[အေးလွန်းလှတယ်...]
ဆွေ့လီအာ သည် မခံမရပ်နိုင်လောက်အောင်ကိုပင် တုန်ရီလာတော့သည်။
"ဝူးဝူး..."
အအေးချိန်သည် အနုတ်ပြနေပြီမို့ အေးလွန်းနေပြီဖြစ်သည်။ သူမဝတ်ထားသည့် အဝတ်အစားများမှာလည်း ပါးလွှာလွန်းသည့်အတွက် အအေးဒဏ်ကို ပိုမိုခံစားရမည်မှာ အမှန်ပင်ဖြစ်သည်။
ထိုအခြေအနေကို ချန်လင်း မြင်လိုက်သောအချိန်တွင် သနားစိတ်ပင်ဝင်သွားလေတော့သည်။ သူ၏စနစ်ထဲတွင်လည်း အပူချိန်ကို ထိန်းညှိပေးသည့် အချက်ကို ရှာတွေ့လိုက်သည်။
"အပူချိန်မြင့်စေ"
[ဒင်း-အပူချိန်ထိန်းချုပ်မှုအားအသုံးပြုနေပြီဖြစ်ပါသည်။ နယ်နမိတ်အနေအထားသတ်မှတ်အတည်ပြုသည်။]
ထိုအခွင့်အာဏာသည် အဆင့်မြင့်နတ်ဘုရားများတွင်သာ သုံးခွင့်ရှိသည့် အာဏာဖြစ်သည်။
ချန်လင်းသည် ဤနယ်မြေတွင် ငါးနှစ်တာနေလာခဲ့သည့်အချိန်အတောအတွင်း နတ်ဘုရား၏အခွင့်အာဏာကို တစ်ခါမျှပင် သုံး၍မရနိုင်ဟု ထင်ခဲ့မိခြင်းလည်းဖြစ်သည်။ သို့ပေမဲ့လည်း သူမအတွက် ပြုလုပ်ပေးရလိမ့်မည်ဟု တွေးထားခဲ့ခြင်းမရှိပေ။
[ဒင်း- လက်ရှိအပူချန်မှာ ၆ ဒီဂရီဖြစ်ပါသည်။ အပူချိန်အား စတင်မြှင့်တင်ပေးနေပါသည်။]
ဆယ်စက္ကန့်လောက်ကြာသွားပြီးနောက်တွင် တစ်မြို့လုံး နွေးသွားတော့သည်။
ထို့နောက် အပူချိန်မှာ ဆက်လက်မြင့်တက်လာပြီး ၂၀ ဒီဂရီသို့ ရောက်သွားတော့သည်။ ဆွေ့လီအာသည်လည်း ရာသီဥတုပြောင်းလဲသွားသည်ကို ရုတ်ချည်းခံစားလိုက်ရသောကြောင့် ပျော်ရွှင်သွားလေသည်။
"အာ...နွေးသွားပြီ"
[ဒင်း-ပစ်မှတ်ပျော်ရွှင်နေပါသဖြင့် အမှတ် ၂၀၀၀ ရရှိပါသည်။လက်ရှိရမှတ်မှာ ၂၇၇၀၀၀ ဖြစ်ပြီး အဆင့်မှာ ၁ ဖြစ်သည်။]
"ပျော်သွားတာ အဲ့လောက်တောက်မြန်ရသလားဟ" ဟု ချန်လင်းက သက်ပြင်းလေးချကာ တီးတိုးရေရွှတ်လိုက်သည်။ ထိုစဉ် ချန်လင်း၏ စိတ်အခြေအနေမှာ ထူးဆန်းနေတော့သည်။
လျစ်လျှူထားခြင်းမျိုးမဟုတ်တော့ပဲ သူမပျော်ရွှင်ဖို့ကိုသာ ဦးစားပေးနေမိတော့သည်။ သို့ပေမဲ့လည်း ချန်လင်းသည် သနားတတ်သည့် လူစားမျိုးတော့ မဟုတ်ပေ။
ထို့အပြင် သူမကိုတော့ ရင်းနှီးကျွမ်းဝင်သလိုအနေအထားမျိုးတော့ ချန်လင်း ခံစားနေရခြင်းဖြစ်သည်။ ထို့နောက် စနစ်မှ အသံတစ်ခုထပ်မံ ထွက်ပေါ်လာလေတော့သည်။
