ဤအခြေအနေသို့ ရောက်ရှိလာသောအခါ သူတို့သည် လီဟောင်ကို ထပ်မံ စိတ်ဆိုးအောင် လုပ်မိပါက နောက်ပြန်လှည့်ရန် လမ်းမရှိတော့ကြောင်း ကောင်းစွာ သိထားကြသည်။
ယုံကြည်မှုစွမ်းအင်နှင့် နှိုင်းယှဉ်ပါက အသက်ရှင်သန်ရေးမှာ ပို၍ အရေးကြီးသဖြင့် သူတို့မှာ ခေါင်းငုံ့ အရှုံးပေးလိုက်ရတော့သည်။
"ပြဿနာ မရှိပါဘူး"
အရင်းအမြစ် ဘိုးဘေးသည် သူတော်စင်များ၏ သဘောထားများကို စုစည်းပြီးနောက် နောက်ဆုံးတွင် လီဟောင်၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။
သူ၏ စကားကို ကြားသောအခါ ရောက်ရှိနေသူ အားလုံးမှာ အခြေအနေကို သဘောပေါက်သွားကြသည်။ ဂျိဆန်းကြယ်နတ်ဘုရားနှင့် အခြားသူများသည်လည်း ယခင်က ပျံ့နှံ့ခဲ့သော ကောလာဟလများနှင့် နာမည်ဖျက်မှုများမှာ အမှန်တကယ်တွင် သူတော်စင်များ၏ ပူးပေါင်း လုပ်ဆောင်မှုများ ဖြစ်ကြောင်းနှင့် လီဟောင်မှာ မည်မျှကြီးမားသော ဖိအားများကို တောင့်ခံခဲ့ရကြောင်း နောက်ဆုံးတွင် နားလည်သွားကြသည်။
လီမိသားစုဝင်များနှင့် ဧကရာဇ်ယုတို့၏ မျက်နှာများမှာလည်း ပျက်သွားခဲ့သည်။ ယခင်က သူတို့သည် သူတော်စင်များအပေါ် ကောင်းမွန်သော အမြင် ရှိခဲ့ကြသည်။ သူတို့မှာ မြင့်မားသော အဆင့်အတန်းရှိသော်လည်း သူတို့ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး သူတော်စင်တို့၏ မာန်မာန မရှိဟု ထင်မှတ်ခဲ့ကြသည်။ တစ်ခုခု အကူအညီ တောင်းခံလိုသဖြင့် အလွန်အမင်း နှိမ့်ချနေခြင်း ဖြစ်သည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။
မမျှော်လင့်ဘဲ သူတို့သည် လီဟောင်ကို လုပ်ကြံရန် ပူးပေါင်း ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ကို ကြားခံလူအဖြစ် လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်မှာလည်း မဆန်းတော့ပေ။
မကြာမီမှာပင် ဓါးဆရာသခင်လည်း ရောက်ရှိလာခဲ့သည်။ ထိုနေရာရှိ အခြေအနေကို မြင်သောအခါ သူက ရယ်မောရင်း "အတော်လေး စည်ကားနေတာပဲ" ဟု ပြောလိုက်သည်။
အရင်းအမြစ် ဘိုးဘေးနှင့် အခြားသူများသည် သူ၏ လှောင်ပြောင်သော စကားများကို ကြားသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်သွားကြသော်လည်း ဓါးဆရာသခင်က ဘာမှ ထပ်မပြောတော့ပေ။ သူသည် သူတော်စင်များနှင့် လီဟောင်အကြားရှိ မကျေနပ်ချက်များကို သိထားပြီး လီဟောင်ကိုယ်တိုင် ကိုင်တွယ်နိုင်ကြောင်းလည်း သိထားသည်။
"ဟောင်ထျန်းသူတော်စင်... မင်းရဲ့ မြင့်မြတ်နယ်မြေက အတော်လေး ကျယ်တာပဲ၊ လူသန်းပေါင်းများစွာကို လက်ခံနိုင်ပါတယ်။ ငါတို့ ဒီကို လာတာက မင်းကို အနှောင့်အယှက် မဖြစ်စေလောက်ပါဘူး"
