ယူကျင်းခန်းမ အတွင်း။
ချစ်သူမောင်နှံနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားကြသည်။
ဂျိချန်းဖန်သည် လုရွှယ်ချီကို သူ၏ရင်ခွင်ထဲတွင် တင်းကြပ်စွာ ဖက်ထားပြီး၊ သူမ၏ ကိုယ်ပေါ်မှ သင်းပျံ့သော ရနံ့ကို အငမ်းမရ ရှူရှိုက်ရင်း စိတ်ထဲမှ လှုပ်ရှားမှုများကို အနိုင်နိုင် ထိန်းချုပ်နေရသည်...။
ဂျိချန်းဖန်သည် လုရွှယ်ချီ၏ အပြစ်ပြောစရာမရှိအောင် လှပသော မျက်နှာလေးကို လက်ဖဝါးဖြင့် အသာအယာ ထိလိုက်သည်။
ကိုးနှစ်ကြာသော်လည်း ပြောင်းလဲခြင်းမရှိဘဲ ပြည့်စုံလွန်းနေဆဲဖြစ်သော သူမ၏ မျက်နှာသွင်ပြင်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်
“ရွှယ်ချီ... နှစ်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပြီနော်”
“မင်းကတော့ အရင်အတိုင်း လှနေတုန်းပဲ”
လုရွှယ်ချီ၏ ကြည်လင်သော မျက်လုံးများထဲတွင် နူးညံ့သော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။
သူမသည် ရှေ့မှ လူငယ်လေးကို ကြည့်ကာ မသိစိတ်ဖြင့် သူ့ကို နမ်းရှုံ့ရန် တိုးကပ်သွားမိသည်...။
“အမ်”
ဂျိချန်းဖန် အနည်းငယ် ဆွံ့အသွားသည်။
သူသည် လုရွှယ်ချီကို အမြန်ထိန်းလိုက်ပြီး သူမ၏ လှုပ်ရှားမှုကို ရပ်တန့်စေလိုက်သည်။
မည်သို့ပင်ဆိုစေ အပြင်ဘက်တွင် စောင့်နေသော လူများစွာ ရှိနေသည် မဟုတ်ပါလား။
ယခုအချိန်တွင် နမ်းနေကြပါက အတော်လေး အားနာစရာ ကောင်းပေလိမ့်မည်။
“အပြင်မှာ လူတွေ အများကြီး ရှိနေတယ်”
“ဒီညကျမှ စောင့်ပါဦး... ငါ ရှောင်ကျူးတောင်ထိပ်ကို လျှို့ဝှက်လာခဲ့မယ်။ ငါ့အတွက် တံခါးဖွင့်ထားပေးဖို့ မမေ့နဲ့ဦးနော်...”
ဂျိချန်းဖန်က တိုးတိုးလေး ကပ်ပြောလိုက်သည်။
မည်သို့ပင်ဆိုစေ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် သူကိုယ်တိုင် တမင်တကာ အစွမ်းထုတ်မပြသရွေ့ တာအိုသခင်မ ရွှယ်ယွဲ့သည် သူ့ကို ကျိန်းသေ ပေါက် ရှာတွေ့နိုင်မည် မဟုတ်ပေ...။
“တံခါးဖွင့်ထားပေးရမယ်”
လုရွှယ်ချီ၏ လှပသော မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီမြန်းသွားတော့သည်။
သူမသည် အကြည့်ကို အသာအယာ နှိမ့်ချလိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်သည်
“အင်း...”
သူမ၏ အသံလေးမှာ လေသံမျှသာ ရှိသော်လည်း...
