ထိုအခိုက်အတန့်တွင် သူတော်စင်များသည် မဟာစစ်သူကြီးအိမ်တော်အတွင်းသို့ ဆင်းသက်လာခဲ့ကြသည်။
အိမ်တော်၏အပြင်ဘက်တွင် ရှိနေသော နတ်ဘုရားအစီအရင်မှာ သူတော်စင်တို့၏ စွမ်းအားအရှိန်အဝါရှေ့တွင် အသက်သွင်းရန်ပင် အခွင့်အရေးမရခဲ့ပေ။
“အင်မော်တယ်တွေ...”
လီထျန်းကန်သည် လူအုပ်ကြီး၏ ရှေ့ဆုံးတွင် ရပ်နေရင်း သူတို့ကို ဦးဆောင်လာသော မီးလျှံရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသားကို ကြည့်လိုက်သည်။ ထိုသူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အပူလှိုင်းများသည် ကောင်းကင်နှင့် မြေပြင်ကိုပင် အရည်ပျော်စေနိုင်သည်ဟု ခံစားရပြီး လီထျန်းကန်၏ ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားခဲ့သည်။
သူသည် တာအိုနားလည်ခြင်းနယ်ပယ်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ရှေ့မှ အမျိုးသားသည် လေတစ်ချက်မှုတ်ရုံဖြင့် သူ့ကို သတ်ဖြတ်နိုင်သည်ဟု ခံစားနေရသည်။
“အင်မော်တယ် ဟုတ်လား...”
နတ်ဘုရားဘုရင်သည် တစ်ဖက်လူ၏ မသိနားမလည်သော ခေါ်ဝေါ်မှုကို ကြားသောအခါ မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။ မဟာယုနတ်ဘုရားမင်းဆက်သည် သူတော်စင်နယ်မြေပတ်သက်လျှင် အတော်ပင် အဆက်အသွယ် ပြတ်တောက်နေပုံရသည်။
“ငါတို့က ကောင်းကင်ဘုံအသီးသီးက သူတော်စင်တွေပါ”
နတ်ဘုရားဘုရင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ ‘အင်မော်တယ်’ဟူသော စကားလုံးမှာ အတိတ်က ဒဏ္ဍာရီများတွင်သာ ရှိခဲ့ပြီး သူတို့အနေဖြင့် သိပ်ပြီး ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ သို့သော် ယခုအခါတွင်မူ ရှေးဟောင်းလမ်းစဉ်ကို ဖြတ်သန်းခဲ့ပြီး စစ်မှန်သော အင်မော်တယ်နတ်ဘုရားများ တည်ရှိမှုကို သိရှိထားသဖြင့် ဤဘွဲ့အမည်ကို စိတ်တိုင်းကျလအသုံးမပြုဝံ့ဘဲ အနည်းငယ်ပင် သတိထားနေမိသည်။
“ကောင်းကင်ဘုံအသီးသီးက သူတော်စင်တွေလား...”
ထိုစကားကို ကြားလိုက်ရသောအခါ မဟာစစ်သူကြီးအိမ်တော်အတွင်းရှိ လူတိုင်းမှာ မှင်သက်သွားကြသည်။
သူတို့သည် ကောင်းကင်ဘုံအသီးသီးအကြောင်းကို များစွာမသိသော်လည်း ကောင်းကင်နှင့် မြေပြင်ကြားတွင် အင်အားအကြီးဆုံးသော တည်ရှိမှုများမှာ သူတော်စင်များ ဖြစ်ကြောင်းကိုမူ သိကြသည်။
နတ်ဘုရားဘုရင်သည် သူတို့၏ အံ့အားသင့်နေသော မျက်နှာများကို မြင်သောအခါ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။ အစောပိုင်းက သူတို့ကို အင်မော်တယ်နတ်ဘုရားများဟု မှားယွင်းစွာ ထင်မှတ်ခဲ့စဉ်က ထိုကဲ့သို့ မတုန်လှုပ်ခဲ့ကြပေ။ သူတို့အနေဖြင့် အင်မော်တယ်နတ်ဘုရားများသည် သူတော်စင်များလောက် မမြင့်မြတ်ဟု ထင်နေကြသည်လား။
