“ကျွန်မ ဘယ်လိုကူညီပေးရမလဲ”
ယို့ချင်းယီက မေးလိုက်သည်။
“ကျွန်တော့်ကို ငွေနည်းနည်းလောက် ချေးပေးလို့ရမလား။ ဒီနေ့အတွင်း ပြန်ဆပ်မှာပါ”
“ရှင် ဘယ်လောက်လိုချင်လို့လဲ ငွေတပြား တစ်ထောင်ဆိုရင် လောက်ပါ့မလား”
လုံယီက ချေးသည်ဟူသော စကားလုံးကို သုံးနှုန်းခဲ့သော်လည်း ယို့ချင်းယီကမူ ဂရုမစိုက်ပေ။
သူမ၏ အသက်ကို ကယ်တင်ခဲ့သော ကျေးဇူးကို ပြန်ဆပ်နိုင်မည်ဆိုလျှင် လုံယီကို ထိုငွေများ အလကားပေးရန်ပင် သူမ ဝန်လေးမည်မဟုတ်ပေ။
“လောက်ပါတယ် ကျေးဇူးပဲ”
လုံယီက ပြုံး၍ ဖြေလိုက်သည်။
“ဒါကို လက်ဆောင်အဖြစ်ပဲ သဘောထားလိုက်ပါ။ ပြန်ဆပ်ဖို့ မလိုပါဘူး”
ယို့ချင်းယီက အေးဆေးစွာ ပြောသော်လည်း လုံယီက ခေါင်းခါပြလိုက်သည်။
“အဲ့ဒီလိုတော့ မလုပ်ပါနဲ့။ ကျွန်တော် ချေးတယ်လို့ ပြောရင် ချေးတာပါပဲ”
ယို့ချင်းယီထံမှ ချေးယူလာသော ငွေတစ်ထောင်ဖြင့် လုံယီသည် တပည့်တောင်ထိပ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် မွေးရာပါ ဝိညာဉ်အလောင်းနှစ်ခုမှာ စက်ဝိုင်းအတွင်း၌ ငါးပေခန့်အကွာတွင် အချင်းချင်း ရင်ဆိုင်ရပ်နေကြပြီ ဖြစ်သည်။
တစ်ခုမှာ ရိုးရှင်းသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အခြားတစ်ခုမှာမူ တန်ဖိုးကြီးသော အဖြူရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။
ထိုနေရာကို တာဝန်ယူထားသော တပည့်ကြီးက ရှင်းပြနေသည်။
“အနက်ရောင်ဝတ်ထားတာက ချန်အာရှင်းရဲ့ ဝိညာဉ်အလောင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၁၁ နှစ်က မြေအောက်ကနေ တူးဖော်ထားတာပါ။ အဖြူရောင်ဝတ်ထားတာကတော့ ဖုန်းတာပေါင်ရဲ့ ဝိညာဉ်အလောင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၉ နှစ်က တူးဖော်ထားတာ ဖြစ်ပါတယ်။
နှစ်ယောက်လုံးက တာအိုသစ္စာဆိုထားကြတာမို့ ဘယ်သူကမှ လိမ်ညာလှည့်ဖျားခွင့် မရှိပါဘူး။ ပုံမှန်စည်းကမ်းအတိုင်းပါပဲ... ချန်အာရှင်းရဲ့ ဝိညာဉ်အလောင်း နိုင်မယ်လို့ လောင်းချင်ရင် ဘယ်ဘက်က လင်ဗန်းထဲကို ငွေထည့်ပါ။ ဖုန်းတာပေါင်ရဲ့ ဝိညာဉ်အလောင်း နိုင်မယ်လို့ လောင်းချင်ရင်တော့ ညာဘက်က လင်ဗန်းထဲကို ငွေထည့်ပါ။
