အရက်ပုလင်း ဖွင့်တော့မယ့် ထုန်ယောင်ဟွေးက ရုတ်တရက် အဲဒီကိစ္စကို သတိရသွားပြီး တုံ့ဆိုင်းသွားတယ်။ ပြီးတော့ နှမြောတသ လေသံနဲ့ ပြောတယ်။ "ရှောင်ချန် မသောက်နိုင်မှတော့ ငါပဲ နည်းနည်း သောက်လိုက်ပါ့မယ်။ ရှောင်ချန်က ဒီကို လာခဲတာဆိုတော့ ငါ စိတ်ကြည်နေလို့ပါ"
"စိတ်ကြည်နေရင်လည်း ထမင်းပိုစားလေ။ အရက်ကို ဘာလို့ သောက်မှာလဲ" ဝမ်ယွန်းက အနားလျှောက်လာပြီး ထုန်ယောင်ဟွေး လက်ထဲက အရက်ပုလင်းကို ဆွဲယူကာ ဗီရိုထဲ ပြန်ထည့်လိုက်တယ်။ "ရှင် ဘာဖြစ်နေတာလဲ။ ရှင် ငယ်ငယ်တုန်းက အရက်သောက်တာ ကျွန်မ မတွေ့ဖူးပါဘူး။ အခု အသက်ကြီးလာမှ အရက်သောက်တဲ့ အကျင့်ဆိုး ရနေတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး၊ အသက် နှစ်ဆယ်ကျော် အရွယ် လူငယ်လေးများ ထင်နေသလား"
"..." မိန်းမဖြစ်သူက ကလေးတစ်ယောက်လို ဆူပူနေတာကို နားထောင်ရင်း ထုန်ယောင်ဟွေးက ပွစိပွစိ လုပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ "သမီးနဲ့ သမက်လည်း ရှိနေတာကို၊ ငါ့ကို မျက်နှာလေး ဘာလေး နည်းနည်း ထောက်ပါဦး"
ဝမ်ယွန်းက သူ့ကို စူပုတ်ပုတ်နဲ့ တစ်ချက်စွေကြည့်လိုက်တယ်။ "မြန်မြန်လာ၊ ထမင်းစားဖို့ ထိုင်တော့"
ထုန်ယောင်က ပါးစပ်ကို အုပ်ပြီး တခစ်ခစ် ရယ်လိုက်ကာ ဆစ်ချန်ကို ပြောင်ပြလိုက်တယ်။ ဆစ်ချန်ကတော့ နှုတ်ခမ်းထောင့်မှာ အပြုံးရေးရေးလေး ပေါ်နေပေမယ့် ဘာမှမပြောဘူး။ အရက်သောက်လို့ မရတော့ ဝမ်ယွန်းက ရေခဲသေတ္တာထဲကနေ အေးခဲထားတဲ့ သစ်သီးလက်ဖက်ရည်ကို ထုတ်လာတယ်။ မိသားစု လေးယောက် ပျော်ပျော်ပါးပါး စကားပြောရင်း ထမင်းစားနေကြတယ်။ ဒါပေမဲ့ တစ်ဝက်လောက် ရောက်တော့ တံခါးခေါက်သံ ကြားလိုက်ရတယ်။
ဝမ်ယွန်း တံခါးသွားဖွင့်လိုက်တော့ တံခါးဝမှာ ကလေးနဲ့အတူ ရပ်နေတဲ့ ယွမ်ချိုင်ကျိန်းကို တွေ့လိုက်ရတယ်။ ဒါနဲ့ အမြန် ခေါ်လိုက်တယ်။ "ချိုင်ကျိန်း... ထမင်းစားပြီးပြီလား။ ဝင်လာခဲ့လေ၊ အတူတူ စားရအောင်။ ရှောင်ချန်နဲ့ ယောင်ယောင်လည်း ရှိတယ်"
သူတို့က ခြံဝင်းတစ်ခုတည်းမှာ နေတဲ့ အိမ်နီးချင်းတွေ ဖြစ်ပေမယ့် မိသားစု နှစ်စုက သိပ်အဝင်အထွက် မရှိကြဘူး။ ဒါပေမဲ့ အခုတော့ ယွမ်ချိုင်ကျိန်းက ဆစ်ချန်ရဲ့ အန်တီလေး ဖြစ်နေတော့ ဝမ်ယွန်းက သူ့အပေါ် တော်တော်လေး ဖော်ဖော်ရွေရွေ ရှိနေတယ်။
