အေးခဲနေတဲ့ ဆောင်းရာသီမှာ အလုပ်ရုံဇုန်ကို တရားဝင် စတင် တည်ဆောက်ခဲ့ပြီး၊ ရှောင်မင် တစ်ယောက် ရုတ်တရက်ဆိုသလို နောက်ထပ် လူ ၉ဝဝ ကျော်ကို ကျွေးမွေးရမယ့် တာဝန် ကျလာတယ်။ စစ်စခန်းမှာ တပ်သားသစ်တွေပါ ဝင်လာတော့ ကျွေးမွေးရမယ့် လူဦးရေက သုံးထောင်လောက်အထိ အမြန် မြင့်တက်သွားတယ်။
ငွေကြေးတွေ ဆက်တိုက် ကုန်ကျနေတာက ရှောင်မင်ကို ဖိအားတွေ အများကြီး ခံစားရစေတယ်။ ဒါ့အပြင် ကုန်သွယ်ရေးကလွဲရင် ငွေမြန်မြန်ရနိုင်မယ့် တခြား နည်းလမ်းလည်း သူ့မှာ မရှိဘူးလေ။
ဒါကြောင့် ကိုယ်ပိုင် ကုန်သည်အသင်း တည်ထောင်တာပဲဖြစ်ဖြစ်၊ ဝမ် နဲ့ ချင် မိသားစုတွေကို အသုံးချပြီး ငွေရှာတာပဲဖြစ်ဖြစ် အချိန်က အရမ်း အရေးကြီးနေပြီ။
ကျေးကျွန်တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို စီစဉ်ပြီးတဲ့နောက် ရှောင်မင်က လူရိုင်းတွေနဲ့ ကုန်သွယ်ဖို့ ဆွေးနွေးဖို့ ဝမ် မိသားစုဆီ သွားခဲ့တယ်။
"မင်းသားလေး... ကျွန်တော်တို့ ဝမ် မိသားစုက ဒီလောက် ကြီးလေးတဲ့ စွပ်စွဲချက်ကြီးကို မခံရဲပါဘူး " ရှောင်မင် စကားတောင် မဆုံးသေးခင်မှာပဲ ဝမ်ချန်ချို က မြေကြီးပေါ် ဒူးထောက်ကျသွားတယ်။ ဝမ်ရှစ်ကျဲ့ လည်း ချွေးအေးတွေ ပျံလာပြီး အအေးမိထားသလို တဆတ်ဆတ် တုန်နေတော့တာပဲ။
ဧကရာဇ်ရော မိဖုရားခေါင်ကြီးပါ ရှောင်မင်ဆီ ငွေတွေ ပို့လိုက်တယ်ဆိုတဲ့ သတင်းကို သူတို့ ရထားပြီးသားလေ။ ဧကရာဇ်နဲ့ အိမ်ရှေ့စံ အုပ်စုက ရှောင်မင်ကို ထောက်ခံဖို့ ယိမ်းယိုင်နေတယ် ဆိုတဲ့ ကောလာဟလတွေလည်း ချန်အန်း ကနေ ထွက်ပေါ်နေတယ်။
အပယ်ခံ မင်းသား တစ်ပါးနဲ့ ထောက်ခံမှုရနေတဲ့ မင်းသား တစ်ပါးဆိုတာ လုံးဝကို မတူညီတဲ့ ကိစ္စရပ် နှစ်ခုပဲ။ အရင်တုန်းကတော့ ရှောင်မင် ငတုံးဖြစ်နေတာကို သူတို့ အခွင့်ကောင်း ယူရဲခဲ့ကြမှာပေါ့။
ဒါပေမဲ့ အခု ရှောင်မင်ရဲ့ နောက်ကွယ်က အင်အားစုတွေကြောင့် သူတို့က အကျိုးအပြစ်ကို သေချာ ချိန်ဆရတော့မယ်။ ရှောင်မင်သာ ဝမ် မိသားစုကို ပြည်ပရန်သူနဲ့ ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲလိုက်ရင် မိသားစု တစ်ခုလုံး ကွပ်မျက်ခံရနိုင်တယ်လေ။
ဝမ် မိသားစုက အင်အားကြီးပြီး ရှောင်မင်ကို မကြောက်ဘူး ဆိုရင်တောင်၊ ချင်းကျိုး တပ်ဖွဲ့က ဘာမှမဟုတ်ဘူး ဆိုရင်တောင်၊ ဧကရာဇ်နဲ့ အိမ်ရှေ့စံက သူတို့ရဲ့ တပ်ဖွဲ့တွေကို စေလွှတ်နိုင်စွမ်း ရှိတယ်။ အဲဒီလိုဆိုရင်တော့ ဝမ် မိသားစု ပျက်စီးဖို့ဆိုတာ အချိန်ပိုင်း ကိစ္စပဲ ဖြစ်သွားမှာ။
