"မဆိုးပါဘူး" ဆစ်ဝေမင်းက စိတ်အေးအောင် ပြောလိုက်တယ်။ "မရီး... စိတ်မပူပါနဲ့၊ ရှောင်ဟွေးက ဒီမှာ အရမ်း လိမ္မာပါတယ်"
"ဒါဆို နင်က ဘာလို့ စိတ်မကြည်မလင် ဖြစ်နေရတာလဲ" လင်းဖန်ရင်းက ယွမ်ချိုင်ကျိန်း သူ့မိဘအိမ် ပြန်သွားတာကို သိထားတော့ ပိုပြီး လွတ်လွတ်လပ်လပ်ပဲ ပြောလိုက်တယ်။ "ဝေမင်း... ငါ့ကို လာမလိမ်နဲ့။ နှစ်တွေ ဒီလောက်ကြာသွားတာတောင် နင့်အကျင့်စရိုက် ဘယ်လိုရှိလဲဆိုတာ ငါ မှတ်မိနေတုန်းပဲ"
"မရီး... တကယ် ကိစ္စကြီး မဟုတ်ပါဘူး" ဆစ်ဝေမင်း သက်ပြင်းချလိုက်တယ်။ "ဒီရက်ပိုင်း ချိုင်ကျိန်းက စိတ်ဆိုးမာန်ဆိုး လုပ်နေတာနဲ့ ဒီနေ့ ကလေးကိုခေါ်ပြီး သူ့မိဘအိမ် ပြန်သွားလို့ပါ"
ဒါကို ကြားတော့ လင်းဖန်ရင်းက နေရခက်စွာနဲ့ မေးလိုက်တယ်။ "ချိုင်ကျိန်းက ရှောင်ဟွေးကို နင့်အိမ်မှာ မနေစေချင်လို့လား။ ရှောင်ဟွေးလည်း နင့်အိမ်မှာ နေတာ တော်တော်ကြာပြီဆိုတော့ အဆင်မပြေလောက်ဘူးလေ။ ဆောင်ယုအတွက် အလုပ်ရှာပေးပြီး သူတို့ကို အိမ်ခွဲနေခိုင်းလိုက်ရင်ကော ဘယ်လိုလဲ။ နင်နဲ့ ချိုင်ကျိန်းမှာ သားတစ်ယောက် ရှိတယ်လို့ ကြားတယ်၊ နင့်မှာလည်း ကိုယ်ပိုင် မိသားစုလေးနဲ့ဆိုတော့ ရှောင်ဟွေးက နင့်အိမ်မှာ ဆက်တိုက်နေနေတာ မသင့်တော်ဘူးလို့ ထင်တယ်"
စကားဆုံးသွားချိန်မှာ လင်းဖန်ရင်းရဲ့အသံက ခါးသက်မှုတွေနဲ့ ပြည့်နှက်နေတယ်။ ဒါကို ကြားတော့ ဆစ်ဝေမင်းက သူ့အမြင်ကို ချက်ချင်း ပြောလိုက်တယ်။
"မသင့်တော်စရာ ဘာမှမရှိပါဘူး။ ချိုင်ကျိန်းက သူ့သဘောထားကို ပြင်ဖို့ လိုနေတာပါ။ သူ့မိဘတွေနဲ့အတူနေပြီး ရက်အနည်းငယ်လောက် သေချာ စဉ်းစားဖို့ အချိန်ပေးလိုက်တာ ကောင်းပါတယ်"
မရီးဆိုရင် ဒီနှစ်တွေ တစ်လျှောက်လုံး ရှောင်ဟွေးကို ပင်ပန်းတယ်လို့ မညည်းညူဘဲ စောင့်ရှောက်ခဲ့တာ။ ရှောင်ဟွေးက ဒီကိုရောက်တာ တစ်လ၊ နှစ်လပဲ ရှိသေးတာလေ။ သူက ရှောင်ဟွေးကို ညည်းညူနေမယ်ဆိုရင် သူက ဘယ်လို လူစားမျိုး ဖြစ်သွားမလဲ။
"ရှောင်ဟွေးကြောင့် နင်တို့ လင်မယား ဆက်ဆံရေး ထိခိုက်နေလို့ပါ" လင်းဖန်ရင်းက စိုးရိမ်တကြီး ပြောတယ်။
