နတ်ဘုရားပင်မနယ်မြေ၏ ကောင်းကင်ယံအတွင်းတွင် ခမ်းနားထည်ဝါသည့် အမည်နာမနှင့် လိုက်ဖက်စွာ တည်ရှိနေသော နတ်ဘုရားလေ့ကျင့်သင်ကြားရေးကျောင်းတော်တစ်ခု ရှိပေသည်။
ထိုကျောင်းတော်ကြီးမှာ နတ်ဘုရားဖြစ်လာမည့် နတ်ဘုရားအလောင်းအလျာများကို မွေးထုတ်ပေးသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။
ဤကျောင်းတော်ရှိ ကျောင်းသားများမှာ အနာဂတ်စကြဝဠာ၏ ကမ္ဘာငယ်လေးများကို အုပ်ချုပ်စိုးစံမည့် နတ်ဘုရားလောင်းများကို မွေးထုတ်ပေးရာ အထွတ်အမြတ်နေရာတစ်ခုလည်း ဖြစ်ချေသည်။
ထိုအချိန်ဝယ် လေ့ကျင့်သင်ကြားရေးနည်းပြဖြစ်သူ လင်းမိုယုသည် စင်မြင့်ထက်မှနေ၍ ဩဇာအာဏာ အပြည့်ရှိသော အသံဖြင့် ကျောင်းသားများကို သင်ကြားပေးနေပါသည်။
"မနက်ဖြန်ဆိုရင် မင်းတို့က အလုပ်သင်ငါးနှစ်ဆင်းဖို့ နယ်မြေအသီးသီးကို သွားကြရတော့မယ်။ အဲ့ဒါကြောင့် ငါပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်ကြ"
ထိုသို့ပြောပြီးသည်နှင့် သူမသည် ကျောင်းခန်းမအတွင်းသို့ ဝေ့ဝဲကြည့်လိုက်ကာ သူမ၏မှာကြားချက်များကို အာဝဇောင်းထက်ထက်နှင့် ဆက်လက်ပြောကြားလိုက်လေသည်။
"မင်းတို့ရဲ့အသက်မွေးပညာရပ်ဆိုင်ရာနတ်ဘုရားစနစ်မှာ ချို့ယွင်းချက်တစ်ခုခုရှိနေခဲ့ရင် ဒီနေ့ပဲ အဲ့ဒါကိုပြင်ဆင်ဖို့ ပထမစနစ်နည်းပညာနယ်မြေကို သွားကြပါ"
ထိုအသက်မွေးပညာရပ်ဆိုင်ရာ စနစ်ဆိုသည်မှာ ပထမစနစ်နည်းပညာမှ ထုတ်လုပ်ထားသည့် အဆင့်မြင့်စနစ်တစ်ခုလည်း ဖြစ်ပါသည်။
ထိုစနစ်က နတ်ဘုရားအဖြစ် အသက်မွေးဝမ်းကျောင်းပြုမည့် သူများအတွက် ကမ္ဘာကြီးကို ကောင်းကောင်းထိန်းချုပ်ဖို့ရန်အလို့ဌာ ကူညီပေးသည့် စနစ်တစ်ခုလည်း ဖြစ်ပေသည်။
"မင်းတို့က အလုပ်သင်ကာလမှာ ထူးချွန်ပြီး အဆင့်ကောင်းရင် အနာဂတ်မှာ အုပ်ချုပ်ရမဲ့ နယ်မြေတွေကို မင်းတို့ရွေးချယ်လို့ရမယ်၊ အဲ့ဒီအခါကျရင် မင်းတို့သွားချင်တဲ့ နယ်မြေကို စိတ်ကြိုက်ရွေးချယ်လို့ ရလိမ့်မယ်"
"အလုပ်သင်ကာလမှာ မအောင်တဲ့သူတွေကတော့ သင်တန်းကျောင်းကနေ ထုတ်ပယ်ခံရလိမ့်မယ်"
"တချို့လူတွေကို ငါပြောချင်တာကတော့ အပျော်အပါးမက် အချိန်ဖြုန်းတာတွေကို ရပ်ပြီး အသိတရားရှိရှိ နေကြဖို့ပဲ"
"အဲ့လိုမျိုးမင်းတို့လုပ်နေတာက မင်းတို့ကိုပဲ ထိခိုက်တာမဟုတ်ဘူး မင်းတို့မိဘတွေကိုပါ အရှက်ရအောင် လုပ်နေကြတာ"
"ငါ မင်းကို ပြောနေတာ ချန်လင်း"
စင်မြင့်ထက်၌ပြောကြားနေသည့် နည်းပြဆရာမမှ ခုံကို အားဖြင့်ရိုက်ချလိုက်ပြီး စားရေးစာပွဲပေါ်တွင် မှောက်လျက်သား အိပ်ပျော်နေသော ချန်လင်းကို အော်ငေါက်ပစ်လိုက်သည်။
စားပွဲကို ဒန်းခနဲ ရိုက်သံနှင့်အတူ ဟိန်းထွက်လာသော နည်းပြဖြစ်သူ၏ အော်ငေါက်သံကြောင့် ချန်လင်းတစ်ယောက် ပျင်းရိပျင်းတွဲဖြင့် မျက်လုံးများအား ပင့်ကြည့်ကာ သမ်းဝေလိုက်သည်။
"ကြားပါတယ်ဆို...."
