ဆေးရုံကနေ ထွက်လာပြီးတဲ့နောက် လင်းမန်က ဆစ်ချန်ရဲ့ ဆက်ဆံပုံကို ပြန်တွေးမိပြီး သူ့ရဲ့ ဂုဏ်သိက္ခာကို နင်းခြေခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူ့ပါးပြင်တွေက ပူထူနေတာပဲ။
ဆစ်ချန် သူ့ကို ကယ်ခဲ့တုန်းကဆို ဘာမှမတွန့်ဆုတ်ဘဲ ကယ်ခဲ့တာလေ။ သူတို့ဆုံတွေ့ရတာက ကံကြမ္မာရဲ့ လှပတဲ့ အစီအစဉ်တစ်ခုလိုပဲ။ ဘယ်လိုလုပ် သူက ဒီလောက် သွေးအေးနိုင်ရတာလဲ။
ဒါက သူ့ရဲ့ မူလစရိုက်ကြောင့်လား၊ ဒါမှမဟုတ် သူက အိမ်ထောင်ကျနေပြီ ဖြစ်လို့များလား။
ရှီယန်ရဲ့ အလိုလိုက် အကြိုက်ဆောင်ပြီး နောက်ကလိုက်နေတာကို အသားကျနေတဲ့ လင်းမန်အတွက်တော့ ဆစ်ချန်ရဲ့ အေးစက်ပြီး ဂရုမစိုက်တဲ့ ပုံစံက သေလောက်အောင် ဆွဲဆောင်မှု ရှိနေတယ်။
ဆစ်ချန်က ပိုပြီး အေးစက်လေလေ၊ သူက ပိုပြီး စိန်ခေါ်ချင်လေလေပဲ။ ဘာလို့များ ထုန်ယောင်က ဒီလို စစ်မှန်ပြီး ပြီးပြည့်စုံတဲ့ ယောကျ်ားကို ပိုင်ဆိုင်ရမှာလဲ။
သူသာ ဆစ်ချန်ကို လုယူနိုင်ခဲ့ရင်၊ သူက ထုန်ယောင်ထက် ပိုသာတယ်ဆိုတာကို သက်သေပြလိုက်ရာ ရောက်မှာ မဟုတ်ဘူးလား။
ဒီလို သစ္စာရှိတဲ့ ယောကျ်ားတစ်ယောက်သာ သူ့လူ ဖြစ်လာခဲ့ရင်၊ သူ့အပေါ်ကိုရော အဲဒီလို သစ္စာရှိမှာလား။
လင်းမန်က ဒီမေးခွန်းတွေကို ဆက်တိုက် တွေးနေမိတယ်။ သတိမထားမိခင်မှာပဲ ဆစ်ဝေမင်းရဲ့ အိမ်နားကို ရောက်သွားတယ်။ သူ့စိတ်ခံစားချက်တွေကို ပြင်ဆင်ပြီး အဲဒီကို တန်းသွားလိုက်တော့ ဈေးဝယ်ထွက်ဖို့ ပြင်နေတဲ့ ရှောင်ဟွေးနဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားဆုံတယ်။
"ရှောင်ဟွေး... အပြင်သွားမလို့လား"
"လင်းမန်... နင် ဘယ်လိုလုပ် ဒီရောက်လာတာလဲ" လင်းမန်ကို မြင်တော့ ရှောင်ဟွေး အရမ်း ဝမ်းသာသွားတယ်။ အရင်က သူ လင်းမန်ဆီ သွားလည်ဖို့ တွေးခဲ့သေးပေမယ့်၊ ဆောင်ယုက လင်းမန်ဟာ အလုပ်ကြောင့်သာ သူ့ကို သူငယ်ချင်းလုပ်ဖို့ ဆန္ဒရှိတာလို့ ပြောခဲ့တယ်လေ။
ကြည့်လေ... အဲဒီလို လုံးဝ မဟုတ်ဘူးဆိုတာကို ဒါက သက်သေပြနေတာပဲ။ လင်းမန်က သူ့ဆီကို လာလည်တာလေ။
