“ဝူ... ဝူ......”
ထိုစဉ်မှာပင် တောင်ပံများမှာ ကြည်လင်နေပြီး တစ်ကိုယ်လုံး မြစိမ်းရောင်သန်းနေသော ပျံလွှားပိုးကောင်တစ်ကောင်သည် တစီစီမြည်ကာ သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းနေသည့် ဤစစ်မြေပြင်ထဲသို့ ပေါ့ပါးစွာ ပျံသန်းဝင်ရောက်လာသည်။
ချင်းလင်နှင့် မော့ရှောင်တို့ နှစ်ဦးစလုံး လှုပ်ရှားမှုများ ရပ်တန့်သွားကြပြီး သူတို့၏ အကြည့်များမှာ ထိုပိုးကောင်ဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားသည်။
“မြရောင်ရိပ် ကင်းမြီးကောက် ..........”
သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အာမေဍိတ်သံ ထွက်ပေါ်လာသည်။
ဤမြရောင်ရိပ် ကင်းမြီးကောက်ဆိုသည်မှာ ‘ဂူလမ်းစဉ် မှ ကျင့်ကြံသူများ အမြတ်တနိုး ထားရှိသည့် အရာဖြစ်သည်။ ၎င်း ဤနေရာတွင် ပေါ်လာသည်ဆိုပါက... မော့ရှောင်၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ လက်ခနဲ ဖြစ်သွားပြီး သူ၏ အဆုတ်ကွဲမတတ် အော်ဟစ်လိုက်တော့သည်။
“ဂူလမ်းစဉ်က မိတ်ဆွေ... ကူညီပါဦး..... ဒီရူးနေတဲ့ မိန်းမက ငါ့ကို သတ်တော့မလို့.....”
သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ကြည့်ရင်း အခြေအနေကို ချဲ့ကားကာ ထပ်မံ အော်ပြောလိုက်ပြန်သည်။
“မိတ်ဆွေ... အချိန်ကိုက် ရောက်လာတာပဲ..... ဒီချင်းလင်က ဘယ်လို ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးထားလဲ မသိဘူး၊ သူမရဲ့ ကျင့်ကြံမှုက ရုတ်တရက် ခုန်တက်သွားတယ်၊ ငါ သူမကို လုံးဝ မယှဉ်နိုင်ဘူး..... သူမ ထူးခြားတဲ့ ‘ကောင်းကင်နှင့်မြေကြီး ရတနာ ကို ရထားလို့ နှုတ်ပိတ်ဖို့အတွက် ငါ့ကို သတ်ဖို့ ကြိုးစားနေတာ.....”
ချင်းလင်၏ မျက်နှာမှာ အေးစက်တင်းမာနေသည်။ သူမသည် မော့ရှောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် လေထဲတွင် ဝဲပျံနေသော ကင်းမြီးကောက်ကို ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။
“မိတ်ဆွေ... ကိုယ့်အလုပ်ကိုယ်ပဲ လုပ်ဖို့ အကြံပေးချင်တယ်။ ဒီနေ့ ဖြစ်ပျက်နေတာတွေက မင်းနဲ့ ဘာမှမဆိုင်ဘူး..... အခုချက်ချင်း ထွက်သွားလိုက်ရင် ဘာမှမဖြစ်ခဲ့သလို ငါ သဘောထားပေးနိုင်တယ်.....”