ရလဒ်ထွက်လာတဲ့အခါမှာ ဂိုဏ်းပေါင်းစုံမဟာမိတ်က ၁၀ ရာခိုင်နှုန်း ဖြတ်တောက်မှာဖြစ်ပြီး၊ ကျန်ရှိတဲ့ငွေတွေကိုတော့ အစောပိုင်းက လောင်းကြေးအချိုးအစားအတိုင်း ခွဲဝေပေးသွားမှာပါ။ အများကြီးလောင်းတဲ့သူက အများကြီးရမှာဖြစ်ပြီး နည်းနည်းလောင်းတဲ့သူကတော့ နည်းနည်းပဲ ရပါလိမ့်မယ်”
တပည့်ကြီး၏ မိတ်ဆက်မှုအပြီးတွင် လူအုပ်ကြီးမှာ တစ်ခဏမျှ ငြိမ်သက်သွားကြသည်။ အားလုံးက ထိုဝိညာဉ်အလောင်းနှစ်ခုကို တစ်ခုခု ထူးခြားမှုရှိမလားဟူသော အကြည့်များဖြင့် အရှေ့အနောက်၊ တောင်မြောက် စူးစမ်းလေ့လာနေကြတော့သည်။
လူအုပ်ကြီး၏ ဆွေးနွေးငြင်းခုံသံများမှာ လုံယီ၏ နားထဲသို့ အဆက်မပြတ် စီးဝင်နေဆဲပင်။
"ချန်အာရှင်းက ဂိုဏ်းထဲမှာ ၁၁ နှစ်တောင် ရှိနေပြီကွ။ သူ့ရဲ့ ဝိညာဉ်အလောင်းကို ပြုစုပျိုးထောင်တဲ့အချိန်က ပိုကြာသလို အသားကျမှုကလည်း ပိုကောင်းမှာပဲ။ ဒါကြောင့် သူက ပိုသန်မာဖို့များတယ်"
"အဲ့ဒါတော့ မဟုတ်သေးပါဘူး။ ဖုန်းတာပေါင်က ပါရမီပိုပါသလို သူ့မိသားစုနောက်ခံကလည်း အတော်အတင့် ချမ်းသာတာ။ ငါ့အထင်တော့ သူနိုင်ဖို့ အခွင့်အရေး ပိုများတယ်"
"ငါ့အမြင်ကတော့ ဒီအလောင်းနှစ်ခုရဲ့ ရုပ်သွင်နဲ့ အငွေ့အသက်ကို ကြည့်ပြီး ဆုံးဖြတ်လို့ရမယ် ထင်တယ်။ ဖုန်းတာပေါင်ရဲ့ ဝိညာဉ်အလောင်း အရောင်က အနည်းငယ် ညိုနေပြီ။ ဒါက သံအလောင်းအဆင့်ရောက်ဖို့ မဝေးတော့ဘူးဆိုတာ ထင်ရှားနေတာပဲ..."
မကြာမီမှာပင် လူအများစုမှာ ဆုံးဖြတ်ချက်ချလိုက်ကြပြီး သစ်သားလင်ဗန်းများပေါ်သို့ ငွေများ သွားရောက်တင်ကြတော့သည်။ လုံယီ လေ့လာမိသလောက် ချန်အာရှင်း နိုင်မည်ဟု လောင်းသူ နည်းပါးပြီး ဖုန်းတာပေါင်ဘက်တွင်မူ လူအများအပြား ရှိနေသည်။
ထို့ကြောင့် သူသည် အေးအေးလူလူပင် ရှေ့သို့ တိုးသွားလိုက်သည်။ ယို့ချင်းယီထံမှ ချေးယူထားသော ငွေတစ်ထောင်လုံးကို ချန်အာရှင်း အနိုင်ရမည့်ဘက်ရှိ လင်ဗန်းထဲသို့ ပုံအောထည့်လိုက်တော့သည်။
"ဝိုး... အဲ့ဒါ ရှစ်ရာ ဒါမှမဟုတ် တစ်ထောင်လောက် ရှိမှာပဲ"
တစ်စုံတစ်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ဒီညီငယ်က အတော်လေး ချမ်းသာတာပဲ။ အခုအထိတော့ သူ့လောင်းကြေးက အများဆုံးပဲ။ သူသာ နိုင်သွားရင်တော့ အမြတ်အစွန်း အများဆုံးရမယ့်သူ ဖြစ်လာမှာပဲ"
