သွေးကန်အတွင်းမှ ထွက်လာပြီးနောက် မုန့်ဝမ်သည် သန့်ရှင်းသော ဝတ်စုံနက်ကို လဲလှယ်ဝတ်ဆင်ကာ ရွှယ်ဝူယာ၏ ကျင့်ကြံခြင်းဂူဆီသို့ အေးအေးလူလူပင် လျှောက်လှမ်းသွားတော့သည်။
တောက်... ချင်းလင်ကတော့ တကယ်ကို စိတ်မရှည်တာပဲ။ ဒီလို သေးငယ်တဲ့ ကိစ္စလေးကိုတောင် အပြေးအလွှား သွားတိုင်ရတယ်လို့။
“နတ်သားတော်... ကျွန်မကို ခေါ်ယူတယ်ဆိုတော့ ဘာများ မိန့်ကြားစရာ ရှိလို့ပါလဲရှင်”
မုန့်ဝမ်သည် ဂူအတွင်းသို့ ဝင်ရောက်လိုက်သည်။ သူမ၏ လေသံမှာ ရိုသေမှု အပြည့်ရှိနေပြီး အမူအရာမှာလည်း အပြစ်ပြောစရာမရှိအောင်ပင် နှိမ့်ချထားဆဲ ဖြစ်ချေသည်။
ရွှယ်ဝူယာသည် လက်ထဲမှ သွေးရောင်ကျောက်စိမ်းကို ကစားရင်း သူမကို မျက်မှောင်ကြုတ် ကြည့်လိုက်ကာ အေးစက်စွာ မေးလိုက်သည်။
“ချင်းလင်ရဲ့ သွေးကန်ဆေးစိမ်ခွင့်ကို နင် လုယူထားတယ်လို့ ငါကြားတယ်”
မုန့်ဝမ်သည် ဆင်ခြေမပေးဘဲ ခပ်ပြုံးပြုံးပင် ဆိုလိုက်သည်။
“နတ်သားတော်... အမှန်အတိုင်း ပြောရရင် ဒီတပည့်မလေးက နတ်သားတော်ရဲ့ အကျိုးအတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပါ”
“ဟက်...”
ဘေးတွင် ရပ်နေသော ချင်းလင်မှာ ဒေါသထွက်လွန်းသဖြင့် အော်ရယ်မိတော့သည်။
“နတ်သားတော်ရဲ့ အကျိုးအတွက် ဟုတ်လား။ နင်က ငါ့ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ခိုးယူထားပြီးတော့မှ နတ်သားတော်ရဲ့ အကျိုးအတွက်လို့ ပြောရဲသေးတယ်ပေါ့။ တကယ့်ကို ရယ်စရာကောင်းတဲ့ ပြက်လုံးပဲ”
ထူးဆန်းသည်မှာ ရွှယ်ဝူယာသည် ထိုစကားကို စိတ်ဝင်စားသွားကာ မျက်ခုံးပင့်လိုက်ခြင်းပင်။
“အိုး... ဒါဆိုလည်း ပြောစမ်းပါဦး။ နင်က ငါ့ရဲ့ အကျိုးစီးပွားကို ဘယ်လိုမျိုး ထည့်သွင်းစဉ်းစားပေးထားတာလဲ”
ထိုအခါ မုန့်ဝမ်မှာ တည်ငြိမ်စွာဖြင့်ပင် ပြောဆိုလိုက်သည်။
“နတ်သားတော်... ဒီလို အဖိုးတန်လှတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေဆိုတာ ထိုက်တန်တဲ့သူတွေပဲ သုံးသင့်တာပါ။ စီနီယာအစ်မ ချင်းလင်က အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ သွေးကန်ကိုလည်း အမြဲသုံးပြီး ခန္ဓာကိုယ်ကို ကျင့်ကြံနေတာတောင် သူမရဲ့ ကျင့်ကြံမှုက အခြေခံတည်ဆောက်ခြင်းအဆင့် ငါးမှာပဲ ရှိနေသေးတယ်။
