အရင်းအမြစ် ဘိုးဘေး၏ စကားကို ကြားလိုက်ရသောအခါ အိမ်တော်အတွင်းရှိ လူတိုင်းမှာ နောက်တစ်ကြိမ် မှင်သက်သွားကြပြီး မည်သည့်စကားမျှ မပြောနိုင်ဘဲ ဖြစ်နေကြသည်။
သူတို့သည် သူတို့၏ နားနှင့် မျက်စိကိုပင် မယုံကြည်နိုင် ဖြစ်နေကြသည်။
"ဒါက ဘယ်လို ကပ်ဘေးမျိုးမို့လို့လဲ။ သူကလွဲရင် ကောင်းကင်ဘုံအသီးသီးမှာ ဒီကိစ္စကို ဖြေရှင်းပေးနိုင်မယ့်သူ တကယ်ပဲ မရှိတော့တာလား"
လီထျန်းကန်က မနေနိုင်ဘဲ မေးလိုက်သည်။
သူသည် သူ၏ ယခင်က အသိဉာဏ်များ မှားယွင်းနေသလားဟုပင် သံသယ ဝင်လာမိသည်။ သူတော်စင်များမှာ ကောင်းကင်ဘုံအသီးသီး၏ အမြင့်ဆုံး အဆင့်အတန်း မဟုတ်ဘဲ သူတို့ထက် ပိုမို အစွမ်းထက်သော တည်ရှိမှုများ ရှိနေသေးသလားဟု တွေးမိသည်။
သူ၏ မေးခွန်းကို ကြားသောအခါ အရင်းအမြစ် ဘိုးဘေးသည် သူတော်စင်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချရင်း ပြောလိုက်သည်။
"မှန်ပါတယ်။ သူကလွဲရင် ဒါကို ဖြေရှင်းပေးနိုင်မယ့်သူ မရှိပါဘူး။ ငါတို့ဟာ ကောင်းကင်ဘုံအသီးသီးမှာ အသန်မာဆုံး အင်အားစုတွေ ဖြစ်ကြပေမယ့် အသက်စွန့်ပြီး ခုခံတိုက်ခိုက်ရင်တောင် ဒါဟာ အချည်းနှီးပဲ ဖြစ်လိမ့်မယ်။ သူကိုယ်တိုင် ပါဝင် ပတ်သက်မှသာ လုံလောက်လိမ့်မယ်"
အိမ်တော်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
အိမ်တော်၏ အပြင်ဘက်တွင် ရပ်နေသော ရန်ချန်ချန်မှာလည်း ဤစကားကို ကြားရသောအခါ အံ့အားသင့်ကာ မှင်သက်နေမိသော်လည်း သူ(မ)၏ ရင်ခုန်သံများမှာ မြန်လာခဲ့သည်။ စိတ်လှုပ်ရှားမှုနှင့်အတူ ရင်းနှီးသော ဂုဏ်ယူမှုတစ်ခုကိုလည်း ခံစားလိုက်ရသည်။
သူ(မ) လိုက်လံ ရှာဖွေနေသော ထိုသူသည် အမှန်တကယ်ပင် အမြဲတမ်း တောက်ပနေဆဲ ဖြစ်ပြီး အကြိမ်တိုင်းတွင် သူ(မ) ထင်မှတ်ထားသည်ထက် ပိုမို တောက်ပပြနေဆဲပင်။
သို့သော် ဤသည်မှာပင် သူ(မ)အတွက် အရင်းနှီးဆုံးသော ခံစားချက် ဖြစ်နေခဲ့သည်။
လီဖျင်အန်းမှာမူ မှင်သက်နေပြီး သူ၏ ဦးနှောက်အတွင်း၌ ရှုပ်ထွေးနေသော အတွေးများမှာ ဗလာဖြစ်သွားခဲ့သည်။
သူသည် တစ်ဖက်လူ၏ စကားကို နားလည်အောင် ကြိုးစားနေသော်လည်း ထိုစကားများ၏ အဓိပ္ပာယ်မှာ အချက်တစ်ချက်တည်းကိုသာ ညွှန်ပြနေသည်။
သူ့ရှေ့မှ လျှောက်လှမ်းသွားခဲ့သော ထိုပုံရိပ်သည် ကောင်းကင်ဘုံအသီးသီးတွငလည်း အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်နေသည်လား။
"ဒါ... ဒါက..."