"ငါ ဒီနေ့ အလုပ်နားလို့၊ ဆွေမျိုးတချို့ဆီ သွားလည်ရင်း နင် ဒီနားမှာ နေတာ သတိရလို့ လာကြည့်တာ" လို့ လင်းမန်က ပြုံးပြီး ပြောတယ်။
"နင်က ငါ့ကို တွေ့ဖို့ သီးသန့် လာတာပေါ့" ရှောင်ဟွေးက ပျော်လွန်းလို့ ပြုံးဖြီးနေတယ်။
"အင်းလေ!" လင်းမန် ခေါင်းငြိမ့်လိုက်တယ်။ "နင် အပြင်သွားဖို့ အစီအစဉ် ရှိလို့လား"
"အထူးတလည်တော့ မရှိပါဘူး။ ဆောင်ယုနဲ့ ဈေးဝယ်ထွက်မလို့ စီစဉ်နေတာ။ အားလုံး အတူတူ သွားကြတာပေါ့"
"ကောင်းတာပေါ့! ငါလည်း တခြား လုပ်စရာမှ မရှိတာ"
ရှောင်ဟွေးနဲ့ လင်းမန်တို့က ချက်ချင်းပဲ အံဝင်ခွင်ကျ ဖြစ်သွားကြတယ်။ ဆောင်ယုကတော့ ဘေးနားမှာ နေရခက်စွာ ရပ်နေပြီး စကားဝိုင်းထဲ ဝင်မပါနိုင်ဘူး ဖြစ်နေတယ်။ မိန်းမနှစ်ယောက်က ရှေ့ကနေ လက်ချင်းချိတ်ပြီး လျှောက်သွားကြပြီး၊ ဆောင်ယုကတော့ နောက်လိုက်လေး တစ်ယောက်လို အနောက်ကနေ လိုက်သွားရတယ်။
ရှောင်ဟွေးက မြို့ကို သိပ်မကျွမ်းသေးဘူး။ အရင်က သူ အနီးအနား ပတ်ဝန်းကျင်မှာပဲ လမ်းလျှောက်ဖူးတာ။ အခု လင်းမန်နဲ့ အတူရှိနေတော့ သူတို့သုံးယောက် မြို့လယ်ခေါင်ကို တန်းပြီး သွားကြတယ်။
လီစီးတီးထက် အဆပေါင်းများစွာ ပိုပြီး စည်ကားနေတဲ့ လမ်းမတွေကို ကြည့်ရင်း၊ ရှောင်ဟွေးက တမ်းတမ်းတတနဲ့ ပြောတယ်။ "ငါသာ ဒီမှာ အတည်တကျ နေပြီး အိမ်တစ်လုံး ဝယ်နိုင်ရင် သိပ်ကောင်းမှာပဲ"
"ကိုယ့်ဇာတိမြို့က ပိုကောင်းပါတယ်" လို့ ဆောင်ယုက နောက်ကနေ ပြောတယ်။ "ဒီနေရာက ဘယ်လောက်ပဲ ကောင်းကောင်း ကိုယ့်ဇာတိမှ မဟုတ်တာ။ ပိုက်ဆံရှာပြီးရင် လီစီးတီးမှာ အိမ်ဝယ်တာက ပိုကောင်းတယ်။ မြို့ပေါ်မှာ နေပြီး အိမ်ကို ပြန်ချင်တဲ့အချိန်တိုင်း ပြန်လို့ရတာပေါ့"
ဆောင်ယုက သူ့အတွေးကို အားမပေးတော့ ရှောင်ဟွေးက နည်းနည်း မကျေမနပ်ဖြစ်သွားပြီး ညည်းတွားတယ်။ "လီစီးတီးက ဘာများ ကောင်းလို့လဲ! ဒီမြို့နဲ့ ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ ငါက မြို့ကြီးပြကြီးတွေကို ပိုကြိုက်တယ်။ ဒီက မိန်းမတွေက အမြဲတမ်း ပိုပြီး ခေတ်မီမီ ဝတ်စားကြတယ်။ တစ်ယောက်အကြောင်း တစ်ယောက်လည်း အတင်းမပြောကြဘူး"