ချန်လင်း၏ စိတ်ထဲတွင်မူ "ကျောင်းထုတ်ချင်လည်းထုတ်လိုက်ပေါ့ဘယ်သူကနတ်ဘုရားဖြစ်ချင်နေလို့လဲ" ဟု ခနဲ့နေမိသည်။
နည်းပြဖြစ်သူ လင်းမိုယုမှာလည်း ချန်လင်း၏အမူအရာကို ကြည့်ကာ ကျိတ်မနိုင်ခဲမရဖြစ်ပြီး အံကိုသာ တင်းတင်းကြိတ်ထားလိုက်မိသည်။
ကျောင်းတော်ကြီးတွင် တက်ရောက်နေကြသော ကျောင်းသားတိုင်းသည် ထိပ်တန်းနတ်ဘုရား ဖြစ်လာစေရန်အတွက် အစွမ်းကုန်ကြိုစားကြနေသည့် အချိန်တွင် ထိုကောင်လေးကတော့ သူ့ကို နတ်ဘုရားဖြစ်လာစေရန် အများသူဌာမှ တောင်းဆိုထား၍ နတ်ဘုရားဖြစ်ပေးနေရသည့်နှယ် ပျင်းရိလွန်း လှသည်။
ကျောင်းတော်ကြီး၏ စာမေးပွဲတိုင်းတွင်လည်း အမှတ်များက ကောင်းမလာချေ။
သူ့တွင် အစွမ်းထက်သော တိုက်ခိုက်ရေးရည်စွမ်းများရှိသော်ငြားလည်း တိုက်ပွဲတိုင်းတွင် လက်ဦးမှု ရယူခြင်းမရှိပဲ အရှုံးပေးတတ်သဖြင့် သူ့ကို "အသိဉာဏ်မဲ့နတ်ဘုရား" ဟု အမည်ပြောင်ပေးထား ကြလေသည်။
ထို့အပြင် သူ၏မိဘများမှာလည်း နာမည်ကြီးနတ်ဘုရားများ ဖြစ်နေခြင်းကြောင့်သာ ကျောင်းက သည်းခံနေရခြင်းဖြစ်ကြောင်းကိုလည်း ကောင်းကောင်းသိထားသည်။
သို့ပေမဲ့ ချန်လင်းသည် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပျင်းရိသည်ဆိုသည့် ဂုဏ်ပုဒ်မှလွဲ၍ အခြားသောဆိုးသွမ်းခြင်း အကြောင်းအရာများကိုတော့ နည်းပြဖြစ်သူ လင်းမိုယုမှ ရှာမတွေ့ခဲချေ။
အမှန်အားဖြင့်ဆိုရမည်ဆိုလျှင် ချန်လင်း၏မိဘတွေကြောင့်သာ မဟုတ်ရင် နည်းပြဖြစ်သူမှ အကြောင်းအရင်းရှာ၍ ကျောင်းမှထုတ်ပစ်ချင်နေခြင်း ဖြစ်သည်။
ဒါ့အပြင် နာမည်ကြီးနတ်ဘုရားများ၏ သားသမီးဖြစ်နေခြင်းကြောင့်လည်း လင်းမိုယုမှာ အမှားအယွင်းမရှိ နေနေရခြင်းလည်း ဖြစ်ပေသည်။
သို့ပေမဲ့လည်း လင်းမိုယုသည် အလုပ်သင်ဆင်းမည့် အခြေအနေကို အသုံးချပြီး ကျောင်းထုတ်ပစ်ရန် ထပ်မံကြံစည်လျက်ရှိသည်။
ထိုအခြေအနေဖြစ်လာလျှင် သူ၏မိဘများလည်း မည်သို့သောအကြောင်းအရာနှင့်မျှ သူ့ကိုကာကွယ်ပေးနိုင် တော့မည် မဟုတ်ဟု သူမတွေးထားပုံရသည်။
အမှန်စင်စစ်တော့ ချန်လင်းသည် ကျောင်းထုတ်ခံရန်အတွက် တမင်ကြံစည်နေခြင်းပင်ဖြစ်သည်။
အကယ်၍ သူသာ ကျောင်းထုတ်ခံရလျှင် နတ်ဘုရားအလုပ်မှ လွတ်မြောက်ပြီး လွတ်လပ်စွာ နေထိုင်နိုင်မည် မဟုတ်ပါလား။
ဆက်လက်၍ နည်းပြဖြစ်သူ လင်းမိုယုမှ သင်တန်းဆင်းအခြေအနေများကို ဆက်လက်ပြောကြား နေပါသည်။
"မင်းတို့တစ်ယောက်ချင်းစီရဲ့ အသက်မွေးပညာရပ်ဆိုင်ရာနည်းပညာစနစ်ထဲကို မင်းတို့သင်တန်းဆင်းရမဲ့ နယ်မြေတွေ ပို့လာလိမ့်မယ်"
"ဒီနေ့အတန်းကတော့ ဒီလောက်ပဲ မင်းတို့အဆောင်ပြန်ပြီး ပြင်ဆင်ကြတော့"
