"အစ်ကို... အခု ကျွန်မတို့ ဘယ်သွားကြမလဲ..."
"မြို့ပြင်ကို သွားကြမယ်... အဲ့မှာ တောင်စောင့်နတ်ကွန်းတစ်ခု ရှိတယ်... အဲ့မှာ ခဏလောက် သွားနေကြတာပေါ့..."
"ကျွန်မတို့ တည်းခိုခန်းမှာ မနေတော့ဘူးလား..."
"ထားလိုက်ပါတော့... ဒီည ကိစ္စတွေက ပြီးသေးတာ မဟုတ်ဘူး... ငါတို့ ဘယ်တည်းခိုခန်းကို သွားသွား အဲ့တည်းခိုခန်းက ကံဆိုးမှာပဲ... ပစ္စည်းတွေ ပျက်စီးကုန်နိုင်သလို အပြစ်ကင်းတဲ့သူတွေကိုတောင် ထိခိုက်မိနိုင်တယ်လေ..."
သိုင်းလောကဆိုသည်မှာ ကျယ်ပြောပြီး ကမောက်ကမနိုင်လှကာ အချစ်၊ အမုန်း၊ အငြိုးအာဃာတများနှင့် ဘဝ၏ ပျော်ရွှင်မှုများ ပြည့်နှက်နေကြောင်း ကူမော့ သိသည်။ အချို့က ညတွင်းချင်း နာမည်ကျော်ကြားလာကြပြီး အချို့ကတော့ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့ကြ၏။
သို့သော် လောကကြီးက မြင်တွေ့ရသည်မှာ အမြဲတမ်း တောက်ပနေသော အပေါ်ယံ အခွံသာဖြစ်သည်။ ပန်းပွင့်များအောက်တွင် မြှုပ်နှံထားသော အရိုးစုများကိုမူ မကြာခဏ လျစ်လျူရှုထားတတ်ကြသည်။ သူရဲကောင်းတစ်ဦးဖြစ်စေ၊ မြေအောက်လောကမှ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်စေ တိုက်ခိုက်သတ်ဖြတ်ခြင်းမှာ စိတ်လှုပ်ရှားဖွယ်ကောင်းနိုင်သော်လည်း များသောအားဖြင့် ထိုစိတ်လှုပ်ရှားမှုများ၏ နောက်ကွယ်တွင် သာမန်မိသားစုများစွာ ပြိုကွဲပျက်စီးခဲ့ရပြီး အပြစ်ကင်းသော အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရသည်။
ကူမော့တွင် ကြီးမားသော ကိုယ်ချင်းစာတရား သို့မဟုတ် ကြင်နာမှု သိပ်မရှိသော်လည်း အခြားသူများကို အကြောင်းမဲ့ မသတ်ချင်ပေ။ တတ်နိုင်သမျှ ရှောင်ရှားချင်သည်။ သို့သော် ရှောင်လွှဲ၍ မရနိုင်ပါကလည်း သူ တတ်နိုင်သည်မှာ ဘာမျှမရှိတော့ချေ။
ဤညတွင် ကိစ္စများမှာ သေချာပေါက် ပြီးဆုံးသေးခြင်း မရှိချေ။
ငွေစင် သုံးရာ တန်ဖိုးရှိသော မိန်းမတဏှာရူး ကျိုးထုံကို စောင့်ကြည့်နေသူ များစွာရှိသော်လည်း ယခုမူ ဤမောင်နှမနှစ်ဦးက လုယူသွားခဲ့လေပြီ။ လူတိုင်းက ကျေနပ်လက်ခံကြမည်လား ဆိုသည်မှာ မသေချာသေးပေ။ စောစောက စားသောက်ဆိုင်တွင် လူတစ်စုကို မောင်းထုတ်နိုင်ခဲ့သော်လည်း ထိုသို့သော အရာများကို မယုံကြည်သူများလည်း ရှိနေဦးမည်သာ ဖြစ်သည်။ ထို့အပြင် ကျန်းရှုံးသည် ဓားကြီးဂိုဏ်း၏ ခန်းမသခင် တစ်ဦးဖြစ်ရာ သူ၏သေဆုံးမှုကို ဂိုဏ်းက အလွယ်တကူ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
"အစ်ကို... ထပ်တိုက်နိုင်သေးရဲ့လား..."
