“ဝှစ်—”
ကောင်းကင်ပြာရောင် ဆံထိုးလေးမှာ တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်။
အပြာရောင် အလင်းတန်းမှာ လှပသော မိန်းကလေးနှင့် ရောယှက်နေပြီး အမှောင်ဆီးနှင်းဓား မှာလည်း နတ်လက်နက် နှစ်ခုကြား တုံ့ပြန်မှုကြောင့် တုန်ယင်မြည်ဟည်းနေသည်။
လုရွှယ်ချီ သည် အဖြူရောင်ဝတ်စုံနှင့် အလွန်ပင် ကျော့ရှင်းကာ နတ်သမီးတစ်ပါးကဲ့သို့ ထင်ရသည်။
သူမ၏ ချောမွေ့သော ဆံနွယ်များကို ထိုဆံထိုးလေးက ထိန်းထားပေးပြီး ဆံစအချို့မှာ လေထဲတွင် လွင့်ပျံနေ၏။
ထိုခဏ၌ လုရွှယ်ချီ၏ အရည်လဲ့နေသော မျက်လုံးများမှာ ရှေ့မှ လူငယ်လေးအပေါ်တွင်သာ အချစ်များ ပြည့်နှက်လျက် စိုက်ကြည့်နေသည်။
သူမ၏ မျက်လုံးထဲတွင် အခြားသူဟူ၍ မရှိတော့ပေ။
ကိုးကမ္ဘာနတ်လက်နက် တစ်ခုကို တောင်းရမ်းလက်ဆောင်အဖြစ် ပေးသည်လော.......
ဤသည်မှာ ယနေ့ခေတ်ကာလတွင် အမှန်တကယ်ပင် တွေ့ရခဲလှသော ကိစ္စပင်.......
သို့သော် ဂျိချန်းဖန်၏ စိတ်ထဲတွင်မူ သာမန် ကိုးကမ္ဘာနတ်လက်နက် တစ်ခုက လုရွှယ်ချီနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ..............။
သူသည် ရှေ့မှ လှပသော အမျိုးသမီးကို အကြည့်မခွာဘဲ စိုက်ကြည့်နေမိသည်။
ရှက်သွေးဖြန်းနေသော သူမ၏ မျက်နှာလေးကို ကြည့်ရင်း ပတ်ဝန်းကျင်တွင် လူများသာ မရှိပါက သူ၏ နတ်သမီးလေး ရွှယ်ချီကို ရင်ခွင်ထဲ ထည့်ကာ အနမ်းပေးမိတော့မည် ဖြစ်သည်။
သူတို့ဘေးရှိ ဂရန်းမာစတာ ရွှယ်ယွဲ့ မှာမူ မျက်နှာပျက်နေသည်။
သူမ စိတ်ထဲတွင် အနည်းငယ် နောင်တရနေမိ၏။ ဒီလိုဖြစ်မှန်းသိရင် ငါ တိုက်ကျူးတောင်ထိပ်ကို လာမှာ မဟုတ်ဘူး။ ဒီကိုလာတိုင်း ဒေါသထွက်ရတာကတင် အလုပ်တစ်ခု ဖြစ်နေပြီလား.......