လမ်းမတွေပေါ်မှာ လက်ပြတ်အင်္ကျီတွေ၊ ပေါင်ပေါ်တဲ့ ဘောင်းဘီတိုတွေ ဝတ်ပြီး လမ်းလျှောက်နေကြတဲ့ မိန်းမ တော်တော်များများကို သူ တွေ့ခဲ့ရတယ်။ လီစီးတီးက တောရွာတွေမှာ ဘယ်သူကများ ဒီလို ဝတ်ရဲမှာလဲ။
ဒီနေရာကမှ လူငယ်တွေအတွက် နေရာပဲ။
ရှောင်ဟွေးရဲ့ အတွေးတွေကို သတိထားမိတော့ လင်းမန်က တခစ်ခစ် ရယ်ပြီး ပြောတယ်။ "ဒီမြို့မှာ အတည်တကျ နေတာက တော်တော်ကောင်းတဲ့ အကြံပဲ! နင့်ဦးလေးက နင့်အတွက် ဆိုင်တစ်ဆိုင် ဖွင့်ပေးမယ်လို့ ပြောထားတယ် မဟုတ်လား။ နင် ပိုက်ဆံရှာနိုင်လာရင် ဒီမှာ အိမ်ဝယ်လို့ ရမှာပေါ့။ ပြီးတော့ နင့်အစ်ကိုရော၊ ဦးလေးပါ ဒီမြို့မှာ ရှိနေတော့ အချင်းချင်း ဂရုစိုက်ပေးလို့ ရတာပေါ့"
"နင် ကြားလား" ရှောင်ဟွေးက ဆောင်ယုဘက် လှည့်ပြီး စူပုတ်ပုတ်နဲ့ ပြောတယ်။ "ငါ့ဦးလေးနဲ့ ငါ့အစ်ကိုတို့ အကုန်လုံး ဒီမှာ ရှိတာ၊ နောင်ကျရင် ငါတို့ ဒီမှာ အတည်တကျ နေကြရင် သိပ်ကောင်းမှာပဲ!"
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထောက်ခံနေကြတာကို မြင်တော့ ဆောင်ယုက မျက်နှာ မှုန်ကုပ်ကုပ်နဲ့ တစ်ခွန်းမှ ဝင်မပြောတော့ဘူး။ ဒီမြို့မှာ အိမ်ဝယ်ဖို့ဆိုတာ ဘယ်လိုလုပ် အဲဒီလောက် လွယ်ပါ့မလဲ။ ဒီက အိမ်ဈေးတွေက သူ အိပ်မက်တောင် မမက်ရဲတဲ့ ပမာဏလေ။ သူ့ကိုယ်သူ ရောင်းစားရင်တောင် သူ တတ်နိုင်မှာ မဟုတ်ဘူး။ ရှောင်ဟွေးက အရမ်းကို ရိုးအလွန်းပါတယ်။
သူတို့သုံးယောက် အမျိုးသမီးအတွင်းခံဆိုင် တစ်ဆိုင်ရှေ့ကို အမြန် ရောက်သွားကြတယ်။ ရှောင်ဟွေးက အထဲမှာ ဘာတွေရှိလဲဆိုတာ သိချင်စိတ်နဲ့ လင်းမန်ကို ဆွဲပြီး ဆိုင်ထဲ ဝင်သွားတော့ ဆောင်ယု မျက်နှာက ပုစွန်ပြုတ်လို နီရဲသွားတယ်။ သူက ဆိုင်ထဲကနေ အမြန် နောက်ဆုတ်သွားပြီး အပေါက်ဝကနေပဲ သူတို့ကို ရပ်စောင့်နေလိုက်တယ်။
ရှောင်ဟွေးက ဆိုင်ထဲက အတွင်းခံ မျိုးစုံကို ကြည့်ပြီး မျက်နှာတွေ ပူထူလာကာ ရှက်ရှက်နဲ့ ပြောတယ်။ "ဒီမှာ ရောင်းနေတဲ့ ပစ္စည်းတွေက ဘာတွေလဲဟ။ ဒီအဝတ်စ နည်းနည်းလေးနဲ့ ဝတ်ထားရင် ဘာမှ ဖုံးနိုင်မှာ မဟုတ်ဘူး။ ဒါတွေကို ဝတ်တဲ့ မိန်းမတွေက အရှက်မရှိတဲ့ သူတွေပဲ ဖြစ်ရမယ်!"
