ကျိုးလေနဲ့ ပါလာတဲ့ ကောင်မလေး နာမည်က ဟွမ်မန်ရွှယ်တဲ့။ သူက ပုံမှန် တက္ကသိုလ်ကျောင်းသူ တစ်ယောက်လို ဝတ်စားထားပြီး အနီးမှုန် မျက်မှန်လေး တပ်ထားတယ်။ ရုပ်ရည်က သာမန်လောက်ပဲ ဆိုပေမယ့် တော်တော်လေး နူးညံ့ပြီး တည်ငြိမ်တဲ့ပုံ ပေါက်တယ်။ သူက ယဉ်ယဉ်ကျေးကျေး စကားပြောတတ်ပြီး တိန့်ဝမ်ဝမ်ရဲ့ သွက်လက်ရဲတင်းတဲ့ စရိုက်နဲ့တော့ လုံးဝ ဆန့်ကျင်ဘက်ပဲ။
သူက တိန့်ဝမ်ဝမ်လောက် မလှပေမယ့် တိန့်ဝမ်ဝမ်ဆီမှာ မရှိတဲ့ အရှိန်အဝါ တစ်ခုတော့ သူ့ဆီမှာ ရှိနေတယ်။
ဟွမ်မန်ရွှယ်က သူ့ထက် တစ်နှစ်ကြီးတဲ့ တက္ကသိုလ်က စီနီယာလို့ ကျိုးလေက ပြောတယ်။ သူတို့ရဲ့ မပွင့်တပွင့် ဆက်ဆံရေးရယ်၊ ကျိုးလေက သူ့ကို သေချာ ဂရုစိုက်ပေးနေတာရယ်ကို ကြည့်ရင် ကျိုးလေက သူ့ကို လိုက်နေတဲ့ အဆင့်မှာ ရှိသေးပုံရတယ်။ မကြာခင်မှာတော့ သူတို့ တရားဝင် ရည်းစားတွေ ဖြစ်သွားကြတော့မှာ သေချာတယ်။
ကြည့်ရတာ တိန့်ဝမ်ဝမ် တစ်ယောက် အချိန်အတန်ကြာ အသည်းကွဲနေရတော့မယ် ထင်တယ်။
ကျိုးလေက နိုင်ငံ့ဝန်ထမ်း လုပ်ချင်တယ်လို့ အရင်က ပြောဖူးတယ်။ အဲဒီလိုဆိုရင် ဟွမ်မန်ရွှယ်က သူ့အတွက် ပိုပြီး သင့်တော်မှာ သေချာတယ်။ ဒါမှမဟုတ် သူက ဟွမ်မန်ရွှယ်ကို ပိုပြီး သင့်တော်တယ်လို့ တွေးထားတာလည်း ဖြစ်နိုင်တယ်။
ထုန်ယောင်က နားလည်ပေမယ့် အမှန်တရားကို ဖွင့်မပြောဖို့ပဲ ရွေးချယ်လိုက်တယ်။ အဲဒီအစား စကားဝိုင်းကို ပျော်စရာကောင်းအောင်ပဲ ကြိုးစားနေလိုက်တယ်။ ကျိုးလေလည်း တိန့်ဝမ်ဝမ် စိတ်မကြည်တာကို သတိထားမိပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို သူ အတန်အသင့် ရိပ်မိပေမယ့် ဖွင့်မပြောပါဘူး။ ထမင်းစားပြီးတော့ သူက သူ့စီနီယာနဲ့အတူ ပြန်ထွက်သွားတယ်။
"ယောင်ယောင်မမ... ကျိုးလေမှာ ရည်းစားရတော့မှာလား" တိန့်ဝမ်ဝမ်က ဘယ်လောက်ပဲ ကလေးဆန်ပါစေ၊ ကျိုးလေက ဟွမ်မန်ရွှယ်နဲ့ သူ့အပေါ် ဆက်ဆံပုံ မတူဘူးဆိုတာကိုတော့ နားလည်ပါတယ်။ ကျိုးလေက သူ့ကို ညီမလေး တစ်ယောက်လို ဆက်ဆံပေမယ့် ဟွမ်မန်ရွှယ် အပေါ်ကျတော့ ကြင်ကြင်နာနာနဲ့ အဘက်ဘက်ကနေ ဂရုတစိုက် ရှိလွန်းတယ်။