သို့သော် လုရွှယ်ချီ၏ ဆံနွယ်များကြားမှ ဆံထိုးလေးကို မြင်ရသောအခါ သူမ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
ကိုးကမ္ဘာနတ်လက်နက်တစ်ခုကို တောင်းရမ်းလက်ဆောင်အဖြစ် ပေးခြင်းမှာ ရွှယ်ချီအပေါ် ထားရှိသော သူ၏ အချစ်ကို သက်သေပြရန် လုံလောက်လှသည်။
ဤအချက်မှာ အမှန်တကယ်ပင် အားကျဖွယ် ကောင်းလှသည်...။
“ဟင်း.......” ရွှယ်ယွဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
သူမ၏ အပြစ်ပြောစရာမရှိသော မျက်နှာထက်တွင် မကျေနပ်မှုအချို့ ပေါ်လာပြီးနောက် လုရွှယ်ချီကို သူမ၏ နောက်သို့ အမူအရာမရှိဘဲ ဆွဲခေါ်လိုက်သည်။
ထို့နောက် ဂျိချန်းဖန်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် “လက်ထပ်ခွင့် တောင်းတာလည်း ပြီးပြီဆိုတော့... အခုကစပြီး မင်းတို့နှစ်ယောက် ပြန်မတွေ့ကြတာ အကောင်းဆုံးပဲ။
ပြောစရာရှိတာတွေကို လက်ထပ်ပြီးမှပဲ ပြောတော့။ မင်္ဂလာပွဲ ရက်မြတ်နဲ့ ပတ်သက်ပြီးတော့ကတော့...”
ရွှယ်ယွဲ့က ခေတ္တမျှ တွေးတောလိုက်ပြီး စူးရူဘက်သို့ လှည့်ကာ “ဂျူနီယာညီမလေး... နင် အားတဲ့အခါ ရှောင်ကျူးတောင်ထိပ်ကို တစ်ခေါက် လာခဲ့ပါဦး” ဟု ပြောလိုက်သည်။
လက်ထပ်ပွဲမှာ အတည်ဖြစ်သွားပြီ ဖြစ်သော်လည်း တောင်းရမ်းလက်ဆောင် အသေးစိတ်နှင့် မင်္ဂလာရက်သတ်မှတ်ရန် ကိစ္စများကို ထပ်မံ ဆွေးနွေးရန် လိုအပ်သေးသည်။
“ကောင်းပါပြီ။” စူးရူက ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။ သူမသည် တစ်ခုခုကို တွေးမိပုံရပြီး စကားပြောချင်သော်လည်း တွေဝေနေသယောင် ရှိသည်။
သူမသည် ဂျိချန်းဖန်၏ လက်ထပ်ပွဲကို စီစဉ်ပေးနေရင်း သူမ၏ အကြီးဆုံးတပည့် ဆုန့်တာရန် ၏ လက်ထပ်ပွဲကို မေ့နေခဲ့သည်။
သူမ မှတ်မိသလောက်ဆိုလျှင် သူနှင့် ရှောင်ကျူးတောင်ထိပ်မှ ဝမ်မင် တို့မှာ အဆင်ပြေနေကြသည် မဟုတ်ပါလား.......
စူးရူသည် ခေတ္တမျှ တွေဝေသွားသည်။ သူမသည် စီနီယာအစ်မ ရွှယ်ယွဲ့၏ အဆင်မပြေသော မျက်နှာကို ကြည့်ပြီးနောက် ဘာမှမပြောရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ထားလိုက်ပါတော့... ထားလိုက်ပါတော့...
ဤကိစ္စမှာ မလောသေးပေ။
အကယ်၍ သူမသာ အခုပြောလိုက်လျှင် စီနီယာအစ်မ ရွှယ်ယွဲ့ တစ်ယောက် ထပေါက်ကွဲသွားမည်ကို သူမ စိုးရိမ်နေမိသည်။
“ဂုဏ်ယူရဆုံး တပည့်ဖြစ်တဲ့ လုရွှယ်ချီကိုတောင် ယူသွားပြီ၊ အခု အကြီးဆုံးတပည့် ဝမ်မင်ကိုပါ တိုက်ကျူးတောင်ထိပ်က လွှတ်ပေးမှာ မဟုတ်ဘူးလား..............
နောက်ပြောင်နေတာလား....... မင်းတို့က ငါ့ရဲ့ ရှောင်ကျူးတောင်ထိပ်ကိုပဲ မျက်စိကျနေတာလား....... ငါ ရွှယ်ယွဲ့ကိုပါ မင်းတို့ တိုက်ကျူးတောင်ထိပ်ထဲ ထည့်ချင်သေးလား.......”
