မုန့်ဝမ် အံ့ဩသွားရသည်မှာ ရွှမ်ယင်ဂိုဏ်းမှ တပည့်များသာမက အခြားဂိုဏ်းအသီးသီးမှ တပည့်များ၊ ထိုမျှမက ‘တစ်ကိုယ်တော်ကျင့်ကြံသူ’များပင် ဤနေရာတွင် စုဝေးနေကြခြင်းဖြစ်သည်။
ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် သူမ အခြေအနေကို ရိပ်မိလိုက်သည်။ ဂိုဏ်းတော်သည် တုပေါင်းဆောင် ထဲ ဝင်ရောက်ခွင့် အရည်အချင်းများကို ပြင်ပလူများထံ ရောင်းချပြီး အမြတ်အစွန်း အမြောက်အမြား ရှာဖွေနေခြင်း ဖြစ်ဟန်တူသည်။
တယ်လီပို့ စက်ကွင်းအနီးတွင် ကျင့်ကြံသူများ ပိုမိုများပြားလာသော်လည်း ‘ကာမလမ်းစဉ်’ ၏ နတ်သားတော်ကိုမူ လုံးဝ မတွေ့ရပေ။ ထိုနတ်သားတော်သည် အလွန်လျှို့ဝှက်ပြီး ရုပ်ဖျက်အတတ်တွင် ကျွမ်းကျင်သူဖြစ်ရာ သူ၏ မျက်နှာအစစ်အမှန်ကို မြင်ဖူးသူ အလွန်ရှားသည်ဟု ဆိုကြသည်။
မုန့်ဝမ်ကတော့ သူသည် လူအုပ်ထဲတွင် ရောနှောနေပြီး သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားခြင်းသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားကာ တုပေါင်းးဆောင် ပွင့်မည့်အချိန် နီးကပ်လာခဲ့ပြီ။ လေထုမှာ တင်းမာမှုများ ပြည့်နှက်နေပြီး အချိန်မရွေး ပြတ်တောက်သွားနိုင်သည့် ကြိုးတစ်ချောင်းကဲ့သို့ ရှိနေသည်။
ထိုစဉ် တယ်လီပို့ စက်ကွင်းအထက်ရှိ ‘ဟင်းလင်းပြင်’ မှာ လှုပ်ရှားသွားပြီး ကြီးမားသော ဝဲဂယက်ကြီးတစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။ ဝဲဂယက်၏ အလယ်ဗဟိုမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာရာ အခြားကမ္ဘာတစ်ခုသို့ သွားရာ တံခါးပေါက်ကြီးတစ်ခုအလားဖြစ်နေသည်။
“တုပေါင်းးဆောင် ပွင့်ပြီ........”
လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်နှင့် လူတိုင်းမှာ စိတ်လှုပ်ရှားသွားကြပြီး ဝဲဂယက်ကြီးကို စိုက်ကြည့်နေကြတော့သည်။
တစ်ချိန်တည်းမှာပင် သူတို့ခြေဖဝါးအောက်ရှိ တယ်လီပို့ စက်ကွင်းမှ အလင်းတန်းများ ရုတ်တရက် ပွင့်ထွက်လာပြီး လူတိုင်းကို လွှမ်းခြုံသွားတော့သည်။
ဖြူဖွေးသော အလင်းတန်းတစ်ခုနှင့်အတူ မုန့်ဝမ်သည် ခေါင်းမူးနောက်သွားသလို ခံစားလိုက်ရပြီး မျက်လုံးပြန်ဖွင့်လိုက်သောအခါ မရင်းနှီးသော နေရာတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
