ကျိန်စာဒဏ်ကိုခံရပြီး အစပိုင်းတွင်တော့ အခြေအနေက သိပ်မဆိုးလှသေးပေ
သူမ၏မိဘမဲ့ဂေဟာထဲမှာနေလို့ရနေသေးသည့်အတွက် စားသောက်ဖို့နှင့် အိပ်ဖို့ရန်အတွက် အဆင်ပြေနေဆဲဖြစ်သည်။
အိပ်ယာမရှိသော်ငြားလည်းပဲ လမ်းပေါ်တွင် အိပ်ရသည့်ထက်တော့ သာ၍ကောင်းနေပါသေးသည်။
သို့ပေမဲ့ ထိုအချိန်ကာလများတွင် သူမသည် ရင်ကွဲလုမတတ် အောင်၍သာ အကြိမ်ကြိမ်ငိုနေသော်လည်း သူမ၏ အသံမည်သူတစ်ဦးတစ်ယောက်မှ ကြားနိုင်စွမ်းမရှိပေ။
တခါတရံတွင်တော့ သူမသည် အသံထွက်၍မရလောက်တော့သည်အထိတောင် ငိုပြီးမှသာ ရပ်သွားတော့လေသည်။ သူမကို မမြင်ရတော့သည့်နောက်တွင် သူငယ်ချင်းများမှလည်း ပျော်ရွှင်စွာပင် ဆက်လက်ကစားနေသည်ကို သူမမှ ဘေးတွင်သာ ကြည့်၍နေနေရလေသည်။
သူငယ်ချင်းတွေက တခါတရံ သတိရသောအခါတွင်မှသာ ဂေဟာမှူးဆီ သွား၍ေ သူ၏အကြောင်းကို မေးကြလေသည်။
"ဆွေ့ဆွေ့ က ဘယ်သွားတာလဲဟင် ဘာလို့ပြန်မလာသေးတာလဲ"
ထိုသို့သောအခါများတွင် ဂေဟာမှူးမှ ခေါင်းကို ခါယမ်းပြကာ မသိကြောင်းကို ပြောလိုက်လေသည်။ ထိုသို့ဖြစ်သည့်အချိန်တိုင်း ဆွေ့အာသည် ဘေးမှာနေ၍ သူတို့အား အော်ပြောနေလေတော့သည်။
"ဒီမှာလေ ငါက"
သို့ပေမဲ့ ထူးခြားလာခြင်းမရှိပေ။ ထိုခံစားချက်ကြီးက ဘာမှမရှိတော့သည့်အလား စိတ်ပျက်စရာပင်ကောင်းလွန်းလှသည်။ သို့ပေမဲ့လည်း အနည်းဆုံးတော့ သူမအသက်ရှင်နေသေးသည်။
သူမသည် သူမအသက် ၇ နှစ်ပြည့်သည်အထိ မငိုကြွေးပဲ အိပ်သွားသည့်ရက်များ မရှိသလောက်ပင်ဖြစ်သည်။ နောက်တစ်နေ့ မနက်ရောက်သောအခါ သူမသည် သွေးအိုင်ကြီးထဲတွင် လဲ နေသည်ကို သူမကိုယ်တိုင်တွေ့လိုက်ရတော့သည်။
သူမ၏ အဝတ်အစားများမှာလည်း သွေးများနီရဲနေတော့သည်။ ဂေဟာတစ်ခုလုံးလည်း အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှပင် မရှိတော့ချေ။
ကြင်နာသနားတတ်သော ဂေဟာမှူးပင်လျှင် ဆိုးဆိုးရွားရွားသေဆုံးခဲ့ခြင်းဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ဘာမှမကျန်တော့လောက်အောင် ပျက်စီးသေဆုံးနေခြင်းဖြစ်သည်။
ထိုသို့ဖြစ်ပွားခဲ့သော်လည်း မည်သူမည်ဝါ သတ်သည်ကိုတော့ မသိရခဲ့ပေ။
