“စလိုက်ကြစို့...”
ချူခွမ်းရန်က လက်ညှိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်၍ ဝန်းကျင်ရှိ ရေဓာတ်များကို သူ့ထံသို့ စုစည်းလိုက်သည်။
ချက်ချင်းပင် ရေဓာတ်များက ဟင်းလင်းပြင်ထဲတွင် သေးငယ်သော အပ်များအဖြစ် ဖွဲ့စည်းသွား၏။ ထိုအရာကို မြင်လိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။
“ရေဓာတ်ကို အပ်တွေအဖြစ် ဖွဲ့စည်းလိုက်တာလား... အပ်စိုက်ကုထုံးနဲ့ သွားမလို့လား...”
ဆေးပညာတာအို ကျွမ်းကျင်သူ တာအိုအရှင်လီက ရေရွတ်လိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။
“အဆင့်မြင့် ဆေးပညာနည်းလမ်းတစ်မျိုးမျိုးကို သုံးမယ်လို့ တွေးနေတာ... ငါ အရင်တုန်းက အပ်စိုက်ကုထုံးကို သုံးဖူးတယ်... အဆင့်မြင့် နုပျိုခြင်းပြန်လည်ရရှိစေသည့် အပ်စိုက်ကုထုံး သတ္တမမြောက်ပုံစံလေ... ဒါပေမဲ့ ဒီမီးတောက်အဆိပ်ကို ဖယ်ရှားလို့ မရခဲ့ဘူး...”
“အဲဒါကို သုံးရလောက်အောင် ခင်ဗျားက သိပ်ကိုတုံးအတာပဲ...”
တာအိုအရှင်လီ၏ စကားကို ကြားလိုက်ရသောအခါ ချူခွမ်းရန် မနေနိုင်ဘဲ အော်ဟစ်လိုက်၏။
“နုပျိုခြင်းပြန်လည်ရရှိစေသည့် အပ်စိုက်ကုထုံးဆိုတာက လူနာကို ကုသဖို့ ဝန်းကျင်က သစ်သားဓာတ် ဝိညာဉ်စွမ်းအင်ကို လမ်းကြောင်းလွှဲပေးတဲ့ နည်းစနစ်လေ... ဒါပေမဲ့ အစ်မလန်ကိုယ်ထဲက မီးတောက်အဆိပ်က မီးဓာတ်အဆိပ်ပဲ... မီးဓာတ်ဒဏ်ရာကို ကုသဖို့ သစ်သားဓာတ် အပ်စိုက်ကုထုံးကို သုံးတယ်ဆိုတာ မီးကို လောင်စာ ထပ်ဖြည့်ပေးသလို ဖြစ်မနေဘူးလား...”
“အစ်မလန်ရဲ့ မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ နက်ရှိုင်းတဲ့ အခြေခံတွေကြောင့်သာ ခင်ဗျားရဲ့ အန္တရာယ်ရှိတဲ့ ကုသမှုအောက်မှာ အသက်ရှင်နေတာ... နောက်ထပ် ဆယ်နှစ်လောက် ဆက်ရှင်နိုင်မယ် ဆိုရင်တောင် သူ့ကို သိပ်ကံကောင်းတယ်လို့ သတ်မှတ်ရမယ်...”
ချူခွမ်းရန်၏ မှတ်ချက်များကြောင့် တာအိုအရှင်လီ၏ မျက်နှာထားမှာ မယုံနိုင်လောက်အောင် မည်းမှောင်ပြီး တင်းမာသွား၏။
အခြားတစ်ဖက်တွင် ချီယွဲ့မှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်၍ ချက်ချင်း ဆဲဆိုလိုက်သည်။
“လူယုတ်မာ... ရှင်က ကျွန်မဆရာကို တောက်လျှောက် ဒုက္ခပေးနေခဲ့တာပဲ...”
“ဟွန့်... ဆေးပညာရှင်တစ်ယောက်ရဲ့ ကိစ္စကို ဘယ်လိုလုပ် အန္တရာယ်ရှိတယ်လို့ ယူဆနိုင်မှာလဲ...”
တာအိုအရှင်လီက နှာခေါင်းရှုံ့လိုက်သည်။
“လန်ယွဲ့ကိုယ်ထဲက မီးတောက်အဆိပ်က ကုလို့ မရဘူး... အဲဒါကို ဖိနှိပ်ဖို့ ငါ အပ်စိုက်ကုထုံး မသုံးခဲ့ရင် ဘယ်နှခါလောက် ပြန်ဖြစ်ပြီးပြီလဲ ဆိုတာ ဘယ်သူ သိမှာလဲ...”