လုံယီ လောင်းကြေးထပ်ပြီးနောက် အားလုံး၏ အကြည့်များမှာ ကွင်းလယ်ရှိ ဝိညာဉ်အလောင်းနှစ်ခုဆီသို့ ရောက်ရှိသွားကြပြီး ၎င်းတို့မှာလည်း စတင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။ စက်ဝိုင်းအပြင်ဘက်တွင် ပိုင်ရှင်များဖြစ်သော ချန်အာရှင်းနှင့် ဖုန်းတာပေါင်တို့မှာ သူတို့၏ ဝိညာဉ်အလောင်းများနှင့် ဆက်သွယ်နိုင်ရန် အပြင်းအထန် အာရုံစိုက်နေကြသည်။
ဝိညာဉ်အလောင်းများမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လှုပ်ရှားနိုင်စွမ်း အတော်အတင့် ရှိကြသော်လည်း အဆုံးအဖြတ်ပေးရမည့် အချိန်မျိုးတွင် ပိုင်ရှင်၏ လမ်းညွှန်မှုက အနိုင်အရှုံးကို စကားပြောသွားတတ်သည်။
ဘုန်း... ဘုန်း... ဘုန်း
ဒေါင်... ဒေါင်... ဒေါင်
ဒိုင်း... ဒိုင်း... ဒိုင်း
ဝိညာဉ်အလောင်းနှစ်ခုမှာ မည်သည့်လက်နက်မျှ မပါဘဲ လက်ဗလာဖြင့်သာ တိုက်ခိုက်နေကြသည်။ သူတို့၏ နယ်ပယ်မှာ သံအလောင်းအဆင့်နှင့် နီးကပ်နေပြီဖြစ်ရာ ခန္ဓာကိုယ်များမှာ အံ့အားသင့်ဖွယ် မာကျောလှပြီး တစ်ခုနှင့်တစ်ခု ထိခိုက်မိတိုင်း သတ္တုချင်း ရိုက်ခတ်သည့် စူးရှသော အသံများ ထွက်ပေါ်နေသည်။
လုံယီသည် ဘေးဘက်တွင် ရပ်လျက် ဝိညာဉ်အလောင်းနှစ်ခု၏ အပြန်အလှန် တိုက်ခိုက်မှုများကို သေသေချာချာ စောင့်ကြည့်နေတော့သည်။
မြက်အလောင်း၊ ဝိညာဉ်အလောင်း၊ သံအလောင်း၊ ကြေးနီအလောင်း၊ ငွေအလောင်းတို့မှာ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းရှိ မွေးရာပါ ဝိညာဉ်အလောင်းများ၏ နယ်ပယ်အဆင့်အတန်း ခွဲခြားမှုများ ဖြစ်ကြသည်။
သူတို့နှစ်ဦးစလုံးမှာ ဝိညာဉ်အလောင်းအဆင့်တွင် ရှိနေကြပြီး သံအလောင်းအဆင့်သို့ ရောက်ရန် နီးစပ်နေပြီဖြစ်ရာ အရှိန်နှုန်းမှာလည်း မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသည်။ လှုပ်ရှားမှုတိုင်းတွင် အရိပ်အယောင်မျှသာ ကျန်ရစ်ခဲ့ပြီး သူတို့၏ အရှိန်မှာ သာမန် ပြည့်စုံခြင်းအဆင့်ရှိ ကိုယ်ခံပညာရှင်တစ်ဦးထက်ပင် သာလွန်နေသည်။
