“နားလည်ပါပြီ”
ထိုတောင်ထိပ်သခင်သည် အမိန့်ကို နာခံလျက် ထွက်ခွာသွားတော့သည်။
မုန့်ဝမ်သည် ဝေးကွာသော နေရာသို့ အကြည့်ပို့ရင်း သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးစလေးတစ်ခု ပေါ်လာချေ၏။
“ငါက အေးအေးဆေးဆေး ကျင့်ကြံနေချင်တာပါ၊ ဒါပေမဲ့ မင်းတို့ မိစ္ဆာလမ်းစဉ်ဂိုဏ်းစုက လူတွေကပဲ ငါ့ရဲ့ကျင့်ကြံခြင်းကို အမြဲလာနှောင့်ယှက်နေကြတာပဲ”
သူမသည် သူမ၏ လက်ကောက်ဝတ်တွင် ရစ်ပတ်ထားသော မြွေဖြူကို အေးစက်သော လေသံဖြင့် အသာအယာ ပွတ်သပ်လိုက်သည်။
“မြွေလေး... မြွေလေးရေ... ဟုတ်တယ်မလား”
မြွေဖြူသည် အားအင်ကုန်ခမ်းစွာဖြင့် မျက်လုံးလှန်လိုက်မိပြီး စိတ်ထဲမှနေ၍ လင်ကျူကို ကျိန်ဆဲနေတော့သည်။
သူမသည် အကြီးအကျယ် နောင်တရနေမိချေပြီ။ လင်ကျူ ကမ်းလှမ်းသော အကျိုးအမြတ် အနည်းငယ်ကို မက်မောပြီး ဤရှုပ်ထွေးလှသော ကိစ္စထဲသို့ အဘယ်ကြောင့် ဝင်ပါခဲ့မိပါသနည်း။
သူမ၏ ကျင့်ကြံခြင်းဂူထဲတွင်သာ သက်သောင့်သက်သာ နေထိုင်ရင်း ကျင့်ကြံနေခဲ့လျှင် ပို၍မကောင်းပါသလော။
ယခုမူ ကြည့်စမ်းပါဦး... သူမ၏ သိက္ခာများမှာ လုံးဝ ပျက်စီးသွားခဲ့ရချေပြီ။
မိစ္ဆာလမ်းစဉ်ဂိုဏ်းစု၏ ဂုဏ်သရေရှိ နတ်သားတော်အလျောင်းအလျာ တစ်ဦးဖြစ်သော သူမသည် မုန့်ဝမ်၏ အလှဆင်ပစ္စည်းတစ်ခု ဖြစ်နေရသည်ကို လူအများအပြား မြင်တွေ့သွားကြပြီ ဖြစ်ချေသည်။ နောင်တစ်ချိန်တွင် သူမ မည်သို့ မျက်နှာပြရပါတော့မည်နည်း။
မြွေဖြူမယ်မှာ အသေကောင်ကဲ့သို့ ငြိမ်သက်နေသည်ကို မြင်သော်လည်း မုန့်ဝမ်က ဂရုမစိုက်ပေ။ သူမသည် သူမ၏ လက်အောက်ငယ်သားများကို ဦးဆောင်လျက် ချင်းရှာတောင်ထိပ်သို့ ခန့်ညားစွာ ချီတက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အဝေးသို့ ရောက်ရှိနေသော လင်ကျူမှာလည်း သတင်းကို နောက်ဆုံးတွင် ရရှိလိုက်တော့၏။
သူ၏ လက်အောက်ငယ်သားထံမှ နောက်ဆုံးရ သတင်းကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားကာ အေးစက်သော လေထုကို ပြင်းထန်စွာ ရှူသွင်းလိုက်မိချေသည်။
“သွေးငန်းတောင် ကျဆုံးသွားပြီ... မြွေဖြူမယ်က ဖမ်းဆီးခံရပြီး မုန့်ဝမ်ရဲ့ လက်ေအာက် မှာဖြစ်သွားပြီ ဟုတ်လား။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....”