ထိုနှစ်တွင် သူမအသက် ၇ နှစ်သာရှိသေးပြီး တစ်ညတည်းနှင့်ပင် အားလုံးကို ဆုံးရှုံးခဲ့ရသည်။ နောက်နှစ်သို့ရောက်သောအခါတွင် သူမအသက် ၈ နှစ်သို့ရောက်လာခဲ့ပြီဖြစ်သည်။
ထို အသက် ၈နှစ်အရွယ်တွင်ပင် သူမသိသူမှန်သမျှ သူမဆုံးရှုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။ သူမရှိခဲ့ဖူးသည်ကို သိသည့်သူ မည်သူမျှ ကျန်ရှိမနေတော့ချေ။
ထို့ကြောင့် သူမသည် စိတ်ပျက်မှု၊ နာကျင်မှု များကို ငယ်ငယ်ရွယ်ရွယ်နှင့် ခံစားခဲ့ရခြင်းဖြစ်သည်။ ထိုနေ့မှစ၍ ဤနယ်မြေတွင် ဆွေ့လီအာ ဆိုသည့်သူ မရှိတော့သလိုမျိုး ဖြစ်ခဲ့သည်။
အစပိုင်းများတွင် သူမသည် ငယ်သေးသည့်အတွက် အသက်ရှင်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် လမ်းပေါ်တွင်အိပ် တတ်နိုင်သမျှရှာဖွေစားသောက်ကာ အသက်ရှင်နေထိုင်တော့သည်။
၂၄ နာရီစတိုးဆိုင်များမှ မုန့်များကိုလည်း ခိုးစားခဲ့ဖူးသည်။ အဝတ်အစားများကိုလည်း ခိုးယူခဲ့ဖူးသည်။ ရေချိုးချင်သောအခါတွင်လည်း မြစ်ထဲသို့ဆင်းကာ ချိုးလိုက်သည်။
နွေရာသီများတွင် မြေပြင်ပေါ်တွင်သာ အိပ်၍ ဆောင်ရာသီများတွင်တော့ ဆိုင်များအတွင်းတွင် နေကာ ညများကို ဖြတ်ကျော်ခဲ့ခြင်းဖြစ်သည်။ နေ့စဉ်တိုင်းလည်း လမ်းပေါ်တွင် သွားလာနေသူများကို မေးနေသည်။
"ကျွန်မကို မြင်ရလားဟင်"
ထိုသို့မေးသော်လည်း သူမကို ပြန်ဖြေပေးသည့်သူ တစ်ဦးတစ်ယောက်တောင် မရှိပေ။ ထို့နောက် နှစ်ဝက်လောက်ကြာသော အချိန်တွင် သူမက တိတ်ဆိတ်ငြိမ်သက်စွာ လမ်းလျှောက်လာရင်းပင် ငိုပြီး လူများကို မေးနေစဉ်တွင်-
" တစ်ယောက်ယောက်ရှိလား...ဝူးဝူး..."
ကလေးလေးတစ်ယောက်မှသူမကိုကြည့်ကာ မေးလိုက်လေတော့သည်။
"ဒီမှာလူတွေရှိနေတာ မင်းမမြင်ဘူးလား"
ထိုအချိန်တွင် ချန်လင်းသည် မှတ်ဉာဏ်ထဲရှိကလေးလေးကို ကြည့်ကာ ရုတ်တရက် တုန်လှုပ်သွားတော့သည်။ အဘယ်ကြောင့်ဆိုလျှင် ထိုကလေးလေးက သူကိုယ်တိုင် ဖြစ်နေခဲ့ခြင်းဖြစ်သည်။
"ငါငယ်ငယ်က ဒီနယ်မြေကိုလာဖူးတာလား"
"မဖြစ်နိုင်ဘူး"
ချန်လင်းထိုအကြောင်းအရာများကို လုံးဝမမှတ်မိတော့ပေ။ သို့ပေမဲ့လည်း ထူးဆန်းစွာ တိုက်ဆိုင်နေသည်ကိုတော့ သူ အံ့ဩနေမိသည်။ လွန်ခဲ့သည့် ၁၀ နှစ်တွင် သူမကို တွေ့ဖူးလေသလား ဟုပင် ချန်လင်း တွေးမိနေတော့သည်။
"အရင် ဆယ်နှစ်တုန်းက..."
