ယွီရှဲ့၏ ပုံရိပ်သည် လေထဲတွင် တောင့်ခဲသွားသည်။ သူသည် ရှေ့မှ အမျိုးသမီးကျင့်ကြံသူကို ကြည့်ရင်း မျက်နှာမှာ ပို၍ မှောင်မှောက်လာသည်။
"မင်းက သွေးလမ်းစဉ် မှာ အခုတလော နာမည်ကြီးနေတဲ့ မုန့်ဝမ်လား"
မုန့်ဝမ်က ယွီရှဲ့၏ မေးခွန်းကို အဖတ်မလုပ်ဘဲ ချင်းလင်ကို ကြည့်ကာ ပြုံးစိစိဖြင့် ဆိုလိုက်သည်။
"စီနီယာအစ်မ ချင်းလင်... ကျွန်မတို့ ခွဲခွာသွားတာ မကြာသေးဘူးလေ။ ဘယ်လိုလုပ်ပြီး ဒီလောက် သနားစရာကောင်းတဲ့ အခြေအနေ ရောက်သွားရတာလဲ"
ချင်းလင်မှာ ကိုယ်တွင်းမှ သည်းမခံနိုင်လောက်အောင် ယားယံသည့်ဒဏ်ကို ခံစားနေရပြီး ယွီရှဲ့ ထွက်ပြေးတော့မည်ကို စိုးရိမ်စိတ်ဖြင့် ပူပန်နေစဉ် မုန့်ဝမ် ပေါ်လာသဖြင့် ချက်ချင်းပင် ဝမ်းသာသွားသည်။
"ညီမလေး မုန့်........ နင် အချိန်ကိုက် ရောက်လာတာပဲ။ မြန်မြန်... သူ့ကို ဝိုင်းတားပေးဦး........"
ထိုစကားကို ကြားသောအခါ ယွီရှဲ့၏ မျက်နှာမှာ ပို၍ပင် ဆိုးရွားသွားသည်။ သူသည် မုန့်ဝမ်ကို သတိကြီးစွာ စောင့်ကြည့်ရင်း ကာကွယ်ရေး အနေအထားကို ပြင်လိုက်သည်။
သို့သော် မုန့်ဝမ်မှာ ချက်ချင်း လှုပ်ရှားခြင်း မရှိပေ။ သူမသည် ချင်းလင်နှင့် ယွီရှဲ့ကို တစ်လှည့်စီ ကြည့်ကာ တစ်စုံတစ်ခုကို တွက်ချက်နေပုံရသည်။
"စီနီယာအစ်မ ချင်းလင်... ဒါက သိပ်မကောင်းဘူး မဟုတ်လား။ နှစ်ယောက်ပေါင်းပြီး တစ်ယောက်ကို တိုက်ရတာလေ။ သတင်းသာ ပေါက်ကြားသွားရင် တို့ သွေးလမ်းစဉ်ရဲ့ မျက်နှာ ပျက်စရာကြီး။
အစ်မက အခြေခံတည်ဆောက်ခြင်းအဆင့် ကိုး တောင် ရောက်နေတာကို... ဒီ အဆင့် ခြောက် ကျင့်ကြံသူကိုတောင် မနိုင်ဘူးလား"
ချင်းလင်မှာ အံကြိတ်ထားရသော်လည်း လက်ရှိတွင် မတတ်နိုင်သဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ရသည်။
"ငါ့ရဲ့ ကျင့်ကြံမှုက အကြာကြီး မခံဘူး၊ ပြီးတော့ သူ့ရဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံလိုက်ရတာ။ အခု ငါ့အင်အားရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ထုတ်သုံးလို့ရတယ်။ ဒီလိုအချိန်မှာ မျက်နှာထက် သူ့ကို သတ်နိုင်ဖို့က ပိုအရေးကြီးတယ်......."
မုန့်ဝမ်က ခေါင်းညိတ် ထောက်ခံလိုက်သည်။ "စီနီယာအစ်မ စကားကလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ကျွန်မက အလကားတော့ အလုပ်မလုပ်ပေးနိုင်ဘူးနော်"
ချင်းလင်၏ မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်သွားသည်။ "နင်က အကျိုးအမြတ် လိုချင်တာလား။ ရတယ်။ သူ့ကို သတ်ပြီးရင် သူဆီက ရတဲ့ ပစ္စည်းတွေရဲ့ ထက်ဝက်ကို နင့်ကို ပေးမယ်........"