သူတို့၏ တိုက်ခိုက်ရေးကွက်များမှာမူ ရိုးရှင်းလှသည်။ အများအားဖြင့် တိုက်ရိုက်လက်သီး၊ ဝိုက်လက်သီး၊ ခုန်ပျံခြင်းနှင့် တိုက်ရိုက်ကန်ချက်များသာ ဖြစ်ပြီး ကွဲပြားမှု သိပ်မရှိဘဲ အရှိန်နှင့် ခွန်အားအပေါ်တွင်သာ အပြည့်အဝ အားကိုးထားကြသည်။
သို့သော် ခဏမျှ စောင့်ကြည့်ပြီးနောက် လုံယီ သတိထားမိသည်မှာ တိုက်ခိုက်မှုတစ်ခုချင်းစီအပြီးတွင် ဝိညာဉ်အလောင်းများ၏ လှုပ်ရှားမှုမှာ အနည်းငယ် ဟန်ချက်ပျက်သွားတတ်ခြင်းပင်။ ဤဟန်ချက်ပျက်မှုမှာ ကိုယ်ခံပညာအကျော်အမော်အဆင့်အောက်ရှိသူများအတွက် ရိပ်မိရန် ခဲယဉ်းသော်လည်း ထိုအဆင့်နှင့် အထက်ရှိသူများမှာမူ သေသေချာချာ အာရုံစိုက်ကြည့်ပါက သတိပြုမိနိုင်သည်။ ၎င်းမှာ အချိန်အတော်ကြာ လည်ပတ်နေပြီးနောက် အနည်းငယ် ထစ်ငေါ့သွားသော စက်ပစ္စည်းတစ်ခုကဲ့သို့ပင်။
အကယ်၍ ဤဝိညာဉ်အလောင်းနှစ်ခုသည် သာမန် ကိုယ်ခံပညာအကျော်အမော်တစ်ဦးနှင့် ရင်ဆိုင်ရပါက အသာစီးရရန် ခဲယဉ်းပေလိမ့်မည်။ သို့သော် ဝိညာဉ်အလောင်းများမှာ လူသားမဟုတ်သဖြင့် သာမန်လူများကဲ့သို့ အားနည်းချက်များ မရှိကြပေ။ ထို့ကြောင့် ကိုယ်ခံပညာအကျော်အမော်တစ်ဦးအနေဖြင့်လည်း ၎င်းတို့ကို လုံးဝအမြစ်ပြတ်သတ်ရန် မလွယ်ကူလှပေ။
သံအလောင်းအဆင့်သို့ ရောက်ရှိသွားပါက သူတို့သည် ဓားမတိုး၊ လှံမတိုး၊ ကျည်ဆံမဖောက်နိုင်တော့ဘဲ အလွန်ကြီးမားသော ခွန်အားကို ပိုင်ဆိုင်လာမည်ဖြစ်ရာ ကိုယ်ခံပညာအကျော်အမော်တစ်ဦးအတွက် တိုက်ခိုက်ရန် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။ သံအလောင်းတစ်ဦးအနေဖြင့် ကိုယ်ခံပညာအကျော်အမော်၏ အားနည်းချက်ကို ချက်ချင်းမရှာဖွေနိုင်လျှင်ပင် အခွင့်အရေး တစ်ကြိမ်တစ်ခါမျှ ရရှိလိုက်ရုံဖြင့် ကိုယ်ခံပညာရှင်အတွက်တော့ ကြောက်မက်ဖွယ် ဘေးဒုက္ခတစ်ခု ဖြစ်သွားနိုင်သည်။
“လူသားကိုယ်ခံပညာရှင်တွေက သံအလောင်းလိုမျိုး ဆန်းကြယ်တဲ့ သတ္တဝါတွေနဲ့ ယှဉ်ရင် အရမ်းကို ထိခိုက်လွယ်လွန်းတာပဲ” ဟု လုံယီက တွေးလိုက်မိသည်။
ကွင်းအတွင်း၌ မွေးရာပါ ဝိညာဉ်အလောင်းနှစ်ခု၏ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲပင်။
ဗုန်း... ဗုန်း... ဗုန်း