ဂျိချန်းဖန်ကမူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် လုရွှယ်ချီ၏ နုနယ်သော လက်ကလေးကို ဆုပ်ကိုင်ကာ ယူကျင်းခန်းမ အပြင်ဘက်သို့ လျှောက်လာခဲ့သည်...။
“ဆရာ... ဆရာကတော်”
“စီနီယာ ဦးလေးတို့”
ခန်းမအပြင်ဘက်သို့ ရောက်ရှိလာသည့်အခါ ဂျိချန်းဖန်သည် ကျန့်ပူယီနှင့် သူ၏ ဇနီးတို့ကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး၊ ကျန်ရှိသော စီနီယာ ဦးလေးများကိုလည်း အလေးအမြတ်ပြု နှုတ်ဆက်လိုက်သည်။
စီနီယာဦးလေး ကွမ်းနှင့် အခြားသူများက ပြုံးလျက် ခေါင်းညိတ်ပြကြသည်။
တာအိုသခင်မ ရွှယ်ယွဲ့ တစ်ဦးတည်းသာလျှင် သူ့ကို မျက်နှာမကောင်းပေ။
သူမ၏ အေးစက်သော မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ၊ စူးရှသော အကြည့်များက ဂျိချန်းဖန်၏ နောက်ကွယ်ရှိ လုရွှယ်ချီထံသို့ ရောက်ရှိသွားသည်...။
လုရွှယ်ချီ၏ မျက်နှာလေး ရှက်သွေးဖြာကာ နီမြန်းနေသည်ကို မြင်လိုက်ရသည့်အခါ...
တာအိုသခင်မ ရွှယ်ယွဲ့သည် စိတ်ထဲမှ တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။
“ဟင်း........ထားလိုက်ပါတော့လေ၊ ထားလိုက်ပါတော့”
“ဘယ်လိုပဲဖြစ်ဖြစ် သူတို့က မကြာခင်မှာ လက်ထပ်ကြတော့မှာပဲဟာ”
တာအိုသခင်မ ရွှယ်ယွဲ့သည် အသာအယာ ခေါင်းခါလိုက်သည်။
နောက်ဆုံးတွင် သူမသည် ဤချစ်သူမောင်နှံနှစ်ဦးကို အလွန်အမင်း တားဆီးပိတ်ပင်ခြင်း မပြုတော့ရန် ဆုံးဖြတ်လိုက်သည်။
တစ်ခါတစ်ရံတွင် အလွန်အမင်း တားဆီးခြင်းမှာ...
ဆိုးကျိုးကိုသာ ဖြစ်ထွန်းစေတတ်သည် မဟုတ်ပါလား။
ဂျိချန်းဖန်၏ အကြည့်မှာ စူးရူ၏ ဘေးနားရှိ ဆွဲဆောင်မှုရှိသော အမျိုးသမီးလေးထံသို့ ရောက်ရှိသွားသည်။
အနီရောင် ဝတ်စုံဝတ် ကျန့်လင်းအာ သည် အရပ်အမောင်း မြင့်မားကာ သွယ်လျလှပနေပြီး၊ မသိနားမလည်သော မိန်းကလေးငယ်ဘဝမှ လူကြီးတစ်ဦးအဖြစ် သိသိသာသာ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
“လင်းအာ ......... မတွေ့တာ ကြာပြီနော်”
ဂျိချန်းဖန်သည် လက်မောင်းများကို အနည်းငယ် ဖွင့်ဟလိုက်ပြီး ကျန့်လင်းအာကို ပွေ့ဖက်ချင်ဟန် ပြလိုက်သည်။
“ဟွန်း”
ကျန့်လင်းအာက မာနကြီးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
သူမသည် နှုတ်ခမ်းဆူလိုက်ပြီးနောက် ဂျိချန်းဖန်ကို မမြင်ချင်ယောင်ဆောင်ကာ အခြားတစ်ဖက်သို့ မျက်နှာလွှဲလိုက်တော့သည်။
ဤမြင်ကွင်းကို ကြည့်ကာ...
စူးရူသည် သူမ၏ နှုတ်ခမ်းကို မသိမသာ မဲ့လိုက်မိသည်။
ဒီလောက် မာနကြီးတဲ့ စရိုက်မျိုး ရအောင် ဘယ်သူက အလိုလိုက်ထားတာလဲ........
သူမနှင့် ကျန့်ပူယီတို့ကတော့ ပုံမှန်အားဖြင့် ဒီလောက်အထိ အလိုမလိုက်ခဲ့ကြပေ။
ဂျိချန်းဖန် .......... ...
ကျန့်လင်းအာ၏ မာနကြီးမှုကို ရင်ဆိုင်ရသည့်အခါ...