နည်းပြဖြစ်သူ လင်းမိုယု၏ မှာကြားချက်များပြီးသည်နှင့်တပြိုင်နက် နည်းပြဖြစ်သူမှ ချန်လင်းအား မကျေနပ်သောအကြည့်တို့ဖြင့် စိုက်ကြည့်လိုက်ကာ အခန်းထဲမှ လျင်မြန်စွာထွက်ခွာသွားတော့သည်။
နည်းပြထွက်သွားပြီးသည်နှင့် အတန်းထဲတွင်ရှိသော ကျောင်းသားများမှ တမဟုတ်ချင်းပင် ဆူညံသွားလေတော့သည်။
ထိုအချိန်တွင် ချန်လင်း၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ မိုစုယန်မှ ချန်လင်းကို ဖက်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ယင်းသို့ပြောဆိုလိုက်သည်။
"ဝိုးဟိုး, ချန်လင်းရေ, အလုပ်သင်ဆင်းရတော့မှာကွ"
မိုစုယန်အနေဖြင့် လုပ်သင်ဆင်းရမည်မှာ စိတ်လှုပ်ရှားစရာကောင်းသော အခြေအနေတစ်ခု ဖြစ်နေတော့သည်။
မိုစုယန်၏ချန်လင်းနှင့်မတူသောအချက်မှာ မိုးစုယန်သည် အတန်းထဲတွင် အတော်ဆုံးကျောင်းသား တစ်ယောက်ဖြစ်သည်။
ထို့ကြောင့် နည်းပြဖြစ်သူ လင်းမိုယုမှလည်း မိုစုယန်ကို ချန်လင်းထက် ပိုဦးစားပေးခြင်းဖြစ်သည်။
နည်းပြဖြစ်သူလင်းမိုယုအားဖြင့်ဆိုလျှင် ချန်လင်းနှင့်မိုစုယန်တို့၏ သူငယ်ချင်းဆက်ဆံရေးကို မနှစ်မြို့ချေ။
အကြောင်းအရင်းမှာ မိုစုယန်ကို ချန်လင်းက ပျက်စီးစေရန် ဆွဲဆောင်သွားမည်ကို စိုးရိမ်မိသောအတွက်ကြောင့် ဖြစ်သည်။
သို့သော်လည်း လင်းမိုယုသည် သူတို့နှစ်ယောက်သူငယ်ချင်း သံယောဇဉ်မည်သို့မျှ ဖြတ်တောက်၍ရနိုင်မည် မဟုတ်ပေ။
"ချန်လင်း, မင်းအလုပ်သင်ဆင်းရင် ဘယ်နယ်မြေကိုသွားချင်လဲ ဓားနဲ့ မှော်လောကတွေရှိတဲ့နေရာလား ဒါမှမဟုတ် ကျင့်ကြံအားထုတ်ရတဲ့နေရာလား ဒါမှမဟုတ် နည်းပညာတွေရှိတဲ့နေရာလား"
အမှန်အတိုင်းဆိုလျှင် ချန်လင်းမှလွဲ၍ အခြားသောကျောင်းသားများမှာ ငါးနှစ်တာနယ်မြေသင်တန်း ဆင်းရခြင်းသည် သူတို့၏အရည်အချင်းများကို ပြသရန်အတွက် အခွင့်ကောင်းတစ်ခုဖြစ်သည့်အားလျော်စွာ စိတ်လှုပ်ရှားနေကြခြင်းဖြစ်သည်။
ထို့အပြင် ဤသင်တန်းဆင်းခြင်းမှာ မတူညီသော နယ်မြေများမှ ထူးခြားမှုများကိုလည်း လေ့လာ သင်ယူနိုင်သည့် ခရီးစဉ်တစ်ခုဆိုလည်း မမှားပေ။
မိုစုယန်မှ ချန်လင်းအား နယ်မြေရွေးချယ်ခွင့်နှင့် ပတ်သက်သည်များ မေးပြီးသည့်နောက်တွင် ချန်လင်းမှ အိပ်ငိုက်ပျင်းရိနေသော မျက်လုံးများဖြင့် " ငါကတော့ ဘယ်မှမသွားချင်ဘူး..." ဟု ခပ်ပေါ့ပေါ့သာ ပြန်ဖြေလိုက်သည်။
ထို့နောက်တွင် ချန်လင်းမှ ရှေ့တွင်ရှိနေသော ခုံပေါ်မှောက်လျက်သား အိပ်ပစ်လိုက်တော့သည်။
"ဟေ့ကောင်...မအိပ်နဲ့ဦးလေ အိမ်ပြန်ပြီးဂိမ်းဆော့ကြမယ် ငါတို့ ငါးနှစ်ကြီးတောင် ခွဲရမှာလေကွာ အဲဒါကြောင့် ဒီညတော့ ငါတို့အားရပါးရ ပျော်လိုက်ကြမယ်"
မိုစုယန်ပြောလိုက်သည့်အခါမှ ချန်လင်းထံမှ ပျင်းရိသောအသံထွက်ပေါ်လာတော့သည်။