ဆစ်ဝေမင်းက "ရပါတယ်။ ချိုင်ကျိန်းက လောလောဆယ် စိတ်ရှုပ်နေလို့ပါ။ သူ့မိဘအိမ်မှာနေပြီး နှစ်ရက်လောက် စိတ်အေးအောင် ထားလိုက်ရင် အဆင်ပြေသွားမှာပါ။ ရှောင်ဟွေးပဲ ရက်အနည်းငယ်လောက် ကျွန်တော် ချက်တာကို သည်းခံစားရမှာပေါ့၊ ကျွန်တော်က ဟင်းချက် သိပ်မကျွမ်းဘူးလေ" လို့ ပြောလိုက်တယ်။
ဒါပေမဲ့ လင်းဖန်ရင်းက ပြန်ပြောတယ်။ "နင်က ယောက်ျားကြီး ဖြစ်ပြီး ဘာလို့ ဟင်းချက်နေရတာလဲ။ ရှောင်ဟွေးကို ချက်ခိုင်းလိုက်လေ။ သူ ဟင်းချက်တတ်ပါတယ်၊ နင် သူချက်တာ မစားဖူးသေးဘူး မဟုတ်လား"
မရီးက တောရွာက အတွေးအခေါ်တွေ ရှိနေတုန်းပဲဆိုတာနဲ့၊ ကိုယ်ဝန်ပျက်ကျပြီးနောက် ခဏလေး နားလိုက်ရုံနဲ့ ဘာမှမဖြစ်ဘူးလို့ တွေးနေမှန်း သိတော့ ဆစ်ဝေမင်းက ပြန်မငြင်းတော့ဘဲ သိမ်မွေ့စွာ သတိပေးလိုက်တယ်။ "ရှောင်ဟွေးက ကျန်းမာရေး ပြန်ကောင်းအောင် အနားယူဖို့ပဲ အာရုံစိုက်သင့်တာပါ။ တစ်သက်လုံးစာ ကျန်းမာရေး ထိခိုက်သွားမှာ စိုးလို့ပါ"
အဲဒီလို ပြောလိုက်ပေမယ့် လင်းဖန်ရင်းက ဆစ်ဝေမင်း စကားရဲ့ ဆိုလိုရင်းကို နားလည်မှုလွဲသွားပြီး လေသံပြောင်းကာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်တဲ့ဟန်နဲ့ ပြောတယ်။ "နင် ရှောင်ဟွေးကို ဂရုစိုက်ပေးနေတယ်ဆိုတော့ ငါ စိတ်အေးရပါတယ်။ နင်က မြို့ကြီးပြကြီးမှာ နေလာတာ ကြာပြီဆိုတော့ ငါ့ထက် အများကြီး ပိုသိတာပေါ့။ ငါက တောထဲမှာ နေတာ ကြာလွန်းတော့ ငါ့အတွေးအခေါ်တွေက ခေတ်နောက်ကျနေပြီလေ၊ ခေတ်နဲ့ မမီတော့ဘူး၊ ရှောင်ဟွေးကိုလည်း သေချာ မစောင့်ရှောက်နိုင်တော့ဘူး"
ဆစ်ဝေမင်းက အမြန် ပြန်ပြောတယ်။ "မရီး... ကျွန်တော်က အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ နားလည်မှု မလွဲပါနဲ့။ ဒီနှစ်တွေ တစ်လျှောက်လုံး မရီးက ရှောင်ဟွေးကို သေချာ စောင့်ရှောက်ပေးခဲ့တာပါ၊ ကျွန်တော်... ကျွန်တော်ကသာ တာဝန်မကျေခဲ့လို့ မရီးတို့ အားလုံး ဒီလောက်နှစ်တွေအကြာကြီး ဒုက္ခရောက်ခဲ့ရတာပါ"