“အရူး... ခင်ဗျား သုံးခဲ့တဲ့ နည်းလမ်းက ရောဂါလက္ခဏာကိုပဲ ကုသရာရောက်ပြီး အရင်းအမြစ်ကို မကုသနိုင်ဘူး... ဒါ့အပြင် ခင်ဗျား မီးတောက်အဆိပ်ရဲ့ သက်ရောက်မှုကို ဖိနှိပ်လိုက်တိုင်း ပိုပြီး ပြင်းထန်လာတယ် ဆိုတာ ကျုပ် သေချာတယ်...”
သခင်မလန်ယွဲ့သည် တာအိုအရှင်လီ ကုသပေးခဲ့သော အချိန်များကို ပြန်မစဉ်းစားဘဲ မနေနိုင်တော့ပေ။
တာအိုအရှင်လီ၏ အကူအညီ ရယူပြီးနောက် မီးတောက်အဆိပ် ပြန်ဖြစ်သည့် အကြိမ်ရေ လျော့နည်းသွားသော်လည်း ဖြစ်လာသည့် အခါတိုင်း ယခင်ကထက် ပိုဆိုးတတ်သည်။
အစက မီးတောက်အဆိပ်၏ သဘောသဘာဝ ဖြစ်မည်ဟု သူ ယူဆခဲ့၏။ သို့သော်လည်း အခြားအကြောင်းရင်း တစ်ခုကြောင့် ဖြစ်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
“မင်း...”
တာအိုအရှင်လီ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။ သူက လက်ကို ဝှေ့ယမ်း၍ ပြောလိုက်၏။
“ဟွန့်... အခု ဒါတွေ ပြောနေလို့ အပိုပဲ... မင်း လန်ယွဲ့ကို အောင်မြင်အောင် ကုသပေးနိုင်တဲ့အထိ စောင့်ကြည့်ကြတာပေါ့...”
*ချူခွမ်းရန် လန်ယွဲ့ကို မကုသနိုင်သရွေ့ သူ စောစောက ပြောခဲ့သမျှ စကားတွေက အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး…*
“ခင်ဗျား ပြောစရာမလိုပါဘူး...”
ချူခွမ်းရန်က လေထဲမှ ရေဓာတ်အပ် တစ်ချောင်းကို ဆွဲယူ၍ သခင်မလန်ယွဲ့၏ သွေးကြောမှတ်တစ်ခုထဲသို့ ထိုးစိုက်လိုက်သည်။
ရေဓာတ်လှိုင်းလုံးတစ်ခုက ချက်ချင်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။
တူညီသော နည်းလမ်းကို ထပ်ခါတလဲလဲ ပြုလုပ်ရင်း ချူခွမ်းရန်၏ လက်နှစ်ဖက်စလုံး လျင်မြန်စွာ လှုပ်ရှားနေသည်။ သူက ရေဓာတ်အပ်များကို ကျွမ်းကျင်စွာ ဆွဲယူ၍ သခင်မလန်ယွဲ့၏ အခြား သွေးကြောမှတ်များထဲသို့ တစ်ခုပြီးတစ်ခု ထိုးစိုက်လိုက်သည်။
“အစ်မလန်... အခု ကိုယ်ထဲကိုဝင်လာတဲ့ ရေဓာတ်တွေဆီ ဝိညာဉ်စွမ်းအင်ကို စတင် လမ်းကြောင်းလွှဲလိုက်ပါ... ပထမက မဟာနန်းတော်၊ ပြီးရင် ချီပင်လယ်၊ ခရမ်းရောင်နန်းတော်၊ ဘိုင်ဟွေ့၊ ဆန်းကျောင်း...”
သခင်မလန်ယွဲ့က ချူခွမ်းရန်၏ ညွှန်ကြားချက်များကို လိုက်နာလိုက်၏။
သူ့ခန္ဓာကိုယ်ထဲတွင် အပူနှင့် အအေး ဟူသော ပြောင်းလဲနေသည့် ခံစားမှု နှစ်မျိုးကို ခံစားနေရသည်။ ရေခဲနှင့် မီးကဲ့သို့ပင်။
အခြားသူများ၏ အမြင်တွင် သခင်မလန်ယွဲ့၏ မျက်နှာထားမှာ အဆက်မပြတ် ပြောင်းလဲနေ၏။ တစ်ခဏတွင် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နောက်တစ်ခဏတွင် နီရဲလာသည်။
မကြာမီတွင် အနက်ရောင် ရောနေသော အနီရောင် မီးတောက်အစုအဝေး ပါဝင်သည့် ရေဓာတ်ဘောလုံးကြီးတစ်ခုကို သခင်မလန်ယွဲ့၏ ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်း ဆွဲထုတ်လိုက်သည်။
“ဝုန်း...”