ယွမ်ချိုင်ကျိန်းကလည်း အားနာမနေဘဲ ကလေးနဲ့အတူ အထဲဝင်လာပြီး တိုးတိုးလေး ရယ်ကာ ပြောတယ်။ "အန်တီဝမ်... သမီး မိဘတွေ အိမ်မှာ မရှိဘူး။ ယောင်ယောင် ပြန်ရောက်နေတယ် ကြားလို့ လာကြည့်တာ"
"အေးကွယ်... ရှောင်ချန် ဒီနေ့ အလုပ်နားလို့ သူတို့ လင်မယား နှစ်ယောက် အတူတူ လာကြတာ" ဝမ်ယွန်းက သူတို့ သားအမိကို ထမင်းစားပွဲဆီ ခေါ်သွားပြီး နေရာချပေးလိုက်တယ်။ "ဒီမှာ အရင်ထိုင်နေနော်၊ အန်တီ ပန်းကန်နဲ့ တူ သွားယူလိုက်ဦးမယ်"
ဝမ်ယွန်းက သူတို့အတွက် ပန်းကန်တွေ ချပေးပြီးတဲ့နောက် ယွမ်ချိုင်ကျိန်းနဲ့ ကလေးအတွက် သခွားသီး ကြက်ဥကြော် တစ်ပွဲကို အထူးတလည် သွားကြော်ပေးလိုက်သေးတယ်။
ထုန်ယောင်က ယွမ်ချိုင်ကျိန်းကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်တယ်။ "အန်တီလေး... ရှောင်ဟွေး ဆေးရုံက ဆင်းပြီလား"
"ဆင်းပြီကွယ့်"
ယွမ်ချိုင်ကျိန်းက ခါးသက်သက် ပြုံးလိုက်တယ်။ သူ့မှာ တကယ်ပဲ ပြောမပြတတ်အောင် ဒုက္ခရောက်နေပုံပဲ။ အခြေအနေ မဟန်ဘူးဆိုတာ သိတော့ ထုန်ယောင်လည်း ဆက်မမေးတော့ဘူး။
စားပွဲမှာ လူနှစ်ယောက် တိုးလာတော့ ထုန်ယောင်ဟွေးလည်း ခုနကလို စကားသိပ်မများတော့ဘူး။ ထမင်းစားပြီးတော့ သူနဲ့ ဆစ်ချန်က စာကြည့်ခန်းထဲ ဝင်ပြီး စကားပြောကြတယ်။ ဝမ်ယွန်းက ပန်းကန်ခွက်ယောက်တွေ သိမ်းဆည်းဆေးကြောနေပြီး ကလေးတွေက ဧည့်ခန်းထဲမှာ ဆော့ကစားနေကြတယ်။ အဲဒီအချိန်မှာ ထုန်ယောင်က ယွမ်ချိုင်ကျိန်းကို ဆိုဖာဆီ ဆွဲခေါ်သွားပြီး ပေါ့ပေါ့ပါးပါး စကားစမြည် ပြောတော့တယ်။
"အန်တီလေး... စိတ်ညစ်နေတဲ့ပုံပဲ။ တစ်ခုခု ဖြစ်လို့လား"
ယွမ်ချိုင်ကျိန်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။ ရင်ထဲမှာ မကျေနပ်မှုတွေ ပြည့်နှက်နေပေမယ့် ဘယ်ကနေ စပြောရမှန်း မသိဖြစ်နေတယ်။ ခဏနေတော့ သူက တိုးတိုးလေး ပြောတယ်။ "ယောင်ယောင်... အန်တီ သမီးကို မဖုံးကွယ်တော့ပါဘူး။ အန်တီက ရှောင်ဟွေးရော၊ ဆောင်ယုကိုပါ မကြိုက်ဘူး။ သူတို့ကို အန်တီ့အိမ်ကနေ အမြန်ဆုံး ထွက်သွားစေချင်နေပြီ။ ဒါပေမဲ့ သမီးဦးလေးက ပေးမထွက်ဘူး။ အဲဒါနဲ့ စိတ်တိုတိုနဲ့ ကလေးကိုခေါ်ပြီး အန်တီ့မိဘတွေအိမ် ပြန်လာခဲ့တာ၊ သူတို့လည်း အိမ်မှာ မရှိကြဘူး..."