ထိုအချိန်တွင် မဟာစစ်သူကြီးအိမ်တော်၏ အပြင်ဘက်သို့ ထိုက်ဆွေနတ်ဘုရား မှာ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လီမူရှို့နှင့် လီချင်ကျန်းတို့မှာ နောက်မှ ကပ်လျက် ပါလာကြပြီး နောက်ဆုံးမှ ရောက်လာသူမှာ လီဖျင်အန်း ဖြစ်သည်။
“သူတော်စင်များကို ဂါရဝပြုပါတယ်”
ထိုက်ဆွေနတ်ဘုရားသည် ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူ၏ ရင်ထဲတွင် သူတော်စင်များအပေါ် ရင်းနှီးသည့် ခံစားချက်၊ တစ်မျိုးသော သံယောဇဉ်မျိုး ဖြစ်ပေါ်နေသော်လည်း သူ၏ မသိစိတ်၏ အခြားတစ်နေရာတွင်မူ ဤရင်းနှီးမှုကို တွန်းလှန်နေပြီး အကယ်၍ နီးကပ်လွန်းပါက ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု ဖြစ်လာတော့မည်သကဲ့သို့ ခံစားနေရသည်။
ထိုက်ဆွေနတ်ဘုရား၏ ရိုသေလေးစားသော အမူအရာကို မြင်လိုက်ရသောအခါ လီဖျင်အန်း၊ လီမူရှို့နှင့် အခြားသူများ၏ မျက်နှာရိပ်မျက်နှာကဲများ ပြောင်းလဲသွားကြသည်။
နတ်ဆိုးများကို တိရိစ္ဆာန်များကို သတ်သကဲ့သို့ သတ်ဖြတ်နိုင်ခဲ့သော သူတို့ကို တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့သော သေမျိုးလောက၏ အသန်မာဆုံးသူမှာ ယခုအခါတွင်မူ အလွန်ပင် နှိမ့်ချနေခဲ့သည်။
သို့သော် ထိုက်ဆွေနတ်ဘုရား မည်မျှပင် သန်မာစေကာမူ သူသည် သူတော်စင်တစ်ပိုင်းအဆင့်သာ ရှိသေးပြီး သူတို့ရှေ့မှ ပုဂ္ဂိုလ်များမှာမူ စစ်မှန်သော သူတော်စင်များ ဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။
ထိုစဉ် ဝေးကွာသော နေရာမှ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာပြီး ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ နန်းမြို့တော်အပြင်ဘက်မှ အပြေးအလွှား ရောက်ရှိလာသော ရန်ချန်ချန်ပင် ဖြစ်သည်။
အရပ်ရှစ်မျက်နှာအမိန့်တော်မှ သတင်းစကားကို ရလိုက်သည်နှင့် သူ(မ)သည် အမြန်ဆုံး အရှိန်ဖြင့် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
လီဟောင်သည် ချင်းကျိုးမြို့သားများ ဒုက္ခရောက်သည်ကို မည်သည့်အခါမျှ အလိုရှိမည်မဟုတ်ကြောင်း သူ(မ) သိသည်။ သူသည် ဤနေရာမှ စားကောင်းသောက်ဖွယ်များအကြောင်း၊ လမ်းဘေးဆိုင်လေးတစ်ခုမှ မုန့်ကြွပ်များအကြောင်းကိုပင် ခဏခဏ ချီးမွမ်းပြောဆိုလေ့ ရှိခဲ့ဖူးသည်။
“အင်မော်တယ်တံခါးလား...၊ သူတော်စင်တွေလား...”