လင်ကျူ၏ မျက်နှာအမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေတော့သည်။ ဤသတင်းအချက်အလက်ကို မနည်း အစာပြေအောင် မျိုချပြီးနောက်တွင် သူသည် မိစ္ဆာလမ်းစဉ်ဂိုဏ်းစုမှ အခြားသော နတ်သားတော်အလျောင်းအလျာများထံသို့ အကူအညီတောင်းခံသည့် သတင်းများကို ချက်ချင်း ပေးပို့လိုက်သည်။
သို့သော်လည်း အခြားသော နတ်သားတော်အလျောင်းအလျာများမှာလည်း သတင်းနားစွင့်နေကြသူများ ဖြစ်ရာ မြွေဖြူမယ်မှာ အလှဆင်ပစ္စည်း ဖြစ်သွားပြီဟူသော သတင်းမှာ သူတို့၏ နားထဲသို့ ရောက်ရှိပြီးသား ဖြစ်ချေသည်။
ခြွင်းချက်မရှိဘဲ လင်ကျူ၏ အကူအညီတောင်းခံမှုကို ရရှိသူတိုင်းက ငြင်းပယ်လိုက်ကြတော့သည်။
နောက်နေတာလား......... မြွေဖြူမယ်ဆိုသည်မှာ ကိုင်တွယ်ရခက်သည်ဟု နာမည်ကြီးသူ ဖြစ်သည်။
ထိုသို့သောသူပင်လျှင် မုန့်ဝမ်၏ အလှဆင်ပစ္စည်း ဖြစ်သွားရပြီဆိုလျှင် သူတို့အနေဖြင့် ထိုမိစ္ဆာမနှင့် သွားရောက် ရန်စခြင်းမှာ အသက်ရှင်ရသည်ကို ငြီးငွေ့နေခြင်းသာ ဖြစ်ပေလိမ့်မည်။
အခြေအနေ မဟန်တော့သဖြင့် လင်ကျူသည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရတော့၏။
သူသည် ဟူရှောင်၊ လူမင် နှင့် ချင်းရှာတောင်တန်း သုံးခုလုံးမှ တပ်ဆုတ်ရန် အမိန့်ပေးလိုက်ကာ အသက်ရှင်ကျန်ရစ်သော သွေးကျွန်များ အားလုံးကိုလည်း ပြန်လည် ပေးအပ်လိုက်သည်။
သူကိုယ်တိုင် အဝေးသို့ ရောက်ရှိနေသဖြင့် ထိုနယ်မြေများကို ကာကွယ်လိုသော်လည်း မကာကွယ်နိုင်တော့ပေ။ ထို့ကြောင့် မုန့်ဝမ်ကို ပြန်လည် ပေးအပ်လိုက်ခြင်းကသာ သူမ၏ အမျက်ဒေါသကို ပြေလျော့စေနိုင်ပေလိမ့်မည်။
သို့ဖြစ်ရာ မုန့်ဝမ်သည် ကျန်ရှိသော တောင်တန်းသုံးခုကို အားစိုက်ထုတ်စရာ မလိုဘဲ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
ဤအချိန်တွင် သူမထံမှ အလုခံခဲ့ရသော နယ်မြေအားလုံးကို ပြန်လည် ရရှိသွားခဲ့ပြီ ဖြစ်ချေသည်။
တောင်ထိပ်သခင် တစ်ဦးကမူ လင်ကျူ မရှိခိုက်တွင် အခွင့်ကောင်းယူကာ တစ်ဖက်ဂိုဏ်း၏ နယ်မြေများကို အတင်းအဓမ္မ သိမ်းပိုက်ရန် စိတ်လှုပ်ရှားစွာ အကြံပြုလေသည်။