ဂျိချန်းဖန်လည်း အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။
သို့သော် လုရွှယ်ချီ၏ ရှေ့မှောက်တွင် ကျန့်လင်းအာကို အတင်းသွားဖက်ရန်မှာလည်း မသင့်တော်ပေ။ ထားလိုက်ပါတော့လေ...။
အရင်တုန်းက ငါ မင်းကို အရမ်းအလိုလိုက်ခဲ့တာပဲ။
အခု မင်းလည်း လူကြီးဖြစ်နေပြီဆိုတော့ ငါ ဆက်ပြီး အလိုမလိုက်နိုင်တော့ဘူး။
ဂျိချန်းဖန်သည် နှမြောတသဟန်ဖြင့် လက်များကို ပြန်ရုတ်သိမ်းလိုက်သည်။
လုရွှယ်ချီ၏ မျက်လုံးများမှာ အနည်းငယ် လက်ခနဲ ဖြစ်သွားသည်။
သူမသည် မာနကြီးနေသော ကျန့်လင်းအာကို ကြည့်ကာ တစ်ခုခုကို နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်...။
“ဝှစ်..........”
ထိုစဉ်မှာပင်။
ဂျိချန်းဖန်သည် လက်မောင်းများကို ထပ်မံ ဖွင့်ဟလိုက်ပြန်သည်။
“ဟင်..သူ ငါ့ကို ကိုယ်တိုင်လာဖက်တော့မှာလား”
ကျန့်လင်းအာသည် မာနကြီးနေသယောင် ရှိသော်လည်း အမှန်တကယ်တွင်မူ ဂျိချန်းဖန်၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေခြင်း ဖြစ်သည်။
ဂျိချန်းဖန် လက်မောင်းများကို ထပ်မံ ဖွင့်ဟလိုက်သည်ကို မြင်ရသည့်အခါ...
သူမ၏ နှလုံးသားထဲတွင် လျှို့ဝှက်သော ပျော်ရွှင်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ဟွန်း…
ဟုတ်တယ်... အဲဒီလိုပဲ လုပ်စမ်းပါ။ ငါ အခု စိတ်ဆိုးနေတာ၊ မြန်မြန်လာပြီး အရင်တုန်းကလို ချော့စမ်းပါဦး။
ကျန့်လင်းအာ မျှော်လင့်တကြီး စောင့်စားနေစဉ်မှာပင်...
“ဝှစ်..”
ရုတ်တရက်။
အဖြူရောင် ဝတ်စုံဝတ် လူရိပ်တစ်ခု လက်ခနဲ ဖြတ်သန်းသွားသည်။
အဖြူရောင် ဝတ်စုံဝတ် ဆွဲဆောင်မှုရှိသော အမျိုးသမီး (ကျင်းပင်အာ) သည် နောက်ကွယ်မှ ရုတ်တရက် ပြေးထွက်လာကာ ဂျိချန်းဖန်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
သူမသည် နုနယ်သော လက်ကလေးများဖြင့် သူ့ကို တင်းကြပ်စွာ ဖက်ထားပြီး ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များကို လုံးဝ ဂရုမစိုက်ပေ။
ကျန့်လင်းအာ : ...
ငါ မေ့သွားတာပဲ။
ကျင့်ပင်အာ လည်း ရှိသေးတာပဲ။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အတင်းအဖျင်း ပြောချင်သော အမူအရာများ ပေါ်လာကြသည်။
သူတို့အားလုံး လုရွှယ်ချီကို လှမ်းကြည့်လိုက်ကြပြီး၊ ဤ 'မိဖုရားကြီး' က တစ်ခုခု ပြောလေမလားဟု စောင့်ကြည့်နေကြခြင်းပင်။
သို့သော် မည်သူက သိပါမည်နည်း။
လုရွှယ်ချီ၏ အမူအရာမှာ ဂျိချန်းဖန်နှင့် ကျင့်ပင်အာတို့ ပွေ့ဖက်နေသည်ကို မြင်သည့်အခါ အနည်းငယ်မျှသာ ပြောင်းလဲသွားပြီး၊ အခြားသော စိတ်လှုပ်ရှားမှုများကို ပြသခြင်း မရှိပေ...။
ဤနှစ်များအတွင်း...
သူမသည် ကျင်းပင်အာနှင့် အဆက်အသွယ် အတော်အတန် ရှိခဲ့ပြီး၊ ရွှမ်ချာဂိုဏ်း သို့ပင် ဧည့်သည်အဖြစ် ကိုယ်တိုင် သွားရောက်ခဲ့ဖူးရာ...