ရန်ချန်ချန်သည် ခေတ္တမျှ ရပ်တန့်သွားပြီး မဟာစစ်သူကြီးအိမ်တော် အထက်ရှိ အင်မော်တယ်တံခါးကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။
ထို့နောက် သူ(မ)၏ လက်ချောင်းများမှာ ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်မိပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ဆူပွက်လာကာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ ‘သူ... တကယ်ပဲ ပြန်လာခဲ့တာလား’
သူ(မ)သည် သေမျိုးလောကထက် သာလွန်သော သူတော်စင်တို့၏ အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ လွန်ခဲ့သော နှစ်များအတွင်း လီဟောင်သည် သူတော်စင်တစ်ပါး ဖြစ်လာခဲ့သည်လား။
အံ့ဩဝမ်းသာ ဖြစ်နေသော်လည်း လီဟောင်၏ ပါရမီကို ပြန်လည်တွေးတောမိသောအခါ ဤသည်မှာ ပုံမှန်သာ ဖြစ်နိုင်ကြောင်း သူ(မ) တွေးလိုက်မိသည်။
သူ(မ)ကိုယ်တိုင်ပင်လျှင် သူတော်စင်တစ်ပိုင်းအဆင့်သို့ ခြေလှမ်းလှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ လီဟောင်သာ သူတော်စင် ဖြစ်မလာခဲ့ပါက ထူးဆန်းနေမည်ဖြစ်သည်။
ရန်ချန်ချန်သည် အချိန်မဆွဲဘဲ မဟာစစ်သူကြီးအိမ်တော်ရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
“ဟုတ်တယ်... ငါတို့ ဒီကို လာရတဲ့ အကြောင်းရင်းက မင်းတို့အားလုံးဆီကနေ အကူအညီ တောင်းချင်လို့ပါ”
အရင်းအမြစ် ဘိုးဘေးက စကားပြောလိုက်သည်။ နတ်ဘုရားဘုရင်သည် စကားကို ညင်သာစွာ ပြောဆိုတတ်သူ မဟုတ်ကြောင်း သိသဖြင့် သူကိုယ်တိုင် ရှေ့သို့ တိုးကာ အေးဆေးသော လေသံဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ထိတ်လန့်နေဆဲဖြစ်သော မဟာစစ်သူကြီးအိမ်တော်ရှိ လူများမှာ နောက်တစ်ကြိမ် ဝေခွဲမရ ဖြစ်သွားကြပြန်သည်။
သူတော်စင်များ ဆင်းသက်လာပြီးမှ အကူအညီ တောင်းခံဖို့ လာတာတဲ့လား။
လီဖျင်အန်းသည် လူအုပ်ထဲတွင် လိုက်လံရှာဖွေကြည့်သော်လည်း ထိုပုံရိပ်ကို မတွေ့ရပေ။
နှစ်ပေါင်း တစ်ရာ ကြာမြင့်သွားခဲ့သော်လည်း ရုပ်ရည်မှာ များစွာ ပြောင်းလဲမည် မဟုတ်ပေ။ သူသည် ထိုအစ်ကိုကြီးနှင့် တစ်ခါမျှ မဆုံဖူးသော်လည်း သူ၏ ပုံရိပ်မှာ လီဖျင်အန်း၏ နှလုံးသားထဲတွင် စွဲထင်နေခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအစ်ကိုကြီး၏ ရုပ်တုများကို မြို့တိုင်းတွင် တွေ့မြင်နိုင်ပြီး မဟာယုမင်းဆက်၏ မြို့တော်များတွင် နတ်ဆိုးများနှင့် မိစ္ဆာများကို နှိမ်နင်းသော အစောင့်အရှောက် ပြယုဂ်များ ဖြစ်နေသောကြောင့်ဖြစ်သည်။
လီမူရှို့နှင့် လီချင်ကျန်းတို့သည်လည်း လူအုပ်ကို လျင်မြန်စွာ လှည့်ပတ်ကြည့်ရှုခဲ့ကြသော်လည်း လီဟောင်၏ ပုံရိပ်ကို မတွေ့ရသဖြင့် ဇဝေဇဝါ ဖြစ်နေကြသည်။ ထိုသတင်းစကားကို ကြားရသောအခါ သူတို့၏ မျက်လုံးများမှာ စူးရှသွားပြီး ထိုသူတော်စင်များ ရောက်ရှိလာခြင်းမှာ လီဟောင်နှင့် ပတ်သက်နေနိုင်ကြောင်း ခံစားလိုက်မိသည်။
