သူမ၏ ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောနေသည့် အခြေအနေသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အားလျော့သွာသလိုမျိုး ဖြစ်သွားတော့သည်။
"ဝူး..." လေတိုးသံတွေကို ဆက်တိုက်ကြားနေရပြီး ဆွေ့လီအာ၏ ခန္ဓာကိုယ်သည် အရှိန်အဟုန်ဖြင့် ပြုတ်ကျနေလေသည်။
မီးများတောက်ပစွာလင်းနေသည့် ပြတင်းပေါက်များက မျက်စိရှေ့တွင် တလတ်လတ်နှင့် ဖြတ်သွားတော့လေသည်။
အလွှာတိုင်း၊ ပြတင်းပေါက်တိုင် နောက်ကွယ်တွင်ရှိသော လူများ ဘာလုပ်နေကြသည်ဆိုတာကိုပင် သူမ မမြင်ရနိုင်တော့ပေ။ အရာအားလုံးက ဝေဝါးနေလေတော့သည်။
သူမ၏ မှတ်ဉာဏ်ထဲတွင်လည်း ဝေဝေဝါးဝါးသာ ဖြစ်နေတော့ချေပြီ။ ကျိန်စာသင့်ခဲ့သည့်အချိန်မှစ၍ ခုချိန်ထိပင် သူမ၏ဘဝတွင် မြင်ဖူးခြင်းမရှိသည့် မြင်ကွင်းတချို့ကို သူမမျက်လုံးရှေ့တွင်လည်း ပေါ်လာခဲဖူးသည်။
သူမအနေဖြင့်လည်း နေရာအနှံ့ကို ရောက်ခဲ့သည့်အပြင် လူအများကြီးနှင့်လည်း ဆုံခဲ့ဖူးသည်။ သို့ပေမဲ့ သူမ၏စိတ်ထဲတွင်တော့ လူတိုင်းသည် မပျော်ရွှင်သည့် ပုံပေါက်နေတော့သည်။
ချန်လင်း ဆိုသည်မှာလည်း ပုံရိပ်ယောင်တစ်ခုလိုသာ ဖြစ်နေတော့သည်။ ထို့နောက် သူမသည် စိတ်ထဲတွင် "ငါလည်း ဘာမှမမှတ်မိတော့ဘူး သူတို့လိုပဲပေါ့ ငါလည်း မင်းတို့ကို မှတ်မိတော့သလို မင်းတို့လည်း ငါ့ကို မမှတ်မိတော့ဘူး အဲ့တာကြောင့် ကျေပြီနော်" ဟု ရေရွတ်ကာ မြေပြင်ပေါ်သို့ တရှိန်ထိုးကျလာတော့သည်။
ထို့နောက် သူမသည် မြေပြင်ပေါ်သို့ နီးကပ်လာသောအချိန်တွင် သူမ ဆုတောင်းခဲ့သည်ကို သတိရမိသွားသည်။ ထို့နောက် သူမစိတ်ထဲတွင် တွေးလိုက်မိသည်မှာ သူမ ခုလိုမျိုးပြုတ်ကျလာသည်ကို တစ်ယောက်ယောက်များ တွေ့လျှင် ကြယ်ကြွေသကဲ့သို့ လှပနေမည်လားဟု တွေးနေမိတော့သည်။
"ကြယ်တာရာ နတ်မင်းကြီး"
"ချန်လင်း မလာတော့တာလားအရှင်ရယ်"
"ဒီလိုနဲ့ပဲ အဆုံးသတ်သွားပြီလား"
"ခုချိန်သေသွားရင် ကျိန်စာတွေပျက်ပြယ်သွားမှာလား"
"လူတွေကရော ငါ သေဆုံးတာကို တွေ့ကြမှာလား"
ဆွေ့လီအာ၏ အတွေးများမှာ တဖြည်းဖြည်းလွင့်မျောနေလေတော့သည်။
"နောက်ဘဝဆိုတာရောရှိလား"
"ရှိလောက်မှာပါ"
"ဒီဘဝမှာတောင် ဘဝမရှိတာကြီးကို"
"နောက်ဘဝမရှိလည်း အရေးမကြီးပါဘူး"