အရင်းအမြစ် ဘိုးဘေးက လီဟောင်ကို ပြောလိုက်သည်။
ဆေးသူတော်စင်ကမူ "အစောပိုင်းက ပေးထားတဲ့ ကတိတွေကို မဖြည့်ဆည်းရသေးဘူး၊ သဘောတူရုံနဲ့တင် မလုံလောက်သေးဘူး" ဟု ကြားဖြတ် ပြောလိုက်သည်။
အရင်းအမြစ် ဘိုးဘေးက သူ(မ)ကို တစ်ချက် ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ သူတော်စင်များနှင့် ချက်ချင်း ဆွေးနွေးလိုက်သည်။
ထို့နောက် သူသည် မနက်ဖြန်တွင် အမှန်တရားကို ကောင်းကင်ဘုံအသီးသီးသိစေရမည်ဟု ကတိပေးလိုက်သည်။
လီဟောင်သည် သူတို့ကို ဆက်နေရန် မတိုက်တွန်းဘဲ ပြန်လွှတ်လိုက်သည်။ ထို့နောက် သူသည် သူ၏ ပုံရိပ်တစ်ခုကို ဖန်တီးကာ ဂျိဆန်းကြယ်နတ်ဘုရားနှင့် အခြားသူများအတွက် နေရာချထားပေးလိုက်ပြီး သူ၏ ကိုယ်ပွားစစ်စစ်မှာမူ ဟင်းလင်းပြင်အတွင်းသို့ ပျံသန်းသွားကာ မြင့်မြတ်နယ်မြေကို ဆက်လက် တည်ဆောက်နေခဲ့သည်။
နောက်တစ်နေ့တွင်...
'နယ်နိမိတ်ကျောက်တုံး'များ တစ်ခုပြီးတစ်ခု လင်းထိန်လာသည်နှင့်အမျှ ကောင်းကင်ဘုံအသီးသီးတွင် အင်မော်တယ်တံခါးရှေ့မှ မြင်ကွင်းများကို ထင်ဟပ် ပြသလာခဲ့သည်။
အရင်းအမြစ် ဘိုးဘေးနှင့် အခြားသူများသည် အလျှော့ပေးရန် ရွေးချယ်ခဲ့ကြပြီး လီဟောင်သည် သူတော်စင်များကို တားဆီးခဲ့ပုံနှင့် သူတို့၏ လှောင်ပြောင် ရှုတ်ချမှုများကို ရင်ဆိုင်ခဲ့ရပုံများကို ပြသခဲ့သည်။
မကြာမီမှာပင် သူတော်စင်များ အင်မော်တယ်တံခါးအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ရှေးဟောင်းနတ်ဆိုးများကို ဆွဲဆောင်မိသွားပုံများကိုလည်း ပြသခဲ့သည်။
ထိုပုံရိပ်များမှာ ကမ္ဘာငယ် အသီးသီးတွင် ပေါ်လာသောအခါ ကောင်းကင်ဘုံ တစ်ခုလုံးမှာ ဆူညံ ပွက်လောရိုက်သွားခဲ့သည်။
ယခင်က ခမ်းနားထည်ဝါသည်ဟု ထင်မှတ်ခဲ့သော အင်မော်တယ်လမ်းစဉ်မှာ ထိုကဲ့သို့အန္တရာယ် များလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
"ငါ ကြားတာတော့ 'ချင်ဟော့'လောကငယ်မှာ အလောင်းတွေ တောင်လိုပုံနေပြီး အားလုံးက ရှေးဟောင်းနတ်ဆိုး သတ်တာကို ခံလိုက်ရတာတဲ့"
"ရှေးဟောင်းနတ်ဆိုးဆိုတာ နတ်ဆိုးတွေရဲ့ ဘိုးဘေး ဖြစ်နေမလား။ အင်မော်တယ်လမ်းစဉ်က ဒီလောက် အန္တရာယ်များနေတာကို ဟောင်ထျန်းသူတော်စင်က တားခဲ့တာ တကယ် မှန်တာပဲ"
"အစောတုန်းက ဟောင်ထျန်းသူတော်စင်ကို နာမည်ဖျက်ပြီး သတင်းမှားတွေ လွှင့်ခဲ့တာ ဘယ်သူလဲ"
"ပြောနေစရာ မလိုပါဘူး... သူတော်စင်တွေရဲ့ နောက်လိုက်တွေပဲ ဖြစ်မှာပေါ့..."