"အဲ့ဒီနှစ်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ"
ချန်လင်း အတွေးနယ်ချဲ့နေချိန်တွင် ရုတ်တရက် တစ်ခုခုကို သတိရလာတော့သည်။ သူ့အဖေလေ့ကျင့်နေစဉ် ခေါင်းကိုထိမှန်မိကာ မေ့လဲသွားတော့ အချိန်ကို သူပြန်သတိရလာခြင်းဖြစ်သည်။ သူသတိရလာသောအခါတွင် မှတ်ဉာဏ်အချို့ ပျောက်ဆုံးသွားခြင်းဖြစ်သည်။
အခုအချိန် ဆွေ့လီအာ၏ မှတ်ဉာဏ်များကို ပြန်ကြည့်တော့မှသာ ချန်လင်း၏ ပျောက်ဆုံးခဲ့သော မှတ်ဉာဏ်များပြန်ရခဲ့ ခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်က သူ ဒီနယ်မြေကို လာခဲ့ဖူးသည်။
ပျင်းစရာကောင်းသော နယ်မြေဖြစ်သည့်အတွက် အခြားနယ်မြေတွင် သွားကစားချင်ခဲ့ခြင်းဖြစ်သည်။
သို့ပေမဲ့ မိဘနှင့်အစ်မတို့က အမှတ်တရ ပစ္စည်းများဝယ်နေသည့်အချိန် ချန်လင်းမှ စိတ်ပါဝင်စားမှုမရှိခြင်းများဖြင့် လမ်းလျှောက်လာစဉ်တွင် ရုတ်တရက် ကလေးမလေးတစ်ယောက် အော်ငိုနေသည်ကို ကြားလိုက်ရခြင်းဖြစ်သည်။
"ကျွန်မကိုမြင်ကြလားဟင်"
ထိုသို့မေးနေသော အသံနောက်ကို လိုက်သွားရင်းပင် သူမနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ အဲ့ဒီအချိန်တုန်းက ဆွေ့လီအာသည် ညစ်ပတ်နေသော ကလေးတစ်ယောက်ဖြစ်ပြီး မလှမပဖြစ်နေတော့သည်။
ဆွေ့လီအာသည် ချန်လင်း သူမကို စကားလာပြောသည်ကို တွေ့ပြီးနောက်တွင် သူမလွန်စွာပျော်သွားပြီး မျက်ရည်များကို သုတ်ပစ်လိုက်တော့သည်။
"နင် ငါ့ကိုမြင်တာလားဟင်…အသံရောကြားရလားဟင်"
ထိုအချိန်တွင် ချန်လင်းက ကလေးတို့၏ သဘာဝအတိုင်း စိတ်ကြီးဝင်သည့်အနေအထားဖြင့် ပြန်လည်ဖြေပေးလိုက်သည်။
"မမြင်ရရင်စကားလာပြောမလား..."
"ဝူး...ဝူး..."
ဆွေ့လီအာ ထိုစကားကို ကြားသည်နှင့် အော်ငိုချပစ်လိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူမကို မြင်နိုင်သူတစ်ယောက်ရှိလာသောကြောင့် ဖြစ်သည်။
သို့ပေမဲ့ ချန်လင်းကတော့ ကျိန်စာကို မသိသေးသည့်အတွက် နားမလည်သလို ဖြစ်ခဲ့သည်။ သူသည် ထိုကလေးမလေးမှာ အရမ်းငိုလွန်းသော ကလေးမလေးတစ်ယောက် ဟုသာ ထင်မြင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ချန်လင်းက မျက်နှာကို ရှုံ့လိုက်ပြီး-
"ဟေး..ငိုနေတာရပ်လိုက်ပါလား…ငိုတာကိုရပ်လိုက်စမ်းပါ"
"ရော့ သကြားလုံးနည်းနည်းပေးမယ်၊ တိတ်လိုက်တော့!" ဟု ပြောပြီး စနစ်နေရာထဲမှ သကြားလုံးကို ထုတ်လိုက်သည်။
ဆွေ့လီအာလည်း ငိုနေသည်ကို ရပ်လိုက်ကာ သနားစရာကောင်းသော လေသံလေးဖြင့် ပြန်လည်ပြောလေသည်။
"ငါ့ကို အကုန်ပေး..."