ထိုအချိန်တွင် သူမပြောနေသည်များကို ဘယ်သူများကြားနိုင်မလဲဆိုသည်က အရေးမကြီးတော့ချေ။ အကြောင်းအရင်းမှာ ထိုစကားတွေက သူမ အမြဲတမ်း တစ်ယောက်တည်း ပြောနေကျ စကားတွေဖြစ်နေလို့ပဲဖြစ်သည်။
ထိုသို့ ပြောပြီးနောက်တွင် သူမ၏ စွဲလမ်းမှုများကို လွှတ်ချလိုက်တော့သည်။ နောင်တရခြင်းအလျဉ်းမရှိ။ စိတ်ထဲတွင်ပေါ့ပါးသွားကာ မျက်လုံးများကို မှိတ်ထားလိုက်လေသည်။
ဘာတွေဖြစ်လာလာ ရင်ဆိုင်ရန်အသင့်ဖြစ်နေသည်။ သူမသည် တောင်ပံကျိုးသွားသည့် နတ်သမီးတစ်ပါးသကဲ့သို့ ဖြစ်နေသည်။
ထိုသို့ဖြစ်နေခြင်းမှာလည်း သူမ၏ခန္ဓာကိုယ်သည် ပြုတ်ကျနေဆဲ အခြေအနေဖြစ်သော်လည်း မြင့်မြတ်သော နေရာသို့ သွားနေသည့်အလားဖြစ်နေသည်။
ထို့နောက် သူမသည် မျက်လုံးမှိတ်ထားရင်းဖြင့်ပင် ထူးဆန်းသော ခံစားချက်တစ်ခုကို ရလိုက်သည်။ ထိုအရာကတော့ သေခြင်းတရားသည် နီးကပ်လာသော ခံစားချက်တစ်ခုဖြစ်သည်။
ထို့ကြောင့် သူမ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး လှပနေသော ကမ္ဘာကြီးကို နောက်ဆုံးအကြိမ် ကြည့်ရှုလိုက်ချိန်တွင် သူမကို အံ့ဩတကြီး ကြည့်နေသည့် ချန်လင်းကို မြင်လိုက်ရသည်။
သူတို့၏ဝိညာဉ်နှစ်ခုသည် မြေပြင်ပေါ်ကျခါနီးဆဲဆဲတွင် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ကြခြင်းဖြစ်သည်။
"သူငါ့ကိုကြည့်နေတာလား"
ဆွေ့လီအာ ကြောင်အမ်းအမ်းဖြစ်သွားပြီး သူမ၏စိတ်ထဲတွင်လည်း ပျော်ရွှင်မှုများ ချက်ချင်းဆိုသလိုရောက်လာတော့သည်။
"တွေ့ပြီ…သူငါ့ကိုတကယ်ကြည့်နေတာပဲ"
သို့ပေမဲ့ သူမချက်ချင်းသတိဝင်သွားတော့သည်။ ဘာလို့ဆိုတော့ သူမ သေတော့မည် မဟုတ်ပါလား။
သူမ၏ ချက်ချင်းပေါ်လာခဲ့သည့် မျှော်လင့်ချက်ကလေးက ပြန်လည်ပျောက်ကွယ်သွားတော့သည်။
ဘာလို့လဲ "ဒီကမ္ဘာမှာနတ်ဘုရားတကယ်ရှိတာလား"
"ရှိတယ်ဆိုရင် ငါ့ကိုဘာလို့ခုလိုဖြစ်အောင် လုပ်ရတာလဲ"
သူမ ချန်လင်းကို ဒီလောက်ထိ ကြာမြင့်အောင် ရှာဖွေခဲ့သည်အချိန်တွင် မတွေ့ရပါပဲ ခုလို သေဆုံးခါနီးမှလာဆုံပေးခြင်းက အဆုံသတ်တစ်ခုကြောင့်လား ဟု သူမတွေးနေမိလေသည်။
ချန်လင်းသည် သူမမျှော်လင့်ချက်ကို ခံစားလိုက်သည့်အတွက်ကြောင့် သူမကို မတွေ့ရသော်လည်း သူမဖြစ်တည်နေကြောင်းကိုတော့ ခံစားရလိုက်လေသည်။