ထိုအနက်ရောင်ရောနေသော အနီရောင် မီးတောက်မှာ ကိုယ်ပိုင်အသိစိတ် ရှိနေသကဲ့သို့ အဆိပ်ပြင်းသော မြွေပုံသဏ္ဌာန် ထူးဆန်းသည့် သတ္တဝါအဖြစ် ပြောင်းလဲသွားပြီး ရေဓာတ်ဘောလုံးထဲတွင် အဆက်မပြတ် အော်ဟစ်နေ၏။
“ဒီမီးတောက်က အရင်းအမြစ်မရှိဘဲနဲ့တောင် ဒီလောက် သောင်းကျန်းနေသေးတာပဲ...”
ချူခွမ်းရန်က နှုတ်ခမ်းကို စေ့လိုက်ပြီးနောက် လက်မောင်းကို မြှောက်ကာ ဝန်းကျင်ရှိ ရေဓာတ်များကို နောက်တစ်ကြိမ် စုစည်းလိုက်သည်။
“ကိုယ့်နေရာကိုယ်သိစမ်း...”
ရေဓာတ်လှိုင်းလုံးများက အလွန်ထက်ရှသော ဓားသွားအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်မီးတောက်ကို ခုတ်ပိုင်းလိုက်၏။
တစ်စက္ကန့်အတွင်း၌ပင် ၎င်းက ရေငွေ့အဖြစ် အငွေ့ပျံသွားပြီး ဘာမှမရှိသော အခြေအနေသို့ ပျောက်ကွယ်သွားသည်။
“သူ လုပ်နိုင်သွားပြီ...”
ချီယွဲ့၏ မျက်နှာမှာ ဝမ်းသာမှုဖြင့် လင်းလက်သွား၏။
တာအိုအရှင်လီအတွက်မူ သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
“ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူ ဘယ်လို လုပ်လိုက်တာလဲ...”
သူသည် သခင်မလန်ယွဲ့၏ အခြေအနေကို နှစ်ပေါင်းများစွာ ကုသပေးခဲ့သော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ဖူးပေ။ သို့သော် ချူခွမ်းရန်က အောင်မြင်သွားသည်လား။
သူက သူ့မျက်စိရှေ့တွင်ပင် တစ်ခါမှ မမြင်ဖူးသော နည်းစနစ်တစ်ခုကို အသုံးပြုသွားသည်လေ။
“ဒါက... ဒါပဲလား...”
သခင်မလန်ယွဲ့လည်း ချူခွမ်းရန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
ချူခွမ်းရန်က သူ့ကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့သော ခေါင်းမာသည့် ရောဂါကို အားစိုက်ထုတ်မှု အနည်းငယ်ဖြင့် ဖယ်ရှားပေးလိုက်သည်။ ဒါက ယုံကြည်နိုင်စရာပင်မကောင်းပေ။
“ဘယ်လို ခံစားရလဲ...”
ချူခွမ်းရန်က သခင်မလန်ယွဲ့ကို ကြည့်၍ ရယ်မောလိုက်သည်။
“ကောင်းတယ်... ဒီလောက် ကောင်းတယ်လို့ တစ်ခါမှ မခံစားဖူးဘူး... ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့သွားသလိုပဲ...”
သခင်မလန်ယွဲ့က ဝမ်းသာအားရ ပြန်ဖြေလိုက်၏။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ...”
တာအိုအရှင်လီက မယုံကြည်နိုင်သော အကြည့်ဖြင့် ချူခွမ်းရန်ကို မေးလိုက်သည်။
“သိချင်လို့လား... ဒူးထောက်ပြီး တောင်းပန်ကြည့်ပါလား... ကျုပ် စိတ်ကြည်နေရင် စဉ်းစားပေးမယ်...”
တာအိုအရှင်လီက နှာခေါင်းရှုံ့လိုက်ပြီး ဒေါသတကြီး လက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားသည်။
ဒီတစ်ခါတွင် ချီယွဲ့က သူ့ကို တားလိုက်၏။
“ဘာဖြစ်လို့လဲ... ရှင်က ကျွန်မဆရာကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့တာလေ... ဒီလောက် လွယ်လွယ်လေး ထွက်သွားလို့ ရမယ်လို့ ထင်နေတာက နည်းနည်း ရိုးလွန်းမနေဘူးလား...”