ဂျိချန်းဖန် မှ “ကျွန်တော့်ဘက်ကတော့ ကန့်ကွက်စရာ မရှိပါဘူး။”
လုရွှယ်ချီသည် နှုတ်ခမ်းလေးကို အနည်းငယ် စေ့လိုက်မိသည်။
သူမသည် ဆရာဖြစ်သူ ရွှယ်ယွဲ့၏ နောက်ကွယ်တွင် ရပ်နေသော်လည်း သူမ၏ အကြည့်မှာမူ ရှေ့မှ ဂျိချန်းဖန်ထံတွင်သာ ရှိနေပြီး လွမ်းဆွတ်တသမှုများ ပြည့်နှက်နေ၏...။
ထုံးစံအရ စေ့စပ်ပြီးနောက် အမျိုးသားနှင့် အမျိုးသမီးသည် မင်္ဂလာပွဲ မကျင်းပမချင်း ပြန်လည် ဆုံတွေ့ခွင့် မရှိပေ။ ယနေ့ နှုတ်ဆက်ပြီးနောက် သူမနှင့် ဂျိချန်းဖန်သည် နှစ်အနည်းငယ်ကြာအောင် ပြန်မတွေ့ရတော့သည်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် လုရွှယ်ချီသည် ခွဲခွာရမည်ကို နှမြောတသ ဖြစ်နေမိသည်။
သူမ တရားကျင့်ရာမှ ထွက်လာသည်မှာ မည်မျှကြာသေးသနည်း....... ဂျိချန်းဖန်နှင့် အတူရှိခဲ့သည်မှာ အချိန်မည်မျှမှ မကြာသေးပေ....... ယခုအခါ ရုတ်တရက် ပြန်လည် ခွဲခွာရတော့မည်.......
ဂျိချန်းဖန်က သူမကို စိတ်အေးစေရန် အကြည့်တစ်ချက် ပေးလိုက်သည်။ သူကိုယ်တိုင်လည်း အထီးကျန် တရားကျင့်ရန် စီစဉ်ထားပြီး သူ၏ ကျင့်ကြံမှုကို အမြန်ဆုံး မြှင့်တင်ရန် လိုအပ်နေသည်။
ဖြစ်နိုင်သည်မှာ... သူ တရားကျင့်ရာမှ ထွက်လာချိန်တွင် ထိုက်ကျင်း နယ်ပယ်သို့ပင် ရောက်ရှိနေနိုင်သည် .................
“တခြားကိစ္စ မရှိရင် ငါတို့ အရင် သွားတော့မယ်။” ဂရန်းမာစတာ ရွှယ်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။ စကားအဆုံးတွင် သူမသည် လုရွှယ်ချီကို ဆွဲခေါ်ကာ တိုက်ကျူးတောင်ထိပ်မှ ထွက်ခွာသွားတော့သည်။
ဤတစ်ခေါက် ခရီးစဉ်မှာ သူမအတွက်တော့ အရှုံးကြီး ရှုံးသွားခြင်းပင်။
ရွှယ်ယွဲ့ ထွက်ခွာသွားပြီးနောက် ပတ်ဝန်းကျင်ရှိ အခြား တောင်ထိပ်ခေါင်းဆောင်များလည်း မနေတော့ပေ။ သူတို့သည် ကျန့်ပူယီနှင့် စူးရူတို့ကို နှုတ်ဆက်ကြသည်။
“ဂျူနီယာညီလေး ကျန့်၊ စီနီယာညီမ စူးရူ... ငါတို့လည်း သွားတော့မယ်။” ဦးလေး ကျန်းနှင့် အခြားသူများက ဂါရဝပြုလိုက်ကြပြီးနောက် ဓားများဖြင့် ထွက်ခွာသွားကြတော့သည်။
တစ်ချိန်တည်းမှာပင် လုံရှောက်တောင်ထိပ် မှ ရှီဟောင် သည် ရှေ့သို့ တက်လာသည်။
သူသည် ကျန့်ပူယီနှင့် စူးရူတို့ကို ဂါရဝပြုလိုက်ပြီးနောက် ဂျိချန်းဖန်ကို ကြည့်ကာ ပြုံးလျက် “ဂျူနီယာညီလေး ဂျိ... ဂုဏ်ယူပါတယ်” ဟု ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ရှီ” ဂျိချန်းဖန်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
