သိုက်ရှန့်သည် အသစ်ရရှိထားသော ချီစုပ်ယူခြင်းဆေးလုံးကို ပါးစပ်ထဲသို့ အလျင်အမြန် ပစ်ထည့်လိုက်ပြီး နောက်ထပ်စစ်ဆေးမှုများအတွက် သူ၏ ဝိညာဉ်စွမ်းအားကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းလိုက်သည်။
“ယို့ချင်းယီ ... အဆင့်မြင့် ဝိညာဉ်အမြစ်ပါရမီ"
ယို့ချင်းယီ၏ အလှည့်ရောက်လာသောအခါ လူတိုင်း၏ အာရုံစိုက်မှုမှာ မလွှဲမရှောင်သာဘဲ သူမထံသို့ ရောက်ရှိသွားတော့သည်။ ဤပါရမီရှင်မလေး မည်သို့သော ရလဒ်မျိုး ရရှိမည်ကို အားလုံးက သိလိုနေကြကာ နောက်တစ်ခဏ၌ ကျောက်စိမ်းနံရံကြီးမှာ တောက်ပသော အနီရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ ယခင်က မြင်တွေ့ခဲ့ရသော အလင်းများထက် များစွာပို၍ လင်းလက်နေတော့သည်။
“အဆင့်မြင့် ဝိညာဉ်အမြစ်ပါရမီရှင်ပီပီ ကျင့်ကြံခြင်းမှာ တကယ့်ကို အားထုတ်ထားပုံပဲ။ မဆိုးဘူး”
အနီရောင်ဝတ်စုံဝတ် အဘိုးအိုက ပထမဆုံးအကြိမ် ချီးကျူးစကား ပြောလိုက်သည်။
“က အနုတ်"
က အနုတ်ဆိုသည့် အကဲဖြတ်မှုကို ကြားလိုက်ရသောအခါ အခင်းဖြစ်ပွားရာနေရာရှိ လူအများမှာ အံ့အားသင့်သွားကြသည်။ ၎င်းမှာ ဂိုဏ်းမှ ပုံမှန်အားဖြင့် ပေးလေ့ရှိသော အမြင့်ဆုံး အဆင့်အတန်းဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။
(ဘာသာပြန်သူမှတ်ချက်- မူရင်းမှာကလေ အဆင့်တွေကို ကျွန်တော်တို့ ဗျည်းအက္ခရာတွေလိုပေးထားတာဖို့ အခုဘာသာပြန်တဲ့အခါ ကျွန်တော်က က၊ခ၊ဂ……အဲ့လိုလေးပဲဘာသာပြန်ထားတယ်ဗျ။ abcကျတော့ ရှေးခေတ်မှာကျမပေါ်သေးဘူးလေ။ အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျ)
“ရုံရွှယ်ကျန့်... အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ပါရမီ"
ရုံရွှယ်ကျန့်၏ အလှည့်တွင်လည်း လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သူသည် အလယ်အလတ်အဆင့် ပါရမီရှင်ဟု ဆိုသော်လည်း အဆင့်မြင့်အဆင့်နှင့် တစ်လှမ်းသာ ကွာဝေးသော ထိပ်တန်းအဆင့်ဖြစ်ကြောင်း အားလုံး သိကြသည်။ သူ၏ လက်ဝါးကို ကျောက်စိမ်းနံရံပေါ် တင်လိုက်သောအခါ ထွက်ပေါ်လာသော အလင်းမှာ ယို့ချင်းယီထက် အနည်းငယ်သာ မှိန်ဖျော့သည်။
“ခ အပေါင်း"
ရုံရွှယ်ကျန့်အတွက်လည်း စောင့်ရှောက်သူဝမ်က ကျေနပ်စွာ ခေါင်းညိတ်ပြခဲ့သည်။
ထို့နောက်တွင် အခြားသူအမြောက်အမြား ဆက်လက်စစ်ဆေးခံကြသော်လည်း ဝဝဖိုင့်ဖိုင့် သိုက်ရှန့်ထက် ပိုကောင်းသူမှာ အလွန်ပင် ရှားပါးလှပြီး အများစုမှာ ဂ အနုတ်မှ ဂ အပေါင်းအတွင်းသာ ရှိကြသည်။
“ဝမ်ဝမ်ပိုင်.. အဆင့်မြင့် ဝိညာဉ်အမြစ်ပါရမီ"