“သူ့ကို သွားခွင့်ပြုလိုက်ပါ ချီယွဲ့...”
ထိုအချိန်တွင် သခင်မလန်ယွဲ့က ပြောလိုက်၏။
“ဒါပေမဲ့ ဒီနေ့ကစပြီး စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းက ရှင်နဲ့ ရှင့်တပည့်ကို ဘယ်တော့မှ ကြိုဆိုတော့မှာ မဟုတ်ဘူး...”
“လန်ယွဲ့... သံယောဇဉ်အဟောင်းတွေကို ထောက်ပြီး ခွင့်လွှတ်ပေးလို့ မရဘူးလား...”
“ရှင် ကျွန်မကို ခြိမ်းခြောက်လိုက်တဲ့ အချိန်ကတည်းက ရှင်နဲ့ ကျွန်မက လူစိမ်းတွေ ဖြစ်သွားပြီ... ဒါကြောင့် ဒီနေရာက ထွက်သွားလိုက်တော့...”
နောက်ထပ် ဘာမှမပြောတော့ဘဲ သခင်မလန်ယွဲ့က တာအိုအရှင်လီနှင့် သူ့တပည့် နှစ်ယောက်စလုံးကို စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းမှ မောင်းထုတ်လိုက်သည်။
“အစ်ကိုချူ... ဆရာ့ရောဂါကို ကုသပေးတဲ့အတွက် ကျွန်မအများကြီး ကျေးဇူးတင်ပါတယ်... အတိတ်က ကျွန်မ လုပ်ခဲ့တဲ့ ပြဿနာတွေအတွက် ပြန်ပေးဆပ်ပါ့မယ်...”
ချီယွဲ့က ချူခွမ်းရန်ထံ သွားရောက်၍ ဦးညွှတ်လိုက်သည်။
“မပူပါနဲ့... အဲဒါတွေကို ကျုပ် တစ်ခါမှ စိတ်ထဲ မထားပါဘူး...”
ထိုကဲ့သို့ သေးနုပ်သောကိစ္စများမှာ ချူခွမ်းရန် မှတ်ထားလောက်အောင် တန်ဖိုးမရှိပေ။
သခင်မလန်ယွဲ့ကို ကယ်တင်လိုက်သည့်အတွက် သူသည် စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းတွင် လေးစားရသော ဧည့်သည်တစ်ဦးဖြစ်လာပြီး ထိုနေရာ၌ နေထိုင်စဉ် ကောင်းမွန်စွာ ဧည့်ခံခြင်း ခံရသည်။
ဒုတိယနေ့။
သခင်မလန်ယွဲ့က ချူခွမ်းရန်ကို မဟာစေတီသို့ ခေါ်ယူလိုက်ရာ စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းမှ အကြီးအကဲ အများအပြားလည်း ထိုနေရာ၌ ရှိနေကြ၏။
ထိုနေရာ၌ စုဝေးနေသော လူများက ချူခွမ်းရန်ကို အကဲခတ်နေကြသည်။ ရဲတင်းသော အမျိုးသမီးအကြီးအကဲ အချို့က သူ့ကို လေချွန်၍ပင် စနောက်ကြ၏။
ချူခွမ်းရန်က လက်သီးဆုပ် ဂါရဝပြု၍ လူတိုင်းကို တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ တာအိုရောင်းရင်းတို့...”
“မင်္ဂလာပါ မောင်လေးချူ... ဒီနေ့ မောင်လေးကို ခေါ်လိုက်တာက အင်ပါယာနည်းစနစ်တွေ လဲလှယ်တဲ့ကိစ္စကို ပြောချင်လို့ပါ...”
သခင်မလန်ယွဲ့က ကျမ်းစာလိပ် ငါးခုကို ထုတ်လိုက်၏။
“ဒါတွေက စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်း ပိုင်ဆိုင်တဲ့ ကျမ်းစာလိပ်ငါးခုပါ။နှလုံးဆုတ်ဖြဲလက်သည်း၊ ဒေါသအမျက် ခုတ်ပိုင်းချက်၊ ပျော်ရွှင်ခြင်း တံဆိပ်တော်၊ ခြောက်ခြားဖွယ်တစ္ဆေ ပိုင်းဖြတ်ခြင်း၊ အမုန်းတရားရဲ့ရိုက်ချက်တို့ ဖြစ်ပြီး ဝမ်းနည်းခြင်း၊ ဒေါသ၊ ပျော်ရွှင်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ အမုန်းတရား ဆိုတဲ့ ခံစားချက်တွေနဲ့ သက်ဆိုင်တယ်...”