ရှီဟောင်က ခေါင်းအသာအယာ ငြိမ့်ပြပြီးနောက် ထွက်ခွာသွားသည်။
နောက်ဆုံးတွင် တိုက်ကျူးတောင်ထိပ်၌ တောက်ရွှမ်း တစ်ဦးတည်းသာ ကျန်တော့သည်။
“ဂိုဏ်းချုပ် ဂျိချန်းဖန်... နောက်ရက်အနည်းငယ်ကြာရင် ထုံထျန်းတောင်ထိပ်ကို လာခဲ့ဖို့ မမေ့နဲ့ဦး” တောက်ရွှမ်းက ပြုံးရွှင်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ စီနီယာဦးလေး... ကျွန်တော် လာခဲ့ပါ့မယ်” ဂျိချန်းဖန်က ရိုသေစွာ ဖြေလိုက်သည်။
အဆင်သင့်ဖြစ်ပါက သူသည် ထုံထျန်းတောင်ထိပ်ရှိ လကြည့်မျှော်စင် တွင် တရားကျင့်ရန် စီစဉ်ထားသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ဝိညာဉ်စွမ်းအင်မှာ ပိုမို ကြွယ်ဝသောကြောင့် ဖြစ်သည်။
“ကောင်းပြီ။” တောက်ရွှမ်းက ပြုံးလျက် ခေါင်းငြိမ့်ပြသည်။ သူသည် ကျန့်ပူယီနှင့် စူးရူကို နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ရုတ်တရက်ဆိုသလို တိုက်ကျူးတောင်ထိပ်မှာ ပြန်လည် တိတ်ဆိတ်သွားသည်။ ဂျိချန်းဖန်နှင့် သူ၏ ဆရာနှစ်ဦးသည် လျိုကျင်းခန်းမသို့ ပြန်လာကြသည်။
စူးရူက ပြုံးလျက် “ဂိုဏ်းချုပ် ဂျိချန်းဖန်... အခုတော့ စိတ်ကျေနပ်သွားပြီလား.......” ဟု မေးလိုက်သည်။
“ဆရာကတော်ရဲ့ အကူအညီကြောင့်ပါ” ဂျိချန်းဖန်က တဟားဟား ရယ်လိုက်သည်။
စူးရူက ခေါင်းငြိမ့်ပြကာ “အော်... ဒါနဲ့၊ ကျင့်ပင်အာက ခုနတင် မြောင်ယင်းတောင်ထိပ်ကို သွားလိုက်ပြီ။ မင်း အားတဲ့အခါ သူမဆီ သွားတွေ့ဖို့ မမေ့နဲ့ဦး... သူမကိုလည်း လျစ်လျူမရှုထားနဲ့ဦးနော်...” ဟု မှာကြားလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာကတော်” ဂျိချန်းဖန် ခေါင်းငြိမ့်လိုက်သည်။
သူ တရားမကျင့်ခင် နတ်သမီးလေး ပင်အာ ဆီသို့ သွားတွေ့ရန် သေချာပေါက် စီစဉ်ထားပြီးသား ဖြစ်သည်။
“ဟင်း...” စူးရူ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
နတ်သမီးလေး ရွှယ်ချီ နဲ့ နတ်သမီးလေး ပင်အာ တို့ကတော့ သူတို့ရဲ့ နေရာတွေကို အသီးသီး ရရှိကုန်ကြပြီ။
သူမရဲ့ လင်းအာကတော့ အခုထိ ဂူထဲမှာ တရားကျင့်နေတုန်းပဲ။ သမီးလေးရယ်... သမီးသာ ဒီထက် ပိုမကြိုးစားရင်တော့ ဘာမှ ရမှာ မဟုတ်တော့ဘူး..............