မှတ်ဉာဏ်များကလည်း လက်ရှိတွင် ထပ်တူညီနေပြီး ချန်လင်း ဆွေ့လီအာကို ကြည့်သောအကြည့်များမှာလည်း ပြောင်းလဲသွားတော့သည်။
ထို့သို့ကြည့်နေခိုက်တွင် သူ၏ခံစားချက်များမှာ ရှုတ်ထွေးလွန်းလှသည်။
"သူမ ငါ့ကို ဒီလောက်ကြာတဲ့အထိစောင့်နေခဲ့တာလား"
"ငါ သူမကိုမျှော်လင့်ချက်ပေးလိုက်မိပြီး ငါ မေ့နေမိခဲ့တာလား"
ထိုသို့ဖြစ်ခဲ့သည့်အဖြစ်အပျက်များသည် ချန်လင်းအဖေကြောင့် ဖြစ်သော်လည်း သူကိုယ်တိုင် သူမကို မျှော်လင့်ချက်ပေးခဲ့သူဖြစ်ပြီး မေ့နေခဲ့ခြင်းဖြစ်သည်။
သူ၏လုပ်ရပ်ကြောင့်ပင် ဆွေ့လီအာသည် ဒီကမ္ဘာတွင် သူမကို ထပ်တွေ့ဦးမည့် သူရှိသည်ဟုလည်း ယုံကြည်မိခဲ့ခြင်းဖြစ်သည်။
သို့ပေမဲ့ချန်လင်းသည် ဒီနယ်မြေက လူမဟုတ်ကြောင်းကိုတော့ သူမသိခဲ့ခြင်းမရှိပေ။ ထိုအချိန်တွင် ချန်လင်းမှ သူမကို ကယ်လိုက်နိုင်သည့်အတွက် ဝမ်းသာသွားတော့သည်။
ထို့နောက် သူ၏အဖေ လေ့ကျင့်သင်ကြားရေးကျောင်းကို ပို့လိုက်တာ၊ အလုပ်သင်ဆင်းရသည့် နယ်မြေကလည်း ဒီနယ်မြေဖြစ်နေတာ၊ ဒါ့အပြင် ဒီညသူဒီကိုရောက်လာတာ အားလုံးက တိုက်ဆိုင်မှုတစ်ခုလို ဖြစ်နေလေသည်။
အကယ်၍ တစ်ခုခုသာ လွဲချော်ခဲ့မည်ဆိုလျှင် ဆွေ့လီအာ၏ အေးစက်ပြီး အသက်မဲ့နေသော ခန္ဓာကိုယ်ကိုသာ သူတွေ့ရမှာဖြစ်သည်။
ကံကောင်းစွာဖြင့်ပင် သူရောက်လာခဲ့ပြီး လွန်ခဲ့သော ဆယ်နှစ်အတွင်း သူမကြုံကြိုက်ခဲ့ရသည်များကို မြင်ရသည့်အခါ ချန်လင်းတစ်ယောက် အပြစ်ရှိသလို ခံစားရလေတော့သည်။
ဆွေ့လီအာ၏ ကမ္ဘာထဲတွင် ချန်လင်းသာ ရှိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် သူဘာစကားမှ မပြောနိုင်တော့ပဲ သူမကို ဘယ်လိုပုံစံနဲ့တွေ့ရမလဲ ကိုသာ စဉ်းစာနေမိတော့သည်။
"ဆွေ့...ခဏလေး"
ချန်လင်း ဘာပြောရမှန်းမသိဖြစ်နေခဲ့တော့သည်။ သို့ပေမဲ့ သူမ ကုတ်ကုတ်လေး ထိုင်နေသည်ကို မြင်လိုက်သည့်အခိုက်အတန့်တွင် သူ့၏ရင်ထဲတွင် နူးညံ့သွားတော့သည်။
သူ၏ စိတ်အာရုံဖြင့် သူမရှေ့တွင် မုန့်အချို့ကို ဖန်တီးပေးလိုက်သည်။ သူမကတော့ မြေပြင်ကို ငေးကြည့်ကာ ထိုင်လျက် သူမရှေ့မှာ တစ်ခုခု ပေါ်လာတာသည်ကိုတောင် သတိမထားမိခဲပေ။
ခဏအကြာပြီးနောက်တွင် သူမသည် ဗိုက်ထဲမှ အသံမြည်လာသဖြင့် သတိပြန်ဝင်လာခဲ့လေသည်။