မြရောင်ရိပ် ကင်းမြီးကောက်သည် လေထဲတွင် ခေတ္တမျှ ရပ်တန့်သွားကာ တုံ့ဆိုင်းနေဟန် ရသည်။ ထိုသည်ကို မြင်သောအခါ မော့ရှောင်မှာ အခွင့်အရေးရပြီဟု တွေးကာ မီးလောင်ရာ လေပင့် လုပ်လိုက်ပြန်သည်။
“မိတ်ဆွေ... သူမ စကားကို နားမယောင်ပါနဲ့..... အခု သူမ ခွန်အားက ကြောက်ဖို့ကောင်းနေတာ ။ ငါ့ကို သတ်ပြီးရင် နောက်သေမဲ့လူက မင်းပဲ ဖြစ်လိမ့်မယ်..... ငါတို့နှစ်ယောက် ပေါင်းပြီး သူမကို အရင် တိုက်ခိုက်ပြီး သူမ ဘာရတနာ ရထားလဲဆိုတာကို အတင်းအကျပ် မေးလို့ရတာပေါ့၊ အဲဒါ ပိုမကောင်းဘူးလား”
မြရောင်ရိပ် ကင်းမြီးကောက်မှာ အနည်းငယ် တုန်ခါသွားပြီး လေထဲတွင် နှစ်ပတ်ခန့် ဝဲပျံလိုက်ရာ အရှုံးအမြတ်ကို တွက်ချက်နေပုံရသည်။
နောက်ဆုံးတွင် ၎င်းသည် ဖြည်းညှင်းစွာ လှည့်ထွက်သွားပြီး လာရာလမ်းအတိုင်း ပြန်လည် ပျံသန်းသွားတော့သည်။
ချင်းလင်မှာ ဝမ်းသာသွားပြီး သူမကိုယ်သူမ ကံကောင်းသည်ဟု ကျိတ်၍ မှတ်ချက်ပြုလိုက်သည်။ ဤ ‘ဂူလမ်းစဉ် က လူများမှာ အမြဲတမ်း ကောက်ကျစ်ယုတ်မာပြီး နောက်ကျောကို ဓားနဲ့ထိုးရသည်ကို အလွန်ဝါသနာပါသူများ ဖြစ်သည်။
အကယ်၍ သူမသာ သူတို့ကို ရန်စမိပါက မော့ရှောင်ကို ရင်ဆိုင်နေရစဉ် အာရုံစိုက်မှု ခွဲပေးရပေလိမ့်မည်။ သူတို့ကို အနိုင်ရလျှင်ပင် တစ်စုံတစ်ခုသော ပေးဆပ်မှုကို လုပ်ရပေမည်။ ယခုမူ သူတို့က အလိုအလျောက် ဆုတ်ခွာသွားသဖြင့် အလုပ်ရှုပ်သက်သာသွားချေပြီ။
မော့ရှောင်၏ မျက်နှာမှာမူ ချက်ချင်းပင် ပျက်ယွင်းသွားကာ မျက်ဝန်းထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ပြည့်နှက်သွားသည်။
ဂူလမ်းစဉ်က လူတွေ ကူညီလိမ့်မည်ဟု သူ မျှော်လင့်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
ချင်းလင်သည် မော့ရှောင်ကို ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ပျံသန်းထွက်ခွာတော့မည့် မြရောင်ရိပ် ကင်းမြီးကောက်သည် ရုတ်တရက် ရပ်တန့်သွားသည်။
၎င်း၏ အမြီးသည် ချင်းလင်ဆီသို့ ချိန်ရွယ်လိုက်ပြီး နွားနို့မွေးကဲ့သို့ သေးသွယ်လှသော အပ်တစ်ချောင်းကို ပစ်လွှတ်လိုက်တော့သည်။
“အောက်တန်းကျလှချည်လား.....”