ဟွမ်မန်ရွှယ် ထိုင်တဲ့အခါ ကျိုးလေက စားပွဲကို သုတ်ပေးပြီး ပျင်းမသွားအောင် စကားအကြောင်းအရာ မျိုးစုံနဲ့ အမြဲ ဖျော်ဖြေပေးနေတယ်။ ဒါပေမဲ့ တိန့်ဝမ်ဝမ်နဲ့ အတူရှိနေရင်တော့ သူက အမြဲတမ်း အစ်ကိုကြီး တစ်ယောက်လို ဆုံးမစကားတွေ ပြောပြီး လမ်းညွှန်ပေးတတ်တယ်။
ဒီကွာခြားချက်က အရမ်း သိသာလွန်းတော့ သူ ဘယ်သူ့ကို သဘောကျနေလဲဆိုတာ အလွယ်လေး သိနိုင်ပါတယ်။
ထုန်ယောင်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။ "ဖြစ်နိုင်တယ်။ သူက ဟွမ်မန်ရွှယ်ကို သူ့အတွက် ပိုသင့်တော်တယ်လို့ ထင်နေတာ နေမှာပါ။ ကျိုးလေက တော်တော်လေး တွေးတွေးဆဆ လုပ်တတ်တဲ့သူလေ။ အိမ်ထောင်ဖက် ရွေးတဲ့အခါ သူ့ကို အကျိုးရှိရှိ ကူညီပံ့ပိုးပေးနိုင်မယ့် သူကိုလည်း သူ စဉ်းစားမှာပဲ"
ဟွမ်မန်ရွှယ်နဲ့ ခဏလေး စကားပြောကြည့်ရုံနဲ့တင် သူ့အပြုအမူတွေက ယဉ်ကျေးသိမ်မွေ့တယ်လို့ ထုန်ယောင် ထင်မိတယ်။ သာမန် ဝတ်စားထားပေမယ့် သူ့ရဲ့ နူးညံ့တဲ့ လက်ချောင်းလေးတွေကို ကြည့်ရင် သူက အသိုင်းအဝိုင်းကောင်းက လာပြီး ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး ကြမ်းတမ်းတဲ့ အလုပ်တွေ သိပ်မလုပ်ခဲ့ရဘူး ဆိုတာ သိသာတယ်။ ကျိုးလေရဲ့ မိသားစုက အဲဒီလောက် အခွင့်ထူးခံ မဟုတ်ဘူးလေ။ သူက နိုင်ငံရေးလောကထဲ ဝင်ချင်တယ်ဆိုရင် သဘာဝကျကျပဲ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် အကျိုးပြုနိုင်မယ့် အိမ်ထောင်ဖက်ကို ရွေးချယ်မှာပဲ။
အစကတော့ ထုန်ယောင်က ဒီအတွေးတွေကို ဖွင့်မပြောချင်ခဲ့ဘူး။ ဒါပေမဲ့ တိန့်ဝမ်ဝမ် ဝမ်းနည်းနေတာကို မြင်တော့ ပြောပြလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ခံစားချက်ဆိုတာ အတင်းအကျပ် လုပ်ယူလို့ မရဘူးလေ။ တိန့်ဝမ်ဝမ်က ငယ်ပါသေးတယ်၊ အချိန်တန်ရင် မှန်ကန်တဲ့သူနဲ့ သူ တွေ့လာမှာပါ။ ဒါကို စောစောစီးစီး သဘောပေါက်သွားတာက သူ့အတွက် အဆိုးဆုံးတော့ မဟုတ်ပါဘူး။
အသက် ၁၈၊ ၁၉ နှစ်လောက်ပဲ ရှိသေးတဲ့ တိန့်ဝမ်ဝမ်က ထုန်ယောင်ရဲ့ စကားတွေကို အပြည့်အဝ နားလည်ဖို့ ခက်ခဲနေသေးတယ်။ စိတ်ဓာတ်ကျနေတဲ့ တိန့်ဝမ်ဝမ်က ကျိုးလေဟာ အရည်အချင်းတူတဲ့ အိမ်ထောင်ဖက်ကို ရှာနေတာလို့ အထင်လွဲသွားတယ်။ "သမီးသာ သေချာ စာလုပ်ပြီး တက္ကသိုလ် ရောက်ခဲ့ရင်ကော ကျိုးလေက သမီးကို စဉ်းစားပေးမှာလား" လို့ သူက မေးတယ်။