"အစ်မက ဒီလို ပြောနေမှတော့ ကျွန်မလည်း မကူညီဘဲ မနေတော့ပါဘူး"
မုန့်ဝမ်က ရယ်မောလိုက်သော်လည်း ရုတ်တရက် နောက်သို့ ခြေလှမ်းကျယ်ကျယ် ဆုတ်လိုက်ပြီး ယွီရှဲ့ကို စိတ်ဝင်တစား ကြည့်ကာ ဆိုလိုက်သည်။
"ဒါမှမဟုတ်... စီနီယာအစ်ကို ယွီရှဲ့က ကျွန်မကို ပိုကောင်းတဲ့ ဈေးပေးနိုင်ရင်လည်း ကျွန်မရဲ့ စီနီယာအစ်မကို ပြန်သတ်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူးနော်"
ယွီရှဲ့မှာ ထိုစကားကြောင့် မျက်ခုံးများ ပြင်းထန်စွာ တွန့်သွားပြီး စိတ်ဝင်စားသွားဟန် ရှိသည်။
"နေဦး........ နင် လိုချင်တာကို ငါ ပေးမယ်........"
ချင်းလင်၏ ဒေါသတကြီး ဟစ်အော်သံနှင့်အတူ သူမဆီမှ သိုလှောင်လက်စွပ် (Storage Ring) တစ်ခုသည် မုန့်ဝမ်ဆီသို့ ပျံထွက်လာသည်။
"ဒါက အရင်ပေးတဲ့ စရန်ပဲ။ အလုပ်ပြီးရင် နောက်ထပ် ပေးဦးမယ်........"
မုန့်ဝမ်က လက်ကို မြှောက်ကာ လက်စွပ်ကို ဖမ်းယူလိုက်ပြီး အတွင်းမှ ပစ္စည်းများကို အသေအချာ စစ်ဆေးကြည့်သည်။ ထိုအခါမှ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမသည် ယွီရှဲ့ကို ကြည့်ကာ ရှက်ပြုံးလေး ပြုံးပြလိုက်သည်။
"စီနီယာအစ်ကို ယွီရှဲ့... စီနီယာအစ်မ ချင်းလင်က စကားပြောလာပြီဆိုတော့... ရှင့်အနေနဲ့ ဒီမှာပဲ ခဏ နေခဲ့သင့်တယ် ထင်တယ်"
ပြောပြောဆိုဆိုဖြင့် မုန့်ဝမ်က လက်ကို မြှောက်ကာ သွေးမြှားတစ်စင်းကို ယွီရှဲ့ဆီသို့ ပစ်လွှတ်လိုက်သည်။ ယွီရှဲ့က ကျိန်ဆဲရင်း ထိုမြှားကို ရှောင်တိမ်းကာ ထွက်ပြေးရန် ပြင်သည်။ သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် ပြင်းထန်သော ဖိအားတစ်ခုက သူ့ကို ချုပ်ကိုင်ထားသဖြင့် လှုပ်မရ ဖြစ်သွားသည်။
ချင်းလင်က သူ့ထွက်ပြေးမည်ကို ကြိုတင် ကာကွယ်ထားခြင်းပင်။ သူမ၏ လက်အင်္ကျီအတွင်းမှ သွေးရောင် အလင်းတန်း တစ်ခုသည် မြွေတစ်ကောင်အလား ထွက်ပေါ်လာပြီး ယွီရှဲ့၏ ခြေကျင်းဝတ်ကို ရစ်ပတ်ကာ အတင်းအကျပ် ဆွဲခေါ်လိုက်သည်။
ချင်းလင်၏ မျက်နှာမှာ ရက်စက်စွာ ပြုံးနေပြီး လက်ဟန်များကို ပြောင်းလဲလိုက်ရာ သူမ၏ နောက်တွင် ကြီးမားလှသော သွေးရောင် မိစ္ဆာရုပ်ပုံကြီး တစ်ခု ပေါ်ထွက်လာပြီး ရင်တုန်စရာ ဖိအားများကို ထုတ်လွှတ်နေသည်။ မုန့်ဝမ်မှာမူ ဘေးတွင် ပေါ့ပေါ့ပါးပါး ရပ်နေသော်လည်း ယွီရှဲ့၏ ဆုတ်လမ်းကိုမူ လုံးဝ ပိတ်ဆို့ထားသည်။
ယွီရှဲ့မှာ တဖြည်းဖြည်း နောက်ဆုတ်လာရပြီး ချင်းလင်၏ တိုက်ခိုက်မှုများ ပိုပြင်းထန်လာသည်ကို မြင်သောအခါ စိတ်ထဲမှ ညည်းတွားလိုက်မိသည်။ သူက မုန့်ဝမ်ကို အော်ပြောလိုက်သည်။
"မုန့်ဝမ်........ ငါတို့ကြားမှာ ရန်ငြိုးမရှိဘူး။ ဘာလို့ ဒီအရူးမကို ကူညီနေရတာလဲ။ ငါ့ကို ထွက်ပြေးဖို့ ကူညီပေးမယ်ဆိုရင် ငါ နင့်ကို ကောင်းကောင်း လက်ဆောင်ပေးပါ့မယ်........"