ထုန်ယောင် ပြန်မပြောရသေးခင်မှာပဲ သူက ဆက်ပြောတယ်။ "ရှောင်ဟွေးက ကိုယ်ဝန်ပျက်ကျထားတာမို့ ပြုစုစောင့်ရှောက်မယ့်သူ လိုတယ်ဆိုတာ အန်တီ သိပါတယ်။ အဲဒါကို အန်တီ မကန့်ကွက်ပါဘူး။ ဒါပေမဲ့ သူက အန်တီ့ကို အစေခံတစ်ယောက်လို ဆက်ဆံပြီး အကြောင်းပြချက် မရှိဘဲ ဒေါသထွက်လို့ မရဘူးလေ။ ရိုးရိုးသားသား ပြောရရင် သမီးဦးလေးက သူ့ကို ဘာလို့ ဒီလောက် အလိုလိုက်ထားလဲဆိုတာ အန်တီ နားမလည်နိုင်ဘူး။ သူက အရမ်း ရိုင်းတာ။ တစ်ယောက်ယောက်က သူ့ကို ဆုံးမသင့်တယ် မဟုတ်ဘူးလား"
ထင်တဲ့အတိုင်းပဲ ဆစ်ရှောင်ဟွေး ပြဿနာရှာနေတာပဲ။ ထုန်ယောင် ခန့်မှန်းတာ ကွက်တိပဲ။ သူက မျက်ခုံးပင့်လိုက်ပြီး အကြံပေးတယ်။ "သူ့ကို အလိုမလိုက်ပါနဲ့။ ရှောင်ဟွေးက နိုင်စားလို့ရရင် နိုင်စားတတ်တဲ့ အကျင့်ရှိတယ်။ အန်တီက ဒီအိမ်ရဲ့ အိမ်ရှင်မဆိုတာ သူ့ကို ပြလိုက်"
ယွမ်ချိုင်ကျိန်းက သူ့ရဲ့ စိတ်ပျက်ဒေါသထွက်မှုတွေကို ရင်ဖွင့်တော့တယ်။ "အန်တီလည်း သူ့ကို အလိုမလိုက်ချင်ပါဘူး၊ သူလည်း နည်းနည်း လိမ္မာလာပါတယ်။ ဒါပေမဲ့ နောက်တော့ သူ ကိုယ်ဝန်ပျက်ကျသွားတယ်လေ။ အဲဒါကြောင့် သနားပြီး ပိုဂရုစိုက်ပေးတာကို သူက အခွင့်အရေး ယူတော့တာပဲ။ ဟင်းက ငန်တယ်ဆို ငန်တယ်၊ ပေါ့တယ်ဆို ပေါ့တယ်နဲ့။ ဒီမနက် သူ ဆယ်နာရီမှ နိုးလာပြီး ဆန်ပြုတ်က အေးနေပြီဆိုပြီး ညည်းတယ်။ ပြီးတော့ ပန်းကန်နဲ့ ဇွန်းကို လွှင့်ပစ်လိုက်တာပဲ။ သူက အန်တီ့ကို ကွယ်ရာမှာ အောက်တန်းစား မိန်းမဆိုပြီး စော်ကားသေးတယ်။ အန်တီ အရမ်း ဒေါသထွက်သွားပြီး သူ့ကို ပါးရိုက်လိုက်တာ။ အဲဒါကို သမီးဦးလေးက အန်တီ့ကို စိတ်ဆိုးတယ်လေ"
အဲဒီကိစ္စကို ပြောရင်းနဲ့ သူက တောင်းပန်တဲ့ လေသံနဲ့ ဆက်ပြောတယ်။ "အန်တီ စိတ်လွတ်သွားပြီး တစ်ယောက်ယောက်ကို မရိုက်သင့်ဘူး ဆိုတာတော့ ဝန်ခံပါတယ်။ အန်တီ ရှောင်ဟွေးကိုလည်း တောင်းပန်ပြီးပါပြီ။ ဒါပေမဲ့ သူက ကျေအေးမပေးဘူး။ ဒီကိစ္စကို ထပ်ခါတလဲလဲ ပြဿနာရှာနေတယ်။ သမီးဦးလေးကလည်း အန်တီ့အမှားလို့ ထင်နေတယ်၊ ရှောင်ဟွေးကို အလျှော့မပေးဘူး၊ သေချာ ဂရုမစိုက်ဘူးဆိုပြီး အန်တီ့ကို အပြစ်တင်တယ်။ သူက အိမ်မပြန်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီမို့ ရှောင်ဟွေးအပေါ် အကြွေးတင်နေတယ်တဲ့၊ ဒါကြောင့် သူ့ကို နားလည်ပေးပါတဲ့။ အန်တီက ဒီလိုလူမျိုးလို့ သူ မထင်ထားဘူးတဲ့၊ အန်တီက သဘောထား သေးသိမ်ပြီး သူ့ဆွေမျိုးတွေကို အထင်သေးတယ် လို့တောင် ပြောသေးတယ်..."