ထုန်ယောင်က သူ့ကို နှစ်သိမ့်တဲ့အနေနဲ့ ခေါင်းကို ဖွဖွလေး ယမ်းပြပြီး ပြန်ဖြေတယ်။ "မမလည်း မသိဘူး။ ဒါပေမဲ့ နင် ဒါကို အရမ်းကြီး မတွေးသင့်ဘူး။ ရှေ့ဆက်လျှောက်ရမယ့် လမ်းက အရှည်ကြီး ကျန်သေးသလို၊ တွေ့ရမယ့်သူတွေလည်း အများကြီး ရှိသေးတယ်။ ဘယ်သူသိမှာလဲ... နောက်လအနည်းငယ် ကြာရင် နင်ကိုယ်တိုင်ကပဲ ကျိုးလေက နင့်အတွက် မသင့်တော်ဘူးလို့ ခံစားလာရနိုင်တာပဲ"
"ဒါပေမဲ့ အခုတော့ သမီး အရမ်း ဝမ်းနည်းနေပြီ" တိန့်ဝမ်ဝမ်က မျက်ရည်ဝဲပြီး ညှိုးငယ်စွာ ပြန်ဖြေတယ်။ "ယောင်ယောင်မမ... နေ့လယ်စာ ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သမီး ပြန်တော့မယ်"
သူက ပျော်ပျော်ရွှင်ရွှင် ရောက်လာခဲ့ပေမယ့် စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားရပြီ။ "မျှော်လင့်ချက်တွေနဲ့ လာပြီး စိတ်ပျက်စွာ ပြန်သွားရတယ်" ဆိုတဲ့ စကားက သူ့အတွက် ကွက်တိပဲ။ ဒီကိစ္စတွေကို ပြန်စဉ်းစားဖို့ သူ့အတွက် အချိန်လိုပါသေးတယ်။
"သွားလေ!"
ထုန်ယောင်က သူ့ကို မတားပါဘူး။ တခြားသူတွေက နှလုံးသားရေးရာ ကိစ္စတွေမှာ ဝင်မစွက်ဖက်သင့်ဘူးလေ။ တိန့်ဝမ်ဝမ်နဲ့ ကျိုးလေတို့က ဘယ်တုန်းကမှ မတွဲခဲ့ဖူးဘူး၊ အပြန်အလှန် စိတ်ဝင်စားမှု ပြသရုံ သက်သက်ပါပဲ။ ဘာပဲဖြစ်ဖြစ် တိန့်ဝမ်ဝမ် ရင့်ကျက်လာရင် အချိန်တိုအတွင်းမှာပဲ သူ မေ့သွားနိုင်မှာပါ။
ပြောရရင် တိန့်ဝမ်ဝမ်က ကျိုးလေကို သိခဲ့ရတာ ဆိုးတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ကျိုးလေက တိန့်ဝမ်ဝမ်ကို ပြောင်းလဲပေးနိုင်ခဲ့ပြီး သူ့ရဲ့ ဆယ်ကျော်သက် အရွယ် ပုန်ကန်ချင်စိတ်တွေကို ကျော်ဖြတ်နိုင်အောင် ကူညီပေးနိုင်ခဲ့တယ်လေ။
ဒါပေမဲ့ ဒီအချိန်မှာ တခြားသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနေတဲ့ ထုန်ယောင်တစ်ယောက် သူ့အိမ်ကို တစ်ယောက်ယောက် ကျူးကျော်ဝင်ရောက်နေပြီ ဆိုတာကိုတော့ မသိခဲ့ဘူး...