"ဒါတွေက မိန်းမတွေ ခန္ဓာကိုယ်နဲ့ ကပ်ပြီးဝတ်ရတဲ့ အတွင်းခံတွေလေ။ ရှောင်ဟွေး... နင် အရင်က ဒါတွေ တစ်ခါမှ မဝတ်ဖူးဘူးလား" လင်းမန်ရဲ့ အံ့သြနေတဲ့ မျက်လုံးတွေက ရှောင်ဟွေးရဲ့ ရင်ဘတ်ဆီကို ရောက်သွားတယ်။
ရှောင်ဟွေး မျက်နှာက ပိုပြီး နီရဲသွားပြီး မသိစိတ်ကနေ သူ့ရင်ဘတ်ကို ကာထားလိုက်တယ်။ "မိသားစုကောင်းက ဆင်းသက်လာတဲ့ ဘယ်သူကများ ဒီလိုဟာတွေ ဝတ်မှာလဲ! ဝတ်ထားလည်း ဘာမှ ဖုံးလို့မရတာ၊ ဝတ်ရတာ ဘာအဓိပ္ပာယ် ရှိလို့လဲ"
ဒါတွေမှာ ကပ်ထားတဲ့ ဈေးနှုန်းတွေက မပေါပါဘူး။ အတွင်းခံ တစ်ထည်ရဲ့ ဈေးက တောမှာဆိုရင် အထည်စ ပေပေါင်းများစွာ ဝယ်လို့ရတဲ့ ပမာဏလေ။ အရူးတစ်ယောက်ကပဲ ဒါတွေကို ဝယ်ဖို့ ပိုက်ဆံ အဲဒီလောက် အများကြီး သုံးမှာပေါ့။
လင်းမန်က ရှောင်ဟွေးကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်ပြီး မေးလိုက်တယ်။ "ရှောင်ဟွေး... နင့်မရီးက နို့လက်ဖက်ရည်ဆိုင် ဖွင့်ထားပြီး တော်တော် ချမ်းသာတယ် မဟုတ်လား။ သူက နင့်အတွက် ဒါတွေ မဝယ်ပေးဖူးဘူးလား"
အကဲခတ်ခံနေရလို့ ရှောင်ဟွေး နည်းနည်း အပြစ်ရှိသလို ခံစားသွားရတယ်။ လင်းမန်ရဲ့ မျက်လုံးထဲမှာ သူက ခေတ်နောက်ကျနေသူ တစ်ယောက်လို ဖြစ်နေတယ်လို့ ရုတ်တရက် ခံစားလိုက်ရပြီး ထုန်ယောင်ကို ဒေါသတကြီး အပြစ်တင်တော့တယ်။
"ငါ့မရီးက ပိုက်ဆံရှာနိုင်ပေမယ့် ငါ့ကို သုံးဖို့ တစ်ပြားမှ မပေးဘူး။ ငါ့အစ်ကိုကလည်း သူ့စကားပဲ နားထောင်တာ။ သူတို့က ဦးလေးလေးလောက် ငါ့အပေါ် မကောင်းကြဘူး"
"ရှောင်ဟွေး... နင့်မရီးက တကယ်ကို လွန်လွန်းတယ်" လင်းမန်က ဘရာဇီယာ တစ်ထည်ကို ကောက်ကိုင်လိုက်ပြီး ရှောင်ဟွေးရဲ့ နားနားကပ်ကာ တစ်ခုခု တိုးတိုးလေး ပြောပြီးနောက် ရှောင်ဟွေးကို အဝတ်လဲခန်းထဲ တွန်းသွင်းလိုက်တယ်။
သူတို့နှစ်ယောက် အဝတ်လဲခန်းထဲမှာ ခဏလောက် အလုပ်ရှုပ်နေကြတယ်။ လင်းမန်က ရှောင်ဟွေးကို အတွင်းခံ လဲဝတ်ဖို့ ကူညီပေးတယ်။ အစကတော့ ရှောင်ဟွေးက ရှက်နေပေမယ့် ဝတ်လည်းပြီးရော လုံးဝ အံ့သြမှင်သက်သွားတယ်။ မှန်ထဲကို ကြည့်ရင်း သူ့ရင်တွေ ခုန်လာတယ်။
"ဒါက တကယ် အံ့သြစရာပဲနော်။ မြို့သူလေးတွေက အမြဲတမ်း ကြည့်ကောင်းပြီး ပြည့်ဖြိုးနေကြတာ မဆန်းပါဘူး။ သူတို့က ကောင်းကောင်း စားရလို့ပဲ ထင်နေတာ၊ တကယ်တော့ သေချာ ဝတ်စားတတ်လို့ကိုး"