[ဒင်း-ထိန်းချုပ်သူသည် အပူချိန်ကို ညီမျှစွာအသုံးပြုခြင်းမရှိသည့်အတွက် နယ်မြေခံများ အဆင်မပြေဖြစ်နေပါသဖြင့် ရမှတ် ၁ မှတ်အနုတ်ခံရပါသည်။]
ထို့နောက် အနုတ်ခံရသည့် ရမှတ်များက စနစ်တွင် ဆက်တိုက်ထွက်ပေါ်နေတော့သည်။ ချက်ချင်းဆိုသလိုပင် ရမှတ် ၁၀၀၀၀ လောက်အနုတ်ခံလိုက်ရပြီးနောက် လက်ရှိရမှတ်မှာ ၂၇၇၀၀၀ သာ ကျန်ရှိတော့သည်။
အဘယ်ကြောင့်ဆိုသော် ချန်လင်း၏ အပူချိန်မြှင့်တင်လိုက်မှုကြောင့် အိမ်ယာတစ်သောင်းလောက်သည် မကျေနပ်နိုင်ကြတော့သောကြောင့်ဖြစ်သည်။
အမှန်အားဖြင့်ဆိုရလျှင် ယခုရာသီသည် အိမ်တိုင်းအပူပေးစက်ဖြင့် နေရသောရာသီဖြစ်သည်။
ချန်လင်းအပူချိန်မြှင့်လိုက်သည့်အတွက် ထိုအိမ်များတွင် မီးဖိုများ ထည့်ထားသကဲ့သို့ဖြစ်သွားသည်။
ထို့ကြောင့် မကျေနပ်ကြခြင်းဖြစ်သည်။
"အော် ဒီလိုကို"
"အဲ့ဒါနဲ့ပဲ လူတိုင်းကိုတောင်းပန်ရတော့မှာလား"
ချန်လင်းက ချက်ချင်းဆိုသလိုပင်- "အပူချိန်ထိန်းလိုက်စမ်း" ဟု အမိန့်ထပ်ပေးလိုက်လေသည်။
[ဒင်း-လက်ရှိအပူချိန်မှာ ၂၀ ဒီဂရီဖြစ်ပါသည်။ အပူချိန်ထိန်းချုပ်မှုကို ဆောင်ရွက်နေပါသည်။]
ထို့နောက် ချန်လင်းက ၃၅ ဒီဂရီထိတောင် ထပ်တိုးလိုက်ပြန်တော့သည်။ ဆွေ့လီအာသည်လည်း အရမ်းပူလွန်းနေသည်ကို ခံစားလိုက်ရသည်။
"အားပူလိုက်တာ" ဟု အော်ကာ နှဖူးမှထွက်လာသော ချွေးများကို လက်နှင်ပွတ်သပ်လိုက်လေသည်။
"လေကဘာလို့များအဲ့လောက်ပူသွားရတာလဲ…. ဟူး.." ဟု ဆိုကာ လက်ဖြင့် ယက်ခပ်သကဲ့သို့ ပြုမူနေတော့သည်။
သို့ပေမဲ့လည်း သူမက ပျော်နေဆဲဖြစ်သည်။ ထိုအပူချိန်က အရင်ကထက်ပင် အများကြီးကောင်းလာသည်ကို ခံစားလိုက်ရသည်။ သို့ပေမဲ့ အခြားလူတွေကတော့ သူမလို တွေးမထင်နိုင်ကြပေ။
[ဒင်း-အပူချိန်ထိန်းချုပ်မှုအားလိုက်လျောညီထွေးရှိစွာအသုံးပြုခြင်းမရှိသည့်အတွက် နယ်မြေခံများ၏စိတ်ခံစားချက်များမှာ မကျေနပ်ဖြစ်နေသည့်အတွက် အမှတ် ၃ မှတ်အနုတ်ခံလိုက်ရပါသည်။]
ထို့နောက် အမှတ်များလျှော့နေသည်ကို စနစ်ထဲတွင် ဆက်တိုက်ပေါ်နေတော့သည်။