"ငါ့ကိုချီစမ်းကွာ၊ လမ်းမလျှောက်နိုင်တော့ဘူး"
မိုစုယန်က နောက်ပြောင်ကျီစယ်ချင်သော မျက်လုံးများဖြင့်ကြည့်လိုက်ပြီး "မင်းလမ်းမလျှောက်နိုင်ရင် တွားသွားလိုက်ပေါ့ကွာ" ဟု စနောက်ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးစလုံး ချန်လင်းအိမ်ကိုသာ ဦးတည်လာခဲ့ကြသည်။
ချန်လင်းအိမ်ရောက်တော့ မိုစုယန်က-
"ဟေ့ရောင်...မင်းညီမရော"
"မသိဘူး၊ မရှိတော့ဘူး"
အကယ်တန်သည်ဆို မိုစုယန် မမေးသင့်သော မေးခွန်းကြောင့် ချန်လင်းစိတ်အနှောင့်အယှက် ဖြစ်သွားသည်ကို မိုစုယန် ရိပ်မိလိုက်သည်။
ချန်လင်း ရဲ့ အမြွှာညီမဖြစ်သူက မိဘတွေအနားမှာသာ နေထိုင်ရပြီး ပျော်ပါးနေချိန်မှာ ချန်လင်းကတော့ နတ်ဘုရားဖြစ်လာဖို့ လေ့ကျင့်သင်ကြားရေးကျောင်းတွင် သင်ကြားနေရသည်ကို မနှစ်မြို့ခဲ့သောကြောင့် ဖြစ်သည်။
သူ၏ညီမဆိုသူမှာလည်း အခြားသောနယ်မြေများတွင် လည်ပတ်ခဲ့သည့် ပုံများကို ချန်လင်းဆီ ပို့လာသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ကာ အဆက်အသွယ်ဖြတ်တောက်ထားခြင်းလည်း ဖြစ်သည်။
ချန်လင်းစိတ်ထဲတွင်မူ မိဘများမှာ သူနှင့်သူ၏အမြွှာညီမကို ခွဲခြားဆက်ဆံမှုများရှိနေသည်ဟု သတ်မှတ်ထားခြင်းလည်းဖြစ်ချေသည်။
မိုစုယန်ကတော့ ချန်လင်းအခြေအနေကို အကဲခတ်မိသည့်အတွက် နှစ်ဦးသား ဆော့နေသော ဂိမ်းကို အာရုံတစိုက် ဆော့နေလိုက်တော့သည်။
ထိုစဉ်တွင် အသက်မွေးမှုဆိုင်ရာနတ်ဘုရားစနစ်အတွင်းသို့ အလုပ်သင်နေရာ အချက်အလက်များ ရောက်လာပါတော့သည်။
[ဒင်း~အလုပ်သင်ဆင်းရမည့် နယ်မြေအချက်အလက်များ ပေးပို့လိုက်ပါပြီ၊ကြည့်ရှုလိုပါသလား]
မိုစုယန်က စနစ်မှ ထွက်လာသော အသံကိုကြားလိုက်သည်နှင့် အိပ်ငိုက်နေရာမှ နိုးလာကာ စနစ်အတွင်းဝင်လာသော စာများကို ချက်ချင်းကြည့်လိုက်တော့သည်။
"ရောက်လာပြီ ရောက်လာပြီ ငါဘယ်နေရာကိုသွားရမလဲဆိုတာ ကိုကြည့်ရမယ် နတ်ဘုရား များ...မစတော်မူပါ ဓားနဲ့မှော်ပညာနယ်မြေဖြစ်ပါစေ"
ထိုအချိန်တွင် ချန်လင်းမှ ချက်ချင်းဆိုသလိုပင် ရယ်မောလိုက်ပြီး "မင်းက နတ်ဘုရားပဲလေကွာ" ဟု ရွှတ်နောက်နောက် ပြောဆိုလိုက်တော့သည်။
ထိုအချိန်မှပဲ မိုစုယန်လည်း အားပါးတရရယ်ချလိုက်ပြီး ပေးပို့လာသည့် အချက်အလက်များကို အသေးစိပ် ကြည့်ရှုလိုက်လေသည်။
"မိုက်ပြီဟေ့..ရခဲ့ပြီကွ..ကိုးပြည်တောင် မှော်တိုက်ကြီးတဲ့ကွ..အမှတ် ၂၃၃၃ ဓားနဲ့ မှော်နယ်မြေပေါ့ ဝိုးဟိုး ပျော်လိုက်တာကွာ"
မိုစုယန်သည် ကောင်းကင်ပေါ်ပျံဝဲမတက် ကခုန်ကာ ပျော်လွန်းနေတော့သည်။
ထို့နောက် မိုစုယန်က ချန်လင်းအား ပြေးဖက်လိုက်သည်။
"ဖယ်စမ်းပါကွာ ငါ ယောကျ်ားချင်းမကြိုက်ဘူး"