ဒါပေမဲ့ ကျွန်မကတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်တာ နှစ်လပဲ ရှိသေးပေမဲ့ အဆင့် လေးကို ရောက်နေပြီ။ စီနီယာအစ်မ ချင်းလင်ကို ဒီသွေးကန် သုံးခိုင်းနေတာက အရင်းအမြစ်တွေကို ဖြုန်းတီးရာ မကျဘူးလား။ အဲဒီအစား ကျွန်မ သုံးလိုက်ရင် ပိုပြီး မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်မှာဖြစ်သလို နတ်သားတော်ကိုလည်း ပိုပြီး ထိထိရောက်ရောက် အလုပ်အကျွေး ပြုနိုင်မှာပါ”
ချင်းလင်မှာ ဒေါသကြောင့် တုန်ယင်နေတော့သည်။ “အဓိပ္ပာယ်မရှိတာ။ ဒါ ဘယ်လိုမျိုး ကောက်ကျစ်တဲ့ စကားလဲ”
သူမသည် နတ်သားတော်ဘက်သို့ လှည့်ကာ ခေါင်းကို နိမ့်နိုင်နှိမ့်၍ ဦးတိုက်လိုက်သည်။
“နတ်သားတော်... စဉ်းစားပေးပါဦး။ ချင်းလင်က အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ကတည်းက နတ်သားတော်အပေါ် အမြဲတမ်း သစ္စာရှိခဲ့ပါတယ်။ ဘယ်တုန်းကမှ မရိုးမသား မလုပ်ခဲ့ပါဘူး။ နတ်သားတော်က ကျွန်မအတွက် တရားမျှတအောင် လုပ်ပေးရပါမယ်”
မုန့်ဝမ်က အသာအယာ ရယ်မောလိုက်ပြီး ရွှယ်ဝူယာ စကားမပြောမီ ကြားဖြတ် ပြောလိုက်ပြန်သည်။
“စီနီယာအစ်မရဲ့ နတ်သားတော်အပေါ် သစ္စာရှိမှုကတော့ နေနဲ့ လလို ထင်ရှားနေတာ လူတိုင်းသိတာပေါ့။ ညီမလေးက အဲဒါကို မေးခွန်းထုတ်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ တို့တွေရဲ့ ရာထူးနေရာမှာ သစ္စာရှိရုံနဲ့ မလုံလောက်ဘူးလေ။ ခွန်အားလည်း ရှိဖို့ လိုတယ် မဟုတ်လား”
ချင်းလင်၏ အသံမှာ ဒေါသကြောင့် တုန်ယင်နေတော့သည်။ “နင် ဘာကို ဆိုလိုတာလဲ။ ငါ့ရဲ့ အရည်အချင်းကို စိန်ခေါ်နေတာလား”
မုန့်ဝမ်က သူမ၏ လက်နှစ်ဖက်ကို အပြစ်ကင်းစင်ဟန်ဖြင့် ဖြန့်ပြလိုက်သည်။
“ညီမလေးက မရဲပါဘူး။ ဒါပေမဲ့ တုပေါင်းဆောင်ကို သွားရမယ့်ခရီးက နီးနေပြီလေ။ ကျွန်မ သွေးကန်ကို သုံးပြီး ကျင့်ကြံမှု မြှင့်တင်တာက လာမယ့် တိုက်ပွဲတွေမှာ နတ်သားတော်အတွက် ပိုပြီး အကျိုးပြုနိုင်အောင်လို့ပါ။ မဟုတ်ရင် ကျွန်မရဲ့ အားနည်းတဲ့ ကျင့်ကြံမှုနဲ့ ရတနာရှာဖွေတဲ့နေရာမှာ နတ်သားတော်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာ စိုးလို့ပါ”
ထိုစကားကို ကြားသောအခါ ရွှယ်ဝူယာသည် လက်ထဲမှ ကျောက်စိမ်းကို ကိုင်ရင်း စဉ်းစားနေတော့သည်။ ချင်းလင်၏ သစ္စာရှိမှုမှာ သံသယဖြစ်ဖွယ် မရှိသော်လည်း သူမ၏ ကျင့်ကြံမှု တိုးတက်နှုန်းမှာ လျင်မြန်စွာ တက်လှမ်းနေသော မုန့်ဝမ်နှင့် ယှဉ်လျှင် အမှန်တကယ်ပင် နှေးကွေးလှပေသည်။
တုပေါင်းဆောင် ခရီးစဉ်မှာ ပြိုင်ဆိုင်မှု အလွန် ပြင်းထန်လိမ့်မည် ဖြစ်ရာ ခွန်အား အနည်းငယ် ပိုရှိခြင်းမှာ အာမခံချက် တစ်ခု ပိုရခြင်းပင် ဖြစ်သည်။
ရွှယ်ဝူယာသည် ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။