ဖြူဖြူဖွေးဖွေး၊ ဝဝဖိုင့်ဖိုင့်နှင့် မောက်မာသော အရှိန်အဝါရှိသည့် လူငယ်တစ်ဦး ရှေ့သို့ တက်လှမ်းလာသည်။ သူ၏ လက်ဝါးကို ကျောက်စိမ်းနံရံပေါ် တင်လိုက်ချိန်တွင် ပါးများဖောင်းတက်လာကာ နဖူးပေါ်ရှိ သွေးကြောများမှာလည်း ဝိညာဉ်စွမ်းအားကို အတင်းအဓမ္မ ညှစ်ထုတ်နေသကဲ့သို့ ဖောင်းကားနေတော့သည်။
အနီရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းကို အနည်းငယ် ခါလိုက်ပြီး “မင်းရဲ့ ဝိညာဉ်စွမ်းအား စုဆောင်းမှုက အစောပိုင်းက ရုံမျိုးနွယ်ဝင် တပည့်နဲ့တောင် ယှဉ်နိုင်ပုံမရဘူး"
စောင့်ရှောက်သူဝမ်ဆီမှ ဤအကဲဖြတ်မှုကို ကြားလိုက်ရသောအခါ ဝမ်ဝမ်ပိုင်၏ မျက်နှာမှာ ရုတ်တရက်ဆိုသလို ပျက်ယွင်းသွားတော့သည်။
"ဆရာ... ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားက ရုံရွှယ်ကျန့်နဲ့ အတူတူပဲကို ဘာလို့ ကျွန်တော်က ခ အပေါင်းဖြစ်ပြီး သူက ခ အနုတ် ဖြစ်ရတာလဲခင်ဗျာ"
"မင်းရဲ့ ဝိညာဉ်အမြစ်ပါရမီက သူ့ထက် သာနေပါလျက်နဲ့ ဝိညာဉ်စွမ်းအား စုဆောင်းမှုက သူ့လောက်ပဲ ရှိနေလို့ အဆင့်တစ်ဆင့် အနှုတ်ခံလိုက်ရတာပဲ။ ဘာပြဿနာရှိလို့လဲ" စောင့်ရှောက်သူဝမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ဝမ်ပိုင်သည် မကျေမနပ်ဖြင့် နောက်သို့ ဆုတ်ပေးလိုက်ရတော့သည်။ သူ၏ ရင်ထဲတွင် အလွန်ပင် ခံပြင်းနေမိသည်မှာ ယို့ချင်းယီ၏ အဆင့်ကို မမီသည်က ထားပါဦး ယခုမူ ရုံရွှယ်ကျန့်ထက်ပင် နိမ့်ကျသွားသည်ဟု ခံစားရသဖြင့် အတော်လေးကို စိတ်မသက်မသာ ဖြစ်နေမိသည်။
"ညီအစ်ကိုဝမ်... စိတ်မပူပါနဲ့ဦး။ အကဲဖြတ်စရာ လေးခုတောင် ကျန်ပါသေးတယ်။ တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး"
ဘေးနားရှိ တစ်ဦးက နှစ်သိမ့်လိုက်သည်။
"နောက်ဆုံးမှာတော့ အစ်ကိုကြီးကပဲ ထိပ်ဆုံးမှာ ရှိနေဦးမှာပါ"
ထိုစကားကြောင့် ဝမ်ဝမ်ပိုင်သည် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး မျက်နှာ အနည်းငယ် ပြန်ပွင့်လာသည်။ သူ၏ ဆေးဖော်စပ်ခြင်းအဆင့်မှာ ခ အနုတ်ဖြစ်ပြီး ဝိညာဉ်စွမ်းအားမှာ ခ အပေါင်းရထားသည်။ ကျန်ရှိသော မှော်အတတ်နှင့် အလောင်းထိန်းချုပ်ခြင်း ကဏ္ဍနှစ်ခုသာ ကောင်းမွန်ပါက နောက်ဆုံး စုစုပေါင်းရမှတ်မှာ ယို့ချင်းယီနှင့် ယှဉ်နိုင်ဦးမည်ဟု သူ တွေးတောနေမိသည်။
သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ လုံယီကလည်း သူ့ဘက်သို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ လုံယီ၏ အကြည့်မှာ တည်ငြိမ်လွန်းလှပြီး မည်သည့်ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။ သို့သော် ဝမ်ဝမ်ပိုင်၏ စိတ်ထဲတွင်မူ ထိုအကြည့်မှာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ကဲ့သို့ ခံစားလိုက်ရသည်။