ဒါကို ကြားတော့ လင်းဖန်ရင်း ရင်ထဲမှာ စူးခနဲ ဖြစ်သွားပြီး မနေနိုင်ဘဲ ပြောလိုက်တယ်။ "အရင်တုန်းက ငါတစ်ယောက်တည်း ကလေးသုံးယောက်ကို ကျွေးမွေးပြုစုခဲ့ရပေမယ့်၊ ရိုးရိုးသားသား ပြောရရင် ငါ ဝန်ထုပ်ဝန်ပိုးလို့ မခံစားခဲ့ရပါဘူး။ အခု အတိတ်ကို ပြန်တွေးကြည့်တော့မှ ငါ နည်းနည်း မိုက်မဲခဲ့တယ်လို့ ခံစားမိတာ။ ငါသာ အဲဒီလောက် ခေါင်းမမာဘဲ အတူတူ နေဖို့ ယောကျ်ားတစ်ယောက်လောက် ရှာခဲ့ရင်၊ ငါ့အသက်ကြီးလာတဲ့အချိန် ဒီလောက် အထီးကျန်နေရမှာ မဟုတ်ဘူး"
သူ့စကားကို ကြားတော့ ဆစ်ဝေမင်းက စကားရဲ့ ဆိုလိုရင်းကို နားမလည်ချင်ယောင် ဆောင်လိုက်ပြီး ဘေးကနေ ကြည့်နေတဲ့သူ တစ်ယောက်ရဲ့ အမြင်မျိုးနဲ့ ခပ်ခွာခွာလေး အကြံပေးလိုက်တယ်။ "ရွာက လယ်ဧက အနည်းငယ်ကို မလုပ်လည်း ကိစ္စမရှိပါဘူး၊ မရီးက ဘိုရီ ဒါမှမဟုတ် အာချန်တို့နဲ့ သွားနေသင့်တယ်! တောမှာ တစ်ယောက်တည်း ဆက်မနေနဲ့တော့၊ မြို့ပေါ်မှာ နေတာက သွားလာရ ပိုလွယ်တယ်။ တကယ်လို့ သင့်တော်တဲ့သူနဲ့ တွေ့ရင်လည်း အဖော်တစ်ယောက် ရှာဖို့ စဉ်းစားသင့်တယ်၊ အာချန်လည်း ကန့်ကွက်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်"
ဆစ်ဝေမင်းက သူ့စကားတွေကို တမင် ရှောင်လွှဲသွားပြီး သူတို့ ဆက်ဆံရေးကို သာမန် အန်တီနဲ့တူ ဆက်ဆံရေးအဖြစ် ပြောင်းလဲလိုက်ကာ အတိတ်က ကိစ္စတွေကို လုံးဝ မမှတ်မိတော့သလို လုပ်နေတာကို ကြားရတော့ လင်းဖန်ရင်း အရမ်းကို ဝမ်းနည်းသွားတယ်။
သူ မနေနိုင်တော့ဘဲ ထူးဆန်းတဲ့ လေသံနဲ့ ပြောလိုက်တယ်။ "နင် မပြောရင် ငါလည်း အဲဒီလို မစဉ်းစားမိဘူး၊ နင့်ဘက်မှာ သင့်တော်တဲ့သူ တွေ့ရင် ငါ့အတွက် ကြည့်ထားပေးပါဦး။ ငါက ဂျီးမများပါဘူး၊ ငါ့အသက်အရွယ်၊ ကလေးသုံးယောက် မွေးထားတာရယ်၊ ငါက တောသူတစ်ယောက် ဖြစ်နေတာကိုရယ် စိတ်မဆိုးရင် ရပါပြီ။ ငါ အဝတ်လျှော်၊ ဟင်းချက် လုပ်ပေးနိုင်ပါတယ်"
"မရီး..." လင်းဖန်ရင်း လေသံ ပြောင်းသွားတာကို ကြားတော့ ဆစ်ဝေမင်းက "အင်း... ကျွန်တော် ပန်းကန်တွေ သွားသိမ်းလိုက်ဦးမယ်၊ အိမ်မှာ တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်ပါ့မယ်" လို့ ပြောလိုက်တယ်။