“ချင်းလင်ရဲ့ သွေးကန်ဆေးစိမ်ခွင့်ကို အရင်အတိုင်းပဲ ထားမယ်။ မုန့်ဝမ်ရဲ့ သွေးကန်သုံးစွဲခွင့်ကိုတော့ သုံးရက်ကနေ ၁၂ ရက်အထိ တိုးမြှင့်ပေးလိုက်မယ်”
မုန့်ဝမ်မှာ အလွန်အမင်း ဝမ်းသာသွားတော့သည်။ ရွှယ်ဝူယာက ဤမျှအထိ ရက်ရောလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမကို အပြစ်မပေးရုံတင်မကဘဲ ဆုလာဘ်ကိုပါ လေးဆတောင် တိုးပေးလိုက်သည် မဟုတ်ပါလော။
သူမသည် အလျင်အမြန် ဦးတိုက်လိုက်ကာ - “နတ်သားတော်ရဲ့ မြေတောင်မြှောက်ပေးမှုကို ကျေးဇူးတင်ပါတယ်ရှင်။ ဒီတပည့်မလေးက နတ်သားတော်ရဲ့ မျှော်လင့်ချက်တွေကို အပျက်စီးမခံပါဘူး”
ချင်းလင်မှာမူ မနာလိုစိတ်ကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေသော်လည်း တည်ငြိမ်အောင် ထိန်းထားရပြီး အတင်းအကျပ်ပင် ပြုံးပြလိုက်ရသည်။
“ကျေးဇူးတင်ပါတယ် နတ်သားတော်”
မုန့်ဝမ်၏ နှုတ်ခမ်းများ အသာအယာ ကွေးညွှတ်သွားသည်။ သူမသည် နတ်သားတော်ကို အလိုက်တသိ မြှောက်ပင့် စကားဆိုပြီး ထွက်ခွာရန် ပြင်လိုက်စဉ် ရွှယ်ဝူယာက လှမ်းခေါ်လိုက်ပြန်သည်။
“အော်... နောက်ပြီး မုန့်ဝမ်......”
မုန့်ဝမ် ရပ်လိုက်ကာ နားမလည်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။ “နတ်သားတော်မှာ တခြား မိန့်ကြားစရာ ရှိသေးလို့လားရှင်”
ရွှယ်ဝူယာက အေးအေးလူလူပင် ဆိုလိုက်သည်။
“ငါမှတ်မိသလောက်ဆိုရင် နင့်ရဲ့ ပဉ္စမတောင်ထိပ်က အခွင့်အရေးကို မသုံးရသေးဘူး မဟုတ်လား။ ဆဋ္ဌမတောင်ထိပ်က သွေးကန်မှာ ကျင့်ကြံပြီးရင် ပဉ္စမတောင်ထိပ်က ပင်မသွေးကန်မှာ သွားပြီး ကျင့်ကြံနိုင်တယ်”
ပဉ္စမတောင်ထိပ်က ပင်မသွေးကန်ထဲကိုတောင် ဝင်ခွင့်ရမှာလား။
နောက်ထပ် အံ့ဩစရာ သတင်းကောင်းပင်။
မုန့်ဝမ်၏ ဝမ်းသာမှုမှာ ထင်ရှားနေသော်လည်း သူမ၏ အမူအရာကို ရိုသေစွာ ထိန်းထားလိုက်သည်။ “ကျေးဇူးတင်ပါတယ် နတ်သားတော်။ ဒီတပည့်မလေး နားလည်ပါပြီ”
မုန့်ဝမ်သည် ပျော်ရွှင်စွာဖြင့် သွေးကန်သို့ ပြန်သွားကာ ကျင့်ကြံခြင်း အတွေ့အကြုံကို ထပ်မံ စတင်တော့သည်။ ကိုးရက် ကြာပြီးနောက်မှသာ သူမသည် သွေးကန်အတွင်းမှ နှမြောတသစွာဖြင့် ထွက်လာခဲ့တော့သည်။
၁၂ ရက်ကြာ သွေးကန်အတွင်း ကျင့်ကြံပြီးနောက်တွင် သူမ၏ ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် လေးမှာပင် ရှိနေသေးသော်လည်း သူမ၏ သွေးပင်လယ်အတွင်းရှိ သွေးဝိညာဉ်ရေများမှာ သိသိသာသာ ပိုမို ပျစ်ချွဲလာပြီး ဖိအားမှာလည်း ပိုမို လေးလံလာသည်ကို ခံစားမိသည်။