ချင်းလင်က ဒေါသတကြီး အော်ဟစ်ကာ ဘေးဘက်သို့ အမြန် ရှောင်တိမ်းလိုက်သည်။ ဤကင်းမြီးကောက်၏ အမြီးဆူးတွင် အလွန်ပြင်းထန်သော အဆိပ်များ ပါရှိသည်။
အကယ်၍ အထိုးခံရပါက မသေလျှင်ပင် အသားလွှာတစ်ခု ကွာကျသွားလောက်အောင် အထိနာပေလိမ့်မည်။ မော့ရှောင်သည် ထိုအခွင့်အရေးကို အသုံးချကာ ချင်းလင်နှင့် ဝေးရာသို့ အမြန် ဆုတ်ခွာလိုက်သဖြင့် ဖိအားအနည်းငယ် လျော့ပါးသွားသည်။
အမြီးဆူးကို ရှောင်တိမ်းပြီးနောက် ချင်းလင်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ များပြားလာသည်။ထို့နောက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေအဟုန်တစ်ခု ထွက်ပေါ်လာပြီး မြရောင်ရိပ် ကင်းမြီးကောက်ကို ချက်ချင်းပင် အမှုန့်ခြေပစ်လိုက်တော့သည်။
“ဝူ... ဝူ... ဝူ... ——”
ကင်းမြီးကောက် ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် သိပ်သည်းလှသော တစီစီမြည်သံများ ရုတ်တရက် ပေါ်ထွက်လာသည်။
အဝေးမှ အနက်ရောင် တိမ်တိုက်ကြီးတစ်ခုအလား မြရောင်ရိပ် ကင်းမြီးကောက် အကောင်ပေါင်း ထောင်သောင်းချီ၍ ချင်းလင်ကို ဝိုင်းရံထားလိုက်ကြသည်။
ထိုသည်ကို မြင်သောအခါ မော့ရှောင်မှာ ရက်စက်စွာ ပြုံးလိုက်ပြီး ချင်းလင်ကို ထပ်မံ တိုက်ခိုက်တော့သည်။
“နင်ကတော့ သေချင်နေပြီပဲ.....”
ချင်းလင်က အော်ဟစ်လိုက်ပြီး သူမ၏ မျက်နှာမှာ နှင်းခဲများ ဖုံးလွှမ်းသွားသကဲ့သို့ အေးစက်သွားသည်။ သူမသည် မော့ရှောင်ကို အမြန်ဆုံး အပြတ်ရှင်းရန် ရည်ရွယ်ထားသော်လည်း ဤဇွဲကောင်းလှသော ဂူလမ်းစဉ်ကျင့်ကြံသူ၏ နှောင့်ယှက်ခြင်းကို ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမကို ပို၍ ဒေါသထွက်စေသည်မှာ မုန့်ဝမ်သည် လမ်းတစ်ဝက်သို့ ရောက်နေပြီ ဖြစ်ခြင်းပင်။ အကယ်၍ မုန့်ဝမ်သာ သူမ၏ တကယ့်ကျင့်ကြံမှုကို သိသွားပြီး နတ်သားတော် ကို သွားတိုင်ပါက ရွှယ်ဝူယာ၏ သံသယဝင်ခြင်းကို ခံရပေလိမ့်မည်။
ကင်းမြီးကောက် အုပ်ကြီးမှာ အနက်ရောင် တိမ်တိုက်အလား သူမကို ဖိနှိပ်ထားပြီး မော့ရှောင်၏ တိုက်ခိုက်မှုများမှာလည်း ပို၍ ပြင်းထန်လာသည်။
ချင်းလင်၏ မျက်ခုံးအစုံမှာ တင်းတင်းကြပ်ကြပ် တွန့်ချိုးနေသည်။ သူမ၏ လက်အစုံကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သွေးရောင် စွမ်းအင်တန်းများဖြင့် ကင်းမြီးကောက်များကို ချေမှုန်းနေသော်လည်း ထိုအဆိပ်ရှိ ပိုးကောင်များမှာ သတ်၍ မကုန်နိုင်အောင်ပင် များပြားလှသည်။
ခေတ္တမျှ အကျပ်ရိုက်နေပြီးနောက် ချင်းလင်၏ မျက်ဝန်းထဲတွင် အလင်းတစ်ခု လက်ခနဲ ဖြစ်သွားကာ အကြံတစ်ခု ရသွားသည်။
သူမသည် ရုတ်တရက် အံ့ဩသွားဟန် ဆောင်ကာ ရှုံးနိမ့်သွားသည့်အလား ဟန်ဆောင်ပြီး မုန့်ဝမ် လာနေသည့် ဘက်သို့ လှည့်၍ ထွက်ပြေးတော့သည်။
ထွက်ပြေးနေစဉ်အတွင်း ချင်းလင်သည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဆူပွက်နေသော ဝိညာဉ်စွမ်းအားများကို တိတ်တဆိတ် ပြန်လည် ပိတ်ဆို့လိုက်ရာ သူမ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကိုး မှာ အဆင့် ခြောက်သို့ ချက်ချင်း ပြန်လည် ကျဆင်းသွားသည်။ သူမ၏ မျက်နှာမှာလည်း အင်အားကုန်ခန်းသွားသည့်အလား ဖြူလျော်သွားတော့သည်။
“ထွက်ပြေးချင်တာလား။ အဲလောက် မလွယ်ပါဘူး.....”