မိုးထိမတတ် မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးများမှာ ကောင်းကင်ကို ဖုံးအုပ်ထားပြီး ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် နွယ်ပင်များမှာ အမြစ်များအထိ ရစ်ပတ်နေကြသည်။
လေထုထဲတွင် သိပ်သည်းလှသော ဝိညာဉ်စွမ်းအားများနှင့်အတူ သစ်ပင်ပန်းမန်အနံ့ သင်းသင်းလေးမှာလည်း ရောယှက်နေသည်။
ဤတုပေါင်းးဆောင်၏ ပထမထပ်မှာ အလွန်ပင် ကျယ်ဝန်းလှပေသည်။ ၎င်းကို “တုပေါင်းဆောင်” ဟု ခေါ်သည်ထက် ရတနာများ ပြည့်နှက်နေသည့် ‘လျှို့ဝှက်နယ်မြေ’ တစ်ခုဟု ဆိုလျှင် ပိုမှန်လိမ့်မည်။
မုန့်ဝမ်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူမမှအပ မည်သူ့ကိုမျှ မတွေ့ရပေ။ တယ်လီပို့ စက်ကွင်းသည် တုပေါင်းးဆောင်ထဲ ဝင်လာသူများကို ဟိုတစ်စ ဒီတစ်စ ခွဲထုတ်လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
မထွက်ခွာမီကပင် ရွှယ်ဝူယာသည် ဤအခြေအနေကို ကြိုတင်ပြောပြထားသဖြင့် မုန့်ဝမ်က ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ တုပေါင်းးဆောင်အတွင်း၌ အမှတ်အသား တိုကင်များဖြင့် သတင်းပို့၍ မရပေ။
ထို့ကြောင့် ရွှယ်ဝူယာသည် သူမနှင့် ချင်းလင်ကို ‘ဝိညာဉ်လက်နက်အသေးစား’ တစ်ခုစီ ပေးထားသည်။ ၎င်းမှာ ရွှယ်ဝူယာ၏ ပင်မလက်နက်ရှိရာကို အာရုံခံနိုင်သဖြင့် ဤလျှို့ဝှက်နယ်မြေအတွင်း အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်မည်ဖြစ်သည်။
ထို့ပြင် မုန့်ဝမ်နှင့် ချင်းလင်တို့ ကိုင်ဆောင်ထားသော လက်နက်များမှာလည်း တစ်ဦးနှင့်တစ်ဦး တည်နေရာကို အာရုံခံနိုင်ကြသည်။
မုန့်ဝမ်သည် ခဏမျှ စဉ်းစားပြီးနောက် သူမ၏ သိုလှောင်လက်စွပ်ထဲမှ လက်ဖဝါးခန့်ရှိသော ဓားငယ်လေးတစ်စင်းကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ရွှယ်ဝူယာ ပေးထားသော လက်နက်ငယ်ပင် ဖြစ်သည်။
ဓားလေးမှာ သူမ၏ လက်ထဲတွင် နွေးထွေးချောမွေ့နေပြီး သွေးနံ့သင်းသင်းလေး ထွက်ပေါ်နေသည်။
မုန့်ဝမ်သည် ဝိညာဉ်စွမ်းအား အနည်းငယ် ထည့်သွင်းလိုက်ရာ ဓားမှာ အနည်းငယ် တုန်ခါသွားပြီး အနီရောင်အလင်းဖျော့ဖျော့ ထွက်ပေါ်လာသည်။
၎င်းသည် ဦးတည်ချက်တစ်ခုကို အရင်ညွှန်ပြပြီးနောက် အခြားတစ်ဖက်သို့ အနည်းငယ် ရွေ့သွားပြန်သည်။ ပထမဦးတည်ချက်မှာ ပင်မဓားရှိရာ (ရွှယ်ဝူယာရှိရာ) ဖြစ်ပြီး ဒုတိယဦးတည်ချက်မှာ အခြားလက်နက်ရှိရာ (ချင်းလင်ရှိရာ) ပင် ဖြစ်သည်။