သူမ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် ခွန်အားမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ဤတစ်ခေါက် ကျင့်ကြံခြင်းမှာ အကျိုးကျေးဇူး အလွန် ကြီးမားလှပေသည်။
အကယ်၍သာ ဒီဆဋ္ဌမတောင်ထိပ်က သွေးကန်ထဲမှာ နေ့တိုင်း စိမ်နေလို့ ရရင် သိပ်ကောင်းမှာပဲ...... မုန့်ဝမ်သည် ကိုယ်လက်ဆန့်ထုတ်ကာ ခွန်အားများ ပြည့်ဝနေသည်ကို ခံစားလိုက်ရသည်။
နောက်တစ်ဆင့်ကတော့ ပဉ္စမတောင်ထိပ်ကို သွားကြည့်ဖို့ပဲ။
သွေးကန်အတွင်းမှ ထွက်လာစဉ် ချင်းလင်နှင့် ဆုံမိပြန်သည်။ မကြာသေးမီက ပြသခဲ့သော “ညီအစ်မ သံယောဇဉ်” မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ချင်းလင်သည် မုန့်ဝမ်ကို အဆိပ်လူးထားသော မျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။
“မုန့်ဝမ်... နင် သိပ်ပြီး မောက်မာမနေနဲ့ဦး။ ဒီအကြွေးကို ငါ နင့်ကို အနှေးနဲ့အမြန် ပြန်ဆပ်ခိုင်းမယ်”
“စီနီယာအစ်မ ချင်းလင်ကလည်း... သူစိမ်းတွေလို ပြောနေပြန်ပြီ”
မုန့်ဝမ်က မျက်ခုံးပင့်ကာ ရယ်မောလိုက်သည်။ “အစ်မက ဘာလို့ ဒေါသထွက်နေတာလဲ။ နတ်သားတော်က အစ်မအတွက် တရားမျှတအောင် လုပ်ပေးပြီး အစ်မ ပိုင်ဆိုင်တာတွေကို ပြန်ပေးခဲ့ပြီ မဟုတ်လား”
ချင်းလင်မှာ ဒေါသကြောင့် တုန်ယင်နေသော်လည်း ပြန်ပြောစရာ စကား မရှိတော့ပေ။ အမှန်တကယ်တော့ မုန့်ဝမ် ပြောသည်မှာလည်း လုံးဝ မမှားပေ။ သို့သော် သူမ ရရှိသည့် အကျိုးအမြတ်မှာ မုန့်ဝမ် ရရှိသည့် အကျိုးအမြတ်နှင့် ယှဉ်လျှင် အစအနလေးမျှသာ ဖြစ်နေသည် မဟုတ်ပါလော။
ချင်းလင်သည် သွားကို တင်းတင်းကြိတ်ကာ စကားတစ်ခွန်းကို အတင်းညှစ်ထုတ်လိုက်သည်။ “နင် စောင့်ကြည့်နေလိုက်.....”
“ကောင်းပါပြီ... ကျွန်မ စောင့်နေပါ့မယ်”
မုန့်ဝမ်က ပြုံးမြဲပြုံးနေဆဲ ဖြစ်ကာ တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို အမှုမထားသကဲ့သို့ပင်။
“ဒါနဲ့... ကျွန်မ အခု ပဉ္စမတောင်ထိပ်ကို သွားတော့မလို့။ ပဉ္စမတောင်ထိပ်က ပင်မသွေးကန်က သွေးတွေက ဆဋ္ဌမတောင်ထိပ်ထက် မနိမ့်ဘူးလို့ ကြားတယ်။ အဲဒါ အမှန်လား အမှားလားဆိုတာ သွားကြည့်လိုက်ဦးမယ်နော်”
ပြောပြီးသည်နှင့် သူမသည် ကျော့ရှင်းစွာ လှည့်ထွက်သွားတော့သည်။ ချင်းလင်မှာမူ မျက်နှာတစ်ခုလုံး အိုးမည်းသုတ်ထားသကဲ့သို့ မည်းမှောင်ကာ ကျန်ရစ်ခဲ့တော့သည်။