ပုံရိပ်များ ပျံ့နှံ့သွားသည်နှင့်အမျှ ကောင်းကင်ဘုံမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။ သူတော်စင်ဂိုဏ်းများမှ တပည့်များစွာမှာလည်း သူတို့ ကြည်ညိုလေးစားရသော သူတော်စင်များမှာ ဤမျှ မိုက်မဲသော အမှားများကို ကျူးလွန်ခဲ့ကြပြီး အင်မော်တယ်လမ်းစဉ်ရှေ့တွင် အလွန် အရုပ်ဆိုး အကျည်းတန်စွာ ပြုမူခဲ့ကြသည်ကို မြင်သောအခါ သူတို့၏ တာအိုနှလုံးသားများ မတည်မငြိမ်ဖြစ်လာခဲ့ကြသည်။
ထို 'နယ်နိမိတ်ကျောက်တုံး' ပုံရိပ်များကို ကောင်းကင်ဘုံ တစ်ခုလုံးတွင် မြင်တွေ့ရပြီး ဟင်းလင်းပြင် မြင့်မြတ်နယ်မြေရှိ လီဟောင်၊ ဂျိဆန်းကြယ်နတ်ဘုရားနှင့် လီမိသားစုဝင်များလည်း မြင်တွေ့ခဲ့ကြသည်။
သူတို့သည် လီဟောင်နှင့် သူတော်စင်များအကြားရှိ မကျေနပ်ချက်များကို နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။
ထို့ပြင် လီဟောင် တစ်ကောင်းကင်ဘုံလုံးတွင် ခံစားခဲ့ရသော မတရားမှုများကိုလည်း သူတို့ နားလည်သွားကြသဖြင့် သူတော်စင်များမှာ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ အသနားခံပြီး ခေါင်းငုံ့နေရသလဲဆိုသည်ကို ရှင်းလင်းသွားခဲ့သည်။
"ဟောင်... သူတို့က တကယ်ကို ယုတ်မာလွန်းတယ်"
လီယွမ်ကျောက်သည် ပုံရိပ်များကို မြင်သောအခါ လီဟောင်ထံသို့ ချက်ချင်း ပြေးလာပြီး သူ၏ ဝဝတုတ်တုတ် မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်နေခဲ့သည်။
ရန်ချန်ချန်နှင့် ဧကရာဇ်ယုတို့သည်လည်း လီဟောင်အတွက် စိုးရိမ်ပူပန်မှုများဖြင့် အပြေးအလွှား ရောက်လာကြသည်။
လီဟောင်၏ သေမျိုးလောက ခရီးစဉ်မှာ အလွန်ပင် ခက်ခဲခဲ့ကြောင်း သူတို့ သိကြသည်။ လူတိုင်းက သူ၏ စွမ်းရည်ကိုသာ မြင်ကြသော်လည်း သူ့ကို အမှန်တကယ် ဂရုစိုက်သူများသာ သူ၏ ဒဏ်ရာများကို မြင်နိုင်ကြသည်။
လီဟောင်က သူတို့၏ အမူအရာကို မြင်သောအခါ အနည်းငယ် နေရခက်သွားပြီး ရယ်မောရင်း ပြောလိုက်သည်။
"ဒါတွေက အသေးအမွှား ကိစ္စတွေပါ၊ ကောလာဟလတွေက ငါ့ကို ဘာမှ မထိခိုက်စေနိုင်ပါဘူး"
"လူတွေက ပညာရှိတွေဆိုရင် ကောလာဟလတွေကို ရပ်တန့်နိုင်ကြတယ်လို့ ပြောကြပေမဲ့၊ အဲဒီသတင်းတွေကို လွှင့်တဲ့သူက အာဏာ အရမ်းကြီးနေရင် အတုကို အစစ်လို့တောင် ထင်သွားကြတာပဲ" ဧကရာဇ်ယုက သက်ပြင်းချရင်း သူတော်စင်များအပေါ် မကျေမနပ် ဖြစ်နေမိသည်။
လီဟောင်က ခေါင်းခါပြလိုက်ပြီး ထိုကိစ္စများကို စိတ်ထဲ မထားပေ။
ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်အတွင်း၌ မရေမတွက်နိုင်သော ယုံကြည်မှုစွမ်းအင်များ စုဝေးလာသည်ကို သူ သတိထားမိလိုက်သည်။