ချန်လင်း စနောက်ကာ တွန်းဖယ်လိုက်ပြီး သူသွားရမည့် နယ်မြေကို သိရှိစေရန်အတွက် နတ်ဘုရားစနစ်ကို ဖွင့်ကြည့်လိုက်လေသည်။
[အလုပ်သင်ဆင်းရမည့်နေရာ - ကျိန်စာအတတ်နဲ့နည်းပညာနယ်မြေ၊ အမှတ် ၃၉၀၊ အလုပ်သင်တာဝန် -ပစ်မှတ်တစ်ခုအားရွေးချယ်၍ ချိတ်ဆက်ရမည်၊ထိုပစ်မှတ်ကို ကူညီပေး၍ အမှတ်များရယူရမည်၊ နတ်ဘုရားလောင်းများသည် အောက်ခြေလူတန်းစား၏ ဒုက္ခများကို စာနာထောက်ထားပြီး ပျော်ရွှင်မှုတန်ဖိုးကို နားလည်တတ်စေရန် ပြုလုပ်ရမည်ဖြစ်သည်။
အလုပ်သင်လိုအပ်ချက်များ - သင်တန်းဆင်းနေသော ကာလများတွင် ထိုကမ္ဘာ၏ ပျော်ရွှင်မှု ၁၀ ရာခိုင်နှုန်းကျဆင်းပါက သင်တန်းဆင်းကျောင်းသားအား ပြန်လည်ခေါ်ဆောင်၍ ကျောင်းတော်မှ ထုတ်ပယ် မည်ဖြစ်သည်။
အကယ်၍ ထိုနယ်မြေ၏ ပျော်ရွှင်မှုသည် သုညအနေအထားထိ ကျဆင်းသွားမည်ဆိုပါက ထောင်ဒဏ်နှစ် ၁၀၀ ကို ကျခံရမည်ဖြစ်သည်။
နတ်ဘုရားလောင်းများသည် မိမိကိုယ်ကိုယ် နတ်ဘုရားတစ်ပါးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းကိုလည်း ပြင်းထန်စွာတားမြစ်ထားပါသည်။
ထိုအကြောင်းအရာအား ဖောက်ဖျက်မည်ဆိုပါက ရမှတ်များအားလုံး အဖျက်ချခံရမည်ဖြစ်သည်။
ထို့အပြင် နတ်ဘုရားတစ်ပါးဖြစ်သည့်အားလျော်စွာ သာမာန်လူသားများနှင့် ချစ်မှုရေးရာများ နှီးနှောစပ်ယှက်ခြင်းများကိုလည်း ပြင်းထန်စွာတားမြစ်ထားပါသည်။
ထိုကိစ္စရပ်များအား ဖောက်ဖျက်ပါကလည်း အမှတ်များ ဖျက်ချခံရမည့်အပြင် လေ့ကျင့်ရေးသင်တန်းကျောင်းကနေပါ ထုတ်ပယ်ခြင်းခံရမမှာပဲဖြစ်ပါသည်။
ထပ်တိုးတားမြစ်ချက်များမှာ....]
ထိုနယ်မြေ သင်တန်းဆင်းခြင်းအတွက် မြောက်မြားစွာသောတားမြစ်ချက်များ ရှိနေသည့်အပြင် ရှင်းလင်းဖော်ပြထားသော စည်းကမ်းချက်များမှာလည်း အလွန်အမင်းများပြားနေပါသေးသည်။
သို့ပေမဲ့လည်း ချန်လင်းအနေဖြင့်တော့ ထိုအကြောင်းအရာများကို ဖတ်ကြည့်ရန် စိတ်ကူး လုံးဝရှိမနေပေ။
သူ၏အလုပ်သင်ဆင်းရခြင်း ရည်ရွယ်ချက်မှာ ပေါ့ပေါ့ပါးပါးလေးသာဖြစ်သည်။
ချန်လင်းအနေဖြင့် အလုပ်သင်ဆင်းသည့် နယ်မြေအား သွားရောက်၍ ထိုနယ်မြေရှိနေထိုင်သူများကို စိတ်ဆင်းရဲအောင်လုပ်ဆောင်ကာ ယင်းတို့၏ပျော်ရွှင်မှုများကို ချပစ်ရန် ကြံစည်ထားခြင်းဖြစ်ပေသည်။
သို့မှသာ သူ့အားကျောင်းတော်ကြီးမှ ထုတ်ပယ်မည်ဆိုလျှင် သူလိုချင်ခဲ့သော လွတ်လပ်မှုကြီးကို ပိုင်ဆိုင်ရမည်ဖြစ်သောကြောင့် ဖြစ်ပေသည်။
အကယ်၍ သူသာနတ်ဘုရားတစ်ပါးဖြစ်လာခဲ့လျှင် ထိုနယ်မြေတွင် နှစ်ပေါင်းတစ်ထောက်အထိ ပိတ်မိနေမည်ကို သိထားသောကြောင့်ဖြစ်သည်။
"ဘယ်သူတွေနတ်ဘုရားဖြစ်ချင်နေပါစေကွာ၊ ငါကတော့ မဖြစ်ချင်ဘူး..."