လီထျန်းကန်သည် ပါးစပ် အနည်းငယ် ပွင့်ဟသွားပြီး စကားလုံးများ ပျောက်ဆုံးနေခဲ့သည်။
အရင်းအမြစ် ဘိုးဘေးသည် အလွန်စိတ်ရှည်စွာဖြင့် အခြေအနေအရပ်ရပ်ကို အသေးစိတ် ရှင်းပြပေးလိုက်ရာ လူတိုင်းမှာ တဖြည်းဖြည်းနှင့် နားလည်လာကြပြီး သတိပြန်ဝင်လာကြသည်။ ထို့နောက် သူက လူတိုင်းကို ကောင်းကင်ဘုံအသီးသီးသို့ ခေါ်ဆောင်သွားရန် အဆိုပြုလိုက်သည်။
သူ၏ အဆိုပြုချက်ကို လီထျန်းကန်နှင့် အခြားသူများမှာ မငြင်းပယ်ဝံ့ကြပေ။
လီမူရှို့နှင့် လီချင်ကျန်းတို့မှာ မျက်ခုံးများ တွန့်ကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထိုကိစ္စ၏ ရှုပ်ထွေးမှုကို ခပ်ဝါးဝါး အာရုံခံမိလိုက်ကြသည်။
သူတို့သည် ထိုကလေး၏ အကြောင်းကို ကောင်းကောင်း သိထားကြသည်။ အကယ်၍ ကောင်းကင်ဘုံအသီးသီးတွင် ကပ်ဘေးနှင့် ကြုံတွေ့နေရပါက သူသည် ဘယ်သောအခါမှ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
သူသည် ကောင်းကင်နယ်စပ်ဂိတ်တံခါးကို တစ်ဦးတည်း စောင့်ကြပ်ခဲ့ဖူးသည်။ လျန်ကျိုးနယ်မြေ အန္တရာယ်နှင့် ကြုံတွေ့ရစဉ်ကလည်း မိုင်ပေါင်း သောင်းချီ၍ နတ်ဆိုးများကို သတ်ဖြတ်ခဲ့ပြီး နောက်ဆုံးတွင် သူ၏အသက်ကို ပဓာနမထားဘဲ နတ်ဆိုးများကို မိုမြစ် အတွင်းသို့ ဆွဲခေါ်သွားကာ သေလုနီးပါး ဖြစ်ခဲ့ဖူးသည်။
ထိုကလေး၏ သွေးသည် အမြဲတမ်း ပူလောင်နေခဲ့ပြီး ဘယ်သောအခါမှ အေးစက်ခဲ့သူ မဟုတ်ပေ။
လီထျန်းကန်အနေဖြင့် အဆိုပြုချက်ကို ငြင်းပယ်ရန် အကြောင်းမရှိသဖြင့် လီမူရှို့နှင့် လီချင်ကျန်းတို့ကလည်း အတူတူ လိုက်ပါရန် ပြောဆိုလိုက်ကြသည်။
အရင်းအမြစ် ဘိုးဘေးမှာ သဘာဝကျစွာပင် ဝမ်းမြောက်စွာ လက်ခံလိုက်ပြီး အစေခံများနှင့် အလုပ်သမားများ အပါအဝင် စစ်သူကြီးအိမ်တော်ရှိ လူတိုင်းကို ခေါ်ဆောင်သွားခဲ့သည်။
ဘိုးဘေးခန်းမအတွင်းရှိ လီမိသားစု ဘိုးဘေးများ၏ ဝိညာဉ်များကိုမူ သူ၏ သူတော်စင်နယ်မြေအတွင်းသို့ တစ်ခုလုံး ရွှေ့ပြောင်း ထည့်သွင်းပေးလိုက်သည်။
စစ်သူကြီးအိမ်တော် တစ်ခုလုံးကို ရွှေ့ပြောင်းပြီးနောက် အရင်းအမြစ် ဘိုးဘေးသည် ထိုကိစ္စ ပြီးဆုံးသွားပါက လီမိသားစုအနေဖြင့် ကောင်းကင်ဘုံနှင့် သေမျိုးလောကအကြား လွတ်လပ်စွာ ကူးသန်းသွားလာနိုင်စေရမည်ဟု ကတိပေးလိုက်သည်။
မထွက်ခွာမီတွင် အရင်းအမြစ် ဘိုးဘေးက ထိုက်ဆွေနတ်ဘုရားကို မဟာယုနယ်မြေအား စောင့်ရှောက်ရန် ညွှန်ကြားလိုက်သဖြင့် လီမိသားစု၏ စိုးရိမ်ပူပန်မှုများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ထိုညွှန်ကြားချက်ကို ကြားသောအခါ လူငယ် ထိုက်ဆွေနတ်ဘုရားမှာ မကျေမနပ် ဖြစ်သွားပြီး "ကျွန်တော်လည်း လိုက်ချင်တယ်" ဟု အော်ပြောလိုက်သည်။