ပြောပြောဆိုဆိုဖြင့် ယွီရှဲ့က လက်ကို မြှောက်လိုက်ရာ ဖောင်းကားနေသော သိုလှောင်အိတ်တစ်ခုသည် မုန့်ဝမ်ဆီသို့ ပျံထွက်သွားသည်။
"ဒီထဲမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပါသလို တခြား ရှားပါး ရတနာတွေလည်း ပါသေးတယ်။ ငါ့ရဲ့ စေတနာကို ထောက်ပြီး လွှတ်ပေးပါဦး........"
သူမဆီ ပျံလာသော အိတ်ကို ကြည့်ပြီး မုန့်ဝမ်က ပြုံးရုံသာ ပြုံးကာ လက်ဖြင့် ပုတ်ထုတ်လိုက်ရာ ထိုအိတ်မှာ ချင်းလင်ဆီသို့ ဦးတည်သွားတော့သည်။
"ကျွန်မက စီနီယာအစ်မဆီက အကျိုးအမြတ်ကို အရင် လက်ခံထားပြီးသားလေ။ တစ်ဖက်သားအပေါ် သစ္စာရှိရမယ် မဟုတ်လား။ စီနီယာအစ်ကို ယွီရဲ့ လုပ်ရပ်က ကျွန်မကို အရမ်း အကျပ်ရိုက်စေတာပဲ"
ချင်းလင်မှာ သူမဆီ ပျံလာသော အိတ်ကို မြင်သောအခါ မျက်နှာပျက်သွားသည်။ ဂူကျင့်ကြံသူဆီက ပစ္စည်းကို သူမ မထိရဲပေ။ အတွင်းမှာ ဘယ်လို ညစ်ပတ်တဲ့ အရာတွေ ပါလာမလဲ ဘယ်သူသိမှာလဲ။
ထို့ပြင် သူမမှာ ကိုယ်တွင်း ပြဿနာကိုတောင် မရှင်းနိုင်သေးသဖြင့် ပြဿနာအသစ် မတိုးချင်ပေ။ သူမက စွမ်းအင်များကို အသုံးပြု၍ ထိုအိတ်ကို တိုက်ရိုက် ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်သည်။
သို့သော် ထိုသိုလှောင်အိတ်မှာ အလိုအလျောက် အရင် ပေါက်ကွဲသွားသည်။
“ဘုန်း........” ခနဲ အသံနှင့်အတူ အနက်ရောင် တိမ်တိုက်ကြီးတစ်ခုအလား ဂူပိုးကောင် အမြောက်အမြား ထွက်ပေါ်လာပြီး ချင်းလင်ဆီသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။
ချင်းလင်၏ မျက်ခုံးများ တုန်ခါသွားကာ ကာကွယ်ရန် ကြိုးစားသော်လည်း ကိုယ်တွင်းမှ သည်းမခံနိုင်သော ယားယံမှုမှာ ထိုအချိန်တွင်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသဖြင့် သူမ ခေတ္တမျှ ယိမ်းယိုင်သွားသည်။
ပိုးကောင် အများစုကို သူမ တားဆီးနိုင်သော်လည်း အချို့မှာ သူမ၏ အသားထဲသို့ စိမ့်ဝင်သွားကာ အတွင်းဒဏ်ရာများ ရရှိစေသည်။
ချင်းလင်က ညည်းတွားလိုက်ပြီး မျက်နှာမှာ ပို၍ ဆိုးရွားလာသည်။ မုန့်ဝမ်မှာမူ လက်ပိုက်ကြည့်ရင်း လှောင်ပြုံး ပြုံးနေသည်။ ချင်းလင်က ဒေါသတကြီး အော်ပြောလိုက်သည်။
"ညီမလေး မုန့်........ ငါနဲ့အတူ ပေါင်းတိုက်စမ်း........ ဒီလူယုတ်မာကို မြန်မြန် သတ်ရအောင်........"