ပင်မဓားနှင့် ဆက်သွယ်မှု ခွန်အားအရ ရွှယ်ဝူယာ၏ တည်နေရာမှာ သူမနှင့် အလွန်ဝေးကွာပြီး ဤလျှို့ဝှက်နယ်မြေ၏ အခြားတစ်ဖက်စွန်းတွင် ရှိနေကြောင်း မုန့်ဝမ် ရိပ်မိလိုက်သည်။
သို့သော် ချင်းလင်မှာမူ သူမနှင့် သိပ်မဝေးလှပေ။ သူမ၏ အရှိန်နှင့်ဆိုလျှင် တစ်နာရီမပြည့်မီ ဆုံစည်းနိုင်မည်ဖြစ်သည်။ မုန့်ဝမ်က ခပ်ပြုံးပြုံးပင် ဓားငယ်ကို သိမ်းဆည်းလိုက်ပြီး ချင်းလင်ရှိရာဘက်သို့ ဦးတည်ထွက်ခွာလိုက်သည်။
မုန့်ဝမ် ထွက်ခွာချိန်နှင့် တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ ချင်းလင်သည်လည်း မုန့်ဝမ်၏ လှုပ်ရှားမှုကို သတိပြုမိလိုက်သည်။ သူမလက်ထဲရှိ ဓားငယ်မှာ အနီရောင်အလင်းတန်းများ ထုတ်လွှတ်လျက် မုန့်ဝမ်ရှိရာဘက်သို့ ညွှန်ပြနေသည်။
ချင်းလင်၏ မျက်ခုံးအစုံမှာ အနည်းငယ် တွန့်ချိုးသွားပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားရသည်။ မုန့်ဝမ်ကို သူမ စိတ်ပျက်သော်လည်း သူတို့သည် အုပ်စုတစ်ခုတည်း ဖြစ်နေကြသည်။
နတ်သားတော်များ၊ နတ်သားတော်အလျောင်းအလျာများ ပြည့်နှက်နေသည့် ဤပြင်းထန်သော ပတ်ဝန်းကျင်တွင် အတူတူ လှုပ်ရှားခြင်းကသာ ပို၍ ဘေးကင်းပေလိမ့်မည်။ မဟုတ်ပါက အခြားနတ်သားတော် တစ်ပါးပါးနှင့် တိုးပါက သူမ၏ ကျင့်ကြံမှု မည်မျှမြင့်စေကာမူ အမဲလိုက်ခံရမည့် ကံကြမ္မာသာ ရှိပေသည်။
ဤသို့တွေးပြီးနောက် ချင်းလင်က နှာခေါင်းရှုံ့လိုက်ကာ ဓားကို သိမ်းပြီး မုန့်ဝမ်ရှိရာဘက်သို့ အမြန်နှုန်းဖြင့် ပြေးထွက်လိုက်သည်။ သိပ်သည်းလှသော သစ်ပင်အုပ်ကြီးမှာ နေရောင်ခြည်ကို ပိတ်ဆို့ထားသဖြင့် တောအုပ်အတွင်း မှောင်မည်းနေသည်။
ချင်းလင်သည် ခြေဖျားလေးများဖြင့် ခုန်ကူးရင်း သစ်ပင်များကြားတွင် ပျံလွှားငှက်တစ်ကောင်အလား လျင်မြန်စွာ ရွေ့လျားနေသည်။
သို့သော် သူမ သိပ်မဝေးလှသော နေရာသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ကြည့်လိုက်သည်။
“ဘယ်သူလဲ?........” ချင်းလင်က စူးရှစွာ အော်ဟစ်လိုက်သည်။
သစ်ပင်ရိပ်များ လှုပ်ခတ်သွားပြီး အမှောင်ထဲမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ “ဟဲဟဲ... မင်းရဲ့ သတိဝီရိယက မဆိုးဘူးပဲ။ ငါ့ကို ဒီလောက်အမြန် ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး...”