"အခုလောလောဆယ်တော့ မင်းကို ငါတို့ မတားပါဘူး။ ဒီကိစ္စ ပြီးသွားတာနဲ့ မင်း သွားနိုင်ပါလိမ့်မယ်" ဟု အရင်းအမြစ် ဘိုးဘေးက သူ့ကို ပြောလိုက်သည်။
သူ၏ အာမခံချက်နှင့်အတူ ဥပဒေမဟာသူတော်စင်ကပါ ခေါင်းညိတ်ပြလိုက်သဖြင့် လူငယ် ထိုက်ဆွေနတ်ဘုရား၏ မျက်လုံးများအတွင်းရှိ ပြတ်သားမှုများ လျော့ကျသွားပြီး သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ယခုအခါ ပထမ သန့်စင်သော ကလေးငယ်ကို ကောင်းကင်ဘုံသို့ မသွားရန် တားဆီးနေခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။ ယခင်က သူတို့သည် သူ့ကို သေမျိုးလောကတွင် ခြောက်ခုမြောက် အကန့်အသတ်အဆင့်အထိ ရောက်ရှိစေလိုခဲ့သော်လည်း ယခုအခါ ၎င်းကို ရရှိခဲ့သော ဒုတိယ သန့်စင်သော ကလေးငယ်မှာ ကောင်းကင်ဘုံသို့ ကြီးမားသော ဘေးဒုက္ခကို ယူဆောင်လာခဲ့ပြီ ဖြစ်သည်။
ထိုက်ဆွေနတ်ဘုရားပင်လျှင် သူတော်စင်များ၏ ရှေ့တွင် အလျှော့ပေးလိုက်ရသည်ကို မြင်လိုက်ရသောအခါ လီဖျင်အန်း၏ ခံစားချက်မှာ ပိုမို ရှုပ်ထွေးလာခဲ့သည်။
"နောက်ထပ် လူတွေ ရှိသေးတယ်... သူတော်စင် ကျန်း ၊ မင်းရဲ့ မျိုးဆက်ကို လိုက်ခွင့်ပြုလိုက်ပါ" ဟု အရင်းအမြစ် ဘိုးဘေးက သူတော်စင်တစ်ပါး၏ ကိုယ်ပွားကို ညွှန်ကြားလိုက်သည်။
ထိုသူတော်စင်သည် ချင်းကျိုးမြို့နှင့် သေမျိုးလောကကို အချိန်ကာလများစွာ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အရင်းအမြစ် ဘိုးဘေး၏ စကားကို ကြားသောအခါ သူက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မဟာယုနတ်ဘုရား မင်းဆက်၏ နန်းမြို့တော် အနောက်ဘက်ဥယျာဉ်အတွင်း၌ အသက်ကြီးသော အမျိုးသားတစ်ဦးသည် တစ်ဦးတည်း ကျားထိုးနေစဉ် ရုတ်တရက် ဟင်းလင်းပြင်အတွင်း၌ စွမ်းအင်လှိုင်းများ ပေါ်ထွက်လာခဲ့သည်။
ထိုလူကြီး၏ မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားပြီး ခေါင်းကို မော့ကာ ပြင်းထန်သော အရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်သည်။
သို့သော် မကြာမီမှာပင် သူသည် ပေါ်ထွက်လာသော ပုံရိပ်ကို မှတ်မိသွားခဲ့သည်။
"ဒါက... ဘိုးဘေးလား"
ဧကရာဇ်ယုမှာ မှင်သက်သွားခဲ့သည်။ ရုတ်တရက် ပေါ်လာသော ပုံရိပ်မှာ ကျန်းမိသားစု၏ ဘိုးဘေးဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