စကားဆုံးတာနဲ့ လင်းဖန်ရင်း ပြန်မပြောနိုင်ခင်မှာပဲ သူ ဖုန်းချသွားတယ်။
လင်းဖန်ရင်းက ဖုန်းနားမှာ အကြာကြီး ရပ်နေမိပြီး ခြေထောက်တွေတောင် ထုံကျင်လာတယ်။ အဲဒီနောက်မှ သူ လှုပ်ရှားလိုက်ပြီး ဆစ်ဝေမင်း ပြောသွားတဲ့ စကားတွေကို တွေးရင်း တော်တော်လေး နေရခက်နေတယ်။ တစ်ညလုံး စဉ်းစားပြီးတဲ့နောက် မနက်အစောကြီးမှာ ထုန်ယောင်ရဲ့ နို့လက်ဖက်ရည်ဆိုင်ကို ဖုန်းဆက်လိုက်တယ်။
"ယောင်ယောင်... ရှောင်ဟွေး ကိုယ်ဝန်ပျက်ကျသွားပြီး ပြုစုမယ့်သူ မရှိဘူးတဲ့၊ အမေ စိတ်ပူလို့ အဲဒီကို သွားပြီး သူ့ကို ပြုစုပေးချင်လို့။ အမေ နေဖို့ နေရာရှိလား။ ရှောင်ဟွေးက နင့်ဦးလေးအိမ်မှာ နေနေတာလေ။ အမေပါ အဲဒီသွားနေရင် အဆင်မပြေလောက်ဘူး၊ ပြီးတော့ နေရာလည်း လောက်မှာ မဟုတ်ဘူး"
လင်းဖန်ရင်း လာချင်တယ် ဆိုတာကို ကြားတော့ ထုန်ယောင်မှာ ခေါင်းရှုပ်သွားပြီး အချိန်ဆွဲဖို့ပဲ တတ်နိုင်တော့တယ်။ "အမေ... ဒီကိစ္စကို သမီး ဆုံးဖြတ်လို့ မရဘူး၊ အာချန်နဲ့ တိုင်ပင်ရဦးမယ်။ အမေ ကျိုတိုကို လာချင်တဲ့အကြောင်း ဘိုရီကို ပြောပြီးပြီလား။ လီကျွမ်းလည်း ကလေးမွေးခါနီးပြီလေ၊ အမေက ရှောင်ဟွေးကို သွားပြုစုပေးနေရင် လီကျွမ်းရဲ့ ခံစားချက်ကို ထိခိုက်မသွားဘူးလား"
လင်းဖန်ရင်းက "လီကျွမ်း မွေးဖို့က နှစ်လ၊ သုံးလလောက် လိုသေးတာပဲ။ အမေက ကျိုတိုမှာ ဆယ်ရက်ကနေ လဝက်လောက်ပဲ နေမှာပါ။ အဲဒီမှာ နေစရာ နေရာရှိတယ်ဆိုရင် ဘိုရီနဲ့ တိုင်ပင်လိုက်ပါ့မယ်" လို့ ပြောတယ်။
"သမီး အခုနေနေတာက မိသားစု အဆောင်လေ၊ အိပ်ခန်း တစ်ခန်းပဲ ရှိတာ" လင်းဖန်ရင်း လာမယ့် အစီအစဉ်ကို ထုန်ယောင်က ပါးနပ်စွာနဲ့ ငြင်းလိုက်တယ်။
ဒါပေမဲ့ လင်းဖန်ရင်းက ပြန်ပြောတယ်။ "အပြင်မှာ နေရာတစ်နေရာ ငှားလို့ မရဘူးလား။ ခေါင်တဲ့နေရာ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ နင့်ဦးလေးအိမ်နဲ့ နီးရင် ရပြီ၊ ဒါမှ ရှောင်ဟွေးဆီ သွားရတာ အဆင်ပြေမှာ"
ထုန်ယောင်က အတင်းရယ်လိုက်ပြီး ပြောတယ်။ "သမီး အရင်က အဲဒါတွေ လိုက်မစုံစမ်းဖူးလို့ သေချာ မသိဘူး။ အာချန်နဲ့ အရင် တိုင်ပင်လိုက်ဦးမယ်နော်!"