"မင်းရော ဘယ်နယ်မြေကို သွားရမှာလဲ" ဟု မိုစုယန်က ချန်လင်း၏စနစ်ကို လှမ်းကြည့်လိုက်ရင်း မေးလိုက်သည်။
ချန်လင်း၏ ပြန်လည်ဖြေကြားခြင်းမရှိပဲ တိတ်ဆိတ်နေတော့သည်။
ထိုအချိန် မိုစုယန်မှ ချန်လင်းအားကြည့်လိုက်ပြီး "ကောင်းရော အိပ်ပျော်သွားပြန်ပြီလား မင်းဘာလို့နေ့တိုင်းအိပ်ပုတ်ကြီးနေတာလဲ မသိဘူးကွာ" ဟု ဆိုတာ အနားတွင်ရှိနေသော စောင်အား ချန်လင်းကိုယ်ပေါ်သို့ ခြံပေးလိုက်လေသည်။
နောက်နေ့မနက်သို့ရောက်သောအခါတွင် မိုစုယန်မှ အစောကြီးနိုးလာကာ အိပ်ချင်မူးတူးဖြစ်နေသည့် ချန်လင်းအား အတင်းနှိုးကာ ကူးပြောင်းရေးစခန်းရှိရာဆီသို့ အလျင်အမြန်သွားခဲ့ကြသည်။
စခန်းသို့ရောက်လာချိန်တွင် တတိယနှစ်ကျောင်းသားများသည် ထိုစခန်းရှေ့တွင် ရပ်လျက်အနေအထားဖြင့် အသင့်ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
ကူးပြောင်းရေးစခန်းရှေ့တွင် အတန်း ၁၈ ခုမှ သက်မွေးဆိုင်ရာ သင်တန်းသား ၂၀၀၀ နီးပါးတို့က နယ်မြေပေါင်း နှစ်ထောင်နီးပါးဆီသို့ သွားကြရန်အတွက် အသင့်ပြင်နေကြခြင်းဖြစ်သည်။
တကယ်တမ်းဆိုလျှင် စကြဝဋာအတွင်းတွင် နယ်မြေအမြောက်အမြားရှိသော်ငြားလည်းပဲ နတ်ဘုရားများကတော့ လုံလောက်မှုရှိမနေပေ။
ထိုအချက်သည်လည်း ဆိုးရွားသည့်အခြေအနေတစ်ခု ဖြစ်ပေသည်။
အချို့သော နယ်မြေများတွင်လည်း နတ်ဘုရားလာကယ်မည်ကို စောင့်နေကြခြင်းလည်းဖြစ်သည်။
ယခုမှစတင်ပြီး သင်ကြားရေးနည်းပြများမှ အတန်းတိုင်းတွင်ရှိသော ကူးပြောင်းရတော့မည့် သင်တန်းသားများ၏ အမည်များကို စတင်၍ ခေါ်နေကြပြီဖြစ်သည်။
"အတန်း ၃ အေ၊ မိုစုယန်၊ ဓားနဲ့မှော်နယ်မြေ၊ အမှတ် ၂၃၃၃"
နည်းပြဖြစ်သူ လင်းမိုယုမှ မိုစုယန်၏နာမည်ကို ခေါ်လိုက်ပြီး ဂုဏ်ယူနေသည့် မျက်လုံးများဖြင့်ကြည့် လိုက်သည်။
ထိုအခါ မိုစုယန်မှ ရှေ့သို့ထွက်လာပြီး "ချန်လင်း၊ ငါ သွားနှင့်ပြီကွာ၊ နောက်ငါးနှစ်မှာ ငါတို့ပြန်တွေ့မယ်" ဟု ပြောကာ ချန်လင်း၏ပုခုံးကို ဖြည်းညင်းစွာပုတ်ပြီး ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
ထိုစဉ် ချန်လင်းမှလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ပေါ့ပေါ့ပါးပါးပြုံးပြကာ "အိုကေကွာနောက် မှတွေ့ကြတာပေါ့" ဆိုကာ ပြန်လည်နှုတ်ဆက်လိုက်လေသည်။
နည်းပြဖြစ်သူ လင်းမိုယုမှလည်း သူမ၏ရှေ့တွင်ရပ်နေသော မိုစုယန်အား ဂုဏ်ယူစွာကြည့်နေပြီး ယုံကြည်မှုရှိသော အပြုံးများဖြင့် ပြုံးပြလိုက်သည်။
အဘယ်ကြောင့်ဆိုသော် မိုစုယန်သည် သူမ၏အတော်ဆုံးသော တပည့်များထဲမှ တစ်ယောက်ဖြစ်သည့် အတွက်ဖြစ်သည်။
"မိုစုယန် ဟိုဘက်မှာအဆင်မပြေတာရှိရင် ဆရာမဆီအချိန်မရွေးဆက်သွယ်နော် အဲ့ဒီနယ်မြေမှာ ဓားအသုံးပြုနှုန်းနဲ့ မှော်ပညာကို မျှတအောင်သုံးနော်"
မိုစုယန်မှ နည်းပြမှာကြားသော စကားများကို နားထောင်ရင်း နည်းပြအား မှင်သက်သောအကြည့်များဖြင့် ကြည့်နေမိတော့သည်။ ထို့နောက်တွင် မိုစုယန်ထံမှ ညင်သာသော အသံတစ်ခုထွက်ပေါ်လာတော့သည်။