လုရွှယ်ချီနှင့် ကျင်းပင်အာတို့၏ ဆက်ဆံရေးမှာ လက်ရှိတွင် အတော်လေး အဆင်ပြေနေပြီ ဖြစ်သည်။
အနည်းဆုံးတော့...
ချစ်သူသုံးဦးကြား အချင်းချင်း ရန်ဖြစ်ပွားမည့် မြင်ကွင်းမျိုး ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။
ဂျိချန်းဖန်သာ သူတို့နှစ်ဦးလုံးကို တန်းတူညီတူ ဆက်ဆံမည်ဆိုလျှင် အခြေခံအားဖြင့် ဘာပြဿနာမှ ရှိမည်မဟုတ်ပေ။
ကျန့်လင်းအာ “ ဟင်.. ဒါဆို ငါကော”
နင်တို့ ငါ့ကို လုံးဝ မေ့သွားကြတာလား။
ဟင်း........ မတတ်နိုင်ဘူးလေ၊ ဘယ်သူက နင့်ကို မာနကြီးခိုင်းလို့လဲ။
မာနကြီးတာက ဘဝကို ပျက်စီးစေတာပဲ။
“သခင်လေး......... နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံရာက ပြန်ထွက်လာပြီပေါ့”
ကျင်းပင်အာ၏ အသံမှာ ယခင်အတိုင်း ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သည်။ သူမသည် ခေါင်းမော့ကြည့်လိုက်ရာ မြူဆွယ်တတ်သော မျက်နှာလေး ပေါ်လာသည်။
နှစ်များစွာ ကြာမြင့်ခဲ့သော်လည်း သူမ၏ အသွင်အပြင်မှာ ပြောင်းလဲခြင်း မရှိပေ...။
အမှန်တကယ်တွင် ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ဂျိချန်းဖန် တံခါးပိတ်မကျင့်ကြံမီက သူတို့ တစ်ဦးချင်းစီအတွက် တင်းရန်ဆေးလုံး များကို ကိုယ်တိုင် ဖော်စပ်ပေးခဲ့သည် မဟုတ်ပါလား။
ကိုးနှစ်မကဘဲ နောက်ထပ် နှစ်တစ်ရာ ကြာသွားလျှင်ပင်...
သူတို့၏ အသွင်အပြင်မှာ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
“ခဏနေမှ ပြောကြတာပေါ့”
ဂျိချန်းဖန်သည် ကျင်းပင်အာ၏ ပုခုံးကို အသာအယာ ပုတ်လိုက်သည်။
“အင်း” ကျင့်ပင်အာက လိမ္မာစွာ ခေါင်းညိတ်သည်။
သူမသည် သူ့ကို ဖက်ထားရာမှ အသာအယာ လွှတ်ပေးလိုက်ပြီး၊ လုရွှယ်ချီနှင့်အတူ ဂျိချန်းဖန်၏ ဘယ်နှင့်ညာတွင် ရံလျက် ရပ်လိုက်ကြသည်။
ကျန့်လင်းအာ၏ မျက်နှာလေး ပျက်သွားတော့သည်။
ဘယ်ဘက်ရော ညာဘက်ရော နေရာယူသွားကြပြီဆိုတော့ ငါ့အတွက် နေရာမကျန်တော့ဘူးပေါ့... ဟုတ်လား။
“အဟမ်း အဟမ်း”
တောက်ရွှမ်းက အသာအယာ ချောင်းဟန့်လိုက်သည်။
ဂျိချန်းဖန်တို့ စကားပြောပြီးသွားသည်ကို မြင်ရသည့်အခါ သူသည် ရှေ့သို့ တိုးလာပြီး ရောက်ရှိနေသူ အားလုံးကို ယူကျင်းခန်းမ ထဲသို့ ဆွေးနွေးရန် ဖိတ်ခေါ်လိုက်သည်။
ဤအခိုက်အတန့်တွင် ကျင်းယွမ် တောင်ထိပ်ခုနစ်ခုလုံးမှ ခေါင်းဆောင်များ စုံလင်စွာ ရောက်ရှိနေကြပြီ ဖြစ်သည်။
တောက်ရွှမ်းသည် လွန်ခဲ့သော ကိုးနှစ်တာကာလအတွင်း ရှန်ကျိုးနယ်မြေတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာ အကြီးအငယ်များကို ပထမဆုံး အကျဉ်းချုပ် ရှင်းပြလိုက်သည်။
သို့မှသာ ဂျိချန်းဖန်အနေနှင့် အခြေအနေများကို သိရှိနိုင်မည် ဖြစ်သည်။
ထို့နောက်တွင်မှ သူသည် အဓိက အကြောင်းအရာသို့ ကူးပြောင်းလိုက်သည်။
“အခု ဂိုဏ်းချုပ် ဂျိချန်းဖန်က တံခါးပိတ်ကျင့်ကြံရာက ပြန်ထွက်လာပြီ၊ ကျင့်ကြံမှုအဆင့်ကလည်း လုံလောက်နေပြီဆိုတော့...
