသို့ ဦးတည်လိုက်တော့သည်။
သွေးရောင်လွှမ်းသော ဓားရှည်တစ်လက်မှာ မုန့်ဝမ်၏လက်မှ တိတ်ဆိတ်စွာ ပျံထွက်သွားပြီး အောက်ရှိ အစီအရင်ထံသို့ တားဆီး၍မရသော အရှိန်အဝါဖြင့် ပိုင်းဖြတ်လိုက်ချေ၏။
အစီအရင်အတွင်း အခိုင်အမာ တပ်စွဲထားသော မိစ္ဆာကျင့်ကြံသူ နှစ်ဆယ့်လေးဦးမှာ ကြောက်မက်ဖွယ် ရန်သူနှင့် ရင်ဆိုင်လိုက်ရသဖြင့် သူတို့၏ စွမ်းအင်နှင့် သွေးစွမ်းအား အားလုံးကို အလျင်အမြန်ပင် အသက်သွင်းကာ ဓားချက်ကို ခုခံကြတော့သည်။
“တောင့်ခံထားကြစမ်း... သခင် လင်ကျူက အစွမ်းထက်တဲ့ စစ်ကူတွေကို ဖိတ်ခေါ်ထားပြီးပြီ။ သခင်မ မြွေဖြူမယ် လာနေပြီ......”
“ငါတို့ သူမကို အမွှေးတိုင်တစ်ဝက်စာ အချိန်လောက်ပဲ တားထားနိုင်ရင် ရပြီ”
သွေးဓားချက်မှာ အရှိန်အဟုန်ဖြင့် ကျဆင်းလာရာ ‘နေဝန်းရွှေရောင် သားရဲရှစ်ပါး အစီအရင်’ ထံမှ စူးရှသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ရွှေရောင်အလင်းနှင့် သွေးဓားချက်တို့ အသက်ရှူရုံ အနည်းငယ်ကြာ အပြန်အလှန် ရင်ဆိုင်ပြီးနောက်တွင် ထိုသွေးဓားကို အမှန်တကယ်ပင် ဟန့်တားနိုင်ခဲ့ချေပြီ။
“စိတ်ဝင်စားဖို့ကောင်းသားပဲ”
မုန့်ဝမ်သည် လူတိုင်း၏ လှုပ်ရှားမှုနှင့် အစီအရင်၏ လည်ပတ်ပုံကို ကြည့်ရှုရင်း သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးစလေးတစ်ခု ပေါ်လာသည်။ သို့သော်လည်း ခုနက တိုက်ခိုက်မှုမှာ စမ်းသပ်ရုံ သက်သက်သာ ဖြစ်ချေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် သုံးရှိ နတ်သားတော်အလျောင်းအလျာပင်လျှင် သူမကို မတားဆီးနိုင်ပါဘဲနှင့် ဤမျှသာရှိသော အစီအရင်က မည်သို့ တားဆီးနိုင်မည်နည်း။
မုန့်ဝမ်က လက်ကို မြှောက်လိုက်ကာ အစီအရင်ပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။ နီရဲကာ လေးလံသော သွေးရောင်အလင်းတန်းများ ဟိန်းဟောက်ထွက်ပေါ်လာပြီး ‘နေဝန်းရွှေရောင် သားရဲရှစ်ပါး အစီအရင်’ ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။
သွေးအလင်းတန်းမှာ တားဆီးမရသော စွမ်းအားဖြင့် ကျဆင်းလာရာ အစီအရင်ပေါ်ရှိ ရွှေရောင်အလင်းတန်းမှာ ချက်ချင်းပင် သုံးပုံတစ်ပုံခန့် နောက်သို့ ဆုတ်သွားရသည်။
အစီအရင်ကို ဖွဲ့စည်းထားသော ကျင့်ကြံသူ နှစ်ဆယ့်လေးဦးလုံးမှာ သွေးများ အန်ထုတ်ကုန်ကြကာ သူတို့၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့၏။
“ပျော့ညံ့လွန်းတယ်”
မုန့်ဝမ်က ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပြုလိုက်သည်။ ဤအစီအရင်၏ စွမ်းအားမှာ အစစ်အမှန် ကျင့်ကြံမှု မဟုတ်ပေ။ အဆင့်တူ သို့မဟုတ် ပိုမိုသန်မာသော တိုက်ခိုက်ရေးစွမ်းအားနှင့် ရင်ဆိုင်ရပါက ဤ ‘နေဝန်းရွှေရောင် သားရဲရှစ်ပါး အစီအရင်’ မှာ ဖိနှိပ်ခံရရုံသာ ရှိတော့သည်။