မင်းက ဘယ်သူမို့လို့ ငါ့ကို ဒီလိုမျိုး တန်းတူရည်တူ စိုက်ကြည့်ရဲရတာလဲ။ အဆင့်နိမ့် ပါရမီရှင်တစ်ယောက်ပဲဟာကို။
ငါ့ရဲ့ ဝိညာဉ်အလောင်းကိုလည်း လုယူတယ်။ ငါ့ရဲ့ အကဲဖြတ်မှုတွေ က အဆင့်မရတာလည်း မင်းကြောင့်ပဲ။ အားလုံးက မင်းအပြစ်တွေပဲ။
မျှော်လင့်သလောက် အမှတ်မရခဲ့သော စိတ်ပျက်မှုများ၊ ရန်ငြိုးဟောင်းများနှင့် ရန်ငြိုးသစ်များ စုပေါင်းသွားသောအခါ ဝမ်ဝမ်ပိုင်၏ စိတ်သည် အလွန်ပင် ထိခိုက်လွယ်နေတော့သည်။ သူ၏ ရင်ထဲတွင် အမည်မဖော်နိုင်သော ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာပြီး မျက်နှာတစ်ခုလုံး ပူထူလာကာ အာခေါင်များပါ ခြောက်ကပ်လာတော့သည်။
"ညီအစ်ကိုဝမ်... တစ်ခုခု ဖြစ်လို့လား"
ဘေးနားရှိလူက တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသဖြင့် မေးမြန်းလိုက်သည်။
"အဲ့ဒီ လုံဆိုတဲ့ကောင်က တော်တော်လေး ယုံကြည်ချက် ရှိနေပုံပဲ"
ဝမ်ဝမ်ပိုင်က အေးစက်စွာ ပြောလိုက်သည်။
"သြော်... အဲ့ဒီ လူရိုင်းကို ပြောတာလား သူက အဆင့်နိမ့် ပါရမီရှင်တစ်ယောက်ပဲဟာ။ ဘာတွေ ယုံကြည်ချက် ရှိနေစရာ လိုလို့လဲ"
ဘေးနားရှိလူက နားမလည်နိုင်သလို ပြန်ပြောလိုက်သည်။
“ဒီလူရိုင်းက သူ့ကိုယ်သူ အဆင့်မြင့်ပါရမီရှင်တွေထက်တောင် သာတယ်လို့ ထင်နေတာလား မသိဘူး”
ဝမ်ဝမ်ပိုင်က လှောင်ပြောင်သရော်လိုက်သည်။
သူသည် လူတိုင်းကြားစေရန် တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုခြင်းပင်။ ဘေးပတ်ဝန်းကျင်ရှိ တပည့်များမှာ ထိုစကားကို ကြားရသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဝမ်ဝမ်ပိုင်သည် လုံယီကို အဘယ်ကြောင့် ဒီလောက်အထိ တောက်လျှောက် အငြိုးအတေးထားနေရတာလဲဟု နားမလည်နိုင် ဖြစ်နေကြတော့သည်။
“လုံယီ... အဆင့်နိမ့် ဝိညာဉ်အမြစ်ပါရမီ"
အမည်ခေါ်သံကြားသည်နှင့် လုံယီသည် ရှေ့သို့ တက်လှမ်းသွားပြီး ကျောက်စိမ်းနံရံပေါ်ရှိ လက်ဝါးပုံစံ အကွက်ထဲသို့ သူ၏လက်ကို ထည့်သွင်းလိုက်သည်။ သူ၏ စွမ်းအားကို စတင်ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော စုပ်ယူမှုအားတစ်ခုက သူ၏ ဝိညာဉ်စွမ်းအားများကို ဆွဲငင်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ယင်သွေးကြောအတွင်းရှိ ဝိညာဉ်ချီအားလုံးနီးပါးမှာ ခမ်းခြောက်သွားမတတ် စုပ်ယူခြင်း ခံလိုက်ရတော့သည်။