ရှောင်မင် နည်းနည်းတော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ဝမ်ချန်ချို ရဲ့ မျက်လုံးတွေထဲမှာ အကြောက်တရားကို မြင်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဧကရာဇ် ရှောင်ဝမ်ရွှမ် နဲ့ မိဖုရားခေါင်ကြီး ပို့လိုက်တဲ့ ငွေတွေက အချိန်ကိုက် ရောက်လာပြီး သူတို့ရဲ့ အရှိန်အဝါကို အသုံးချခွင့် ရသွားသလိုပဲ။
သူက "သခင်ကြီးဝမ်... ညီလေးဝမ်... တရိုတသေတွေ လုပ်မနေပါနဲ့။ ခင်ဗျားတို့ကို ပြစ်မှုတစ်ခုခုနဲ့ စွပ်စွဲဖို့ ငါ လာတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ ကောင်းကောင်း သိတဲ့အတိုင်းပဲ ဒီနှစ် မြက်ခင်းပြင်မှာ ဟူယန်ထို မျိုးနွယ်စုရဲ့ ကျွဲနွားတွေ အများကြီး အေးခဲသေကုန်တယ်။ မကြာသေးခင်ကလည်း လူရိုင်း ကင်းထောက်တွေက ချန်းကျိုး အပြင်ဘက်က ကာကွယ်ရေးတွေကို မကြာခဏ လာစူးစမ်းနေကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကို ခင်ဗျားတို့ သဘောပေါက်မှာပါ" လို့ ပြောလိုက်တယ်။
ဝမ်ချန်ချို က နဖူးက ချွေးတွေကို သုတ်ပြီး အတင်းပြုံးပြလိုက်တယ်။ "မင်းသားလေး... ဒီအကြောင်း ကျွန်တော်မျိုးလည်း ကြားထားပါတယ်။ ကျွဲနွားတွေ အများကြီး အေးခဲသေကုန်တယ်တဲ့။ လူရိုင်းတွေက သူတို့ရဲ့ နေ့စဉ် စားသောက်မှုအတွက် နွားနို့၊ အမဲသားနဲ့ သိုးသားတွေကိုပဲ အားထားရတာ။ တိရစ္ဆာန်တွေ သေကုန်ပြီး မျိုးပွားဖို့လည်း မရှိတော့ နွေဦးရောက်ရင် သူတို့မှာ ထိန်းကျောင်းစရာ တိရစ္ဆာန် မရှိတော့ဘူး။ အဲဒီအချိန်ကျရင် လူရိုင်းတွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရတော့မှာပါ"
"တပ်မှူး လူဖေး ကလည်း အဲဒီအတိုင်းပဲ ပြောတယ်။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့နဲ့ လူရိုင်းတွေ ချန်းကျိုးကို လာမဝိုင်းအောင် တားဆီးဖို့ အလွယ်ဆုံး နည်းလမ်းကတော့..." ရှောင်မင်က စကားကို ရပ်ထားလိုက်တယ်။
"မင်းသားလေး... ဆက်မိန့်ပါဦး " ဝမ်ချန်ချို က တိုက်တွန်းတယ်။