မုန့်ဝမ်က လက်ကို တစ်ဖန် ပြန်မြှောက်လိုက်ကာ သူမရှေ့ရှိ အစီအရင်ကို ရိုက်ချလိုက်ပြန်သည်။ အသက်ရှူရုံ အနည်းငယ်မျှ မနည်း တောင့်ခံပြီးနောက်တွင် ‘နေဝန်းရွှေရောင် သားရဲရှစ်ပါး အစီအရင်’ ပေါ်ရှိ ရွှေရောင်အလင်းမှာ တစ်လက်မချင်းစီ ကွဲအက်ကာ ပျက်စီးသွားလေတော့၏။ အစီအရင်ကို ဖွဲ့စည်းထားသော ကျင့်ကြံသူ အများအပြားမှာ တိုက်ရိုက်ပင် သတိလစ်သွားကြတော့သည်။
“သခင်... အနောက်တောင်ဘက်ကနေ အရမ်း အစွမ်းထက်တဲ့ စွမ်းအားတစ်ခု ချဉ်းကပ်လာနေပြီ”
ထိုစကားကို ကြားသောအခါ ဆက်လက် လှုပ်ရှားရန် ပြင်နေသော မုန့်ဝမ်သည် အနည်းငယ် တုံ့ဆိုင်းသွားကာ နှလုံးစားပိုးကောင် ပြောသော အရပ်မျက်နှာသို့ လှည့်ကြည့်လိုက်သည်။ သွေးစွမ်းအင်များ သူမ၏ မျက်ဝန်းထဲတွင် စုစည်းလာပြီးနောက်မှ ပြန်လည် ပျောက်ကွယ်သွားချေ၏။
“မြွေလေးတစ်ကောင်ပဲကိုး”
မုန့်ဝမ်က သူမ၏ နှုတ်ခမ်းကို မဲ့လိုက်သည်။ လင်ကျူက ဒီလောက်ကြာအောင် ပေါ်မလာတာဆိုတော့ တစ်နေရာရာမှာ ပိတ်မိနေတာ ဖြစ်ရမည်။ ဤမြွေလေးမှာ လင်ကျူ ဖိတ်ခေါ်ထားသော ကူညီသူ ဖြစ်ရပေမည်။
မုန့်ဝမ်၏ စိတ်အာရုံမှာ လှုပ်ရှားသွားကာ သွေးပင်လယ်မှ ပြောင်းလဲလာသော ပုံရိပ်ယောင် အရှိန်အဝါများမှာ သူမကို ဗဟိုပြု၍ တိတ်ဆိတ်စွာ ပြန့်နှံ့သွားတော့သည်။ ပုံရိပ်ယောင် အရှိန်အဝါနှင့် ထိတွေ့မိသော သူတိုင်းမှာ သူတို့၏ စိတ်ထဲတွင် အနည်းငယ် မိန်းမောသွားသလို ခံစားရသော်လည်း ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားကာ မလှမ်းမကမ်းရှိ ရန်သူများကို ဆက်လက် တိုက်ခိုက်နေကြသည်။
မြွေဖြူမယ် ရောက်ရှိလာသောအခါ ထိုကဲ့သို့သော မြင်ကွင်းကို တွေ့လိုက်ရသည်။ မိစ္ဆာကျင့်ကြံသူများသည် အစီအရင်၏ စွမ်းအားကို အသုံးချလျက် မုန့်ဝမ်၏ လူများကို အကြိတ်အနယ် ယှဉ်ပြိုင်နေကြသည်။
မုန့်ဝမ်၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော စွမ်းအားများကြောင့် လူအချို့ သေဆုံးနေရသည်။
သို့သော် မိစ္ဆာသားရဲဂိုဏ်းစုတွင် အသက်ပေါင်းများစွာ ရှိနေသဖြင့် ကျဆုံးသွားသူများ၏ နေရာတွင် အခြားသူများက လျင်မြန်စွာ အစားထိုးဝင်ရောက်လာကြချေ၏။
မြွေဖြူမယ်သည် ချက်ချင်း ကိုယ်ယောင်မပြသေးပေ။ ထိုအစား ဝိညာဉ်မြွေတစ်ကောင်၏ ပုန်းကွယ်နိုင်စွမ်းရှိသော ပါရမီကို အသုံးပြု၍ ဘေးတစ်နေရာတွင် တိတ်တဆိတ် ပုန်းကွယ်ကာ တိုက်ပွဲကို အသေအချာ စောင့်ကြည့်နေမိသည်။
မုန့်ဝမ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် လေး ကျင့်ကြံမှုသာ ရှိကြောင်းနှင့် သူမ၏ စွမ်းအားမှာ ကောလာဟလများ ပြောသလောက် မကြီးမားကြောင်း အတည်ပြုပြီးနောက်တွင်မှ အနီးအနား၌ ပုန်းကွယ်နေသော မြွေဖြူမယ်သည် နောက်ဆုံးတွင် စတင် လှုပ်ရှားလိုက်လေသည်။
***