ရှီယန်ရဲ့ ဆူပူတာကို ခံလိုက်ရတဲ့ လင်းမန်က ရက်အနည်းငယ်လောက် ငြိမ်နေခဲ့တယ်။ အိမ်ထောင်သည် တစ်ယောက်ကို ခွဲခွာအောင် လုပ်တာက ကိုယ်ကျင့်တရားနဲ့ မညီဘူးဆိုတာ သူ သိသလို၊ ဆစ်ချန်က သူ့ညီမဝမ်းကွဲရဲ့ ယောကျ်ားဖြစ်နေတယ် ဆိုတာကိုလည်း သူ သိတယ်။ ဒါပေမဲ့ ဆစ်ချန်အကြောင်း အမြဲတမ်း တွေးနေမိတာကိုတော့ သူ မတားဆီးနိုင်ခဲ့ဘူး။ ရက်အနည်းငယ်လောက် သူ့အတွေးတွေနဲ့ သူ လွန်ဆွဲပြီးတဲ့နောက်မှာတော့ ဆစ်ချန်ဆီ သွားတွေ့ဖို့ သူ ဆုံးဖြတ်လိုက်တယ်။
တိုက်ဆိုင်မှုတစ်ခုလို ဖြစ်အောင် သူက ဆစ်ချန်ရဲ့ ဆေးခန်းကို လူနာယောင်ဆောင်ပြီး သွားဖို့ တမင် ရွေးချယ်လိုက်တယ်။
လူနာခန်း တံခါးပေါက်ကို ရောက်တော့ လင်းမန်က အသက်ပြင်းပြင်း တစ်ချက်ရှူပြီး အထဲဝင်သွားတယ်။ ဆစ်ချန်က လူနာတစ်ယောက်ကို ဆေးဘယ်လိုသောက်ရမလဲ ဆိုတာ သေချာ ရှင်းပြနေတယ်။ လင်းမန်က ဆစ်ချန်ကို တပ်မက်စွာ ငေးကြည့်နေမိတယ်။ သူ့မျက်လုံးထဲမှာတော့ ဆစ်ချန်က ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ ကောင်းကင်တမန် တစ်ပါးလိုပဲ၊ သူ့တစ်ကိုယ်လုံးကနေ တောက်ပတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတယ်။ ဆစ်ချန်ရဲ့ လှုပ်ရှားမှုတိုင်းက သူ့နှလုံးသားကို ဆွဲကိုင်လှုပ်ယမ်းနေတယ်။
ချင်းစီးတီးမှာတုန်းက ဆစ်ချန်ကို ဒုက္ခရောက်နေတဲ့ မင်းသားလေး တစ်ပါးလို့ သူ ထင်ခဲ့ရင်၊ အခုအချိန်မှာတော့ ဆစ်ချန်က အမြင့်မြတ်ဆုံးနဲ့ တန်ခိုးအာဏာ အကြီးမားဆုံး ဘုရင်တစ်ပါးလို ဖြစ်နေတယ်။ လင်းမန်ရဲ့ ရင်ထဲမှာ စိတ်လှုပ်ရှားမှုတွေ သောင်းကျန်းလာတယ်။ ဆစ်ချန်ကိုသာ လက်လွတ်ခံလိုက်ရရင် ဒီဘဝမှာ သူ့လို ယောကျ်ားမျိုးနဲ့ ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူးလို့ သူ တွေးလိုက်မိတယ်။
"နင့်အလှည့် ရောက်ပြီလေ။ အဲဒီမှာ ရပ်မနေနဲ့ - တို့တွေ အားလုံး တန်းစီ စောင့်နေကြတာ"
သူ့အနောက်က လူတစ်ယောက်က ရုတ်တရက် သူ့ကို တွန်းလိုက်တော့မှ လင်းမန်တစ်ယောက် သတိပြန်ဝင်လာတယ်။ သူက ဆစ်ချန်ဆီ အမြန်လျှောက်သွားပြီး အံ့သြချင်ယောင်ဆောင်ဖို့တောင် ခဏလောက် မေ့သွားတယ်။ သူ့ရဲ့ ဆေးမှတ်တမ်းစာအုပ်ကို စားပွဲပေါ် တင်လိုက်တော့ ဆစ်ချန်က အေးစက်စက်နဲ့ မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ"