"နည်းပြ...နည်းပြရဲ့သွားမှာ အစိမ်းရောင်အဖက်ကြီးကပ်နေတယ်"
လင်းမိုယုလည်း မိုစုယန်၏ ရုတ်တရက်ပြောလိုက်သောစကားကြောင့် အေးစက်သောမျက်နှာ အနေအထားဖြင့် တည်ငြိမ်သွားသည်။
ထိုစကားကိုကြားလိုက်သည်နှင့် သူမ၏ပါးစပ်ကို လျင်မြန်စွာပိတ်လိုက်ပြီး မျက်နှာကြီးနီရဲကာ ရှက်သွားတော့သည်။
ထိုအဖြစ်အပျက်ကို တွေ့လိုက်သည့် မိုစုယန်က မသိမသာခိုးရယ်လိုက်ပြီး ကူးပြောင်းရေးစခန်းထဲသို့ ပြေးဝင်သွားပါတော့သည်။
"ဒီကောင်လေးက ချန်လင်းနဲ့ပေါင်းလို့ အကျင့်တွေပျက်နေပြီ"
နည်းပြဖြစ်သူမှ ကူးပြောင်းရမည့်ကျောင်းသားနာမည်များကို ဆက်လက်၍ ခေါ်ဆိုနေတော့သည်။
"အတန်း ၃ အေ၊ ချန်လင်း၊ ကျိန်စာအတတ်နဲ့နည်းပညာနယ်မြေ၊ အမှတ် ၃၉၀"
နည်းပြဖြစ်သူ ခေါ်ဆိုလိုက်သော အသံမှာ သိသိသာသာပင် ပြောင်းလဲသွားချေပြီ။
မိုစုယန်အား ခေါ်ဆိုခဲ့သည့် လေသံအနေအထားနှင့် ချန်လင်းကို ခေါ်ဆိုသည့် လေသံအနေအထားမှာ လုံးဝကို ကွဲပြားနေသည့်အတွက် နည်းပြမှာ တခြားတစ်ယောက်အလား ထင်ရသည့်တိုင်အောင် ပြောင်းလဲသွားခြင်းမျိုးဖြစ်သည်။
"သူကချန်လင်းလား…ဟိုနာမည်ကြီးလင်မယားရဲ့သားပေါ့"
ချန်လင်းမှာ တတ်နိုင်သမျှလူသိနည်းအောင် နေပါသော်လည်း သူ၏မိဘများမှာ နာမည်ကြီးနတ်ဘုရားများ ဖြစ်နေသည့်အတွက် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ချန်လင်းကို မသိသူမရှိလောက်အောင် ဖြစ်နေတော့သည်။
ထို့နောက် ချန်လင်းမှ ရှေ့သို့ထွက်လာလိုက်သည်။ သူထွက်လာသည်နှင့် အခြားသောသူများမှ သူ၏အကြောင်းကို တီးတိုးပြောဆိုကြပါတော့သည်။
"သူကအမှတ်နည်းလို့ကျောင်းထုတ်ခံရတော့မယ်လို့ကြားထားတာ"
"နေပါဦး ဒီလောက်ညံ့တာကို ဘာလို့အလုပ်သင်သွားခိုင်းတာလဲမသိဘူး အမှန်ဆို သင်တန်းပြန်တက်ခိုင်း ရမှာလေနော်"
"သူကအရမ်းရိုင်းတာတဲ့"
"ကျောင်းအုပ်ကြီးကတောင် သူ့ကိုမနိုင်လို့တဲ့၊ ဘာလို့ကျောင်းမထုတ်တာလဲမသိဘူး"
"ဟူး...သူ့မိဘတွေကနာမည်ကြီးတာကို..."
"ရှူး...တိုးတိုးပြောစမ်းပါ၊ သူ့အဖေကပိုရိုင်းတယ်တဲ့...
နည်းပြဖြစ်သူ လင်းမိုယုကတော့ အတင်းပြောဆိုနေသည့်အသံများကို ပြတ်သားစွာ ကြားနေရသောကြောင့် သူမစိတ်ထဲတွင် ချန်လင်းအပေါ်ထားရှိသည့် သူမအမြင်သည် သူမတစ်ဦးတစ်ယောက်ထဲ မြင်သည့်အမြင်မျိုးမဟုတ်ပါပဲ လူတိုင်းမြင်နေသော အမြင်ဖြစ်နေသည်ကို သိလိုက်ရသည့်အတွက် ကျေနပ်နေမိနေတော့သည်။
ထိုအချိန်တွင် သူမအသိပြန်ဝင်လာပြီး သူမဘေးတွင်ရှိနေသော လုပ်ဖော်ကိုင်ဖက် ဆရာ၊ဆရာမကို မချိတင်ကဲ ကြည့်လိုက်သည်။
ထို့နောက် နည်းပြ၏စိတ်ထဲတွင်လည်း ချန်လင်းလိုကျောင်းသားရှိနေ၍သာ အတန်းရဲ့ပထမနေရာကို မရောက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့သောကျောင်းသားသာ မရှိလျှင် ကျန်သော အတန်းများကို ကျော်နိုင်မှာ မဟုတ်ဟု တီးတိုးရေရွတ်လိုက်သည်။