မကြာမီမှာပင် သူ သတိပြန်ဝင်လာပြီး အလျင်အမြန် ဒူးထောက်လိုက်သည်။
ကျန်းမိသားစု ဘိုးဘေးသည် သူ၏ မျိုးဆက်များ လုပ်ဆောင်ခဲ့သမျှကို သိရှိထားပြီး ဖြစ်သလို ဤထူးချွန်သော မျိုးဆက်အပေါ် အလွန်ပင် ကျေနပ် အားရမိသဖြင့် ညင်သာစွာ သက်ပြင်းချရင်း ပြောလိုက်သည်။
"အခမ်းအနားတွေ လုပ်မနေပါနဲ့တော့။ မင်းရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုတွေကြောင့် ငါ ပြန်လည် နိုးထခွင့် ရခဲ့တာပဲ၊ ဒါဟာ အလွန် ချီးကျူးစရာကောင်းတဲ့ အောင်မြင်မှုတစ်ခုပါ"
ဧကရာဇ်ယုမှာ အလွန် စိတ်လှုပ်ရှားသွားပြီး "ဘိုးဘေးသာ ပြန်လည် နိုးထနိုင်မယ်ဆိုရင် ကျန်းမိသားစုအနေနဲ့ ဘိုးဘေးတို့ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ထူထောင်နိုင်မှာပါ၊ အရာအားလုံးက တန်ပါတယ်" ဟု ပြောလိုက်သည်။
ကျန်းမိသားစု ဘိုးဘေးက "ငါ မင်းကို နေရာတစ်ခုဆီ ခေါ်သွားမယ်။ ငါ့နောက်ကို လိုက်ခဲ့၊ သွားရင်းနဲ့ပဲ ရှင်းပြပေးမယ်" ဟု ခပ်တိုးတိုး ပြောလိုက်သည်။
ဧကရာဇ်ယုမှာ ဇဝေဇဝါ ဖြစ်သွားပြီး သူ့ကို နားမလည်နိုင်စွာ ကြည့်နေမိသည်။
ကျန်းမိသားစု ဘိုးဘေးသည် များစွာ မပြောတော့ဘဲ သူ့ကို စွမ်းအင်ဖြင့် လွှမ်းခြုံကာ ချင်းကျိုးမြို့ဘက်သို့ ပျံသန်းသွားခဲ့သည်။
လမ်းခရီးတွင် သူသည် ပြန်လည် နိုးထလာပြီးနောက် ကျင့်ကြံအားထုတ်နေခဲ့သဖြင့် သေမျိုးလောက၏ ကိစ္စရပ်များကို လှည့်မကြည့်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဧကရာဇ်ယုကို ရှင်းပြခဲ့သည်။
သူ၏ ရှင်းပြချက်ကို ကြားသောအခါ ဧကရာဇ်ယုမှာ ဂုဏ်ယူဝမ်းမြောက်သလို အံ့ဩလည်း သွားခဲ့သည်။ ထို့နောက် ကျန်းမိသားစု ဘိုးဘေးက ကောင်းကင်ဘုံအသီးသီး၏ ကိစ္စများကို ပြောပြသောအခါ ဧကရာဇ်ယုမှာ ထိတ်လန့်တုန်လှုပ်သွားပြီး တိတ်ဆိတ်သွားခဲ့သည်။
သူတော်စင်များမှာ အသင့်ပြင်ထားပြီး ဖြစ်သဖြင့် လူတိုင်းကို လျင်မြန်စွာ စုစည်းကာ အင်မော်တယ်တံခါးဆီသို့ ပြန်သွားကြသည်။
အင်မော်တယ်တံခါးကို ဖြတ်ကျော်ပြီးနောက် ဧကရာဇ်ယုနှင့် လီမိသားစုဝင်များအားလုံး အင်မော်တယ်တံခါးအတွင်းသို့ ရောက်ရှိသွားကြသည်။
လီမိသားစုဝင်များအပြင် ရှမိသားစု၏ အကြီးအကဲ ရှလင်းလုံလည်း ပါဝင်လာခဲ့သည်။ သူ(မ)သည် လီဟောင်နှင့် အကြိမ်အနည်းငယ် ဆုံဖူးသူ ဖြစ်သဖြင့် သူတော်စင်များက သူ(မ)ကို တမန်တော်တစ်ဦးအဖြစ် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
"မဟာကောင်းကင်ရိုင်းကြင်ယာတော်မိသားစုကိုတော့ ယင်ယန်မဟာသူတော်စင်က ဖိတ်ကြားပေးလိမ့်မယ်" ဟု မင်မိသားစု သူတော်စင်က ပြောလိုက်သည်။