"ကျွန်မ... ကျွန်မ ကျောနာနေလို့ပါ" အခြေအနေတွေက လင်းမန် စိတ်ကူးထားသလို ဖြစ်မလာတော့ သူ နည်းနည်း ပြာယာခတ်သွားတယ်။
ဆေးမှတ်တမ်းစာအုပ်ကိုပဲ စူးစိုက်ကြည့်နေရင်း ဆစ်ချန်က ဆက်မေးတယ်။ "ဘယ်နားက နာတာလဲ"
နည်းနည်း ဂနာမငြိမ်ဖြစ်သွားတဲ့ လင်းမန်က ရမ်းသန်းပြီး ဖြေလိုက်တယ်။ "ကျွန်မရဲ့ ခါးရိုးဆစ်က နာတာပါ"
ဆစ်ချန် ပြန်မပြောခင်မှာပဲ သူက စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ပြောလိုက်တယ်။ "ဒေါက်တာဆစ်... ကျွန်မကို မှတ်မိလား။ ကျွန်မက လင်းမန်လေ။ ချင်းစီးတီးမှာ ရှင် ကျွန်မကို ကယ်ခဲ့တာ။ ကျွန်မ... ကျွန်မ ရှင့်အတွက် စာလေးတစ်စောင် ထားခဲ့သေးတယ်။ သူတို့ ရှင့်ကို ပေးလိုက်လားတော့ မသိဘူး။ ကျွန်မတို့ ဒီမှာ ထပ်ဆုံရမယ်လို့ မထင်ထားခဲ့ဘူး။ တကယ့်ကို တိုက်ဆိုင်တာပဲနော်"
ဆစ်ချန်က ဂရုမစိုက်တဲ့ လေသံနဲ့ ပြန်ဖြေတယ်။ "ကျောရိုးက ပြဿနာရှိနေတာဆိုရင် အရိုးအကြောဌာနကို သွားပါ။ အပြင်ထွက်ပြီး ဘယ်ဘက်ကို ကွေ့လိုက်၊ တတိယမြောက် အခန်းပဲ"
ဆစ်ချန်က သူ့ကို လျစ်လျူရှုပြီး စကားလမ်းကြောင်း လွှဲလိုက်တော့ လင်းမန် နေရခက်သွားပြီး အငြင်းခံလိုက်ရသလို ခံစားလိုက်ရတယ်။ "ဒေါက်တာဆစ်... ရှင် ကျွန်မကို တကယ် မမှတ်မိဘူးလား။ ကျွန်မက လင်းမန်လေ၊ အပျက်အစီးတွေ အောက်ကနေ ရှင် ကယ်ထုတ်ခဲ့တဲ့ သူလေ။ ရှင် ကျွန်မကို ကျောက်ပြားကြီး ပိမလာအောင်တောင် ကာကွယ်ပေးခဲ့သေးတာ။ အဲဒါတွေကို ရှင် မေ့သွားပြီလား"
ဆစ်ချန်ရဲ့ မျက်နှာက သူ့စိတ်ထဲမှာ စွဲထင်နေလို့သာပေါ့၊ မဟုတ်ရင် သူ မှတ်မိနေတာတွေက မှားနေသလားလို့တောင် သူ သံသယ ဝင်လာတော့မယ်။
ကိုယ်ကယ်ခဲ့ဖူးတဲ့ လူတစ်ယောက်နဲ့ ပြန်ဆုံရတယ်ဆိုတာ ရှားပါးတဲ့ ရေစက်တစ်ခုလေ။ သာမန်လူ တစ်ယောက်ဆိုရင် ဒီလို ပြန်ဆုံရတာကို စိတ်လှုပ်ရှားရမှာ မဟုတ်ဘူးလား။
အနည်းဆုံးတော့ ဒီလောက်ကြီး သွေးအေးနေမှာ မဟုတ်ဘူးလေ။