"ဘာကြီးလဲကွာ…ရာသီဥတုကဘာဖြစ်တာလဲပူလိုက်တာကွာ"
"လုပ်ကြပါဦး...ပူလွန်းလို့သေတော့မှာပဲ…အပြင်မှာလည်းပူနေတာပဲ"
ဟိုးအရင်အချိန်အခါက တိတ်ဆိတ်နေသည့်ညက ရုတ်တရက် အသံတွေ ထွက်လာတော့သည်။ ထို့နောက် လူအများက အိမ်တံခါးများကို ဖွင့်ကာနေကြပေမယ့်လည်း အပြင်မှာလည်း ပူနေတုန်းပင်ဖြစ်သည်။
ထို့နောက် အိမ်တိုင်းတွင်ရှိသော လူများသည် သူတို့၏ နည်းများဖြစ်သည့် ရေခဲကျိန်စာ၊ ရေပက်ကျိန်စာများကို သုံးကာ အပူဒဏ်အရမ်းခံစားနေကြရပါသည်။
ချန်လင်းအနေနဲ့ကတော့ အမှတ်များလျော့လာသည့်အတွက် အရမ်းကို ပျော်ရွှင်နေလေတော့သည်။ အပူချိန်မြင့်လာသည်မှာ ဘာ့ကြောင့်ဆိုသည်ကို မသိကြတဲ့ လူများက ဘိုးဘွား ၁၈ ဆက်ကိုပါကျိန်ဆဲကြပါတော့သည်။
ထိုလူများကျိန်ဆဲနေသည်မှာ နတ်ဘုရားများဖြစ်ကြောင်းကို မသိနိုင်ကြပေ။ နောက်ငါးနှစ်ကြာသည်အထိ ယခုနတ်ဘုရားသည် အနှောင့်အယှက်များပေးမည်ကိုတော့ ထိုလူများ မသိနိုင်ကြပေ။
"ကောင်းတယ် ကောင်းတယ် ဆက်လုပ်ရမယ်" ဟု ရေရွတ်ကာ ချန်လင်းမှာပျော်နေလေတော့သည်။ အဘယ်ကြောင့်ဆိုသော် ရမှတ်များလျော့မည့် နည်းလမ်းကို သိရှိသွားခြင်းကြောင့်ဖြစ်သည်။ ပင်မနတ်ဘုရားနယ်မြေရှိ လင်းမိုယု မှ ချန်လင်းအား မကျေနပ်စွာ ကြည့်နေပါတော့သည်။
"ဒီကောင်ဘာတွေလုပ်နေလဲမသိဘူး ရူးများသွားတာလား ဒုက္ခပဲရှာနေတာလား"
ချန်လင်း၏ အမှတ်များလျော့သွားသည်ကို ကြည့်ပြီး နည်းပြဖြစ်သူတောင် ချန်လင်းကို နားလည်နိုင်ခြင်းမရှိတော့ပေ။
သို့ပေမဲ့လည်း ချန်လင်း အမှတ်များလျော့သွားသည်ကိုတော့ ပျော်နေတော့သည်။
ချန်လင်းသည်လည်း သူ၏အမှတ်များလျော့သွားသည်ကို ပျော်နေပေမယ့်လည်း စိတ်ထဲတွင်တော့ "ကောင်းမှုကုသိုလ်များများလုပ်ရတော့မှာပေါ့" ဟု ထေ့ထေ့ငေါ့ငေါ့ဖြင့် တွေးနေတော့လေသည်။
ချန်လင်း ပြောနေသည့် "ကောင်းမှု" ဆိုသည်မှာ လူတစ်ယောက်ကို ကူညီလိုက်ပြီး လူအများကို ဒုက္ခပေးခြင်းမျိုးဖြစ်သည်။ ဆွေ့လီအာသည် လမ်းလျှောက်နေရင်းဖြင့်ပင် ကုန်စုံဆိုင်တစ်ခုရှေ့သို့ရောက်လာခဲ့သည်။