သို့သော်လည်း မုန့်ဝမ်က ထိုသူကို လျစ်လျူရှုထားလိုက်သည်။ သူမသည် နယ်မြေသိမ်းပိုက်ခြင်းအပေါ် အနည်းငယ်မျှပင် စိတ်ဝင်စားမှု မရှိပေ။
လူတိုင်းကို ပေါ့ပေါ့ပါးပါးပင် နှစ်သိမ့်ပေးလိုက်ကာ တောင်ကုန်းများကို စောင့်ကြပ်ရန် အမိန့်ပေးပြီးနောက် မုန့်ဝမ်သည် သူမ၏ “အောင်နိုင်မှု လက်ဆောင်” ဖြစ်သော မြွေဖြူနှင့်အတူ ဖီးနစ်တောင်ကြားသို့ ပြန်လာခဲ့တော့သည်။
လမ်းတစ်လျှောက်တွင် မုန့်ဝမ်သည် သူမ၏ လက်ကောက်ဝတ်ရှိ မြွေဖြူကို တစ်ခါတစ်ရံ အလုံးလိုက် နယ်ဖတ်လိုက်၊ တစ်ခါတစ်ရံ ပြားချပစ်လိုက်ဖြင့် အတော်လေး သဘောကျနေမိချေ၏။
မြွေဖြူမယ်မှာမူ အရာအားလုံးကို အံကြိတ်ခံနေရသည်။
သူမသည် သူမ၏ လွတ်လပ်ခွင့်နှင့် လဲလှယ်ရန်အတွက် တောင်ကုန်းသုံးခုနှင့် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ တစ်ရာကို ပေးအပ်ပါမည်ဟုပင် အစပြု ကမ်းလှမ်းလာတော့သည်။
ထိုစကားကို ကြားသောအခါ မုန့်ဝမ်က မျက်ခုံးပင့်လိုက်ပြီး မြွေဖြူကို ခပ်ပြုံးပြုံး ကြည့်လိုက်သည်။
“တောင်ကုန်း သုံးခုနဲ့ ကျင့်ကြံသူ တစ်ရာ ဟုတ်လား။ မင်းက ငါ့ကို အမှိုက်သိမ်းတဲ့သူလို့ ထင်နေတာလား”
အမှန်တကယ်တော့ မြွေဖြူမယ်မှာ အလွန် အစွမ်းထက်လှသည်။
အကယ်၍ နှလုံးစားပိုးကောင်က မြွေဖြူ၏ အရှိန်အဝါကို ကြိုတင် မသိရှိခဲ့လျှင်လည်းကောင်း၊ သူမ၏ သွေးစက်ဝန်းမျက်လုံးကို မသုံးခဲ့လျှင်လည်းကောင်း မြွေဖြူ၏ ကိုယ်ပျောက်အတတ်ကို သူမ လုံးဝ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
မိစ္ဆာသားရဲတို့၏ ပင်ကိုယ်အစွမ်း မှာ တကယ့်ကို လျှော့တွက်၍ မရသော အရာပင် ဖြစ်ချေသည်။
သူမသည် မိစ္ဆာလမ်းစဉ်ဂိုဏ်းစု၏ ကျင့်စဉ်များအပေါ် ပိုမို၍ စိတ်ဝင်စားလာခဲ့သည်။
မုန့်ဝမ်၏ လှောင်ပြောင်သော စကားများကို ကြားသောအခါ မြွေဖြူမယ်မှာ ဒေါသထွက်သွားတော့၏။
သို့သော်လည်း အကျဉ်းသားတစ်ဦးအနေဖြင့် သူမ၏ ဒေါသမှာ ခဏတာမျှသာ ပြသနိုင်ပေသည်။