"ဒါကို ဘောင်းဘီတိုနဲ့ တွဲဝတ်လိုက်ရင် နင် ပိုပြီး သက်တောင့်သက်သာ ရှိသွားမှာ။ မြို့က ကောင်မလေးတွေ အကုန်လုံး ဒီလိုပဲ ဝတ်ကြတာ" လင်းမန်ရဲ့ အကြည့်တွေက အမွေးတွေထနေတဲ့ ရှောင်ဟွေးရဲ့ စွပ်ကျယ်အင်္ကျီပေါ်ကို ကျရောက်သွားပြီး သူ့အကြည့်အောက်မှာ အထင်သေးတဲ့ အရိပ်အယောင်လေး စွက်နေတယ်။
ဒီလောက် အရွယ်ရောက်နေတဲ့ ကောင်မလေး တစ်ယောက်က ဘရာမပါဘဲ စွပ်ကျယ်ပဲ ဝတ်ထားတာကို သူ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။
ရှောင်ဟွေးက မှန်ရှေ့မှာ လှည့်ပတ်ကြည့်ရင်း သူ့ရဲ့ လှပတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေကို သဘောကျနေပြီး "ငါ ဘောင်းဘီတိုရော စမ်းဝတ်ကြည့်လို့ ရမလား" လို့ မေးလိုက်တယ်။
လင်းမန်က နှုတ်ခမ်းတွန့်လိုက်ပြီး "မရဘူး။ အဲဒီလို အတွင်းခံတွေကို စမ်းဝတ်ခွင့် မပြုဘူး။ ဘာပဲဖြစ်ဖြစ် ဆိုဒ်တွေက ယေဘုယျအားဖြင့် အားလုံးနဲ့ တော်တဲ့ ဆိုဒ်တွေချည်းပဲ" လို့ ပြောတယ်။
ရှောင်ဟွေး နည်းနည်း စိတ်ပျက်သွားပြီး အရင်က သူ ဘယ်လောက်တောင် ဗဟုသုတ နည်းခဲ့လဲ ဆိုတာကို တွေးမိကာ ရှက်ရှက်နဲ့ ပြောတယ်။ "ဒါဆိုလည်း ငါ စမ်းမဝတ်တော့ပါဘူး၊ ဒီတိုင်းပဲ နှစ်ထည်လောက် ဝယ်လိုက်မယ်"
ရှောင်ဟွေးရဲ့ စိတ်ထဲမှာတော့ အပြင်ပန်းကို ပိုလှအောင် ဝတ်ဖို့က အရေးအကြီးဆုံးပဲ။ အတွင်းခံတွေ စုတ်ပြဲနေရင်တောင် ကိစ္စမရှိဘူးလေ။ ဒါကြောင့် သူက စုတ်ပြဲနေတဲ့ အတွင်းခံတွေကို မလွှင့်ပစ်ဘဲ၊ သူ့ပိုက်ဆံ အကုန်လုံးကို အပြင်မှာ ဝတ်တဲ့ အဝတ်အစားတွေ ဝယ်ဖို့ပဲ သုံးခဲ့တာ။
ဒီတစ်ခါ လင်းမန်က သူ့ကို အတွင်းခံဆိုင် ခေါ်သွားတာက သူ့အတွက် တံခါးပေါက်သစ် တစ်ခု ဖွင့်ပေးလိုက်သလိုပဲ။
သူ့ခန္ဓာကိုယ်ကလည်း ဒီလောက် ကြည့်ကောင်းနိုင်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး။
ရှောင်ဟွေးက မှန်ထဲမှာ သူ့ကိုယ်သူ အတန်ကြာအောင် ဆက်ကြည့်ပြီး သဘောကျနေသေးတယ်။ အဲဒီနောက်မှ မချင့်မရဲနဲ့ အတွင်းခံတွေကို ချွတ်လိုက်တယ်။ နောက်ဆုံးတော့ သူ သွားကြိတ်ပြီး နှစ်စုံ ဝယ်လိုက်တယ်။ ညဘက် ဒီအဝတ်အစားနဲ့ သူ့ကို မြင်ရင် ဆောင်ယု မျက်နှာ ဘယ်လို ဖြစ်သွားမလဲ ဆိုတာကို တွေးမိပြီး သူ့မျက်နှာ အလိုလို နီမြန်းလာတယ်။
အပိုင်း (၃၀၉) ပြီးဆုံး
***