“ဘာကိစ္စများပါလဲ...သူတော်စင်တို့ ပြောပေးပါ”
လီထျန်းကန်က အလျင်အမြန် ပြောလိုက်သည်။ သူသည် စစ်တပ်ကို နှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့သူ ဖြစ်သဖြင့် တည်ငြိမ်အေးဆေးသူ ဖြစ်သော်လည်း ယခုအခါတွင်မူ သူ၏ အတွေးများမှာ အတော်ပင် ရှုပ်ထွေးနေခဲ့ပြီ ဖြစ်သည်။
“ယခုအခါမှာ ကောင်းကင်ဘုံ ကပ်ဘေး ကျရောက်နေပြီး ရှေးဟောင်းနတ်ဆိုးတွေ ကျူးကျော်လာနေပြီ၊ ကောင်းကင်ဘုံအသီးသီးကို ကယ်တင်နိုင်ဖို့အတွက် ဟောင်ထျန်းသူတော်စင်ရဲ့ အကူအညီကို ရရှိဖို့ လာရောက် တောင်းဆိုတာပါ”
အရင်းအမြစ် ဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် မဟာစစ်သူကြီးအိမ်တော် တစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့သည်။
အင်မော်တယ်တံခါးအတွင်းရှိ ကောင်းကင်ဘုံ၌ ကပ်ဘေးဒုက္ခ ကျရောက်နေသဖြင့် သူတော်စင်များက အကူအညီတောင်းရန် ရောက်လာကြခြင်း ဖြစ်သည်ကို သိလိုက်ရသဖြင့် လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း အံ့အားသင့်နေကြသည်။
သို့သော်... ‘ဟောင်ထျန်းသူတော်စင်’ တဲ့လား။
ဤဘွဲ့အမည်ကို ကြားလိုက်ရသောအခါ လူတိုင်း၏ ရင်ခုန်သံများမှာ ပြင်းထန်သွားခဲ့သည်။
မဟာစစ်သူကြီးအိမ်တော်၏ အပြင်ဘက် ဟင်းလင်းပြင်တွင် ရှိနေသော လီဖျင်အန်းမှာ မျက်နှာ ပျက်သွားခဲ့ပြီး သူ၏ ရှေ့မှ မြင်တွေ့နေရ၊ ကြားနေရသော အရာများကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
“ဒါ... အရှင်သူတော်စင် မိန့်ကြားတဲ့ ဟောင်ထျန်းသူတော်စင်ဆိုတာ ဘယ်သူ့ကို ပြောတာပါလဲ”
လီထျန်းကန်၏ အသံမှာ အနည်းငယ် တုန်ရီနေပြီး သူ အတွေးလွန်နေသလားဟု သံသယ ဝင်နေမိသည်။
သူ၏ ဘေးတွင် ရှိနေသော ဂျိချင်ချင်မှာမူ မျက်လုံးများ နီရဲလာကာ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။
အရင်းအမြစ် ဘိုးဘေးက ပြုံးလိုက်ပြီး “အဲဒါ ဟောင်ထျန်းပါပဲ။ မင်းတို့အားလုံးဟာ သူရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ဖြစ်ကြပါတယ်။ ဒီကပ်ဘေးဟာ ငါတို့ရဲ့ မရည်ရွယ်ဘဲ မှားယွင်းမှုကြောင့် ဖြစ်ပေါ်ခဲ့တာပါ။ ဟောင်ထျန်းသူတော်စင်က ငါတို့ကို အပြစ်တင်ပြီး ပါဝင်ကူညီဖို့ ဆန္ဒမရှိတာကြောင့် သူ့ကို ကူညီပြီး ဖျောင်းဖျပေးကြဖို့ ငါတို့ မျှော်လင့်ပါတယ်။ နောက်ဆုံးတော့ ဒါဟာ ကောင်းကင်ဘုံအသီးသီးက သတ္တဝါအားလုံးရဲ့ အသက်အန္တရာယ်နဲ့ ဆိုင်သလို သေမျိုးလောကအပေါ်မှာလည်း သက်ရောက်မှု ရှိလာနိုင်လို့ပါ”
ဤစကားများသည် အလွန်ပွင့်လင်းသည်။ ဤအချိန်တွင် အမှန်အတိုင်း ပြောဆိုပြီး စစ်မှန်သော သဘောထားကို ပြသမှသာ လီဟောင်၏ ခွင့်လွှတ်မှုကို ရရှိနိုင်မည်ဟု သူ သိထားသည်။
ဤလူများ၏ ရှေ့တွင် သိက္ခာကျမည်ကိုမူ သူ အမှုမထားတော့ပေ။
နဂါးသည် မြွေနှင့် ပိုးမွှားတို့၏ အကြည့်ကို ဂရုစိုက်နေရန် မလိုပေ။
***