ထိုအရာများကို မြင်လိုက်ရသောအခါ ချူခွမ်းရန်၏ မျက်လုံးများက အရောင်လက်သွား၏။ ထို့နောက် သူက သူ့လက်ထဲရှိ ကျမ်းစာလိပ်သုံးခုကို ထုတ်လိုက်သည်။
“ဒါကတော့ နှလုံးဖောက်လက်ချောင်း၊ ဒေါသနတ်ဘုရား လက်သီးနဲ့ ဝမ်းနည်းခြင်းလက်ဝါးပါ...”
*နည်းစနစ် ငါးခုနှင့် သုံးခု လဲလှယ်မည် ဟုတ်လား*
စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းက ဒီနေရာမှာ အားနည်းချက် ရှိနေပုံရသည်။
သို့သော်လည်း မနေ့က သူ့အသက်ကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်သော အနေဖြင့် သခင်မလန်ယွဲ့က ဤသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ချူခွမ်းရန်က သိလိုက်၏။
သို့မဟုတ်ပါက သူ ထိုအင်ပါယာနည်းစနစ်များကို ဤမျှ လိုလိုလားလား ပေးလိမ့်မည် မဟုတ်ပေ။
“မောင်လေးချူ... ဒီကျမ်းစာလိပ်ငါးခုကို စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းအတွင်းမှာ လွတ်လွတ်လပ်လပ် လေ့လာနိုင်ပါတယ်... ပြန်သွားတဲ့အခါကျရင်တော့ မယူသွားဖို့ မျှော်လင့်ပါတယ်...”
“ဒါပေါ့...”
ချူခွမ်းရန်က ခေါင်းအနည်းငယ် ညိတ်လိုက်၏။
ထို့နောက် သခင်မလန်ယွဲ့က အကြီးအကဲများကို ကျမ်းစာလိပ်သုံးခု ယူဆောင်သွားရန်နှင့် သူတို့ နှစ်ယောက်တည်း ထားခဲ့ရန် အမိန့်ပေးလိုက်သည်။
သူက ချူခွမ်းရန်ကို ထူးဆန်းစွာ ကြည့်လိုက်၏။
သူ့အကြည့်က ချူခွမ်းရန်ကို ကြက်သီးထစေသည်။
*သခင်မလန်ယွဲ့က သူ့အသက်ကို ကယ်တင်ခဲ့သည့်အတွက် ကိုယ်ခန္ဓာနဲ့ရင်းပြီး ကျေးဇူးဆပ်မလို့များလား…*
*ဒါပေမဲ့ အနီးကပ် ကြည့်လိုက်ရင် သူက လှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တစ်ယောက်ပါ... မဟုတ်ရင် တာအိုအရှင်လီက ဒီနှစ်တွေတစ်လျှောက်လုံး သူ့ကို ဘာလို့ တောင့်တနေမှာလဲ…*
*ကျွတ်…*
“သူ တကယ်ပဲ ကိုယ်ခန္ဓာနဲ့ရင်းပြီး ဆုချမယ် ဆိုရင် ငါ လက်ခံသင့်သလား…*
*ငါသာ သူ့ကမ်းလှမ်းမှုကို လက်မခံရင် သခင်မလန်ယွဲ့က ငါ့ကို အတင်းအကျပ် ယူဖို့ ကြိုးစားမလား... ဘာပဲဖြစ်ဖြစ် ငါက သိပ်ချောတာကိုး... သူ ငါ့ကို လွှမ်းမိုးဖို့ ကြိုးစားကောင်း ကြိုးစားနိုင်တယ်…*
*အဲဒါ ဖြစ်လာခဲ့ရင် သူ့ရဲ့ ချစ်ရေးဆိုမှုကို ငါ ခုခံသင့်လား…*
ချူခွမ်းရန်၏ အတွေးများက စတင် လွင့်ပါးလာ၏။
“နင်ယုကို ဘယ်လိုထင်လဲ...”
ထိုအချိန်တွင် သခင်မလန်ယွဲ့က ရုတ်တရက် စကားပြောလိုက်သည်။
*ဘာ…*
*ဘာလို့ လန်နင်ယုအကြောင်း ရုတ်တရက် ပြောလာတာလဲ... သူ ငါ့ကို ကမ်းလှမ်းနေတာက... တစ်ခုဝယ် တစ်ခုလက်ဆောင်လား…*
***