စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်း။
ချူခွမ်းရန် ကျင့်စဉ်အသစ်တစ်ခု ဖန်တီးလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်ယံမှ နိမိတ်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ကျင့်ကြံခြင်းအခန်းထဲတွင် ချူခွမ်းရန်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ လက်ဖဝါး ဖြန့်လိုက်သည်နှင့် အတိုင်းအဆမဲ့ ကြောက်မက်ဖွယ်ကောင်းသော တာအိုစည်းချက်တစ်ခု သူ၏ လက်ဖဝါးအလယ်တွင် စတင် လှည့်ပတ်လာ၏။
၎င်းသည် သူ ဖန်တီးလိုက်သော ကျင့်စဉ်မှ တာအိုစည်းချက်ဖြစ်သည်။
ဤကျင့်စဉ်သည် အနာဂတ်တွင် ကြီးမားသော တိုးတက်မှု အလားအလာ ရှိနေသေးသည့် ရှေ့ပြေးပုံစံသာရှိသေးကြောင်း သူ သိသည်။ စွမ်းအားပိုင်းအရ သူ၏ ဤရှေ့ပြေးပုံစံသည်ပင်လျှင် အင်ပါယာနည်းစနစ်အများစုကို ကျော်လွန်နေပြီ ဖြစ်သည်။ ထို့အပြင် သူက ၎င်းကို သူ့ ပြိုင်ဘက်ကင်းတာအိုနှင့်အညီ ဖန်တီးထားခြင်း ဖြစ်သည်။
ထိုကဲ့သို့သော ကျင့်စဉ်မျိုးဖြင့် သူ၏ တိုက်ခိုက်စွမ်းအားသည် သေချာပေါက် တိုးတက်လာပေလိမ့်မည်။
“ဒီနည်းစနစ်ကို ငါ့ရဲ့ ပြိုင်ဘက်ကင်းတာအို အပေါ် အခြေခံထားတာဆိုတော့... ပြိုင်ဘက်ကင်းနည်းစနစ်လို့ နာမည်ပေးလိုက်မယ်...”
ချူခွမ်းရန်က သိပ်အကြာကြီး စဉ်းစားမနေဘဲ သူ့ကျင့်စဉ်ကို အလျင်အမြန် နာမည်ပေးလိုက်၏။
ထို့နောက် သူက ပစ္စည်းများကို သိမ်းဆည်းပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သခင်မလန်ယွဲ့နှင့် အခြားသူများက ချူခွမ်းရန် ထွက်လာသည်ကို မြင်သောအခါ လူတိုင်း အလျင်စလို သွားရောက် နှုတ်ဆက်ကြ၏။
“ဂုဏ်ပြုပါတယ် မောင်လေးချူ... တံခါးပိတ် ကျင့်ကြံခြင်း ပြီးသွားပြီပေါ့...”
“ကောင်းကင်ပေါ်က နိမိတ်က သိပ်ကို ကြောက်စရာကောင်းတာပဲ မောင်လေးချူ... ဘယ်လို နည်းစနစ်ကို ဖန်တီးလိုက်သလဲ ဆိုတာ ပြောပြလို့ ရမလား...”
ချူခွမ်းရန်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
“အော်... ဘာမှမဟုတ်ပါဘူး...”
သူက အများကြီး ထုတ်မပြောပေ။ ပြိုင်ဘက်ကင်းနည်းစနစ်သည် သူ့ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သဖြင့် အခြားသူများကို ပြောပြခြင်းက ပညာရှိရာ မရောက်ပေ။
သခင်မလန်ယွဲ့လည်း သူ ဖန်တီးလိုက်သော ထိုနည်းစနစ်မျိုးသည် အလွန် ရှားပါးပြီး အင်ပါယာများ၏ လျှို့ဝှက်ချက်အချို့နှင့်ပင် ပတ်သက်နေနိုင်ကြောင်း သိသည်။ ထို့ကြောင့် သူက အများကြီး မမေးတော့ပေ။
“မောင်လေးချူ... အခု တံခါးပိတ်ကျင့်ကြံတာ ပြီးသွားပြီဆိုတော့ တားမြစ်မြေရိုင်းဘက်ကို သွားတော့မယ် မဟုတ်လား...”