ထိုစကားကိုကြားလိုက်သည့် ချန်လင်းသည် ပေးနေသည့်လက်ကို ပြန်၍နောက်ဆုတ်လိုက်သည်။
"အကုန်ပေးလို့မရဘူးလေ ငါက မစားရတော့ဘူးလား?"
"လောဘမကြီးနဲ့လေ!" ဟု ချန်လင်းက နဖူးလေးကို ပွတ်သပ်ပေးလိုက်သည်။
ထိုစကားလေးကို သင်ပေးခဲ့ခြင်းလည်းဖြစ်သည်။
"စားလို့ကောင်းတယ်..."
"ဒီလိုလုပ် တစ်ယောက်တစ်ဝက်ယူကြမယ်၊ အငိုတိတ်လိုက်တော့ ဟုတ်ပြီလား"
"ဝူး...ဟုတ်ကဲ့..."
ဆွေ့လီအာလည်း မျက်ရည်များကို သုတ်ကာ ရယ်မောလိုက်လေသည်။ ကလေးတွေဖြစ်သည့်အတွက် စိတ်ခံစားချက် ပြောင်းလဲမြန်လွန်းလှသည်။ ထို့နောက် ချန်လင်းက တစ်ယောက်တစ်ဝက် ခွဲလိုက်ကာ သူမကို ပေးလိုက်သည်။
"တခါတည်းမစားပစ်နဲ့လေ၊ အချိုအများကြီးစားရင် သွားကိုက်လိမ့်မယ်လို့ ငါ့အမေက ပြောတယ်..."
"သွားကိုက်ရင်အရမ်းနာတာနော် အဲ့အခါ နင်ထပ်ငိုရမှာနော်"
"အင်း..."
ဆွေ့လီအာက ပျော်ရွှင်စွာပင် ယူလိုက်ပြီး "ကျေးဇူးတင်ပါတယ်၊နင့်နာမည်ကဘယ်လိုခေါ်လဲ" ဟုမေးလိုက်လေသည်။
"ချန်လင်း" နင်ကရော "ငါကနာမည်မရှိဘူး" ဟု ပြန်ဖြေလေသည်။ ထိုအခါတွင် ချန်လင်းမှ သူမ မပြောချင်၍သာ မပြောပြချင်းဖြစ်သည်ဟု ထင်မှတ်သွားတော့သည်။
ကလေးတွေအတွက်ဆိုလျှင်တော့ ထိုသို့လုပ်ဆောင်ခြင်းသည် သူငယ်ချင်းမလုပ်ဟု အဓိပ္ပာယ်သက်ရောက်သည်။ သို့ပေမဲ့ သူမက နာမည်ကို ပြောပြလိုက်မည်ဆိုလျှင် သူမအတွက် သူငယ်ချင်းရနိုင်သည့်အတွက် ချန်လင်းကို စေ့စေ့ကြည့်ကာ သူမနာမည်ကို ပြောပြလိုက်လေသည်။
"ငါ့နာမည်က ဆွေ့လီအာ"
ထို့အချိန်မှ ချန်လင်းက ပေါ့ပေါ့ပါးပါးလေး ပြန်လည်ပြောလိုက်သည်။
"အို့...ငါက ချန်လင်း"
"အာ...ချန်လင်းလား"
ဆွေ့လီအာက ပျော်လွန်းသဖြင့် အော်လိုက်ရာ ချန်လင်းတစ်ယောက် လန့်သွားလေသည်။
"ဘာလို့ခုန်နေတာလဲ"
"အရမ်းပျော်လို့ပေါ့ဟ"
ထို့နောက် ချန်လင်းက သကြားလုံးရသွားသည့်အတွက် ပျော်နေသည်ဟုပင် ထင်မှတ်နေလေသည်။ ထိုအချိန်တွင် ချန်လင်း၏အစ်မမှ ချန်လင်းကို လှမ်းကာ ခေါ်လိုက်လေသည်။
"မောင်လေးရေ...မြန်မြန်လာဟေ့…မေမေတို့သွားကြတော့မယ်"
ချန်လင်းမှလည်း အစ်မ၏အသံကြားသည်နှင့် ပြန်လည်အော်လိုက်သည်။
"သွားတော့မယ်နော် ဆွေ့လီအာ"
"ခဏလေး"
ဆွေ့လီအာက သူ၏လက်ကို ဆွဲလိုက်သဖြင့် သကြားလုံးများ ကျကုန်တော့သည်။
"ဘာဖြစ်တာလဲ"
ချန်လင်းမှ မေးလိုက်တော့သည်။
"ဟိုလေ..."
ဆွေ့လီအာက မျက်ရည်များ ဝဲလာပြန်တော့သည်။ ထိုသို့တွေ့လိုက်ရသည်နှင့် ချန်လင်းလည်း ချက်ချင်းဆိုသလို ပြောလိုက်သည်။
"ဟေး မငိုနဲ့လေ…အဲ့တာဆို သကြားလုံးပြန်ပေးတော့..."
"ဝူး..."
ဆွေ့လီအာက နှုတ်ခမ်းလေးကို ကိုက်လျက် မျက်ရည်များကို ထိန်းကာ ကြောက်လို့ပါဟု ပြန်လည်ဖြေလိုက်လေသည်။ ထို့နောက် ချန်လင်းကို သေချာစိုက်ကြည့်နေလေတော့သည်။
ချန်လင်းသည် ထိုအမူအရာကို မြင်လိုက်သည်နှင့် အနည်းငယ်ပြုံးလိုက်မိသည်။ ဆွေ့လီအာလည်း သို့မှသာ ပြန်ရယ်မောလိုက်လေသည်။
"ဟီးဟီး...မင်းကဘယ်မှာနေတာလဲ"
"ငါ နင့်အိမ်ကို လိုက်ကစားလို့ရမလား"
ထိုသို့ကြားလိုက်သည်နှင့် ချန်လင်းက ခဏလောက်စဉ်းစားလိုက်ပြီး-"မရလောက်ဘူးထင်တယ်ဟ..ငါ့အိမ်ကအဝေးကြီးမှာ..နင် မင်းဟွကံကြမ္မာနယ်မြေကို ကြားဖူးလား?"
"မကြားဖူးဘူး"
ချန်လင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး -"နင်မသိလောက်ပါဘူး.." ဟု ပြန်ပြောလိုက်သည်။
ဆွေ့လီအာက ထပ်မံငိုရန် ဟန်ပြင်ပြန်တော့သည်။ ချန်လင်းကလည်း မြင်လိုက်သည်နှင့် "မငိုနဲ့..ရပ်လိုက်" ဟု ချက်ချင်းပြောလိုက်သည်။ ချန်လင်းအနေဖြင့် ကလေးမလေးတွေ ငိုသည့် အသံကို မခံနိုင်ခြင်းကြောင့် ဖြစ်သည်။
သူ့အစ်မသည်လည်း အမြဲငိုတတ်သော သူဖြစ်သည့်အတွက်ကြောင့်လည်း ဖြစ်သည်။
"ဒီလိုလုပ် ငါ နောက်ကျရင် နင့်ကို လာရှာမယ်"
"တကယ်လား.."
ဆွေ့လီအာက ပြန်လည်ကာပြုံးလာတော့သည်။
"ဒါပေမဲ့ဘယ်အချိန်ဆိုတာတော့ မသိသေးဘူး" ဟု ပြောကာ ခဏလောက် စဉ်းစားလိုက်ပြီး "နောက်ဆယ်နှစ် ဆယ်နှစ်နေရင် နယ်မြေတွေကို ကိုယ့်ဘာသာသွားလို့ရပြီ၊ အဲ့အခါ နင့်ကို လာရှာမယ်လေ" ဟု ပြောလိုက်သည်။
ဆွေ့လီအာလည်း နားမလည်ပေမဲ့ "ဆယ်နှစ်" ဆိုသည့်အသံကို ကြားလိုက်ရသည့်အတွက် ပြန်လည်ကာ ပြောလိုက်လေသည်။
"ဆယ်နှစ်ဆိုတာ အကြာကြီးလေ၊ မနက်ဖြန် ဒါမှမဟုတ် တစ်ပတ်လောက်ပဲ ကြာမှာလေဟာ..."