"တစ်ညလုံး တိုက်ရရင်တောင် ပြဿနာမရှိပါဘူး..."
ကျိုယန်နတ်သိုင်းမှာ နာမည်နှင့် လိုက်ဖက်အောင်ပင် ထူးခြားသော ဝိသေသလက္ခဏာ များစွာကို ပိုင်ဆိုင်ထားသည်။ ထိုအထဲမှ တစ်ခုဖြစ်သော မိမိဘာသာ ထုတ်လုပ်ပေးနိုင်ပြီး မကုန်ခမ်းနိုင်သော အတွင်းအားမှာ အလွန်ပင် စွမ်းအားကြီးမားလှ၏။
သိုင်းလောကတွင် သိုင်းပညာရှင်တိုင်းသည် အတွင်းအားကို မဖြစ်မနေ ကျင့်ကြံကြရသည်။ အဘယ်ကြောင့်ဆိုသော် အတွင်းအားဆိုသည်မှာ တစ်နည်းအားဖြင့် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို ဆိုလိုခြင်းဖြစ်ပြီး အတွင်းအား နက်ရှိုင်းလေလေ ခံနိုင်ရည် ပိုမိုအားကောင်းလေလေ ဖြစ်သောကြောင့်ပင်။
ကူမော့၏ ရွှမ်ရွှီး ဆေဘာဓားသိုင်းမှာ ကျယ်ပြန့်သော လှုပ်ရှားမှုများဖြင့် အတွင်းအား များစွာ အသုံးပြုရသော သိုင်းပညာမျိုး မဟုတ်ပေ။ ကျိုယန်နတ်သိုင်း၏ ဝိသေသလက္ခဏာများနှင့် ပေါင်းစပ်လိုက်သောအခါ တစ်ညလုံး တိုက်ခိုက်နိုင်သည်ဟူသော သူ၏စကားမှာ အနည်းငယ် ကြွားလုံးထုတ်သလို ဖြစ်နေသော်လည်း လုံးဝ အခြေအမြစ်မရှိသည်တော့ မဟုတ်ချေ။
"အစ်ကို့ရဲ့ အတွင်းအားတွေက... တကယ့်ကို ထူးဆန်းတဲ့ အတွင်းအားတွေတော့ မဟုတ်ပါဘူးနော်..." ကူချူတုန်းက သူမ၏ သံသယကို ဖွင့်ဟမေးမြန်းလိုက်၏။
"လွန်ခဲ့တဲ့ နှစ်ရက်လောက်က ငါ သတိလစ်နေတုန်း မုတ်ဆိတ်ဖြူဖြူနဲ့ အဘိုးအိုတစ်ယောက်ကို အိပ်မက်မက်တယ်... သူက ငါ အရမ်းကြည့်ကောင်းလွန်းလို့ဆိုပြီး ငါ့ကို နတ်သိုင်းတစ်ခု အတင်း သင်ပေးသွားတာ..."
"အစ်ကို... ပုံပြင်တွေ လျှောက်မပြောပါနဲ့... ကျွန်မ အသက် ဆယ့်ခုနစ်နှစ် ရှိပြီ၊ ခုနစ်နှစ် မဟုတ်ဘူး..."
"ဟားဟားဟား... ဒီနတ်သိုင်းက မိန်းကလေးတွေနဲ့ မကိုက်ညီဘူးလေ... နောက်တစ်ခါ အဲ့အဘိုးအိုကို အိပ်မက်မက်ရင် မိန်းကလေးတွေနဲ့ ကိုက်ညီတဲ့ နတ်သိုင်းတစ်ခု သင်ပေးဖို့ ပြောပြီး နင့်ကို ပြန်သင်ပေးမယ်..."