လုံယီ၏ ဝိညာဉ်စွမ်းအားကို စုပ်ယူပြီးနောက်တွင်မူ နို့နှစ်ရောင် ကျောက်စိမ်းနံရံကြီးမှာ မှိန်ဖျော့ဖျော့ အနီရောင်အလင်းတန်းများကို ထုတ်လွှတ်လာသည်။ သို့သော် ထိုအရောင်မှာ အခြားသူအများစု၏ အလင်းထက် သိသိသာသာ ပိုမိုတောက်ပနေသည်။
“မင်းရဲ့ စုစုပေါင်း ဝိညာဉ်စွမ်းအားက အလယ်အလတ်အဆင့် ပါရမီရှင်အချို့နဲ့ယှဉ်ရင်တောင် လျော့မနေဘူးပဲ”
စောင့်ရှောက်သူဝမ်က လုံယီကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။
အလယ်အလတ်အဆင့် ပါရမီရှင်တစ်ယောက်ရဲ့ အဆင့်ပဲပေါ့။
လုံယီက မအံ့သြဘဲ တွေးလိုက်မိသည်။
သာမန်အားဖြင့် အလယ်အလတ်အဆင့် ပါရမီရှင်တစ်ဦး၏ ကျင့်ကြံခြင်းနှုန်းမှာ အဆင့်နိမ့်ထက် ၁.၅ ဆ မှ ၂ ဆအထိ ပိုမိုမြန်ဆန်တတ်သည်။ သို့သော် လုံယီ၏ဘက်
တွင်မူ မွေးရာပါ ဝိညာဉ်အလောင်း၏ အကူအညီနှင့် ယခင်က ဆုလာဘ်အဖြစ် ရရှိထားသော ချီစုပ်ယူခြင်းဆေးလုံးနှစ်ပုလင်းတို့ကြောင့် သူ၏ကျင့်ကြံမှုနှုန်းမှာ အလယ်အလတ်အဆင့် ပါရမီရှင်တစ်ဦးထက် မနိမ့်ကျခဲ့ခြင်းပင်။
အကယ်၍ နောင်တွင် ဆေးလုံးများ အဆက်မပြတ် မထောက်ပံ့နိုင်ပါက အလယ်အလတ်အဆင့်ထက် ပြန်လည်နိမ့်ကျသွားဦးမည်ကို သူ သိထားသည်။
ငါသာ ဂိုဏ်းအပြင်ဘက်ကို ထွက်ခွင့်ရရင် ယင်ဓာတ်ရှိတဲ့ မိစ္ဆာသတ္တဝါတွေကို ရှာဖွေပြီး ငါ့ရဲ့ ဝိညာဉ်အမြစ်ပါရမီကို မြှင့်တင်ရမယ်။
လုံယီက စိတ်ကူးလိုက်သည်။
ထို့နောက် သူသည် ဝမ်ဝမ်ပိုင်ဘက်သို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူ၏ အကြည့်များထဲ၌ အဓိပ္ပာယ်တစ်မျိုးကို တမင်တကာ ထည့်သွင်းထားသည်။ အစောပိုင်းက ဝမ်ဝမ်ပိုင်၏ ရန်စစကားများကို လုံယီ ကောင်းကောင်းကြားလိုက်ရသည်။
ထိုသို့သောသူမျိုးကို စကားနာကျင်အောင် ပြောနေခြင်းမှာ ကိုယ့်ကိုကိုယ် သိက္ခာချရာရောက်ပေလိမ့်မည်။ တစ်ချက်မျှ ကြည့်လိုက်ရုံနှင့်ပင် သူ နားလည်သွားစေရန် လုံလောက်လှပြီ ဖြစ်သည်။
"ဒီကောင်စုတ်..."
ဝမ်ဝမ်ပိုင်၏ ရင်ထဲမှ ဒေါသမီးမှာ ယခင်ကထက် ပိုမိုပြင်းပြစွာ တောက်လောင်လာတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူအချို့၏ ရံဖန်ရံခါ လှမ်းကြည့်မှုများမှာ သူ့ကို လှောင်ပြောင်နေကြသည်ဟုပင် သူ ထင်မှတ်နေမိသည်။ သို့သော် လုံယီ၏ ဝိညာဉ်စွမ်းအား အကဲဖြတ်မှုမှာ သူ့ထက် မနိမ့်ကျနေခြင်းက ဝမ်ဝမ်ပိုင်ကို အကြီးအကျယ် ဒေါသထွက်စေပြီး မည်သို့မျှ ပြန်လည်မချေပနိုင်အောင် ဖြစ်နေရသည်။
နောက်ထပ် အကဲဖြတ်မှုတွေမှာတော့ ငါ ပထမနေရာကို ကျိန်းသေပေါက် လုယူရမယ်။ အဲ့ဒီအခါကျမှ သူ ဘယ်လောက်တောင် ရယ်စရာကောင်းလဲဆိုတာ သိစေရမယ်။
ဝမ်ဝမ်ပိုင်က ကြုံးဝါးလိုက်မိသည်။