အရင်းအမြစ် ဘိုးဘေးက အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် လူတိုင်းကို ဦးဆောင်ခေါ်သွားခဲ့သည်။
"ဒါက သူတော်စင်နယ်မြေလား"
"ဘယ်လောက်တောင် ကြွယ်ဝတဲ့ စွမ်းအားတွေလဲ၊ ကျင့်ကြံခြင်း မလုပ်ရင်တောင် ဒီစွမ်းအားတွေက ခန္ဓာကိုယ်ထဲကို အလိုလို စီးဝင်နေသလိုပဲ။ အံ့ဩစရာ ကောင်းလိုက်တာ"
"ဒီမှာ ရှိတဲ့သူတိုင်းက သိုင်းပညာရှင်တွေ ဖြစ်ကုန်ကြမှာ မဟုတ်လား"
ဤနေရာသို့ အသစ်ရောက်လာသူများ အားလုံးမှာ ကောင်းကင်ဘုံအသီးသီး၏ ထူးခြားမှုများကို ခံစားရပြီး အံ့ဩမှင်သက်နေကြသည်။
လီမူရှို့နှင့် ရန်ချန်ချန်တို့သည် လူအုပ်ကြားမှ လိုက်ပါလာရင်း သူတော်စင်နယ်မြေ၏ အငွေ့အသက်ကို ဂရုတစိုက် ခံစားနေကြသလို ဤနေရာ၏ အခြေအနေများကိုလည်း သတိထား၍ စုံစမ်းနေကြသည်။
သူတော်စင်များမှာ သူတို့က လီဟောင်ကို ကောင်းမွန်စွာ ဖျောင်းဖျပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသဖြင့် သူတို့ကို အလွန် ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြသည်။
နတ်ဘုရားဘုရင်တစ်ဦးတည်းသာ အေးစက်သော မျက်နှာထားကို ထိန်းထားပြီး လူစိမ်းများ အနားမကပ်ဝံ့သော အရှိန်အဝါကို ထုတ်ဖော်နေသဖြင့် မည်သူမျှ သူ့ကို စကားမပြောဝံ့ကြပေ။
"ဟောင်ထျန်းဟာ သူတော်စင်တစ်ပါးရဲ့ လုပ်ကြံမှုကို ခံခဲ့ရတယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ လေးစားအပ်တဲ့ အရှင်သူတော်စင်တို့ခင်ဗျာ... အဲဒါ တကယ်ပဲလားဆိုတာ သိချင်ပါတယ်၊ ပြီးတော့ အဲဒီ သူတော်စင်က ဘာဖြစ်သွားပြီလဲ။ အဲဒီကလေးက ကောင်းကင်ဘုံမှာ ဘယ်သူ့အကူအညီမှ မပါဘဲ တစ်ယောက်တည်း ဘယ်လိုများ ဖြတ်သန်းခဲ့ရတာလဲ"
ဧကရာဇ်ယုသည် လီမိသားစုဝင်များထက် ကောင်းကင်ဘုံ၏ အကြောင်းကို ပိုမို သိရှိထားသော်လည်း အချို့သော လျှို့ဝှက်ချက်များကို သူတို့ကို မပြောပြခဲ့ပေ။ ယခုအခါတွင်မူ သူသည် ဤဖြစ်ရပ်များအကြောင်းကို မမေးဘဲ မနေနိုင်တော့ပေ။
သူ၏ မေးခွန်းများကို ကြားသောအခါ သူတော်စင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အရင်းအမြစ် ဘိုးဘေးသည် ဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။
"အဲဒီ သူတော်စင်ကို ဟောင်ထျန်းသူတော်စင်က သတ်ပစ်လိုက်ပါပြီ။ သူတော်စင်နယ်မြေမှာ သူရဲ့ တိုးတက်မှုက အရမ်းကို မြန်ဆန်လွန်းတယ်။ နှစ်အနည်းငယ်အတွင်းမှာတင် သူက ပြိုင်ဘက်ကင်းသူ တစ်ယောာက်ဖြစ်လာခဲ့တယ်..."
***