"ကောင်းပါပြီ... စောင့်နေပါ့မယ်... အင်း... ဒါနဲ့ အစ်ကို့ရဲ့ နက်နဲလှတဲ့ ဓားသိုင်းက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက်တောင် အစွမ်းထက်သွားရတာလဲ..."
"မုတ်ဆိတ်ဖြူဖြူနဲ့ အဘိုးအိုတစ်ယောက်ကို အိပ်မက်မက်တယ်လေ..."
"အစ်ကို... ကျွန်မကို ထပ်ပြီး လိမ်နေပြန်ပြီမလား..."
"ဟားဟားဟား..."
မောင်နှမနှစ်ဦးမှာ နောက်ပြောင်ကျီစယ်ရင်း ပေါ့ပါးသော အငွေ့အသက်ဖြင့် မြို့ပြင်ဘက်သို့ လျှောက်လာခဲ့ကြသည်။ ကျိုယန်နတ်သိုင်းကို ပိုင်ဆိုင်ထားသော ကူမော့သည် အနည်းငယ် သတိထားနေသော်လည်း ရှေ့ဆက်ကြုံတွေ့ရမည့် ပြဿနာများအတွက် သိပ်ပြီး စိုးရိမ်မနေတော့ပေ။ ကူချူတုန်းမှာလည်း ကူမော့ ပျော်ရွှင်နေသရွေ့ မည်သည့် ဖိအားမျှ မခံစားရတော့ချေ။
တစ်ချိန်တည်းမှာပင် လင်းကျန်းမြို့၌ သူတို့၏ လုပ်ရပ်က အတော်လေး ဂယက်ရိုက်သွားခဲ့သည်။
ကျန်းရှုံး အသတ်ခံရခြင်းမှာ လင်းကျန်းမြို့တွင် အလွန်ကြီးမားသော ကိစ္စရပ်တစ်ခု မဟုတ်သော်လည်း လူအများကို အံ့အားသင့်သွားစေခဲ့သည်။ မည်သို့ပင်ဆိုစေ ဓားကြီးဂိုဏ်း၏ "ဝံပုလွေ၊ ဝက်ဝံ၊ ကျား နှင့် ကျားသစ်" ဟူသော နာမည်မှာ အတော်လေး လူသိများလှသည်။ ကျန်းရှုံးသည် ထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ဦး မဟုတ်သော်လည်း သူ၏ နာမည်ဂုဏ်သတင်းမှာ အတော်အတန် ကြီးမားပြီး ဓားသမား နှစ်ဆယ်ကျော်ကို ဦးဆောင်ကာ တိုက်ခိုက်ရင်း အသတ်ခံလိုက်ရခြင်းက သဘာဝကျကျပင် လူအများ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့လေသည်။
တောင်ပိုင်းမြို့၊ ပုအာစံအိမ်။
"သူဌေး... ခင်ဗျား ထင်တာ မမှားဘူး... ကျွန်တော် မှားသွားတယ်... အဲ့ဒီကူမော့ က တကယ်ကို အစွမ်းထက်တာပဲ... ဓားကြီးဂိုဏ်းက ကျန်းရှုံး က ကျွမ်းကျင်တဲ့ ဓားသမား နှစ်ဆယ်ကျော်ကို ခေါ်သွားပြီး တိုက်ခိုက်တာတောင် ကူမော့က တစ်ဒါဇင်ကျော်လောက်ကို သတ်ပစ်လိုက်ပြီး ကျန်းရှုံးရဲ့ ခေါင်းကိုပါ ဖြတ်ပစ်လိုက်တယ်... ဒါပေမဲ့ ကျွန်တော့်မှာ သံသယ နည်းနည်း ရှိတယ်... ကူမော့က သိုင်းပညာရှင်တစ်ယောက်မှန်း သူဌေးက ဘယ်လိုသိတာလဲ..." အနက်ရောင်ဝတ် ဓားသမားက ရန်စန်းနျန်၏ အခန်းထဲသို့ ဝင်လာပြီး လက်ပူးဆုပ်ကာ ပြောလိုက်၏။
