ဒီနေ့လိုမျိုး ထူးခြားသည့်နေ့တွင် ဆွေ့လီအာ က အဆောက်အအုံမြင့်တစ်ခုပေါ်သို့ တက်သွားခဲ့သည်။ ထို့နောက် သူမ၏ အမှတ်တရများသည် အခုချိန်တွင် ရှင်းရှင်းလင်းလင်းဖြစ်မနေတော့ချေ။
သူမ၏ မှတ်ဉာဏ်ထဲတွင် ယခုရောက်နေသောနေရာသည် ဟိုးအရင်က မြေပြင်တစ်ခုသာ ဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့ခြင်းဖြစ်သည်။
အတိအကျဆိုရမည်ဆိုလျှင် ထိုနေရာသည် ချန်လင်းနဲ့ သူမ တွေ့ခဲ့သည့်နေရာလည်း ဖြစ်သည်။ ထို့ကြောင့်သာ ရုတ်တရက် စိတ်ကူးထဲပေါ်လာသည့်အတွက် အပေါ်တက်ကြည့်ချင်ခဲ့ခြင်းဖြစ်သည်။
လှပသော လရောင်အောက်တွင် အေးမြသည့် လေညှင်းများက တိုက်ခတ်နေပြီး ဆယ်ခုမြောက်သော သကြားလုံးကို ငုံထားကာ အဆုံးမရှိကျယ်ပြန့်နေသော ကောင်းကင်ကို ကြည့်နေခဲ့တော့သည်။
ကြယ်များစွာကလည်း ကောင်းကင်အောက်မှာ အပြည့်ဖြစ်နေပြီး သိပ်မမှတ်မိတော့သော ချန်လင်း၏မျက်နှာကို သတိရနေခဲ့လေသည်။
ထို့နောက် သူမ တိုးတိုးလေး ပြောလိုက်သည်။
“ဒီတစ်ခုက နောက်ဆုံးတစ်လုံးပဲ…”
သူမက သကြားလုံးကို စားနေရင်းပင် စိတ်ထဲတွင် ခံစားရသည်များက ထွက်ပေါ်လာခဲ့လေသည်။
"နောက်ဆုံးတော့ ဆယ်နှစ်ပြည့်သွားပြီပဲ...အချိန်တွေက နှေးလိုက်တာ ချန်လင်းရယ်" ဟုပြောလိုက်ကာ အဆောက်အအုံ အစွန်းဘက်တွင် ထိုင်ချလိုက်လေတော့သည်။
ထို့နောက် လေထဲတွင် ခြေထောက်လေးများအား ဖြည်းညင်းစွာ လှုပ်ယမ်းနေလေတော့သည်။ အောက်တွင်ရှိနေသော မီးရောင်စုံလင်းနေသည့် မြို့ကြီးကိုလည်း စူးစိုက်စွာ ကြည့်နေလေသည်။
ထိုသို့ လူစည်ကားသော ကမ္ဘာကြီးက သူမနဲ့ မဆိုင်သလိုမျိုး ဖြစ်နေလေသည်။
“ဘယ်တော့များမှ လာမှာလဲဟာ…”
ဆွေ့လီအာ စိတ်ထဲတွင် စဉ်းစားနေလေတော့သည်။
“ဒီနှစ်တော့ သေချာပေါက် လာမှာပ မဟုတ်လား… ချက်ချင်းလာရှာမယ်ဆိုပြီး ကတိပေးထားတယ်လေနော်…”
“အခု ရော ဘယ်လိုပုံစံမျိုး ဖြစ်နေပြီလဲ…”
“ကျွန်မ ကိုရော မှတ်မိသေးရဲ့လား…”
အမှန်အားဖြင့်ဆိုရလျှင် ဒီဆယ်နှစ်အတွင်းသူမ၏ စိတ်ထဲတွင် အသံတစ်ခုကို အမြဲကြားနေရသည်။
“သူက မိသားစုမဟုတ်ဘူး… သူ မင်းကို မေ့သွားပြီ…”
ထိုအဖြစ်အပျက်သည် ဆယ်နှစ်ကြာ ဖြစ်ပျက်လာခြင်းဖြစ်သည်။ ဆယ်နှစ်အတွင်းတွင် အရာရာ ပြောင်းလဲနိုင်သည်ကို သူမ ကောင်းကောင်းသိထားပါသည်။
သူမ ချန်လင်းကို မမေ့နိုင်ခြင်းသည် သူမအတွက် ချန်လင်းက တစ်ဦးတည်းသော သူမကို တွေ့နိုင်သောသူလည်း ဖြစ်သောကြောင့်ဖြစ်သည်။
သို့ပေမဲ့ ချန်လင်းက မေ့ခြင်း မမေ့ခြင်းကိုတော့ သေချာမသိတော့ပေ။ ထို့ကြောင့် မျှော်လင့်ချက် လက်ကျန်အား ထားရှိခဲ့ခြင်းဖြစ်သည်။
သူမ အသက်မရှင်ချင်လောက်သည့် ခံစားချက်ပေါ်လာတိုင်း သူမ ချန်လင်းကို သတိရမိသည်။ သူ လာခဲ့ရင် ကောင်းသွားမည်ဟု တွေးမိသည့်အတွက်ကြောင့်လည်း ဖြစ်သည်။
ထို့ကြောင့် သူမက ထိုမျှော်လင့်ချက်ဖြင့်အားတင်းနေခြင်းဖြစ်သည်။ ချန်လင်းကို စဉ်းစားလိုက်သည့်အခါတိုင်း ဆွေ့လီအာသည် စိတ်အားတက်ကြွလာတော့သည်။
သူမ၏ မျက်နှာပေါ်တွင်လည်း စိတ်ညစ်သည့် ပုံက ချက်ချင်းပြောင်းလဲသွားတော့သည်။
“သူ သေချာပေါက် လာမှာပါ...”