အဲ့ဒီတော့မှ မြေပြင်ပေါ်တွင် ရှိနေသော စားစရာများကို သူမ မြင်သွားခဲ့သည်။ သို့ပေမဲ့လည်း သူမ၏ ပထမဆုံး တုံ့ပြန်မှုသည် ချက်ချင်းစားသောက်လိုက်ခြင်းမျိုး မဟုတ်ပဲ ကြောက်လန့်တကြား ထခုန်လိုက်ခြင်းဖြစ်သည်။
သူမက အဝေးကို ပြေးထွက်သွားပြီး ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်လိုက်လေသည်။
"ဘယ်သူရှိလဲ"
"ကျွန်မကိုမြင်ရတဲ့သူရှိနေတာလားဟင်"
"ဒါတွေကဘယ်သူလာပေးထားတာလဲဟင်"
"တစ်ယောက်ယောက်ရှိနေရင် ထွက်လာခဲ့ပါ"
သူမ၏မျက်လုံးများတောက်ပလာပြီး မျှော်လင့်ချက်များပြည့်သွားခဲ့သည်။ ချန်လင်းသည် သူမ၏ရှေ့တွင် ရပ်နေသော်ငြားလည်းပဲ သူမမြင်နိုင်ခြင်း မရှိပေ။
ချန်လင်း ပါးစပ်ကို ဖွင့်လိုက်ကာ-
"ဆွေ့.... အာ..တောက် အသံကဘာလို့မထွက်ရတာလဲ"
ချန်လင်းလည်း သူ့ကိုယ်သူစိတ်ပျက်မိသွားသည်။
"ဟီး...ဟီး" သူမက ရုတ်တရက် ငိုချပစ်လိုက်သည်။ ထို့နောက် နှုတ်ခမ်းကိုကိုက်ကာ သူမ ဖြည်းဖြည်းချင်း ပြန်လျှောက်လာခဲ့ပြီး တစ်ခုခုကို သတိရသွားသလိုမျိုး ရုတ်တရက် ရပ်လိုက်လေသည်။
"ချန်လင်း" ဟုဆွေ့လီအာ အော်ခေါ်လိုက်ချိန်တွင် ချန်လင်းရဲ့ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတော့သည်။
သူမ၏ အသံက တစ်ခါမှ ကျယ်ကျယ်လောင်လောင် မထွက်ခဲ့ဖူးသည့်အတွက် ချန်လင်း မျက်မှောင်ကြုတ်လိုက်ကာ စိတ်မကောင်းလည်း ဖြစ်မိသည်။
"ငါ နင့်ကို အရမ်းသတိရတာပဲဟာ" ဟု ပြောကာ သူမက ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ ချန်လင်းလည်း နားကြားများမှာလေသလားဟု ထင်မိနေလေသည်။
ထို့နောက် မျက်ရည်များဖြင့် ဆွေ့လီအာကို ကြည့်မိနေတော့သည်။
"ဆွေ့..." ချန်လင်းစကားပြောမည်လိုက်နေချိန်တွင် ဆွေ့လီအာမှ မျက်ရည်များသုတ်ကာ မျက်မှောင်ကြုံ့ထားလိုက်သည်။ ထိုအချိန်တွင် ချန်လင်းလည်း သူမကို ကိုယ်ထင်ပြရန်အတွက် စဉ်းစားနေလေတော့သည်။
ထိုစဉ် ဆွေ့လီအာမှ ပေါင်မုန့်တစ်ထုပ်ကို ကောက်ယူကာ မျက်ရည်များစီးကျလာပြီး တိုးတိုးလေးပြောလိုက်သည်။
"ရှင်ဘယ်သူမှန်းမသိပေမဲ့ ကျေးဇူးတင်ပါတယ်ရှင်" ဟုပြောကာ လက်ထဲမှ ပေါင်မုန့်ကို အားပါးတရ စားလိုက်လေတော့သည်။
သူမစားနေသည်ကို လမ်းသွားလမ်းလာများသာ မြင်လျှင် ဝိုင်းဟားကြမည်မှာ အမှန်ပင်ဖြစ်သည်။ ဘာလို့ဆိုတော့ သူမသည် ပုံမှန်အတိုင်း စားနေခြင်းမျိုးမဟုတ်သောကြောင့်ဖြစ်သည်။