ပုံရိပ်မြင်ကွင်းများမှာ ကောင်းကင်ဘုံအသီးသီးအပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့ပုံရသည်။
တစ်ချိန်တည်းတွင် 'ထျန်းယွမ်'မြင့်မြတ်နယ်မြေတွင်မူ အရင်းအမြစ် ဘိုးဘေးနှင့် သူတော်စင်များတို့သည် ပုံရိပ်များ ပျံ့နှံ့သွားသည်နှင့်အမျှ သူတို့၏ ယုံကြည်မှုစွမ်းအင်များမှာ လျင်မြန်စွာ လျော့နည်းသွားကြောင်း သတိပြုမိလိုက်ကြသည်။ မြစ်ကြီးတစ်စင်းကဲ့သို့ စီးဆင်းရာမှ ချောင်းငယ်လေးအဖြစ် ပြောင်းလဲသွားပြီး ယခုအခါတွင်မူ အလင်းမျှင်ကလေးများသာ ကျန်ရှိတော့သည်။
ယုံကြည်မှုစွမ်းအားများ မရှိပါက သူတို့၏ ကျင့်ကြံမှုမှာ ရှေ့ဆက်၍မရဘဲ ရပ်တန့်သွားလိမ့်မည် ဖြစ်သည်။
"သွားကြစို့... အခု ဟောင်ထျန်းဆီကို သွားရှာမယ်၊ သူ ဘာမှ ထပ်ပြောစရာ မရှိတော့ဘူး" သူတော်စင်တစ်ပါးက နှမြောတသစွာဖြင့် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
အခြား သူတော်စင်များမှာလည်း နေရခက်နေကြသော်လည်း ယခုအချိန်တွင် အရေးကြီးဆုံးမှာ လီဟောင်၏ လှေပေါ်သို့ တက်ရန်သာ ဖြစ်ကြောင်း သူတို့ သိကြသည်။
အရင်းအမြစ် ဘိုးဘေးက ဘာမှ မပြောဘဲ သူတော်စင်များကို ဦးဆောင်ကာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်... ရုတ်တရက် ထျန်းယွမ်မြင့်မြတ်နယ်မြေ၏ ကောင်းကင်တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး သွေးများဖြင့် စိုရွှဲနေသော ပုံရိပ်တစ်ခု ပြုတ်ကျလာခဲ့သည်။
၎င်းမှာ သူတော်စင်တစ်ပါး ဖြစ်သော်လည်း သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ ဧကရာဇ်လက်နက် ဝတ်ရုံမှာလည်း ဆုတ်ပြဲနေခဲ့သည်။
"တစ်ခုခု... တစ်ခုခု ဖြစ်နေပြီ"
တုန်ရီနေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ထိုသူတော်စင်မှာ လဲကျသွားစဉ် အရင်းအမြစ် ဘိုးဘေးနှင့် သူတော်စင်များကို မြင်သောအခါ အသည်းအသန် ပြောလိုက်သည်။ "မြန်မြန်... မြန်မြန်လုပ်ပြီး 'နတ်ဘုရားဘုရင်' ကို ကယ်ကြပါဦး၊ ရှေးဟောင်းနတ်ဆိုးတွေဆီက ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုကြီး တစ်ခု ရောက်လာပြီ"
သူတော်စင်များမှာ မှင်သက်သွားကြသည်။ သူတော်စင်တစ်ပါးမှာ ထိုသူတော်စင်သည် 'ကပ်ဘေး၃ပါး သူတော်စင်တစ်ပါး ဖြစ်ကြောင်း မှတ်မိသွားကြသည်။ ယခုအခါတွင်မူ သူသည် အလွန် စိတ်ပျက်အားငယ်နေပုံရပြီး သူ၏ ဒဏ်ရာများမှာလည်း ကုသ၍ မရနိုင်တော့ပေ။
"ဘာဖြစ်တာလဲ"
အရင်းအမြစ် ဘိုးဘေး၏ နှလုံးခုန်သံမှာ တစ်ချက် ရပ်သွားသလို ခံစားလိုက်ရပြီး သူ၏ အသက်ရှူသံမှာလည်း ထစ်ငေါ့သွားခဲ့သည်။ "ဒါ... ဒါက အင်မော်တယ်တံခါးကြီး ပျက်စီးသွားတာလား"
***