ဦးလေးလေးက ဒီလောက် စောစောစီးစီး အပြစ်ပုံချ ခြယ်လှယ်တတ်နေပြီလားလို့ ထုန်ယောင် တွေးလိုက်မိတယ်။
ထုန်ယောင် ရုတ်တရက် ယွမ်ချိုင်ကျိန်းကို သနားသွားတယ်။ ဒီလိုမျိုး နေရတာကို ဘယ်သူမဆို သည်းခံနိုင်ဖို့ ခက်ခဲမှာပဲ။ ယွမ်ချိုင်ကျိန်း ဒီလောက်ကြာကြာ သည်းခံနိုင်ခဲ့တာကိုက ချီးကျူးစရာ ကောင်းနေပြီ။ သူသာဆိုရင် အစောကြီးကတည်းက ပေါက်ကွဲပြီး ပြဿနာရှာပစ်လိုက်ပြီ။
သူက မျက်တောင်လေး ပုတ်ခတ်လုပ်ပြီး မေးလိုက်တယ်။ "အန်တီလေး... အခု ဘာဆက်လုပ်မလို့လဲ"
"အိမ်က ဆက်နေလို့ မရအောင် ဖြစ်နေပြီ၊ အန်တီလည်း မပြန်ချင်တော့ဘူး" ယွမ်ချိုင်ကျိန်းက ပြတ်ပြတ်သားသား ပြောတယ်။ "အန်တီ မထွက်လာခင် သမီးဦးလေးကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ သူ ရှောင်ဟွေးကို ဘယ်လိုပဲ ကိုင်တွယ်ကိုင်တွယ် အန်တီ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ရှောင်ဟွေး အိမ်မှာ ရှိနေသရွေ့ အန်တီနဲ့ ကလေး ပြန်မလာဘူးလို့ ပြောခဲ့တယ်။ ရှင်းရှင်းလေးပဲ၊ ဒီကိစ္စမှာ မှားတာ အန်တီ မဟုတ်ဘူး၊ သမီးဦးလေးရဲ့ စိတ်နေစိတ်ထားက မှားနေတာ။ သူ ရှောင်ဟွေးအပေါ် အပြစ်ရှိသလို ခံစားရရင် သူပဲ ဂရုစိုက်ပေါ့။ အန်တီက ဘာလို့ ဒုက္ခခံရမှာလဲ"
ယောကျ်ားဖြစ်သူရဲ့ ခေါင်းမာတဲ့ အတွေးအခေါ်က ယွမ်ချိုင်ကျိန်းရဲ့ နှလုံးသားကို နာကျင်စေခဲ့ပြီး အဲဒီအိမ်ကို သူ ခြေတစ်လှမ်းတောင် ထပ်မချချင်တော့ဘူး။
ရိုးရိုးသားသား ပြောရရင် သူ့ယောကျ်ားက တူမဖြစ်တဲ့ ဆစ်ရှောင်ဟွေးကို ဘာလို့ ဒီလောက်အထိ အလိုလိုက်နေရတာလဲ ဆိုတာကို သူ နားမလည်နိုင်ဘူး။ အပြစ်ရှိသလို ခံစားရရင်တောင် ဒီလို မျက်ကန်းတစ္ဆေ အလိုလိုက်စရာ မလိုဘူးလေ။
သူ့ယောကျ်ားက ဘယ်လို အကြောင်းပြချက်နဲ့ပဲ ရှောင်ဟွေးကို အလိုလိုက်နေပါစေ၊ ယောကျ်ားဖြစ်သူရဲ့ အတွေးတွေကို သူ လက်မခံဘူး။ ဒီလို မကျန်းမာတဲ့ အတွေးတွေကို သူ့အပေါ် အတင်းအဓမ္မ ရိုက်သွင်းလို့ မရဘူးလေ။ သူကလည်း မိဘတွေရဲ့ အချစ်တွေ၊ ယုယမှုတွေနဲ့ ကြီးပြင်းလာခဲ့ရတာ။ သူ ဒီလောက် ဒုက္ခရောက်နေတယ်ဆိုတာကိုသာ မိဘတွေ သိရင် ဘယ်လောက်တောင် ရင်ကွဲကြမလဲ။