“ချန်လင်း…”
“သူ သေချာပေါက် လာမှာ”
ချက်ချင်းဆိုသလိုပင် ကောင်းကင်ကြီးကို မော့ကြည့်ကာ အော်ပြောလိုက်လေတော့သည်။
“ချန်လင်း... မြန်မြန်လာပါဟာ...စောင့်နေတယ်နော်...”
သူမ၏ အသံလေးသည် လေနဲ့အတူ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သို့ပေမဲ့ မည်သူမှတော့ သူမအသံကို ကြားနိုင်ခြင်းမရှိပေ။
သူမသိလိုက်သည်ကတော့ ကောင်းကင်ပေါ်မှနေ၍ လူတစ်ယောက်ကျလာသည်ကို ဖြစ်သည်။ ထိုလူက သူမဆယ်နှစ်ကြာ စောင့်နေရသည့် လူဖြစ်သည်။
ထိုလူက သူမအော်လိုက်ပြီးသည့်အချိန်တွင်မှ ကျလာခြင်းလည်း ဖြစ်သည်။ ဆယ်နှစ်အကြာတွင် သူ့ကိုပြန်တွေ့ရသည့်တွက် ကံကြမ္မာက သူတို့ကို ပြန်လည်တွေ့ခွင့်ပေးခြင်းမျိုးလည်းဖြစ်ပေသည်။
ထိုအချိန်တွင် အနောက်မှ တံခါးဖွင့်သံ ကြားလိုက်ရလေသည်။
"ချန်လင်းလား...ချန်လင်းလားဟင်" ဟုအော်ကာ ဝမ်းသာအားရလှည့်ကြည့်လိုက်လေသည်။
သို့ပေမဲ့လည်း သူမတွေ့လိုက်ရသည်က ကလေးသုံးယောက်သာ ဖြစ်နေသည်။ ထိုကလေးသုံးယောက်သည် ကြယ်ကြွေတာကို ကြည့်ရန် အပေါ်သို့တက်လာကြခြင်းဖြစ်သည်။
"ကြယ်ကြွေတာကို ဆုတောင်းရင်ပြည့်တယ်တဲ့ကွ"ဟု ကလေးတစ်ယောက်မှပြောလိုက်သည်ကို ဆွေ့လီအာ ကြားလိုက် သည်နှင့် ချက်ချင်းဆိုသလို သူမက လက်အုပ်ချီလိုက်ပြီး ဆုတောင်းလိုက်တော့သည်။
"ကြယ်တာရာ နတ်မင်းကြီးရှင့် ချန်လင်းနဲ့ အမြန်ဆုံးပြန်တွေ့ရပါစေရှင်"
သူမဆုတောင်းပြီးသည့်နောက်တွင် ရှောင်မို ဟု ခေါ်သောကလေးတစ်ယောက်မှာ ဝရံတာအစွန်းဘက်တွင် ရပ်နေလေတော့သည်။
ထိုသို့မြင်လိုက်ရသည်နှင့် ဆွေ့လီအာ လန့်သွားမိလေသည်။
"ဟိတ်...အန္တရာယ်များတယ်…ဒီဘက်ကိုပြန်လာ"
သူမအော်ပြောနေသော်လည်း ကလေးတွေက ကြားနိုင်ခြင်းမရှိပေ။ ထိုစဉ် လေပြင်းတစ်ချက်တိုက်လိုက်သည့်အတွက် ကလေးလေးမှာ ဟန်ချက်ပျက်ကာ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။
ဆွေ့လီအာလည်း အမြန်ပြေးသွားလိုက်ကာ ကောင်လေးလက်ကို လှမ်းဆွဲကာ ဝရံတာအတွင်းသို့ ရောက်အောင် လုပ်လိုက်လေသည်။
"ဝုန်း" ဆွေ့လီအာတစ်ယောက် ဝရံတာကို ပြင်းထန်စွာတိုက်မိသွားပြီး ကောင်းလေးကတော့ ဝရံတာကို ဖမ်းဆွဲလိုက်မိသည်ဟုသာ ထင်နေတော့သည်။
ထိုအဖြစ်အပျက်မှာ ကျိန်စာ၏ အကျိုးသက်ရောက်မှုဖြစ်ပေသည်။
"အမလေးနော် ငါ့ကို လန့်ပြီးသေအောင်လုပ်နေတာပဲ" ဟု ဆွေ့လီအာက ကောင်လေးကို ကြည့်ကာ ပြောလိုက်မိတော့သည်။
သူမလည်း ဝရံတာကို ပြင်းထန်စွာတိုက်မိလိုက်သည့်အတွက် ဆွေးနေသည့် ဝရံတာတိုင်မှာ ကျိုးထွက်သွားလေတော့သည်။ ထို့နောက် ဆွေ့လီအာလည်း ဟန်ချက်ပျက်ကာ အဆောက်အအုံပေါ်မှနေ၍ ပြုတ်ကျသွားလေသည်။
"ကယ်ကြပါဦး"
သူမအော်နေသည်ကို ချက်ချင်းဆိုသလိုပင် ရပ်တန့်ပစ်လိုက်သည်။ အကြောင်းအရင်းမှာ သူမ၏ အသံကို မည်သူမျှမကြားနိုင်သောကြောင့်ဖြစ်သည်။
ထို့နောက်တွင် ဆွေ့လီအာတစ်ယောက် အဆောက်အအုံပေါ်မှနေ၍ မြေပြင်သို့ တဟုန်ထိုးပြုတ်ကျသွားပါတော့သည်။
***