ဒီကိစ္စအတွက် အပြစ်မတင်ခံချင်လို့ ရှောင်မင်က သူ့အစီအစဉ်ကို တိုက်ရိုက် မပြောဘူး။ အဲဒီအစား ဝမ်ချန်ချို ကိုယ်တိုင် အစပြုလာအောင် အရိပ်အမြွက် ပြောပြလိုက်တယ်။ သူက "တိရစ္ဆာန်တွေ သေကုန်တော့ ကုန်သည်တွေက သဘာဝကျကျပဲ လိုချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီတိရစ္ဆာန်တွေဆီက အဆီတွေကို ဆပ်ပြာလုပ်ဖို့ သုံးလို့ရတယ်။ သခင်ကြီးဝမ်သာ စပါးနဲ့ အဲဒီအဆီတွေကို သွားလဲရင် လူရိုင်းတွေ ဘယ်လို တုံ့ပြန်မလဲ။ လူရိုင်းတွေက အသားကိုပဲ ဂရုစိုက်တာ၊ အဆီက သူတို့အတွက် အသုံးမဝင်ဘူးလေ။ ဒီပေါချောင်တဲ့ အဆီတွေကို ပြန်သယ်လာရင် ဆပ်ပြာ အမြောက်အမြား ထုတ်ဖို့ သုံးလို့ရတယ်။ သခင်ကြီးဝမ် ဘယ်လို သဘောရလဲ" လို့ မေးလိုက်တယ်။
ဝမ်ရှစ်ကျဲ့ နဲ့ ဝမ်ချန်ချို တို့က ထူးဆန်းတဲ့ အမူအရာတွေနဲ့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြတယ်။
"ကောင်းပြီ... ငါပြောစရာရှိတာ ပြောပြီးပြီ။ ချန်းကျိုး ဘေးကင်းပါစေလို့ပဲ ငါ မျှော်လင့်ပါတယ်" လို့ ပြောပြီး ရှောင်မင် ဝမ် အိမ်တော်ကနေ ထွက်သွားတယ်။
ဝမ်ရှစ်ကျဲ့ က ရှောင်မင်ကို လိုက်ပို့ဖို့ ကမန်းကတန်း ထရပ်လိုက်တယ်။ သိပ်မကြာခင် သူ ပြန်ရောက်လာပြီး ဝမ်ချန်ချို ကို "အဖေ... မင်းသားလေး ပြောတာ မှန်တယ်။ အခု ငါတို့ စပါးနဲ့ အဆီကို သွားလဲရင် တကယ့်ကို အမြတ်အစွန်းကြီးတဲ့ အလုပ်ဖြစ်မှာ။ ဒါ့အပြင် မင်းသားလေးက ငါတို့ကို လုပ်ဖို့ တိုက်တွန်းနေပုံရတယ်" လို့ ပြောတယ်။
မြေကြီးပေါ် ဒူးထောက်နေတုန်းဖြစ်တဲ့ ဝမ်ချန်ချို က ဖြည်းဖြည်းချင်း ထရပ်ပြီး ကုလားထိုင် တစ်လုံးပေါ် ထိုင်လိုက်တယ်။ "ဒီ ချီမင်းသား က တကယ့်ကို ခန့်မှန်းရခက်တာပဲ။ ပြည်ပရန်သူနဲ့ ပူးပေါင်းတယ်ဆိုတဲ့ စွပ်စွဲချက်ကို သူ မခံချင်ဘူး၊ ဒါပေမဲ့ ချန်းကျိုး ရဲ့ အကျပ်အတည်းကိုတော့ ပြေလည်စေချင်တယ်။ ငါတို့ ဝမ် မိသားစုလည်း ဒီအန္တရာယ်ကို မယူရဲဘူးလေ"
"ဒါဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ" ဝမ်ရှစ်ကျဲ့ က မေးတယ်။
ဝမ်ချန်ချို က ခပ်ဟဟ ရယ်လိုက်တယ်။ "နည်းလမ်း ရှိပါသေးတယ်။ ငါတို့ ကိုယ်တိုင် လုပ်စရာ မလိုပါဘူး။ ငါတို့ ဝမ် မိသားစုက အဆီတွေ ဝယ်နေတယ် ဆိုတဲ့ သတင်းကို ချန်းကျိုး က ကုန်သည်တွေကြားထဲ ဖြန့်လိုက်။ ပြီးတော့ ဟူယန်ထို တွေဆီက အဆီတွေကို စပါးနဲ့ သွားလဲတဲ့ နည်းလမ်းကိုပါ ပြန့်သွားအောင် လုပ်။ အဲဒီလောက်ဆိုရင် ဒီအန္တရာယ်ကို ရဲရဲဝံ့ဝံ့ ယူမယ့်သူတွေ ရှားမှာ မဟုတ်ဘူး။ အလွန်ဆုံး ငွေနည်းနည်း ပိုကုန်မယ်ပေါ့၊ ဒါပေမဲ့ စွပ်စွဲခံရတာထက်တော့ ကောင်းပါတယ်။ ချီမင်းသား နှာခေါင်းပေါက်ကို ကြိုးဖောက်ခံထားရတဲ့ ချင် မိသားစုလို ငါ အဖြစ်မခံနိုင်ဘူး"