ချန်လင်းသည် အခြားသောကျောင်းသူကျောင်းသားများ ပြောနေသည့် စကားများကို ကြားနေပါသော်လည်း ဂရုစိုက်ခြင်း အလျင်းမရှိ ရှေ့သို့ထွက်လာကာ ကူးပြောင်းရေးစခန်းဆီသို့သာ ဦးတည်လျှောက်သွား လိုက်သည်။
ထိုသို့ချန်လင်းလာနေစဉ်တွင် လင်းမိုယုက ချန်လင်းအား အထင်းနှိမ်ချသော အကြည့်များကြည့်နေ တော့သည်။
အဘယ်ကြောင့်ဆိုသော် ချန်လင်းရခဲ့သော ရမှတ်များကြောင့် သူက နယ်မြေတစ်ခုကို ကောင်းကောင်းအုပ်ချုပ်နိုင်မှ သူမဟုတ်ဘူးဆိုတာကို နည်းပြ၏စိတ်ထဲတွင် တစ်သမှတ်ထဲ ကောက်ချက် ချထားပြီးဖြစ်သည်။
ထို့ကြောင့်လည်း ချန်လင်းကျောင်းထုတ်ခံရတော့မည်ကို တွေးကာ နည်းပြဖြစ်သူလင်းမိုယုမှ ကျိတ်ပြီး
ဝမ်းသာနေခြင်းလည်းဖြစ်သည်။
ထိုအချိန်မှာ ချန်လင်းထံမှ အသံတစ်ခုထွက်လာသည်။
"အို့, နည်းပြ..." ချန်လင်းက စခန်းထဲသို့ ဝင်ခါနီးအချိန်တွင် နည်းပြဖြစ်သူကို လှမ်းကြည့်ကာ ညင်သာစွာခေါ်လိုက်သည်။
ထိုစဉ် လင်းမိုယုလည်း သူ၏စိတ်ပျက်စရာကောင်းသော တပည့်အား စကားပြောချင်စိတ်မရှိသည့် အနေအထားဖြင့်သာ ပြန်လည်ဖြေကြားလိုက်သည်။
"ဘာပြောမလို့လဲ"
ထိုစဉ် ချန်လင်းမှ ယင်းသို့ပြောကြားလိုက်တော့သည်။
"ရှေ့တစ်ပတ်ကလေ နည်းပြရဲ့သမီးက ကျွန်တော့်ကို စိတ်ဝင်စားကြောင်းလာပြောသွားတယ်ခင်ဗျ"
"မင်းဘာပြောလိုက်တယ်"
လင်းမိုယု အံ့အားသင့်ကာ မျက်လုံးများပင် ပြူးသွားတော့သည်။
ထို့နောက်တွင် ချန်လင်းကို အစိမ်းလိုက်ဝါးစားတော့မည့်အလား ဒေါသတကြီးကြည့်နေတော့သည်။
ထိုအချိန်မှာ ချန်လင်းက အေးဆေးစွာ သူ့၏သဘောထားကို ပြန်လည်ပြောကြားလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်ငြင်းလိုက်ပါတယ်ဘာလို့ဆိုတော့ သူမက ငယ်သေးတာမို့ ကျွန်တော်နဲ့မလိုက်ဖက်ဘူးလို့ ထင်လို့ပါ"
"နည်းပြလိုပဲလေ" ဟုဆိုကာ ချန်လင်းက ဆရာမကို ဝေ့ဝဲကာကြည့်လိုက်သည်။
ထိုနောက် နည်းပြဖြစ်သူ လင်းမိုယုက ကြောင်အမ်းအမ်းဖြစ်သွားပြီး ငြိမ်သက်သွားတော့သည်။
ထိုသို့ဖြစ်ပြီးနောက် ချန်လင်းသည် ကူးပြောင်းရေးစခန်းအတွင်း ဝင်သွားပြီး အလင်းတန်းများထွက်လာကာ ပျောက်ကွယ်သွားတော့သည်။
ချန်လင်းထွက်သွားပြီးနောက်တွင် "သူမကငယ်သေးတယ်နည်းပြလိုပဲ" ဟူသောစကားများက နည်းပြလင်းမိုယုနားထဲတွင် ကြိမ်ဖန်များစွာ ကြားယောင်နေဆဲဖြစ်သည်။
ထိုနည်းတူစွာပင် နည်းပြ၏မျက်နှာအနေအထားမှာလည်း မစင်စားထားသည့်အလား ဆူပုတ်ကာနေ တော့သည်။
ကျောင်းသားများအားလုံးကူးပြောင်းပြီးသည့်နောက်မှာတော့ နည်းပြဖြစ်သူမှ အိမ်သို့တဟုန်းထိုး ပြန်လာခဲ့ပြီး သူမ၏ သမီးကို ဆူပူကြိမ်းမောင်းပါတော့သည်။
"နင် ချန်လင်းကို စိတ်ဝင်စားကြောင်း သွားပြောတယ်ဆို"
"အာ...ဟက်...အင်းလေ ချန်လင်းကိုကိုက အရမ်းယောကျ်ားပီသတာကို..."
သမီးဖြစ်သူထံမှ ပြန်ဖြေသည်ကို နည်းပြကြားလိုက်ရသည့်အခါတွင် မိုးပြိုသည့်အလား ဒေါသအကြီး အကျယ်ထွက်သွားသည်။
"နင်က ငါ့ကိုသေအောင် လုပ်နေတာလား"
***