သူ ငါ့ဆီကနေ ဂိုဏ်းချုပ်ရာထူး ကို လွှဲပြောင်းရယူဖို့ အချိန်တန်ပြီလို့ ထင်တယ်။ဂျူနီယာ ညီငယ်၊ ညီမငယ်တို့ ဘယ်လိုထင်ကြလဲ”
တောက်ရွှမ်းက ပြုံးလျက် မေးလိုက်သည်။
၎င်းကို ကြားသော်...
ပတ်ဝန်းကျင်ရှိ တောင်ထိပ်ခေါင်းဆောင်များမှာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ရှီဟောင် နှင့် ချူယွီဟုန်း တို့မှာ အချင်းချင်း ကြည့်လိုက်ကြပြီး ပါးနပ်စွာဖြင့် တိတ်တိတ်ဆိတ်ဆိတ်သာ နေရန် ဆုံးဖြတ်လိုက်ကြသည်။
မည်သို့ပင်ဆိုစေ သူတို့မှာ လူငယ်မျိုးဆက်များသာ ဖြစ်သည်။
အချို့သော ကိစ္စရပ်များမှာ သူတို့ ဝင်ရောက်ပြောဆိုရန် မသင့်တော်ပေ။
ကျန့်ပူယီသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး “ဂိုဏ်းချုပ် စီနီယာအစ်ကို... ဒါက နည်းနည်း စောလွန်းမနေဘူးလား။ ခုနစ်ယောက်မြောက်လေးက သူ...”
တောက်ရွှမ်းက လက်ကို မြှောက်ကာ စကားဖြတ်လိုက်သည်။
“မစောပါဘူး၊ လုံးဝ မစောပါဘူး။ ဂိုဏ်းချုပ် ဂျိချန်းဖန်ရဲ့ ကျင့်ကြံမှုအဆင့်က မင်းတို့အားလုံးထက် မနိမ့်တဲ့အပြင်၊ ငါ့ရဲ့ အဆင့်နားကိုတောင် ကပ်နေပြီ...”
“ဒီလောက် ကျင့်ကြံမှုမျိုးနဲ့ဆိုရင်...”
“ဂိုဏ်းချုပ်ရာထူးကို လွှဲယူဖို့က အလုံအလောက်ထက်တောင် ပိုနေပါသေးတယ်”
ပတ်ဝန်းကျင်ရှိ တောင်ထိပ်ခေါင်းဆောင်များမှာ အနည်းငယ် ထိတ်လန့်သွားကြသည်။
ဂျိချန်းဖန်၏ ကျင့်ကြံမှုအဆင့်က ဂိုဏ်းချုပ် တောက်ရွှမ်း နားအထိ ကပ်နေပြီ ဟုတ်လား။
ဒါဆိုရင် အဲဒါက...
ထိုက်ကျင်းနယ်ပယ်
ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အကြည့်များကို ရင်ဆိုင်ရင်း...
ဂျိချန်းဖန်ကမူ ပြုံးရုံသာ ပြုံးနေပြီး ဘာမှမပြောဘဲ တိတ်ဆိတ်စွာ နေနေသည်။
သူသည် သူ၏ အငွေ့အသက် ကို တမင်သက်သက် ထုတ်မပြသလို၊ ရှင်းပြရန်အတွက်လည်း စကားတစ်ခွန်းမှ မပြောပေ။
ယခင်အတိုင်းပင်...
သင်၏ အစွမ်းနှင့် ဂုဏ်သတင်းသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသည့်အခါ စကားပြောရန်ပင် မလိုတော့ပေ။
သဘာဝအတိုင်းပင် သင့်အတွက် တစ်စုံတစ်ဦးက ရှေ့ထွက်ပြောပေးလာပေလိမ့်မည်...။
***