ချင်းလင်၏ စိတ်ထဲတွင် အန္တရာယ်အချက်ပေးသံများ ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ သစ်ပင်တစ်ပင်နောက်မှ ဝိညာဉ်တစ်ခုကဲ့သို့ လူတစ်ယောက် ထွက်ပေါ်လာပြီး မြွေဆိုးတစ်ကောင်အလား သူမကို စိုက်ကြည့်နေသည်။
ထိုလူမှာ အဝတ်နက်ကို ဝတ်ဆင်ထားပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေသော်လည်း နှုတ်ခမ်းများမှာမူ သွေးကဲ့သို့ နီရဲနေသည်။ သူကား ‘ဝိညာဉ်လမ်းစဉ်’ မှ နတ်သားတော်အလျောင်းအလျာ ‘မော့ရှောင်’ ပင် ဖြစ်ချေသည်။
သူတို့နှစ်ဦးမှာ အရင်ကတည်းက ရန်ငြိုးဟောင်း ရှိခဲ့သူများဖြစ်ရာ ယခုကဲ့သို့ တုပေါင်းးဆောင်ထဲတွင် ဆုံတွေ့ရခြင်းမှာ ရန်လိုမှုကို ပို၍ ကြီးထွားစေသည်။
“ချင်းလင်... တိုက်ဆိုင်လိုက်တာ။ မင်းနဲ့ ဒီလောက်အမြန် ဆုံရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး........” မော့ရှောင်က သူ၏ သွားဖြူဖြူများကို ထုတ်ပြကာ ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
ချင်းလင်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏လက်ထဲတွင် သွေးရောင် ကြာပွတ်ရှည်ကြီး တစ်ခု ပေါ်လာသည်။ “မော့ရှောင်... စကားများမနေနဲ့တော့........ တိုက်ချင်ရင်လည်း တိုက်လိုက်စမ်း........”
သူတို့နှစ်ဦး ချက်ချင်းပင် တိုက်ပွဲဝင်ကြတော့သည်။ မော့ရှောင်၏ ဝိညာဉ်လမ်းစဉ် ကျင့်စဉ်မှာ လျှို့ဝှက်ဆန်းပြားပြီး ခန့်မှန်းရ ခက်လှသည်။
ချင်းလင်မှာမူ ကြာပွတ်ကို ကျွမ်းကျင်စွာ အသုံးပြု၍ ပြိုင်ဘက်၏ အသက်အန္တရာယ်ရှိသော နေရာများကိုသာ ချိန်ရွယ် တိုက်ခိုက်သည်။ ခေတ္တမျှတွင် ကြာပွတ်ရိုက်သံများနှင့် ဝိညာဉ်ရိပ်များ ရှုပ်ထွေးသွားပြီး သူတို့နှစ်ဦးမှာ အပြန်အလှန် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ချင်းလင်က တဖြည်းဖြည်း အရေးနိမ့်လာသည်။ မော့ရှောင်၏ ကျင့်စဉ်မှာ အချိန်ဆွဲ တိုက်ခိုက်ရာတွင် အားသာပြီး ချင်းလင်၏ သွေးကြာပွတ်မှာမူ ပြင်းထန်သလောက် စွမ်းအင် စားသုံးမှု အလွန်များပြားသည်။
သူမ၏ ဝိညာဉ်စွမ်းအားများ ကုန်ခန်းလာသည်ကို သတိပြုမိသောအခါ ချင်းလင်သည် စိတ်ကို တင်းထားလိုက်ပြီး သူမ၏ လျှာကို ကိုက်ကာ သွေးတစ်လုပ်ကို လေထဲသို့ ထွေးထုတ်လိုက်သည်။ ထိုသွေးများမှာ လေထဲတွင် ထူးဆန်းသော သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“တံဆိပ်ကို ဖွင့်လိုက်စမ်း........ ပထမအဆင့် တံဆိပ်ဖြေလွှတ်ခြင်း........”