ထိုသည်ကို မြင်သောအခါ မော့ရှောင်သည် အစွမ်းကုန် လိုက်လံတိုက်ခိုက်ဟန် ပြသလိုက်သော်လည်း တကယ်တမ်းတွင်မူ သူသည် တိတ်တဆိတ် အရှိန်လျှော့ကာ အခွင့်အရေး ရသည်နှင့် ထွက်ပြေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
သို့သော် သူ မလှုပ်ရှားမီမှာပင် ဖုန်မှုန့်ခန့်သာ ရှိသော ‘ဂူ’ ပိုးကောင်အချို့သည် သူ၏ နောက်ကွယ်မှ တိတ်တဆိတ် လိုက်ပါလာကြသည်။
ထိုပိုးကောင်များမှာ လုံးဝ ကြည်လင်နေသဖြင့် အကယ်၍ ဝိညာဉ်အာရုံ မထက်မြက်ပါက ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။ မော့ရှောင်၏ စိတ်ထဲတွင် တင်းကျပ်သွားရသည်။
အမှောင်ထဲမှ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေကြောင်း သူ သိလိုက်ရသည်။ အကယ်၍ သူသာ အခု ထွက်ပြေးပါက ထိုပိုးကောင်များမှာ ‘မဟာမိတ်’ မှ ‘ရန်သူ’ အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။ ထို့ကြောင့် မော့ရှောင်သည် ထွက်ပြေးမည့် အစီအစဉ်ကို ခေတ္တ လက်လျှော့ကာ ချင်းလင်၏ နောက်သို့သာ လိုက်ရင်း အခွင့်အရေးကို စောင့်နေလိုက်သည်။
ချင်းလင်မှာမူ “အသည်းအသန်” ထွက်ပြေးနေရင်းနှင့် အခွင့်အရေးကို တိတ်တဆိတ် ရှာဖွေနေသည်။ သူမသည် မော့ရှောင် အနားသို့ ရောက်လာအောင် အကြိမ်ကြိမ် ဟန်ဆောင် ရှုံးနိမ့်ပြသော်လည်း အမှောင်ထဲမှ လူက အမြဲတမ်း ကြားဖြတ် နှောင့်ယှက်နေသဖြင့် မအောင်မြင်ခဲ့ပေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ မုန့်ဝမ်နှင့် သူမကြား အကွာအဝေးမှာ ပို၍ ပို၍ နီးကပ်လာခဲ့သည်။ ချင်းလင်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ရှိနေသော်လည်း သူမ၏ စိတ်မှာမူ အလွန် တည်ငြိမ်နေသည်။
မုန့်ဝမ်နှင့် ဆုံစည်းလိုက်သည်နှင့် ပိုးကောင်များကို ထိန်းချုပ်နေသူကို မုန့်ဝမ်အား ကိုင်တွယ်ခိုင်းလိုက်မည်။ ထိုအခါမှ မော့ရှောင်ကို သတ်လျှင်လည်း မနှောင်းသေးပေ။ သို့သော် ထိုစဉ်မှာပင် ချင်းလင် လုံးဝ မျှော်လင့်မထားသော အရာတစ်ခု ဖြစ်ပျက်သွားတော့သည်။
မုန့်ဝမ်မှာ ရုတ်တရက် ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး ဆန့်ကျင်ဘက်ဘက်သို့ ထွက်ပြေးသွားတော့သည်.....
ချင်းလင်မှာ ဒေါသကြောင့် သွေးအန်မတတ် ဖြစ်သွားရသည်။
ဒီမုန့်ဝမ်က ရူးနေတာလား.....