မြွေဖြူမယ်သည် သူမ၏ စိတ်ကို လျင်မြန်စွာ ပြင်ဆင်လိုက်ပြီး ရှင်းပြလိုက်သည်။
“ဒါက ငါ့ရဲ့ စိတ်ရင်းစေတနာကို ပြသရုံ သက်သက်ပါပဲ။ မင်းမှာ တခြား ဘယ်လို တောင်းဆိုချက်မျိုး ရှိရှိ ထပ်ပြောနိုင်ပါတယ်”
“စိတ်ရင်းစေတနာ ဟုတ်လား”
မုန့်ဝမ်က နှာခေါင်းရှုံ့လိုက်ကာ -
“မင်းရဲ့ စိတ်ရင်းစေတနာဆိုတာ ငါ့ကို ကွယ်ရာကနေ ချောင်းမြောင်းပြီး အလစ်အငိုက် တိုက်ခိုက်တာကို ပြောတာလား”
“မင်း မှားနေပြီ... ငါက အနားကနေ ဖြတ်သွားရုံ သက်သက်ပါ၊ တကယ် ဖြတ်သွားရုံ သက်သက်ပါပဲ”
မြွေဖြူမယ်က မဟုတ်မမှန် စွပ်စွဲခံရသကဲ့သို့ အော်ဟစ်လိုက်တော့သည်။
“ဖြတ်သွားရုံ ဟုတ်လား”
မုန့်ဝမ်မှာ ထိုစကားကြောင့် ရယ်ပင် ရယ်ချင်သွားတော့သည်။
“ကဲ... ထားလိုက်ပါတော့၊ မင်းနဲ့ စကားများနေရတာ ပျင်းဖို့ကောင်းတယ်။ ပြောစမ်း... မင်းတို့ မိစ္ဆာလမ်းစဉ်ဂိုဏ်းစုက ‘မိစ္ဆာဝိညာဉ်’ တွေကို ဘယ်လို ပေါင်းစပ်ကျင့်ကြံရတာလဲ။ အဲဒါကို ငါ တော်တော် စိတ်ဝင်စားတယ်”
မြွေဖြူမယ်မှာ တိတ်ဆိတ်သွားတော့သည်။
ဤအရာများသည် မိစ္ဆာလမ်းစဉ်ဂိုဏ်းစု ကျင့်စဉ်၏ အနှစ်သာရများ ဖြစ်ချေသည်။ အကယ်၍သာ သူမ ပေါက်ကြားအောင် လုပ်မိပါက နတ်သားတော်က သူမကို အရှင်လတ်လတ် အရေခွံဆုတ် ပစ်မည်မှာ သေချာလှသည်။
“မင်း မပြောဘူးပေါ့လေ”
မုန့်ဝမ်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခဲသွားသည်။
“ဒါဆိုရင်တော့ ငါ့ကို အားနာမနေနဲ့တော့”
သူမသည် လက်ချောင်းဖြင့် တစ်ချက် တို့လိုက်ရာ သွေးရောင်အလင်းတန်းတစ်ခုမှာ မြွေဖြူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း တိုးဝင်သွားတော့၏။
“အား...”
မြွေဖြူမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်လာသည်။
“ကဲ... အခုရော ပြောနိုင်ပြီလား”
မုန့်ဝမ်က ပြုံးလိုက်သော်လည်း သူမ၏ အသံမှာမူ ငရဲအနက်ပိုင်းမှ ထွက်ပေါ်လာသကဲ့သို့ အေးစက်လှချေ၏။
မြွေဖြူမယ်သည် သွားကို တင်းတင်းကြိတ်ကာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
“ကြည့်ရတာ မင်းက အခြေအနေကို မသိသေးဘူးပဲ......”