ဝမ်ရှစ်ကျဲ့ က လက်မထောင်ပြလိုက်တယ်။ "အဖေက တကယ် တော်တာပဲ"
…
ခုနစ်ရက် အကြာမှာတော့ ဝမ် မိသားစုက ပထမဆုံး တိရစ္ဆာန်အဆီ အသုတ်ကို ချင်းကျိုးဆီ ပို့ပေးလိုက်ပြီး၊ ဆပ်ပြာ ထုတ်လုပ်ဖို့ လိုအပ်တဲ့ နောက်ဆုံး ကုန်ကြမ်း ရရှိသွားခဲ့ပြီ။
ဝမ် မိသားစုက ငါးစာ မဟပ်ဘူးဆိုတာကို သတင်းတွေကနေ သိရပေမဲ့၊ အဆီ ပမာဏ အများကြီး ရလိုက်တာက ရှောင်မင်ကို စိတ်လှုပ်ရှားသွားစေတယ်။ ဒီအတွက် သူက လက်မှုပညာဌာနကို ဧရာမ သံဒယ်အိုးကြီး ငါးလုံး သွန်းလောင်းခိုင်းပြီး၊ အလုပ်ရုံဇုန်ကို ဆပ်ပြာ ထုတ်လုပ်မယ့် နေရာအဖြစ် ရွေးချယ်လိုက်တယ်။
အခုချိန်ကစပြီး ဒီနေရာက ဆပ်ပြာ ထုတ်လုပ်ရေး နေရာ ဖြစ်လာတော့မှာ။
"မင်းသားလေး... ဒါကြီးက ဆီနံ့ကြီး နံနေတာပဲ။ ဒီဆပ်ပြာကို ဘယ်လို သုံးရမှာလဲ" လို့ ဆပ်ပြာ လုပ်တဲ့ လုပ်ငန်းစဉ်ကို ဇွတ်လိုက်ကြည့်ချင်နေတဲ့ လုလော့ က မေးတယ်။
ဆပ်ပြာ ဆိုတဲ့ အယူအဆကို စတင် မိတ်ဆက်ကတည်းက၊ ဒီသတင်းက ချီမင်းသား အိမ်တော်နဲ့ ချင်းကျိုး မြို့တစ်ခွင်ကို တဖြည်းဖြည်း ပြန့်နှံ့နေခဲ့တာ။
ထင်ထားတဲ့အတိုင်းပဲ အမျိုးသမီးတွေက ဒီရေချိုး ပစ္စည်းအသစ်ကို အစိတ်ဝင်စားဆုံးပဲလေ။
ရှောင်မင်ရဲ့ ရှေ့မှာတော့ ကျောက်မီးသွေးတွေ လောင်ကျွမ်းနေတဲ့ မီးဖိုကြီး ငါးခု ရှိပြီး၊ အပေါ်မှာ နှစ်မီတာလောက် ကျယ်တဲ့ သံဒယ်အိုးကြီးတွေ တင်ထားတယ်။ အထဲက တိရစ္ဆာန်အဆီတွေက အခိုးအငွေ့တွေ ထွက်နေတယ်။
ဆောင်းတွင်း ဖြစ်နေလို့ အဆီတွေက ပုပ်သိုးတာ၊ အနံ့စိမ်း ထွက်တာမျိုး မဖြစ်ဘူး။ ပထမအဆင့် အနေနဲ့ ဝက်ဆီနဲ့ အဆီခဲတွေကနေ ဆီထုတ်ရမယ်၊ ဘာလို့လဲဆိုတော့ လူရိုင်းတွေက သူ့အတွက် ဆီကြိတ်ပေးလိုက်မှာ မဟုတ်ဘူးလေ။
အဆီတွေ အရည်ပျော်သွားတာနဲ့ အသားစတွေနဲ့ အရေခွံတွေကို ခပ်ထုတ်ပစ်ရတယ်။ အခု သူတို့က အဲဒီအဆင့်ကို ရောက်နေပြီ။
"စိတ်မပူပါနဲ့။ ငါ မင်းကို ပြင်ခိုင်းထားတဲ့ မရှိမဖြစ်ဆီ တွေက အလကား လုပ်ထားတာမှ မဟုတ်တာ" လို့ ရှောင်မင်က ပြုံးဖြီးဖြီးနဲ့ ပြောတယ်။
လုလော့ ခဏလောက် ကြောင်သွားပြီးမှ သဘောပေါက်သွားကာ မျက်နှာလေး နီရဲသွားပြီး "မင်းသားလေးက အဲဒါတွေကို ရေမွှေးလုပ်ဖို့ သုံးမယ် ထင်နေတာ" လို့ ပြောလိုက်တယ်။