သူမဆီသို့ အသည်းအသန် လာနေပြီးကာမှ ဆုံခါနီးမှ ပြန်ပြေးသွားရတယ်လို့..... ချင်းလင်မှာ ဒေါသလည်း ထွက်၊ စိတ်လည်း ပျက်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။ သူမကို လိုက်နေသူများကို ထားခဲ့ပြီး မုန့်ဝမ်နောက်ကို လိုက်သွားဖို့ကလည်း မဖြစ်နိုင်ပေ။
ချင်းလင်သည် ပြတ်သားစွာပင် လှည့်ပြန်လိုက်ကာ သူမ၏ လျှာဖျားမှ သွေးသုံးလုပ်ကို ထွေးထုတ်လိုက်ပြီး လက်ဟန်များကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။
မကြာမီမှာပင် သူမ၏ ကိုယ်တွင်းရှိ တားမြစ်ချက်များမှာ တစ်လွှာချင်း ပွင့်ထွက်သွားပြီး ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာကာ သူမ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကိုးမှာ လုံးဝ ပေါ်ထွက်လာတော့သည်။
မော့ရှောင်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ ချင်းလင်အနေဖြင့် ဤအဆင့်ကို ထုတ်ဖော်ရန်အတွက် ကြီးမားသော ပေးဆပ်မှု လုပ်ရလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ ထိုသို့ မဟုတ်ပေ။ ဂူပိုးကောင်များမှာလည်း အန္တရာယ်ကို ခံစားမိသဖြင့် အတောင်ပံများကို အပြင်းအထန် ခတ်ကာ နောက်သို့ ဆုတ်ခွာသွားကြသည်။
ချင်းလင်က နောက်ထပ် အားနာမနေတော့ပေ။ သူမ၏ လက်ထဲရှိ သွေးရောင် ကြာပွတ်ရှည်မှာ သွေးဆာနေသော မြွေဆိုးတစ်ကောင်အလား မော့ရှောင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။
မော့ရှောင်၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့သွားကာ တစ်ခါဖူးမျှ မခံစားဖူးသော ဖိအားကို ခံစားလိုက်ရသည်။ သူလည်း အစွမ်းကုန် တိုက်ခိုက်မှ ဖြစ်တော့မည်ကို သိလိုက်ရသည်။
“ဝိညာဉ်ရိပ် အထပ်တစ်ထောင် .........”
မော့ရှောင်က ဟိန်းဟောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ဝေဝါးနေသော အနက်ရောင် ရိပ်ပေါင်း ဒါဇင်များစွာအဖြစ် ပြောင်းလဲသွားကာ ချင်းလင်၏ ပတ်ဝန်းကျင်တွင် လျင်မြန်စွာ လည်ပတ်နေပြီး ရိပ်တစ်ခုစီမှ ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်လာသည်။
ချင်းလင်က နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ ကြာပွတ်မှာ ပို၍ပင် လျင်မြန်စွာ လှုပ်ရှားလာပြီး အနက်ရောင် ရိပ်များကို ရိုက်ခွဲပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားကာ လျှာဖျားကို ကိုက်ပြီး ‘နှလုံးသွေး’ တစ်လုပ်ကို ထွေးထုတ်လိုက်သည်။
ထိုနှလုံးသွေးမှာ လေထဲတွင် သွေးမြှားတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ကြာပွတ်ရှည်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ သွေးများကို စုပ်ယူပြီးနောက် ကြာပွတ်မှာ တောက်ပစွာ လင်းလက်လာပြီး ခွန်အားမှာလည်း အဆပေါင်းများစွာ တိုးတက်သွားတော့သည်။
“သွားစမ်း.....”
ချင်းလင်က အသာအယာ အော်လိုက်ရာ ကြာပွတ်မှာ သက်ရှိတစ်ခုအလား အနက်ရောင် ရိပ်တစ်ခုဆီသို့ ချက်ချင်းပင် ရိုက်ခတ်သွားလေသည်။
***