ဖုန်းတာပေါင်၏ ဝိညာဉ်အလောင်းမှာ သံအလောင်းအဆင့်နှင့် ပိုမိုနီးကပ်နေပြီး ထိန်းချုပ်မှုအဆင့်လည်း ပိုမြင့်ပုံရသဖြင့် ချန်အာရှင်း၏ ဝိညာဉ်အလောင်းကို တစ်လှမ်းချင်း နောက်ဆုတ်သွားအောင် တိုက်ခိုက်နေပြီး စက်ဝိုင်းအပြင်ဘက်သို့ ရောက်ရှိရန် လက်မအနည်းငယ်သာ လိုတော့သည်။
အဆုံးအဖြတ်ပေးရမည့် ထိုအချိန်၌ပင် လုံယီ၏ အလောင်းထိန်းချုပ်ခြင်းအတတ်နှင့် ထိန်းချုပ်ခြင်း ပါရမီတို့က ဟန်ချက်ညီစွာ အလုပ်လုပ်သွားခဲ့သည်။ ထို့ကြောင့် ဖုန်းတာပေါင်၏ ဝိညာဉ်အလောင်းမှာ ရုတ်တရက် လမ်းကြောင်းလွဲမှားသော လက်သီးချက်တစ်ချက်ကို ထိုးလိုက်မိပြီး ကြီးမားသော ဟာကွက်တစ်ခု ပေါ်ထွက်သွားတော့သည်။
ချန်အာရှင်း၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး သူ၏ ဝိညာဉ်အလောင်းကို တန်ပြန်တိုက်စစ်ဆင်ရန် အသည်းအသန် လမ်းညွှန်လိုက်တော့သည်။
၎င်းသည် ပြိုင်ဘက် ဝိညာဉ်အလောင်း၏ ဘေးဘက်သို့ လျင်မြန်စွာ လှည့်ထွက်လိုက်ပြီး ရင်ဘတ်တည့်တည့်ကို အားပါပြင်းထန်သော ကန်ချက်တစ်ချက် ကျွေးလိုက်သည်။
ဘုန်း
ဖုန်းတာပေါင်၏ ဝိညာဉ်အလောင်းမှာ နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဟန်ချက်ညီညီ ပြန်ကျလာသော်လည်း ၎င်းသည် စက်ဝိုင်းအပြင်ဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“တောက်... မင်းက ငါ့ကို ပြကွက်ပြနေတာလား”
“ဒါ ပူးပေါင်းကြံစည်မှုပဲ ဒါ လိမ်လည်မှုပဲ... သောက်ကျိုးနည်း ငါ့ငွေတွေ ပြန်ပေးစမ်း”
“ဟားဟားဟား... ငါတော့ အကြီးအကျယ် နိုင်ပြီဟေ့ တုန်ရင်နေတဲ့ လက်တစ်ဖက်က ဒီလို အကျိုးကျေးဇူး ပေးလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး”
ချန်အာရှင်း၏ ဝိညာဉ်အလောင်းက မထင်မှတ်ဘဲ နောက်ဆုံးမိနစ်တွင် အနိုင်ရရှိသွားခြင်းကြောင့် ကွင်းတစ်ခုလုံး ဆဲဆိုသံများဖြင့် ပွက်လောရိုက်သွားတော့သည်။ လူအများစုမှာ ဖုန်းတာပေါင် နိုင်မည်ဟု လောင်းထားကြခြင်းဖြစ်ရာ ရလဒ်ထွက်လာသောအခါ ထိုလူများမှာ ဝတ်စရာအင်္ကျီပင် မရှိတော့လောက်အောင် ရှုံးနိမ့်သွားကြရသည်။
“ငါတို့ကို သက်သက်မဲ့ အကွက်ဆင်ပြီး လိမ်တာပဲ။ ဖုန်းတာပေါင်... မင်းကို ကျိန်စာတိုက်မယ်။ ခွေးသား မင်း သားသမီးမထွန်းကားပါစေနဲ့”