မုန့်ဝမ်က သက်ပြင်းချကာ ခေါင်းကို ခါလိုက်သည်။ သူမသည် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ သူမ၏ လက်ဖဝါးပေါ်တွင် သွေးရောင် ဝဲဂယက်တစ်ခုမှာ နှေးကွေးစွာ လည်ပတ်နေပြီး ရင်တုန်စရာ အရှိန်အဝါတစ်ခု ထွက်ပေါ်နေချေ၏။
“ဒီတော့ မင်း ဘယ်လောက်အထိ ခေါင်းမာနိုင်ဦးမလဲဆိုတာ ကြည့်ကြတာပေါ့ မြွေလေးရယ်”
သွေးဝဲဂယက်မှာ ပိုမို လျင်မြန်စွာ လည်ပတ်လာပြီး မွန်းကြပ်ဖွယ် ဖိအားတစ်ခု ထွက်ပေါ်လာတော့သည်။
မြွေဖြူမယ်သည် တစ်ကိုယ်လုံး တုန်ယင်နေချေပြီ။ သူမ သိထားသည်မှာ ယနေ့ လွတ်မြောက်လိုပါက ပေးဆပ်ရမည့် တန်ဖိုးတစ်ခု ရှိနေသည်ဟူ၍ပင်။
ထိုအချိန်မှာပင် မြွေဖြူမယ်၏ မျက်ဝန်းထဲတွင် ပြတ်သားသော အကြည့်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူမသည် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်ပြီး စူးရှသော အသံဖြင့် ရှူးရှူးရှဲရှဲ လုပ်လိုက်တော့၏။
သူမ၏ ခန္ဓာကိုယ်မှာ စတင် ဖောင်းပွလာပြီး စူးရှသော အလင်းဖြူများ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ပြန့်နှံ့လာချေပြီ။
“မကောင်းတော့ဘူး... သူမရဲ့ မိစ္ဆာဝိညာဉ်ကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတော့မှာ”
နှလုံးစားပိုးကောင်သည် မြွေဖြူ၏ စိတ်ခံစားမှုကို သိရှိသွားပြီး လျင်မြန်စွာ သတိပေးလိုက်တော့သည်။
မုန့်ဝမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားကာ သူမသည် ချက်ချင်းပင် နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာလိုက်ချေ၏။
ပြင်းထန်လှသော “ဘုန်း” ဟူသည့် အသံကြီးနှင့်အတူ အလင်းဖြူများမှာ ကောင်းကင်ယံသို့ ပေါက်ကွဲ တက်သွားတော့သည်။
ပြင်းထန်လှသော စွမ်းအင်များသည် ပေါက်ထွက်သွားသော ရေကာတာတစ်ခုကဲ့သို့ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ချေ၏။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ပျက်စီးယိုယွင်းနေသော မြင်ကွင်းသာ ကျန်ရှိတော့သည်။ မြွေဖြူမှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ လေထုထဲတွင် မိစ္ဆာအရှိန်အဝါ အနည်းငယ်သာ ကျန်ရစ်တော့သည်။
မုန့်ဝမ်သည် သူမကိုယ်သူမ ပြန်လည် ထိန်းကျောင်းလိုက်ပြီး သက်ပြင်းအသာ ချလိုက်မိသည်။
“တောက်... တကယ် ရက်စက်တာပဲ၊ ဒီအတိုင်း ဖောက်ခွဲပစ်လိုက်တာလား။ ငါ့ကို နည်းနည်းလေးတောင် မျက်နှာမထောက်ဘူး”
သူမသည် သူမ၏ ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် နှမြောတသဖြစ်မှုများ လက်ခနဲ ဖြစ်သွားသည်။
တကယ့်ကို နှမြောစရာပင်။ သူမသည် မြွေဖြူ၏ ပါးစပ်ကို ဖွင့်ကာ သူတို့၏ ကျင့်စဉ်များကို လေ့လာလိုခဲ့ခြင်း ဖြစ်သည်။