"ငါ သေချာ မသိပါဘူး... ငါ အစိုးရရုံးမှာ သူတို့မောင်နှမ ဆုကြေးထုတ်နေတာကို အမှတ်မထင် တွေ့လိုက်ရုံပါ... ကူမော့ရဲ့ အမူအရာက သူဟာ သာမန်လူမဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ပေးတယ်... သူ မျက်စိမမြင်ရတော့ပေမယ့် အဲ့အတွက် စိုးရိမ်ပူပန်နေတဲ့ ပုံစံမျိုး လုံးဝ မပြဘူး... သူ အရမ်းတည်ငြိမ်နေတာ... အကယ်၍ လူတစ်ယောက်က မျက်စိမမြင်တာ ကြာပြီဆိုရင်တော့ အဲ့လို ဘဝမျိုးကို အသားကျနေတာ ပုံမှန်ပါပဲ... ဒါပေမဲ့ သူက မကြာသေးခင်ကမှ မျက်စိကွယ်သွားတာဆိုတော့ အဲ့လို အမူအရာမျိုး ရှိတဲ့လူဆိုတာ ရှားတယ်လေ..." ရန်စန်းနျန်က အပြုံးတစ်ခုဖြင့် ပြန်လည်ဖြေကြားလိုက်၏။
"ဪ... သူဌေး ပြောမှပဲ တကယ် ဟုတ်နေတာပဲ... သူက စိတ်ဓာတ်ခိုင်မာပေမယ့် အခုတော့ ပြဿနာအကြီးကြီး တက်နေလောက်ပြီ... ကျန်းရှုံးက ဓားရိုးအိုကြီး လုရင်းချွမ် ရဲ့ လူလေ... ဓားရိုးအိုကြီးက အလွယ်တကူ ကိုင်တွယ်လို့ရတဲ့ လူမျိုးမဟုတ်ဘူး... သူ့လူတွေဖြစ်တဲ့ ဝံပုလွေ၊ ဝက်ဝံ၊ ကျား နဲ့ ကျားသစ် အားလုံးက ကြောက်စရာကောင်းတဲ့ သူတွေချည်းပဲ... ကောလာဟလတွေလောက် ဓားသမား အရေအတွက် မများဘူးဆိုရင်တောင် သုံးလေးရာလောက်တော့ ရှိဦးမှာပဲ..." အနက်ရောင်ဝတ် ဓားသမားက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဓားရိုးအိုကြီးက အသက်ကြီးနေပါပြီ... အသက် ခြောက်ဆယ်၊ ခုနစ်ဆယ်လောက် ရှိနေပြီလေ... သူ့ရဲ့ ငယ်ရွယ်တုန်းက ရည်မှန်းချက်တွေ ပျောက်ဆုံးသွားတာ ကြာပြီ၊ အခုတော့ အနားယူချင်နေရုံပါ... သိုင်းလောကကနေ အနားယူပြီးရင် ရှင်းလင်းခံရမှာကိုသာ မစိုးရိမ်ဘူးဆိုရင် သူ သိုင်းလောကကနေ အနားယူပြီး အေးအေးချမ်းချမ်း နေသွားချင်နေလောက်ပြီ... ဓားကြီးဂိုဏ်းက အင်အားကြီးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ 'ဝံပုလွေ၊ ဝက်ဝံ၊ ကျား နဲ့ ကျားသစ်' လေးယောက်ကလွဲရင် ဘယ်သူကများ ထည့်တွက်စရာ ရှိလို့လဲ... သူတို့ကို စိုးရိမ်နေစရာ မလိုပါဘူး... ဓားရိုးအိုကြီးဆီကို ငါ့နာမည်နဲ့ စာတစ်စောင် ပို့လိုက်... သူ့ကို ပန်းတစ်ရာ စားသောက်ဆိုင်မှာ ညစာစားဖို့ ဖိတ်လိုက်ပါ... ငါ စားပွဲ နည်းနည်းလောက် ခင်းပြီး ဓားကြီးဂိုဏ်းနဲ့ ကူမော့ ကြားမှာ စေ့စပ်ပေးတဲ့သူ အနေနဲ့ ဝင်လုပ်ပေးမယ်..." ရန်စန်းနျန်က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
"ကူမော့ကိုရော ဘယ်လိုလုပ်မလဲ..." အနက်ရောင်ဝတ် ဓားသမားက မေးလိုက်သည်။
"သူ့ဆီ ငါ ထပ်သွားတွေ့မယ်... အခြား လေဖမ်းခန်းမဆောင်တွေက သူ့ကို ငါတို့ဆီကနေ လုမသွားအောင် လုပ်ရမယ်... ကူမော့ရဲ့ အချိန်ကိုက် ဝင်လာမှုက ပြီးပြည့်စုံတယ်... သူသာ မကြာခင်မှာ နာမည်ကြီး အလိုရှိရာဇဝတ်ကောင် နည်းနည်းလောက်ကို ထပ်ဖမ်းနိုင်မယ်ဆိုရင် ပုအာစံအိမ်က လေဖမ်းခန်းမဆောင် စီးပွားရေးဘက်ကို အောင်မြင်စွာ ပြောင်းလဲနိုင်ပြီပေါ့..." ရန်စန်းနျန်က အပြုံးဖြင့် ဆိုလိုက်၏။
စီးပွားရေးလုပ်ငန်းတိုင်းက ဂုဏ်သတင်း လိုအပ်သည်။
လေဖမ်းခန်းမဆောင် ဖွင့်လှစ်ခြင်းမှာ ဓားပြနှိမ်နင်းသူများကြားတွင် အသက်စွန့်ရသည့် လုပ်ငန်းဖြစ်သည်။ အကယ်၍ ကူမော့သာ နာမည်ကျော် အလိုရှိရာဇဝတ်ကောင် အနည်းငယ်ကို ထပ်မံဖမ်းဆီးနိုင်ပြီး ဓားပြနှိမ်နင်းသူများကြားတွင် နာမည်ကြီးလာပါက လူတိုင်းက ထိုအရာများ၏ နောက်ကွယ်တွင် ပုအာစံအိမ် ရှိနေကြောင်း သိရှိသွားကြမည်ဖြစ်ပြီး သဘာဝကျကျပင် ဓားပြနှိမ်နင်းသူ များစွာက သူမတို့ထံသို့ ရောက်ရှိလာကြမည် ဖြစ်သည်။
အထူးသဖြင့် ကူမော့မှာ မျက်မမြင်တစ်ယောက် ဖြစ်နေသဖြင့် ပုအာစံအိမ်၏ သတင်းထောက်လှမ်းနိုင်စွမ်းနှင့် ပံ့ပိုးကူညီနိုင်စွမ်းကို ပိုမိုပေါ်လွင်စေပြီး ဓားပြနှိမ်နင်းသူများအတွက် ပိုမိုဆွဲဆောင်မှု ရှိလာစေမည် ဖြစ်သည်။
ကူမော့နှင့် ကူချူတုန်းတို့ မြို့ပြင်သို့ သွားနေစဉ် ရန်စန်းနျန်နှင့် ထပ်မံဆုံတွေ့ကြပြန်၏။
သူမ၏ အသံကို ကြားသည်နှင့် ကူမော့ ချက်ချင်း မှတ်မိလိုက်သည်။
"သူဌေးရန်... တိုက်ဆိုင်လိုက်တာ..."
"မတိုက်ဆိုင်ပါဘူးရှင်... သိုင်းသူရဲကောင်း ကူ ကို လာတွေ့တာပါ..."