ချင်းလင် အော်ဟစ်လိုက်သည်နှင့် သူမ၏ အရှိန်အဝါမှာ ရုတ်တရက် မြင့်တက်လာပြီး ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ခြောက်မှ အဆင့် ခုနစ်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
မော့ရှောင်မှာ အံ့ဩသွားရသည်။ ချင်းလင်က သူမ၏ စွမ်းအားကို ဖုံးကွယ်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် သူ မတုန်လှုပ်ဘဲ - “အခြေခံတည်ဆောက်ခြင်းအဆင့် ခုနစ် ဖြစ်တော့ရော ဘာဖြစ်လဲ? ငါ မင်းကို သတ်နိုင်တုန်းပဲ........” ဟု ဆိုကာ ပို၍ ပြင်းထန်စွာ တိုက်ခိုက်ပြန်သည်။
ချင်းလင်က နောက်သို့ ဆုတ်လိုက်ပြီး လျှာကို ထပ်မံကိုက်ကာ သွေးတစ်လုပ် ထပ်မံ ထွေးထုတ်လိုက်ပြန်သည်။
“ဒုတိယအဆင့် တံဆိပ်ဖြေလွှတ်ခြင်း........”
သူမ၏ ကျင့်ကြံမှုမှာ ထပ်မံ ခုန်တက်သွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ရှစ်သို့ ရောက်ရှိသွားသည်။ ထိုအခါမှသာ မော့ရှောင်မှာ ဖိအားကို စတင် ခံစားလိုက်ရပြီး သူ၏ အမူအရာမှာ ပျက်ယွင်းလာတော့သည်။
ချင်းလင်က သူမ၏ ခွန်အားကို ဤမျှအထိ နက်ရှိုင်းစွာ ဖုံးကွယ်ထားလိမ့်မည်ဟု သူ ကျိတ်၍ ကျိန်ဆဲနေမိသည်။
ချင်းလင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ မော့ရှောင်၏ လှုပ်ရှားမှုများမှာ ဝိညာဉ်တစ်ခုကဲ့သို့ လျင်မြန်လှရာ အဆင့် ရှစ်နှင့်ပင် သူ့ကို အသေသတ်ရန် မသေချာသေးဟု သူမ ခံစားလိုက်ရသည်။ တံဆိပ်ကို ဖြေလွှတ်ပြီးမှတော့ နောက်ဆုံးအဆင့်ကိုလည်း သူမ ဂရုမစိုက်တော့ပေ။
“တတိယအဆင့် တံဆိပ်ဖြေလွှတ်ခြင်း........”
ချင်းလင်၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ဖိအားများ ပေါက်ကွဲထွက်လာပြီး သူမ၏ ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကိုးသို့ အံ့ဩဖွယ်ရာ ရောက်ရှိသွားတော့သည်။ မော့ရှောင်၏ မျက်နှာမှာ ဖြူလျော်သွားပြီး သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာသည်။
ချင်းလင်က လူမသိစေပဲ အခြေခံတည်ဆောက်ခြင်းအဆင့် ကိုးသို့ ရောက်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ဤမျှ ကျင့်ကြံမှု ကွာခြားချက်နှင့်ဆိုလျှင် သူသည် အသတ်ခံရရုံသာ ရှိတော့သည်။
ချင်းလင်၏ မုန်တိုင်းအလား တိုက်ခိုက်မှုများအောက်တွင် မော့ရှောင်မှာ အထိနာလာပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီလာသည်။
သူ၏ မျက်လုံးများထဲတွင် ကြောက်လန့်မှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း တံဆိပ်သုံးခုလုံးကို ဖြေလွှတ်ထားသော ချင်းလင်ကို သူ ပြန်လည် မခုခံနိုင်တော့ပေ။
“သေပေတော့........”
ချင်းလင်၏ အေးစက်သော အသံမှာ ငရဲပြည်မှ စီရင်ချက်တစ်ခုကဲ့သို့ပင်။ သူမ၏ သွေးကြာပွတ်ကို မြှောက်လိုက်ကာ မော့ရှောင်၏ လည်ပင်းကို ချိန်ရွယ်လိုက်ပြီး တစ်ချက်တည်းနှင့် အပြီးသတ်ရန် ပြင်လိုက်စဉ်..............
***