ချန်လင်းလည်း ခဏလောက် တိတ်ဆိတ်သွားတော့သည်။ ဆွေ့လီအာမှာ နှုတ်ခမ်းလေးကို ကိုက်ကာ ထပ်မံတောင်းဆို ပြန်သည်။
"မရရင် တစ်နှစ်လေ တစ်နှစ်ဆိုရင်ရော?"
"အဲ့တာဆိုရင် ဆယ်နှစ်က တိုတော့ ငါ အမြန်လာရှာမယ်လေ" ဟု ပြောလိုက်သည်။
ချန်လင်းအတွက်တော့ ဆယ်နှစ်ဆိုသည်မှာ သက်တမ်းတိုတစ်ခုသာဖြစ်သည်။
"မှတ်ထားနော်..လောဘမကြီးရဘူး"
"ဟုတ်ကဲ့ပါ"
"ငါမလာသေးခင် တခြားလူတွေနဲ့ကစားထားနော်"
"ဒါပေမဲ့ တခြားလူတွေက..."
ဆွေ့လီအာ စကားမဆုံးလိုက်ခင်မှာပင် အဝေးတစ်နေရာမှ သူ၏အစ်မ အော်ခေါ်သံကို ထပ်မံကြားလိုက်လေသည်။
"မောင်လေး…အဖေက ထားခဲ့တော့မယ်တဲ့"
ချန်လင်းက ကြောက်သွားပြီး "သွားတော့မယ်နော်" ဟုပြောကာ ချက်ချင်းသွားလိုက်လေသည်။ ဆွေ့လီအာလည်း ထွက်သွားနေသည့် ချန်လင်းကျောပြင်ကို ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
"အခြားလူတွေက ငါ့ကိုမှ မမြင်ရတာ..."
ထို့နောက် သူမက ကြည့်နေလိုက်ပြီး ကျသွားသည့် သကြားလုံးများကို ကောက်နေလေတော့သည်။
တကယ်တမ်းတွက်ကြည့်မည်ဆိုလျှင်တော့ ဆယ်နှစ်ရှိနေပြီဖြစ်သည်။ သူမအနေဖြင့်တော့ တစ်နှစ်ကို သကြားလုံးတစ်လုံး စားကာ ချန်လင်းကို စောင့်နေလေတော့သည်။
သို့ပေမဲ့ သုံးနှစ်မြောက်တွင် သကြားလုံးများကို မစားနိုင်ပေ။ သကြားလုံးများမှာ ပျော့သွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၂၄ နာရီဆိုင်သို့သွားကာ သကြားလုံးများ တစ်နှစ်တစ်လုံးရေတွက်ကာ စားခဲ့တော့သည်။
ထိုဆယ်နှစ်အတွင်းမှာလည်း သူမကို မြင်နိုင်မည့် ဒုတိယလူကို ရှာဖွေခဲ့သေးသည်။ ထို့နောက် ချန်လင်းပြောခဲ့သည့် မင်းဟွကံကြမ္မာနယ်မြေကိုလည်းရှာခဲ့သေးသည်။
သို့ပေမဲ့လည်း မတွေ့နိုင်ခဲ့ပေ။ မင်းဟွကံကြမ္မာနယ်မြေသည် ဤနယ်မြေထဲတွင် မရှိဖြစ်နေသည်။
နောက်ဆုံးမှာတော့ ဒီမြို့ကိုပြန်ရောက်လာခဲ့သည်။ ထို့နောက် ချန်လင်းနဲ့ တွေ့ခဲ့သည့် နေရာသို့ ပြန်လာခဲ့သည်။
လမ်းတွေကတော့ အရင်အတိုင်း ဟုတ်မနေတော့ပေ။ အဆောက်အဦးမြင့်များနှင့် ပြည့်နေတော့သည်။
တကယ်တမ်းပြောရမည်ဆိုလျှင် ဒီနေ့သည် သူမနှင့် ချန်လင်း ခွဲခွာခြင်းမှာ ဆယ်နှစ်တိတိပြည့်သော နေ့ ဖြစ်သည်။
***