ရှုံးနိမ့်သွားသော လောင်းကစားသမားများမှာ ဖုန်းတာပေါင်ကို စတင်ဆဲဆိုနေကြပြီ ဖြစ်သည်။ ဖုန်းတာပေါင်မှာလည်း ရှုံးနိမ့်မှုကြောင့် စိတ်ပျက်နေသည့်အပြင် ဒေါသထွက်နေသော လူအုပ်ကြီးကို ကြောက်ရွံ့သဖြင့် အလျင်အမြန်ပင် လှည့်ထွက်သွားတော့သည်။
“ချန်အာရှင်း နိုင်ပါတယ်။ သူ့ဘက်က လောင်းထားတဲ့သူတွေ အနိုင်ရငွေ လာထုတ်ကြပါ။ အများကြီးလောင်းတဲ့သူက အများကြီးရမယ်။ နည်းနည်းလောင်းတဲ့သူကတော့ နည်းနည်းပဲ ရမှာပါ”
နက်ပြာရောင် ဝတ်စုံဝတ် တပည့်ကြီးက ပြုံးလျက် ကြေညာလိုက်သည်။
ဒိုင်လုပ်သူအနေဖြင့် မည်သူရှုံးရှုံး၊ မည်သူနိုင်နိုင် သူကတော့ ကော်မရှင်ခကိုသာ ယူခြင်းဖြစ်ရာ အမြဲတမ်း အမြတ်ဘက်တွင်သာ ရှိနေသည်။ သူ၏နောက်ကွယ်မှ လူငယ်မှာ ငွေတုံးများနှင့် ရွှေပြားများ ပြည့်နှက်နေသော အနက်ရောင် သစ်သားလင်ဗန်းကို ကိုင်ဆောင်ကာ အနိုင်ရငွေများ ဝေငှရန် ရှေ့သို့ တိုးလာသည်။
လုံယီနှင့် အခြားအနိုင်ရသူများမှာ တန်းစီလိုက်ကြပြီး တစ်ဦးချင်းစီ သူတို့၏ အရင်းနှင့် အမြတ်ငွေများကို လာရောက်ထုတ်ယူကြသည်။ တပည့်ကြီးမှာ အရင်းငွေစာရင်းများကို မှတ်တမ်းတင်ထားသော အပြာရောင်စာအုပ်ငယ်ကို ကိုင်ဆောင်ကာ အမည်များကို စတင်ခေါ်ဆိုတော့သည်။
“လုံယီ... အရင်း ငွေတစ်ထောင် အမြတ် ကိုးရာ”
တပည့်ကြီးမှာ တွက်ချက်မှုစွမ်းရည် အလွန်မြင့်မားပုံပင်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် လုံယီ၏ အနိုင်ရငွေကို သူ တွက်ချက်ပေးလိုက်သည်။
“ဝမ်ဟန်... အရင်း ငါးရာ၊ အမြတ် လေးရာ့ငါးဆယ်”
လုံယီသည် ငွေများကို သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး နောက်တစ်ပွဲအတွက် ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။ ထို့နောက်တွင်လည်း သူသည် နောက်ထပ် နှစ်ပွဲကို အလွယ်တကူ ထပ်မံအနိုင်ရခဲ့ပြီး တစ်ပွဲလျှင် အမြတ်ငွေ လေး၊ ငါးရာခန့်စီ ရရှိခဲ့သည်။
ထို့နောက်တွင်မူ သူသည် ပြတ်ပြတ်သားသားပင် ပြန်လည်နုတ်ထွက်လိုက်တော့သည်။
ပုံမှန်နဲ့ အဆက်မပြတ်ပဲ ဖြစ်ရမယ်၊ ပုံမှန်နဲ့ အဆက်မပြတ်ပဲ...
လုံယီက သူကိုယ်သူ အမြဲသတိပေးနေတော့သည်။
***