...
ရှောင်ကျူးတောင်ထိပ်၊ လကြည့်မျှော်စင်။
ကြည်လင်သော လရောင်မှာ မျှော်စင်ပေါ်သို့ ဖြာကျနေပြီး ညအခါတွင် အလွန်ပင် လှပအေးချမ်းလှသည်။ တိမ်တိုက်များကလည်း ဝန်းရံနေ၏။
ဂရန်းမာစတာ ရွှယ်ယွဲ့သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူမသည် မျှော်စင်ဘေးတွင် တစ်ဦးတည်း မှီရပ်လျက် အဝေးသို့ ငေးကြည့်ရင်း တစ်ခုခုကို စဉ်းစားနေပုံရသည်။
ပြီးခဲ့သည့်တစ်ကြိမ် ဤနေရာတွင် ဂျိချန်းဖန်နှင့် ‘မတော်တဆမှု’ ဖြစ်ပြီးကတည်းက သူမ လကြည့်မျှော်စင်သို့ တစ်ခါမျှ မလာခဲ့ဖူးပေ...။
ရည်ရွယ်ချက်မှာ နောက်ထပ် မတော်တဆမှု မဖြစ်စေရန် ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်မှာမူ မတူပေ။
သူမ၏ တပည့်နှင့် ဂျိချန်းဖန်တို့မှာ တိတ်တဆိတ် တွေ့ဆုံလေ့ရှိသည်ကို သူမ သိသော်လည်း ထိုစဉ်က သူတို့မှာ စေ့စပ်ထားခြင်း မရှိသေးသဖြင့် စည်းကမ်းများစွာ မရှိခဲ့ပေ။
ယခုမူ သူတို့ စေ့စပ်လိုက်ပြီဖြစ်ရာ စည်းကမ်းများကို လိုက်နာရပေမည်...။ မတွေ့ရဟု ဆိုလျှင် မတွေ့ရတော့ပေ………
သူမသည် ယနေ့ညတွင် လူကိုယ်တိုင် လာရောက် စောင့်ကြည့်နေခြင်း ဖြစ်သည်။
ဂရန်းမာစတာ ရွှယ်ယွဲ့၏ မျက်လုံးများမှာ လရောင်အောက်တွင် အပြစ်ပြောစရာမရှိအောင် လှပနေသည်။
သူမ ဤနေရာသို့ ရောက်သည်နှင့် လွန်ခဲ့သော အချိန်က ဖြစ်ပျက်ခဲ့သော ‘မတော်တဆမှု’ ကို ပြန်လည် အမှတ်ရမိပြီး သူမ၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားရသည်။
“ဆရာ.......”
ထိုအချိန်မှာပင် သူမ၏ နောက်ကွယ်မှ ကြည်လင်သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
ဂရန်းမာစတာ ရွှယ်ယွဲ့ လှည့်ကြည့်လိုက်ရာ သူမ၏ တပည့် ရွှယ်ချီ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။
“ဆရာ... အိပ်မပျော်လို့လား.......”
လုရွှယ်ချီသည် ကျော့ရှင်းစွာ လမ်းလျှောက်လာပြီး သူမ၏ ဆရာကို စိုးရိမ်တကြီး မေးလိုက်သည်။
ဆရာနှင့် တပည့်နှစ်ဦးသည် မျှော်စင်ပေါ်တွင် အတူထိုင်ကာ အဝေးမှ တောက်ပသော လမင်းကြီးကို ငေးကြည့်နေကြတော့သည်...။
***