ပဉ္စမတောင်ထိပ်ရှိ သွေးကန်မှာ ဆဋ္ဌမတောင်ထိပ်ထက် အနည်းငယ် နိမ့်ကျသော်လည်း အတော်လေး သန့်စင်ပြီး ပြင်းအားကောင်းသည်ဟု သတ်မှတ်၍ ရသည်။
ဤနေရာကို စောင့်ကြပ်နေသူမှာ ခြောက်ကပ်ကပ် အဖိုးကြီး တစ်ဦး ဖြစ်သည်။ ထိုအဖိုးကြီးက မုန့်ဝမ်ကို မြင်သောအခါ အံ့ဩဟန် မပြပေ။ သွေးလမ်းစဉ်ဂိုဏ်းစု၏ တက်သစ်စကြယ်ပွင့် မုန့်ဝမ်အကြောင်းကို သူ ကြားသိပြီးသား ဖြစ်ဟန်တူသည်။
“စည်းမျဉ်းအရ နတ်သားတော်အလျောင်းအလျာ အဆင့်ရှိတဲ့ ကျင့်ကြံသူတွေဟာ ပဉ္စမတောင်ထိပ်မှာ တစ်နှစ်ကို တစ်ကြိမ် ကျင့်ကြံခွင့်ရှိတယ်။ နတ်သားတော်က နင့်ကို ပဉ္စမတောင်ထိပ် ပင်မသွေးကန်ထဲ ဝင်ခွင့်ပြုဖို့ မှာထားပြီးသားပါ။ ဒါပေမဲ့ အချိန်ကတော့ ၁၅ ရက်ထက် မကျော်စေနဲ့၊ နားလည်လား”
ပြောပြီးသည်နှင့် အဖိုးကြီးက မုန့်ဝမ်ထံသို့ ကျောက်စိမ်းဆွဲသီး တစ်ခုကို ကမ်းပေးလိုက်သည်။
“နားလည်ပါပြီ”
မုန့်ဝမ်သည် ကျောက်စိမ်းဆွဲသီးကို ယူကာ တောင်ထိပ်ရှိ ပင်မသွေးကန်ဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်လှမ်းသွားတော့သည်။
ပဉ္စမတောင်ထိပ် ပင်မသွေးကန်မှာ တောင်ထိပ်ပေါ်တွင် မြှုပ်နှံထားသော နီရဲသည့် ရတနာတစ်ခုကဲ့သို့ပင်။ သွေးရောင် အငွေ့အသက်များမှာ မြူနှင်းများကဲ့သို့ ဖုံးလွှမ်းနေပြီး နတ်ဘုံနတ်နန်းကဲ့သို့ ရှိသော်လည်း မိစ္ဆာတွင်းနက်ကြီးနှင့်လည်း ဆင်တူလှသည်။
ကန်ရေမှာ ဆဋ္ဌမတောင်ထိပ်ကဲ့သို့ ပျစ်ချွဲမနေဘဲ တစ်ပိုင်းတစ်စ ကြည်လင်သည့် အခြေအနေတွင် ရှိနေပြီး အတွင်း၌ နီရဲနေသော အလင်းတန်းလေးများ စီးဆင်းနေသည်။
ဆဋ္ဌမတောင်ထိပ်နှင့် ယှဉ်လျှင် ဤနေရာမှ သွေးများမှာ အမှန်တကယ်ပင် ကျဲပြီး ဝိညာဉ်စွမ်းအားလည်း အနည်းငယ် လျော့နည်းသည်။ သို့သော်လည်း ဤနေရာက ပင်မသွေးကန် ဖြစ်သည်နှင့်အညီ ပမာဏမှာ အလွန် များပြားလှပေရာ ကြည့်လိုက်လျှင် ရေကန်ငယ်လေးတစ်ခုကဲ့သို့ပင်။
မုန့်ဝမ်သည် ကန်ထဲသို့ ဆင်းလိုက်ရာ သွေးရောင်ရေများမှာ သူမ၏ ခါးအထိ ရောက်ရှိလာသည်။ သွေးနံ့ သင်းသင်းလေးမှာ သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာသော်လည်း ညှီစော်နံခြင်းမရှိဘဲ ထူးဆန်းသော နံ့လေး တစ်မျိုးကို ဆောင်နေသည်။
သူမသည် တင်ပျဉ်ခွေထိုင်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျင့်စဉ်ကို လည်ပတ်စေကာ ကန်အတွင်းရှိ သွေးအနှစ်သာရများကို စတင် စုပ်ယူတော့သည်။
ပဉ္စမတောင်ထိပ် ပင်မသွေးကန်ထဲ ဝင်ခွင့်ရခြင်းမှာ ရှားပါးသော အခွင့်အရေး ဖြစ်သဖြင့် သူမအနေဖြင့် အပြည့်အဝ အသုံးချရပေလိမ့်မည်။
***