ရန်စန်းနျန်က ကူမော့အနီးသို့ လျှောက်လာရင်း ပြောလိုက်သည်။
ချက်ချင်းပင် ထူးခြားသော ပန်းရနံ့တစ်ခု လွင့်ပျံလာ၏။
ကူမော့က ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။
ထိုလုပ်ရပ်ကြောင့် ရန်စန်းနျန်မှာ အနည်းငယ် ရယ်ချင်သလို၊ စိတ်ပျက်သလို ဖြစ်သွားသော်လည်း သိပ်ပြီး အလေးအနက် မထားခဲ့ပေ။ သူမက... "သိုင်းသူရဲကောင်း ကူ နဲ့ လမ်းခွဲပြီး မကြာခင်မှာပဲ ဒီလောက်ကြီးတဲ့ ပြဿနာကို ဖန်တီးလိုက်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး... ဝံပုလွေ၊ ဝက်ဝံ၊ ကျား၊ ကျားသစ် နဲ့ ဓားရိုးအိုကြီး... ဘယ်သူမှ ကိုင်တွယ်ရလွယ်တဲ့ လူတွေ မဟုတ်ဘူး... ရှင် တကယ်ပဲ ဓားကြီးဂိုဏ်းကို စော်ကားလိုက်တာပဲ..."
"ဓားကြီးဂိုဏ်းက ကျွန်တော့်ကို စော်ကားတာရော မဖြစ်နိုင်ဘူးလား..." ကူမော့က ခပ်ဟဟ ရယ်မောလိုက်ပြီး တုံ့ပြန်လိုက်၏။
"အာ... သိုင်းသူရဲကောင်း ကူ က တကယ့်ကို... လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ... ကျွန်မ စကားကို လှည့်ပတ်မပြောတော့ပါဘူး... ရှင်နဲ့ ပူးပေါင်းချင်တဲ့ ကျွန်မရဲ့ ရိုးသားမှုကို ပြသတဲ့အနေနဲ့ ဓားကြီးဂိုဏ်းနဲ့ ရှင်တို့ကြားက အငြိုးကို ကျွန်မ တာဝန်ယူ ရှင်းပေးပါ့မယ်... ငြိမ်းချမ်းရေးရအောင် ဓားရိုးအိုကြီးနဲ့ တွေ့ဖို့တောင် စီစဉ်ပြီးသွားပြီ... တကယ်တမ်းကျတော့ ရှင်တို့မှာ ဓားကြီးဂိုဏ်းနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး... ဘာပဲဖြစ်ဖြစ် ရှင်တို့နဲ့ ပြဿနာဖြစ်တာက ကျန်းရှုံးလေ... သူလည်း ရှင့်လက်ချက်နဲ့ သေသွားပြီပဲ..." ရန်စန်းနျန်က အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြောလိုက်၏။
"ငြိမ်းချမ်းရေး ရမယ်ဆိုရင်တော့ သေချာပေါက် ကောင်းတာပေါ့... ကျေးဇူးအများကြီး တင်ပါတယ်..."
ကူမော့က ချက်ချင်း သဘောတူလိုက်၏။ သူ၏ ရည်ရွယ်ချက်မှာ ကြေးစားဓားသမား အဖြစ် အလိုရှိရာဇဝတ်ကောင်များကို ပိုမိုဖမ်းဆီးသတ်ဖြတ်ရန်သာ ဖြစ်ပြီး ဓားကြီးဂိုဏ်းနှင့် အသေအကြေ တိုက်ခိုက်ရန် စိတ်ဝင်စားမှု မရှိပေ။ သူတို့ကြားတွင် အကျိုးစီးပွား ပဋိပက္ခလည်း မရှိသလို ပြဿနာကို စတင်ခဲ့သူ ကျန်းရှုံးမှာလည်း သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဓားကြီးဂိုဏ်းက ဤကိစ္စကို ကျေအေးပေးမည်ဆိုပါက သူ့အနေဖြင့် ဘာမှ ဂရုစိုက်စရာ မလိုတော့ချေ။
***