သူမ၏ဆာလောင်မှုကို ချန်လင်း ကောင်းကောင်းသိနေခြင်းဖြစ်သည်။ ထိုအချိန်တွင် ချန်လင်းက သူ၏စိတ်ဖတ်ခြင်းကို ပိတ်ပစ်လိုက်ပြီး ဆွေ့လီအာကို အပြည့်အဝနားလည်သွားလေသည်။
ချန်လင်း၏စိတ်ထဲတွင်လည်း သူမကို သနားလွန်းသဖြင့် ဆက်၍ပင် ကြည့်မနေနိုင်တော့ပေ။
သူမ အရမ်းဆာနေသော်လည်း ပေါင်မုန့် နှစ်ထုပ်ကိုသာ စားခဲ့ပြီး လမ်းဘေးတွင်ရှိနေသော အမှိုက်အိတ်အလွတ်တစ်ခုကို ယူကာ ကျန်ရှိနေသည့် မုန့်များကို အိတ်ထဲ ထည့်လိုက်တော့သည်။
သူမက တခါတည်း အကုန်မစားပဲ နောက်ရက်တွေအတွက် သိမ်းထားချင်ပုံလည်းရသည်။ ခုလို ကံကောင်းမှုမျိုးကို သူမ နေ့တိုင်း မရနိုင်ဘူးဆိုတာကို သိထားသောကြောင့်လည်းဖြစ်သည်။
ထို့နောက်သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး "ရှင် ဘယ်သူဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်နော်" ဟုပြောကာ သူမ၏အဆုံးမရှိသော ခရီးကို ပြန်လည်စတင်လိုက်တော့သည်။
ချန်လင်းသည်လည်း သူမ၏နောက်မှ တိတ်ဆိတ်စွာ လိုက်နေတော့သည်။
ထိုသို့သွားနေစဉ်တွင် သူမသည် ကြည်လင်နေသော ကန်ရေပြင်နားသို့သွားပြီး စိုက်ကြည့်နေလေသည်။
"ဘာလုပ်မလို့ပါလိမ့်..ရေထဲခုန်ချမလို့များလား"
ချန်လင်း သူမကို နားမလည်နိုင် ဖြစ်ရပြန်သည်။ စိတ်ဖတ်မည့်ကျိန်စာကို ဖွင့်မည်အလုပ်တွင် သူမက ညစ်ပေနေသည့် အဝတ်များကို ချွတ်လိုက်သည်ကို ချန်လင်း မြင်တွေ့လိုက်ရသည်။
လရောင်အောက်တွင် သူမ၏ဖြူဖွေးလွန်းလှသည့် အသားအရေက တောက်ပနေပြီး သူမ၏ပန်းရောင်ဆံပင်များကို ခါယမ်းလိုက်သည့်မြင်ကွင်းမှာ အင်မတန်ကို အိပ်မက်ဆန်လွန်းလှပေသည်။
ထို့နောက် ချန်လင်းက ခဏတာ ငေးမောကြည့်နေမိကာ သူမ၏ အလှအပတွင် နစ်မြောသွားမိလေသည်။
ဝမ်းနည်းစရာကောင်းလှသည်မှာ သူမသည်လည်း သူမ၏အလှကို မမြင်တွေ့နိုင်ခြင်းဖြစ်သည်။ အကြောင်းမှာ သူမ၏ပုံရိပ်သည် ကန်ရေပြင်တွင် မမြင်ရခြင်းကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ရုတ်တရက် သူမ နောက်ကို လှည့်ကြည့်လိုက်ချိန်တွင် "ဖူးးးး......" ချန်လင်း၏နှာခေါင်းမှ သွေးများ ပန်းထွက်လာတော့သည်။
"အဟွပ်...ဟွပ်...မကြည့်ရဘူး၊ မကြည့်ရဘူး...စိတ်ထိန်းစမ်း..."
***