ယွမ်ချိုင်ကျိန်းရဲ့ ပြတ်သားတဲ့ စကားတွေကို နားထောင်ရင်း ထုန်ယောင်တစ်ယောက် သူ့ကို မလေးစားဘဲ မနေနိုင်တော့ဘူး။ သူက ထုန်ယောင် မြင်ဖူးသမျှထဲမှာ လွတ်လပ်တဲ့ အတွေးအခေါ် အရှိဆုံး အမျိုးသမီးပဲ။ တကယ့်ကို နိုးကြားတက်ကြွပြီး ပုံမှန်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှု မှန်သမျှကို လုံးဝ ငြင်းဆန်ရဲတယ်။ အိမ်ထောင်ရေးမှာ အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတွေအတွက် သူက စံပြကောင်း တစ်ယောက်ပဲ။
ထုန်ယောင်က လေးစားစွာနဲ့ ပြောလိုက်တယ်။ "အန်တီလေး... အန်တီ့ကို ကျွန်မ တကယ် လေးစားတယ်။ ကျွန်မမှာ အန်တီ့လောက် သတ္တိမရှိ၊ မလွတ်လပ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်။ အန်တီလိုသာဆို သူ အခု ထောင်ထဲ ရောက်နေမှာ မဟုတ်ဘူး"
ရင်ဖွင့်ပြီးသွားတော့ ယွမ်ချိုင်ကျိန်းလည်း စိတ်တော်တော်လေး ပေါ့သွားတယ်။ သူက နေရခက်စွာ ပြုံးပြီး မေးတယ်။ "ယောင်ယောင်... ရှောင်ဟွေးက ဘာပဲဖြစ်ဖြစ် ရှောင်ချန်ရဲ့ ညီမလေ။ အန်တီက အရမ်း လွန်လွန်းသွားတယ်လို့ သမီး ထင်လား"
ဒါပေမဲ့ ထုန်ယောင်က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်တယ်။ "အန်တီလေး... အန်တီ မှားတာ မဟုတ်ပါဘူး။ ကျွန်မကိုသာ တစ်ယောက်ယောက်က အဲဒီလို ဆက်ဆံရင် သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မကို စပြီး အနိုင်ကျင့်တဲ့ ပထမဆုံးနေ့မှာတင် ကျွန်မ ဆန့်ကျင်ပစ်လိုက်ပြီ။ လူတိုင်းမှာ အသက်တစ်ချောင်းပဲ ရှိတာလေ၊ သူများတွေရဲ့ ဆိုးရွားတဲ့ ဆက်ဆံမှုကို ဘာလို့ သည်းခံနေရမှာလဲ"
ယွမ်ချိုင်ကျိန်းက ခါးသက်သက် ပြုံးပြီး သက်ပြင်းချလိုက်တယ်။ "တကယ်တော့ အန်တီက ရှောင်ဟွေးကို ဒေါသထွက်တာတင် မကဘူး၊ သမီးဦးလေးကို ပိုပြီး ဒေါသထွက်တာ။ သမီးဦးလေးကသာ အလိုမလိုက်ထားရင် ရှောင်ဟွေး ဒီလောက် ရမ်းကားရဲမှာ မဟုတ်ဘူး"
အပိုင်း (၃၀၂) ပြီးဆုံး
***