ဒီတစ်ခါတော့ ရှောင်မင်က ဝမ်ရှစ်ကျဲ့ ကို မရှောင်တော့ဘဲ လုပ်ငန်းစဉ်ကို ကိုယ်တိုင် ကြီးကြပ်ဖို့တောင် ခေါ်ထားတယ်။ ရှောင်မင်နဲ့ လုလော့ တို့ နောက်ပြောင်နေတာကို မြင်တော့ ဝမ်ရှစ်ကျဲ့ က အားကျစိတ်ကို မထိန်းနိုင်တော့ဘဲ "မင်းသားလေးက တကယ့်ကို ကံကောင်းတာပဲ" လို့ ပြောလိုက်တယ်။
လုလော့ရဲ့ မျက်နှာလေးက ရဲတွတ်သွားပြီး၊ ရှောင်မင်က ဝမ်ရှစ်ကျဲ့ ကို စူးစူးရဲရဲ တစ်ချက် ကြည့်လိုက်တယ်။ ဒီကောင်လေးက စကားသုံးခွန်း မပြည့်ခင် အဲဒီလို အကြောင်းအရာတွေကိုချည်း ဆွဲသွင်းနေတာကိုး။ ရှောင်မင်က "မင်းကို ဒီခေါ်လာတာ တိရစ္ဆာန်အဆီ အသုံးပြုတာကို ကြီးကြပ်ဖို့ပဲ။ ငါက စီးပွားရေးကို တရားမျှတအောင် လုပ်တာ၊ မင်းတို့ ဝမ် မိသားစု အပေါ် အမြတ်မထုတ်ပါဘူး" လို့ ပြောလိုက်တယ်။
ဝမ် မိသားစုက အဆီတွေ ထောက်ပံ့ပေးတာ ဆိုတော့ သူတို့ကို ပါဝင်ခွင့် ပြုတာက သင့်တော်ပါတယ်။ ဒါပေမဲ့ ဆပ်ပြာလုပ်တဲ့ နည်းပညာ ခိုးယူခံရမှာကိုတော့ ရှောင်မင် မစိုးရိမ်ဘူးလေ... ဘာလို့လဲဆိုတော့ အရေးအကြီးဆုံး ပါဝင်ပစ္စည်းက အယ်လ်ကာလီ ဖြစ်နေလို့ပဲ။
ဒီတစ်ခေါက် ရှောင်မင်က အယ်လ်ကာလီကို တိုက်ရိုက် ယူလာတာဆိုတော့ ဝမ်ရှစ်ကျဲ့ က အဲဒါ ဘာအတွက် သုံးမှန်း လုံးဝ မသိဘူး။
မသန့်စင်ရသေးတဲ့ အဆီက ခေတ်သစ်က ပဲပုပ်ဆီလိုပဲ ကြည်လင်တဲ့ လိမ္မော်ဝါရောင် ရှိတယ်။ ပထမဆုံး သန့်စင်ပြီးသား အဆီအသုတ် ရသွားတာနဲ့ ရှောင်မင်က အယ်လ်ကာလီကို လောင်းထည့်ခိုင်းလိုက်တယ်။
ဒယ်အိုးထဲမှာ ချက်ချင်းပဲ ဓာတုတုံ့ပြန်မှု ဖြစ်သွားပြီး သိပ်မကြာခင်မှာပဲ အဆီတွေက ပဲတိုဟူး ပျော့ပျော့လို ခဲသွားတယ်။ အဲဒီတော့မှ သူက မရှိမဖြစ်ဆီ တွေကို မွှေထည့်ခိုင်းလိုက်တယ်။
ဒယ်အိုးထဲက ဆပ်ပြာအရောအနှောက အနေတော် အပျစ်အကျဲ ရသွားတဲ့အခါ ခွန်အားကြီးတဲ့ ကျေးကျွန် ဆယ်ယောက်က ဒယ်အိုးကို မပြီး ပြင်ဆင်ထားတဲ့ လေးထောင့် ပုံစံခွက်တွေထဲ လောင်းထည့်လိုက်ကြတယ်။
အေးသွားတဲ့အခါမှာတော့ ဆပ်ပြာအရောအနှောက နို့နှစ်ရောင် အတုံးကြီးတွေ အဖြစ် အခဲတည်သွားပြီး သန့်ရှင်းတဲ့ ပုံပေါက်ကာ သင်းပျံ့တဲ့ ရနံ့လေး ထွက်နေတယ်။ ဖြတ်တောက်ဖို့ တာဝန်ကျတဲ့ ကျေးကျွန်တွေက ဓားရှည်တွေကို သုံးပြီး မှတ်သားထားတဲ့ မျဉ်းကြောင်းတွေအတိုင်း ဆပ်ပြာကို စံကိုက် လေးထောင့်တုံး အသေးလေးတွေ ဖြစ်အောင် ဖြတ်လိုက်ကြတယ်။
အပိုင်း ( ၅၁ ) ပြီးဆုံး
***