“နောက်တစ်ဆင့်ကတော့ မှော်အတတ် စစ်ဆေးခြင်းပဲ”
စောင့်ရှောက်သူဝမ်၏ အေးစက်သော အသံမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။
“မင်းတို့ သင်ယူထားတဲ့ အတတ်ပညာတွေထဲက ကြိုက်တာကို ရွေးချယ်ပြသနိုင်တယ်။ အများစုကတော့ မိုးခေါ်အတတ်ပဲ ဖြစ်လိမ့်မယ်လို့ ငါ ထင်ပါတယ်"
“သိုက်ရှန့် ”
စောင့်ရှောက်သူဝမ်၏ ဘေးရှိ တပည့်က အမည်များကို တစ်ဖန်ပြန်၍ ခေါ်ယူလိုက်ပြန်သည်။
ဝဝဖိုင့်ဖိုင့် လူငယ်လေး သိုက်ရှန့်မှာ မျက်နှာငယ်လေးဖြင့် “ကျွန်တော် မိုးခေါ်အတတ်ကိုပဲ ပြသပါ့မယ်” ဟု ပြောလိုက်သည်။ သူသည် ဤအတတ်ကို လွန်ခဲ့သော ရက်အနည်းငယ်ကမှ တတ်မြောက်ခဲ့ခြင်းဖြစ်ပြီး ကျွမ်းကျင်မှု မရှိသေးသဖြင့် စိတ်ထဲတွင် မတင်မကျ ဖြစ်နေရှာသည်။
ကံမကောင်းစွာဖြင့်ပင် စိတ်လှုပ်ရှားမှု လွန်ကဲနေသောကြောင့် သိုက်ရှန့်သည် ဂါထာမန်းမှု နှစ်ကြိမ်တိုင်တိုင် ကျဆုံးသွားခဲ့ပြီး တတိယအကြိမ်တွင်မှ မနည်းအောင်မြင်ခဲ့သည်။ သို့သော် မိုးရေမှာ အလွန်ပင် နည်းပါးလှသဖြင့် ဂ အပေါင်း အဆင့်သာ ရရှိခဲ့တော့သည်။
အခင်းဖြစ်ပွားရာနေရာရှိ ကျင့်ကြံသူအများစုမှာလည်း သိုက်ရှန့်ထက် မသာကြချေ။ အောင်မြင်အောင် မန်းမှုနိုင်သူများမှာ ဂ အဆင့်ဝန်းကျင်သာ ရရှိကြပြီး ငါးကြိမ်ဆက်တိုက် ကျဆုံးသူအချို့မှာမူ ဃ အဆင့်အထိ နိမ့်ကျသွားကြသည်။ ခ အဆင့်ရသူဟူ၍ တစ်ဦးမျှ မရှိသေးပေ။
အခြေအနေမှာ ယို့ချင်းယီရှေ့သို့ ထွက်လာချိန်တွင်မှ ပြောင်းလဲသွားတော့သည်။ သူမသည် တစ်ကြိမ်တည်းနှင့် အောင်မြင်ရုံသာမက အခြားသူများထက် များစွာ ပိုမိုမြန်ဆန်လှသဖြင့် ခအနုတ် အဆင့်ကို ရရှိသွားခဲ့သည်။ သူမနောက်မှ လိုက်လာသော ရုံရွှယ်ကျန့်မှာလည်း ထူးမခြားနားဘဲ ခ အနုတ် အဆင့်ကိုပင် ရရှိခဲ့သည်။
“ဒီတစ်ခေါက် ထိပ်ဆုံးကတော့ ရုံရွှယ်ကျန့်နဲ့ ယို့ချင်းယီတို့ပဲ ဖြစ်လိမ့်မယ်”
တစ်ဦးက မှတ်ချက်ပေးလိုက်သည်။
“ငါလည်း အဲ့ဒီလိုပဲ ထင်တယ်။ သူတို့မှာက အားနည်းချက်ဆိုလို့ ရှာမတွေ့သလောက်ပဲ"
“ဒါနဲ့... ဟို လုံယီ ဆိုတဲ့တစ်ယောက်ကို မှတ်မိလား။ သူ့ရဲ့ ဂါထာက တော်တော်လေး အထင်ကြီးစရာ ကောင်းတာ။ သူက အကြီးမားဆုံး မြင်းမည်းဖြစ်လာမလားပဲ...”
ဝမ်ဝမ်ပိုင်သည် ထိုစကားများကို ကြားရသောအခါ အလွန်ပင် စိတ်တိုသွားပြီး ယခုတစ်ကြိမ်တွင် သူ၏ အရည်အချင်းအစစ်အမှန်ကို ပြသရန် ဆုံးဖြတ်လိုက်သည်။ ဤအကဲဖြတ်ပွဲအတွက် သူသည် သူ၏အဘိုးဖြစ်သူ၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူကြီး အကြီးအကဲဝမ်ထံတွင် သုံးရက်တိုင်တိုင် အနီးကပ် လေ့ကျင့်သင်ကြားထားခဲ့ခြင်းပင်။
***