ချင်းလင်က ယွီရှဲ့ဆီသို့ အပြင်းအထန် တိုးဝင်သွားသည်။ ယွီရှဲ့မှာ အစပိုင်းတွင် ပျာယာခတ်သွားသော်လည်း တိုက်ပွဲကြာလာသည်နှင့်အမျှ သူ စိတ်အေးသွားသည်။
မုန့်ဝမ်က အလုပ်မလုပ်ဘဲ ဟန်ဆောင်နေကြောင်း သူ ရိပ်မိလိုက်ခြင်းပင်........ သူမက အပေါ်ယံသာ လုပ်ပြနေပြီး တကယ့် အားစိုက်ထုတ်မှု မရှိပေ။
ယွီရှဲ့က ဝမ်းသာသွားကာ ရက်စက်သော အကြည့်ဖြင့် ချင်းလင်ကို အတင်း တိုက်ခိုက်တော့သည်။ မုန့်ဝမ်က အားမစိုက်ထုတ်လျှင် သူက ချင်းလင်ကို အရင်ဆုံး အပြတ်ရှင်းပစ်မည်........ သူ၏ ပတ်ဝန်းကျင်တွင် အနက်ရောင် အငွေ့အသက်များ ဝန်းရံသွားကာ ကြီးမားလှသော အဆိပ်ရှိ ကင်းမြီးကောက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲပြီး ချင်းလင်ကို ညှပ်ပစ်ရန် ပြင်သည်။
ချင်းလင်မှာ ကိုယ်တွင်း အဆိပ်နှင့် ပြင်ပ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသဖြင့် အင်အားကုန်ခန်းလာသည်။ သူမ၏ နောက်မှ သွေးရောင် မိစ္ဆာရုပ်ပုံမှာလည်း ဟိန်းဟောက်ကာ ယွီရှဲ့၏ ကင်းမြီးကောက်ကြီးနှင့် လုံးထွေးနေကြသည်။
"ညီမလေး မုန့်........ နင် အကျိုးအမြတ်တွေ ယူထားပြီးတော့ ဒီလောက်တောင် ဟန်ဆောင်နေမှာလား" ချင်းလင်က တိုက်ခိုက်ရင်း အော်ဟစ်လိုက်သည်။
သူတို့နှစ်ဦး တကယ် တိုက်ခိုက်နေကြသည်ကို မြင်သောအခါ မုန့်ဝမ်က ဟန်ဆောင်မနေတော့ပေ။ သူမသည် လက်ပိုက်ကာ ပျင်းရိပျင်းတွဲ အမူအရာဖြင့် ပြဇာတ်ကြည့်နေသလို ရပ်နေလိုက်သည်။
"စီနီယာအစ်မ... အစ်မ မှားနေပြီ။ ကျွန်မက ယွီရှဲ့ရဲ့ ဆုတ်လမ်းကို ပိတ်ပေးထားတာလေ။ ဒါက အားမစိုက်တာလား။ အစွမ်းကုန် တိုက်ခိုက်ပေးဖို့ ဆိုတာကတော့... ဈေးနှုန်း နောက်တစ်ခု ရှိသေးတယ်"
သူမ၏ လေသံမှာ ပေါ့ပေါ့ပါးပါးနှင့် လှောင်ပြောင်နေသလိုပင်။ ချင်းလင်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်သွားသော်လည်း ဘာမှ မတတ်နိုင်ပေ။
အခြေအနေမှာ သူမအတွက် ဆိုးရွားလာနေကြောင်း သူမ သိလိုက်သည်။ သူမက အံကြိတ်ကာ နောက်ထပ် သိုလှောင်အိတ် တစ်ခုကို ပစ်ပေးလိုက်သည်။
"ဒီထဲက ပစ္စည်းတွေကတော့ နင် အစွမ်းကုန် တိုက်ဖို့အတွက် လောက်လိမ့်မယ် ထင်တယ်........"
မုန့်ဝမ်က ဝိညာဉ်အာရုံ ဖြင့် အိတ်ကို စစ်ဆေးပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်ကာ သိမ်းလိုက်သည်။
"အဲဒါမှပေါ့..."
မုန့်ဝမ်မှာ စတင် လှုပ်ရှားလိုက်ပြီး မြှားတိုပုံစံ သွေးရောင် ဝိညာဉ်လက်နက် တစ်ခုကို ထုတ်ယူကာ ယွီရှဲ့ဆီသို့ ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်သည်။
ယွီရှဲ့မှာ အစပိုင်းတွင် သတိထားသော်လည်း မြှားတိုမှာ ယိမ်းထိုးပြီး အင်အားမရှိသလို ပျံလာသဖြင့် သာမန် လက်နက်ဟု ထင်ကာ အမှတ်တမဲ့ နေလိုက်သည်။
သို့သော် ထိုမြှားသည် သူနှင့် နီးကပ်လာသောအခါ ရုတ်တရက် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော သွေးအပ်များအဖြစ် ပြောင်းလဲကာ ယွီရှဲ့၏ ခန္ဓာကိုယ်အတွင်းသို့ သိပ်သည်းစွာ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
***