ထိုအချိန်တွင် သူမ၏မှတ်ချက်တစ်ခုက သူမ၏ခေါင်းပေါ်တွင်ပေါ်လာပြန်တော့သည်။
[မဝင်တော့ပါဘူး ဒီလောက်နဲ့ပဲ တော်လိုက်တော့မယ်]
[ဒီမှာ ငါ့ကိုမြင်တဲ့သူလည်း မရှိပါဘူး ငါက သူခိုးထက်တောင်ပိုဆိုးနေတာများလား]
သူမသည် သူမ၏ဆာလောင်မှုများကို မြိုသိပ်ထားကာ ဆိုင်နံရံလေးကို မှီလျက်ထိုင်ချလိုက်ပြန်တော့သည်။
[ထားလိုက်ပါတော့ အရမ်းဆာမှပဲ စားရင်ကောင်းမယ် လောဘကြီးလို့မဖြစ်ဘူး]
ချန်လင်းသည် ထိုအဖြစ်အပျက်ကို ကြည့်ကာ အံ့ဩမိနေသည်။ အကယ်တန်သည်ဆိုလျှင် သူမလိုချင်သည့် အရာတိုင်းကို ထိုဆိုင်မှ ယူသွားလျှင် ရပါလျက်နှင့် သူမ မယူသည်ကို ကြည့်ရင်း ချန်လင်းနားမလည်နိုင်ဖြစ်နေသည်။
သူမသည် ကျိန်စာကြောင့် သူမယူသွားသည့် ပစ္စည်းများသည် လူတွေရဲ့မှတ်ဉာဏ်ထဲတွင် ကျန်ရစ်နေမည်မဟုတ်ပေ။ ထို့ကြောင့် သူမအား သူခိုးဟု ထင်မှတ်နိုင်စရာလည်း မရှိပေ။
သို့ပေမဲ့ သူမအနေဖြင့်ကတော့ သူမတည်ရှိနေခြင်းကို မသိကြသည့်အတွက် သူမသည် ကြောက်ရွံ့နေဆဲဖြစ်သည်။
ထိုနည်းတူစွာပင် သူမသည် ဆာလွန်းသည့်အခါတွင်မှသာ ခိုးစားမည်ဖြစ်ကြောင်းကို ချန်လင်း ကောင်းကောင်းကြီးသိနေသည်။
ထို့အပြင် ချန်လင်းသည် ဆွေ့လီအာ၏ ဆာလောင်မှုခံစားချက်များကို ကောင်းကောင်းကြီးကို နားလည်သည်။ အဘယ်ကြောင့်ဆိုသော် ချန်လင်း ငယ်စဉ်အခါတွင် သူမကဲ့သို့ခံစားချက်မျိုးကို ခံစားဖူး၍ ဖြစ်သည်။
ချန်လင်းသည် အသက် ၅ နှစ်အရွယ်လောက်တွင် မိခင်အား စိတ်ဆိုးအောင်လုပ်မိသဖြင့် အဖေဖြစ်သူမှ အစာရေဆာမကျွေးပဲ ပိတ်လှောင်ထားခဲ့ခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးတွင်တော့ မိခင်၏ တောင်းပန်မှုကြောင့်သာ အဖေမှ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် ချန်လင်းသည် အစာရေဆာ တစ်လမစားရသော်ငြားလည်းပဲ မသေသည်ကို သိပေမဲ့ ဆာလောင်မှုဒဏ်ကို အရမ်းကိုခံစားခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ချန်လင်းသည် သူသာ သူမနေရာသို့ရောက်ခဲ့ပြီး အထီးကျန်စွာသာ နေခဲ့ရမည်ဆိုလျှင် အသက်ရှင်နေမည်မဟုတ်တော့ပေ။