"အေးပါ... သွားမေးကြည့်လိုက်! နင်တို့ နေရာရှာမတွေ့ရင် နင့်ဦးလေးဆီ ဖုန်းဆက်ပြီး သူ့ကို အကူအညီတောင်း ရှာခိုင်းလိုက်မယ်" လင်းဖန်ရင်းရဲ့ ရည်ရွယ်ချက်က ရှင်းနေတယ်။ သူက ကျိုတိုကို လာဖို့ သန္နိဋ္ဌာန် ချထားပြီးသားပဲ။
ကျိုတိုကို သွားဖို့ မဆုံးဖြတ်ရသေးခင်က သူ့မှာ တိကျတဲ့ အတွေးတွေ မရှိခဲ့ဘူး။ ဒါပေမဲ့ အခု ဆုံးဖြတ်ချက် ချပြီးသွားချိန်မှာတော့ အဲဒီကို ချက်ချင်းပဲ ပျံသွားချင်စိတ် ပေါက်နေပြီ။
ထုန်ယောင်က အတင်းပြုံးပြီး "ပြီးရင် အာချန်ကို ဖုန်းဆက်ခိုင်းလိုက်မယ်နော်၊ ဆိုင်မှာ နည်းနည်း အလုပ်ရှုပ်နေလို့ ဖုန်းချလိုက်တော့မယ်" လို့ ပြောတယ်။
ဖုန်းချပြီးတာနဲ့ ထုန်ယောင်က ဆစ်ဘိုရီဆီ ချက်ချင်း ဖုန်းဆက်ပြီး လင်းဖန်ရင်း ကျိုတိုကို လာမယ့် အစီအစဉ်အကြောင်း ပြောပြလိုက်တယ်။ သတင်းကို ကြားတော့ ဆစ်ဘိုရီလည်း လန့်သွားပြီး နည်းနည်း ဒေါသထွက်သွားတယ်။
"အမေက အခု ကျိုတိုကို လာပြီး ဘာလုပ်မလို့လဲ။ ရှောင်ဟွေးကို ဒုက္ခခံပါစေ၊ ဘယ်သူမှ မကူညီဘူးလို့ တို့တွေ သဘောတူထားကြတယ် မဟုတ်ဘူးလား"
ဆစ်ဘိုရီက ဆစ်ဝေမင်းအပေါ် သံယောဇဉ် သိပ်မရှိဘူး။ သူငယ်ငယ်တုန်းက သူ့ဦးလေးလေးက ရှောင်ဟွေးကိုပဲ ကောင်းကောင်း ဆက်ဆံပြီး သူနဲ့ သူ့အစ်ကိုကိုတော့ သာမန်လောက်ပဲ ဆက်ဆံကာ တစ်ခါတလေ ဆူပူတတ်တယ်။ စားစရာ ကောင်းကောင်းရှိရင်လည်း ရှောင်ဟွေးကိုပဲ ပေးတတ်တယ်။
အဲဒီတုန်းက သူ့အဖေ ကျိုတိုမှာ အလုပ်လုပ်နေတုန်း သူက မနာလိုဖြစ်ပြီး ရှောင်ဟွေးရဲ့ စားစရာကို ခိုးစားခဲ့တယ်။ အဲဒါကြောင့် ရှောင်ဟွေးက ငိုပြီး ဦးလေးလေးကို တိုင်တော့ ဦးလေးလေးက သူ့ကို ကန်လိုက်တာ ဒူးခေါင်း ပွန်းပဲ့သွားတဲ့အထိ လဲကျသွားခဲ့တယ်။
အဲဒီကိစ္စတွေ အားလုံးကို သူ မှတ်မိနေတယ်။ အငြိုးမထားပေမယ့် သူ့ဦးလေးအပေါ် သံယောဇဉ်လည်း မရှိဘူး။ ဒါကြောင့် ဦးလေး အသက်ရှင်နေသေးတယ် ဆိုတာ သိလိုက်ရချိန်မှာ ဝမ်းသာပေမယ့်၊ ဆက်သွယ်ဖို့တော့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။
နှစ်တွေ ဒီလောက်ကြာသွားတာတောင် သူ့ဦးလေးလေးက လုံးဝ မပြောင်းလဲဘူး၊ ရှောင်ဟွေးအပေါ် အရမ်း ကောင်းနေတုန်းပဲ။
သူ့ဦးလေးက ရှောင်ဟွေးကို ကောင်းကောင်း ဆက်ဆံချင်ရင်လည်း အဲဒါ သူ့ကိစ္စပဲလေ၊ ဒါပေမဲ့ သူကတော့ အလျှော့ပေးမှာ မဟုတ်ဘူး။
အပိုင်း (၃၀၅) ပြီးဆုံး
***