နတ်သားတော်၏ ရှေ့မှောက်သို့ သွားရောက်ရမည့်ရက် ရောက်ရန် ရက်အနည်းငယ်သာ လိုတော့သည်။ ထိုအချက်ကို တွေးမိသောအခါ မုန့်ဝမ်သည် မြွေဖြူကို ဆက်လက် လိုက်လံ ရှာဖွေနေရန် ငြီးငွေ့သွားတော့၏။
သူမ၏ ရည်မှန်းချက်မှာ ချင်းလင်နှင့် ရွှယ်ဝူယာ တို့ကို ဖယ်ရှားကာ သွေးလမ်းစဉ်ဂိုဏ်းစု၏ နတ်သားတော် ဖြစ်လာရန်နှင့် အရင်းအမြစ် အားလုံးကို လက်ဝါးကြီးအုပ်ရန်ပင် ဖြစ်ချေသည်။
ကျန်ရှိသော အချိန်များတွင် မုန့်ဝမ်သည် ‘သွေးစက်ဝန်းမျက်လုံး’ လျှို့ဝှက်ကျင့်စဉ်ကို ဆက်လက် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။
ဤမျက်လုံးပညာရပ်မှာ တိုက်ရိုက် တိုက်ခိုက်ရေးစွမ်းအားကို မမြှင့်တင်ပေးနိုင်သော်လည်း စစ်မြေပြင်တွင် အသုံးချရန်မှာ အလွန်ပင် လက်တွေ့ကျလှပေသည်။
ယွမ်ဝူနှင့် အခြားသူများ၏ အကူအညီတောင်းခံမှုများကော.........
ဟက်ဟက်... ထုံးစံအတိုင်း အားလုံးကို လျစ်လျူရှုထားလိုက်ခြင်းပင် ဖြစ်ချေသည်။
သူတို့ဘာသာသူတို့ ကစားနေကြပါစေ.........
သူမမှာ ကျင့်ကြံခြင်းဖြင့် အလုပ်ရှုပ်နေသဖြင့် ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စများကို ကိုင်တွယ်ရန် အချိန်မရှိပေ။
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ နတ်သားတော်၏ ရှေ့မှောက်သို့ သွားရောက်ရမည့် နေ့ရက်သို့ ရောက်ရှိလာသည်။
မုန့်ဝမ်သည် အသစ်ကျပ်ချွတ် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ကာ ဆဋ္ဌမတောင်ထိပ်သို့ ဦးတည်လိုက်တော့သည်။
သူမ ရောက်ရှိသွားသောအခါ အခြားသော နတ်သားတော်အလျောင်းအလျာများမှာ ရောက်ရှိနှင့်နေကြပြီ ဖြစ်သည်။
သို့သော်လည်း ပြီးခဲ့သည့်အကြိမ် နတ်သားတော်နှင့် တွေ့ဆုံစဉ်က မုန့်ဝမ်မှာ ဘေးဖယ်ခံထားရသူကဲ့သို့ ဖြစ်ခဲ့သော်လည်း ယခုအကြိမ်တွင်မူ သူမ၏ တည်ရှိမှုမှာ သိသိသာသာ အားကောင်းနေချေပြီ။
ယွမ်ဝူ၊ ယွဲ့ချန် နှင့် အခြားသူများမှာ မုန့်ဝမ်ကို ကြည့်သော အကြည့်များတွင် ကြောက်ရွံ့ရိပ်များပင် ပါဝင်နေတော့သည်။
အထူးသဖြင့် ယွမ်ဝူ ဖြစ်ချေသည်။ သူ၏ ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ခြောက်မှ ယခုအဆင့်အထိ ထိုးကျသွားခဲ့ရခြင်းမှာ မုန့်ဝမ်ကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
မုန့်ဝမ်ကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်တစ်ခု လက်ခနဲ ဖြစ်သွားသော်လည်း ချက်ချင်းပင် မျက်နှာချိုသွေးသော အမူအရာသို့ ပြောင်းလဲလိုက်ကာ မုန့်ဝမ်ကို ဦးအောင် နှုတ်ဆက်လိုက်တော့သည်။
“စီနီယာအစ်မ မုန့်... ရောက်လာပြီလား”
***