ထို့ကြောင့် ဆွေ့လီအာကို သူ အရမ်းအံ့ဩနေခြင်းဖြစ်သည်။
သူမ ဘယ်လိုများ အသက် ၁၈ နှစ်ထိတောင် အသက်ရှင်နေနိုင်တာလဲ ဆိုသည်ကို ချန်လင်း စဉ်းစား၍ မရနိုင်ပေ။ ထို့နောက် ချန်လင်းသည် ဘယ်လိုကြောင့် နှစ်များစွာ တောင့်ခံကာ နေလာသည်ကို သိချင်စိတ်ဖြစ်လာပါတော့သည်။
ထို့ကြောင့် သူမမှတ်ဉာဏ်အား ထုတ်ကြည့်ရန် မှတ်ဉာဏ်ထုတ်ယူခြင်းကျိန်စာအား သုံးလိုက်လေသည်။ ထို့နောက် သူမ၏အတိတ်အကြောင်းအရာများကို မြင်လိုက်ရသည့်အတွက် ပိုမို၍ သနားစိတ်ဝင်သွားလေတော့သည်။
ထို့နောက်တွင် သူမ၏နောက်ကြောင်းများကို ရုပ်ရှင်တစ်ကားကဲ့သို့ တွေ့လိုက်ရလေတော့သည်။ သူမသည် အသက် ၄ နှစ်မှတွင် ကျိန်စာဒဏ်ကို မခံစားရသေးပေ။
သူမသည် မိဘမဲ့ဂေဟာတွင် နေခဲ့ပြီး နေ့စဉ် ပျော်ရွှင်စွာ နေခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ သူမ၏ ငယ်ဘဝတွင် သူမ၏ ဆံပင်များမှာ အပြာဖျော့ဖျော့လေးဖြစ်သည်။
သို့ပေမဲ့လည်း အသက် ၇ နှစ်ရောက်သောအချိန်တွင်တော့ သူမ၏ကျိန်စာ စတင်လာပါတော့သည်။ တစ်ညမှာတော့ သူမ၏ဆံပင်များက ပန်းရောင်သို့ပြောင်းသွားပြီး သူမကိုမည်သူမျှမမြင်နိုင်အောင် ပျောက်ကွယ်သွားလေတော့သည်။
ထိုမှစ၍ သူမကိုယ်တိုင်သာမက အခြားသူများကပါ သူမကို မမြင်နိုင်တော့ပေ။ ထိုသို့ပျောက်ကွယ်သွားခြင်းတွင် သူမပြုလုပ်သည့်အစစအရာအရာအားလုံးပျောက်ကွယ်သွားခြင်းဖြစ်သည့်အတွက်တည်ရှိမှုလည်းပျောက်ကွယ်သွားခြင်းမျိုးဖြစ်သည်။
ထို့အပြင် သူမလုပ်သမျှအရာများဖြစ်သည့် နှင်းများဖုန်းလွှမ်းနေသည့် သူမကို မမြင်ရသကဲ့သို့ သူမ ရေထဲခုန်ချခဲ့သည့်အခါတွင်လည်း ရေသံမျှပင် မကြားရပေ။
ထို့ကြောင့် သူမကို မကြားနိုင်၊ မမြင်နိုင် ဟု ပြောရမည်ထက် တည်ရှိမနေခြင်း ဟု ပြောလျှင် ပို၍မှန်ပေလိမ့်မည်။ အမှန်ဆိုလျှင် ဒီကျိန်စာတွင် ကောင်းသည့်အရာများရှိသည်။
ဥပမာအားဖြင့် သူမလူတစ်ယောက်ကို ကျိန်စာသုံး၍ သတ်မည်ဆိုလျှင် မည်သူမျှမသိအောင်ပင် သတ်နိုင်သည်။ ထိုသူသေဆုံးမှသာ သိကြမည်ဖြစ်သည်။ သို့ပေမဲ့လည်း ထိုသို့အပြုအမူမျိုးအား သူမ လုပ်ခဲ့ခြင်း မရှိခဲ့ပေ...
***