ဆစ်ချန်က လျစ်လျူရှုထားတဲ့ ပုံစံကို ဆက်ထိန်းထားပြီး ဆေးမှတ်တမ်းစာအုပ်ကို ပိတ်ကာ လင်းမန်ဆီ ပြန်တွန်းပေးလိုက်တယ်။ သူက မျက်မှောင်ကြုတ်ပြီး ပြောတယ်။ "ဒါက ဆေးရုံပါ၊ ဆွေမျိုး လာစပ်ရမယ့် နေရာ မဟုတ်ပါဘူး။ တခြားလူနာတွေ ဆေးကုသမှု ခံယူတာကို အနှောင့်အယှက် မပေးပါနဲ့"
"ကျွန်မလည်း ဆေးလာစစ်တာပါပဲ" လင်းမန် မျက်နှာက ခရမ်းချဉ်သီးလို နီရဲသွားပြီး အရှက်ကွဲမှုကြောင့် သူ့နှလုံးသားလေး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသလို ခံစားလိုက်ရတယ်။
ဆစ်ချန်က ဒီတစ်ခါ ပိုပြီး အေးစက်စက် လေသံနဲ့ ထပ်ပြောလိုက်တယ်။ "ကျောရိုးမှာ ပြဿနာရှိရင် အရိုးအကြောဌာနကို သွားပါ"
"ကောင်မလေး... ဆရာဝန်က ရှင်းရှင်းလင်းလင်း ပြောနေပြီလေ။ ကျောရိုးနာရင် အရိုးအကြောဌာနကို သွားရမှာပေါ့။ ဒီမှာ ငါတို့ ဆေးစစ်တာကို လာမနှောင့်နှေးစေနဲ့" လင်းမန်နောက်က တန်းစီနေတဲ့ အသက်ကြီးကြီး အမျိုးသမီး တစ်ယောက်က စိတ်မရှည်တော့ဘဲ လင်းမန်ကို ထွက်သွားဖို့ တိုက်တွန်းတော့တယ်။
ခေတ်လူငယ် ကောင်မလေးတွေက တကယ် အရှက်မရှိကြတော့ဘူး။ ချောမောတဲ့ ဆရာဝန်ကို တွေ့တာနဲ့ ပေါ်တင်ကြီးကို အီစီကလီ လာလုပ်ရဲတယ်။ သူ အသက်ကြီးနေပြီ ဆိုပေမယ့် မျက်ကန်းမှ မဟုတ်တာ။ ဒီကောင်မလေးက ဘာမှမဖြစ်ဘဲ ကျန်းမာရေး ကောင်းနေတာ၊ ဘာရောဂါမှ မရှိဘူး။ ဆရာဝန်ကို တမင်သက်သက် လာမြူဆွယ်နေတာ ရှင်းနေတာပဲ။
ကံကောင်းလို့ ဆရာဝန်လေးက အဲဒီလို လူစားမျိုး မဟုတ်တာ။
"..."
လုံးဝကို အရှက်ကွဲသွားတဲ့ လင်းမန်တစ်ယောက် မြေကြီးဟသွားပြီး သူ့ကို မြိုချလိုက်ရင် ကောင်းမယ်လို့တောင် ဆုတောင်းမိပြီး မျက်လုံးတွေ နီရဲလာတယ်။ ဆေးမှတ်တမ်းစာအုပ်ကို ဆွဲယူပြီး ဆေးခန်းထဲကနေ ကြောင်တောင်တောင်နဲ့ သူ ထွက်လာခဲ့တယ်။
"သူ စောစောကတည်းက ထွက်သွားသင့်တာ" လင်းမန်နောက်က အမျိုးသမီးကြီးက ပွစိပွစိ ပြောရင်း ဆရာဝန်ရှေ့မှာ အမြန်ဝင်ထိုင်လိုက်တယ်။ "ဆရာဝန်... ဒါလေး တစ်ချက်လောက် ကြည့်ပေးပါဦး။ သံစလေး တစ်ခုက ကျွန်မခြေထောက်ကို မတော်တဆ ခြစ်မိသွားတာ။ ရက်အတော်ကြာနေပြီ၊ မကျက်တဲ့အပြင် အခု ပြည်တောင် တည်လာပြီ"
အပိုင်း (၃၀၈) ပြီးဆုံး
***