သခင်မလန်ယွဲ့က စကားလမ်းကြောင်းလွှဲ၍ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ချူခွမ်းရန်၏ မျက်လုံးများ အရောင်လက်သွား၏။
“ဒါဆို တားမြစ်မြေရိုင်းပွင့်သွားပြီပေါ့...”
တားမြစ်မြေရိုင်းအကြောင်းကို သူ ကြားဖူးသည်။
၎င်းသည် အင်ပါယာလမ်းထက်တွင် ကြီးမားသော ကံတရားအခွင့်အရေးများ ပြည့်နှက်နေသည့် နေရာကောင်းတစ်ခု ဖြစ်ကြောင်း သူ သိသည်။ လျှို့ဝှက်ဆန်းကြယ် သစ်တောနယ်မြေနှင့် ယှဉ်လျှင် တူညီနေမည် သို့မဟုတ် ထိုထက်ပိုသော ရတနာများပင် ပါဝင်နိုင်ပေသည်။
“ပွင့်နေပြီ... နင်ယုနဲ့ ချီယွဲ့ နှစ်ယောက်စလုံး လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အဲဒီဘက်ကို ထွက်သွားကြပြီ...”
သခင်မလန်ယွဲ့က ပြောလိုက်၏။
“သဘောပေါက်ပါပြီ... ဒီတားမြစ်မြေရိုင်းက တကယ်ကို စိတ်ဝင်စားစရာ ကောင်းပုံရတာပဲ...”
ကံတရားအခွင့်အရေးများ ပေါများသော နေရာတစ်ခု ဖြစ်သည့်အတွက် ချူခွမ်းရန် အနေဖြင့် ဤအခွင့်အရေးကို လွယ်လွယ် လက်လွတ်ခံမည် မဟုတ်ပေ။
မကြာမီ သူသည် သခင်မလန်ယွဲ့နှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။
တားမြစ်မြေရိုင်းအတွင်း၌ ဖြစ်၏။
တောင်တန်းတစ်ခုတွင် ဓားတာအိုသခင်သည် သူ့မျိုးနွယ်စုဝင်တစ်စုကို ဦးဆောင်၍ ထိုနေရာကို စူးစမ်းရှာဖွေနေသည်။
သူတို့ တစ်ဦးစီတိုင်းသည် တားမြစ်မြေရိုင်း ထဲသို့ ရောက်ရှိနေသည့် လွန်ခဲ့သော ရက်အနည်းငယ် အတွင်း ကိုယ်ပိုင် ကံတရားအခွင့်အရေးများ ရရှိခဲ့ကြပြီး အသီးသီး ပိုမို စွမ်းအားကြီးလာကြ၏။ ဤသည်မှာ တားမြစ်ခံ ကောင်းကင်သားတော် ဖြစ်ပြီးသား ဓားတာအိုသခင်အတွက် ပို၍ပင် မှန်ကန်သည်။ ကံတရားအခွင့်အရေး အများအပြား၏ အကူအညီဖြင့် သူသည်လည်း အင်အား လျင်မြန်စွာ တိုးတက်လာခဲ့၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အင်ပါယာတစ်ပိုင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
“မလုံလောက်သေးဘူး... ဒီလောက်နဲ့ လုံးဝ မလုံလောက်သေးဘူး...”
“ဒီနှုန်းနဲ့ဆိုရင် ငါ ချူခွမ်းရန်ကို ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး...”
ဓားတာအိုသခင်က သူ့လက်ထဲမှ ဓားရှည်ကို ကြည့်လိုက်သည်။ ၎င်းသည် ဓားမျိုးနွယ်စု၏ အင်ပါယာလက်နက်များထဲမှ တစ်ခုဖြစ်သော ရွှေရောင်နတ်ဘုရား အင်ပါယာဓားဖြစ်၏။
ဓားမျိုးနွယ်စုခေါင်းဆောင်သည် သူ တားမြစ်မြေရိုင်း သို့ ထွက်ခွာခါနီးတွင် ဤဓားကို ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ ဝင်ပေါက်ကိုးခုဓားနှလုံးသားကြောင့် သူသည် ဓား၏ အသိအမှတ်ပြုမှုကို လျင်မြန်စွာ ရရှိခဲ့ပြီး ချက်ချင်းပင် သန့်စင်နိုင်ခဲ့သည်။
ထိုဓားကို ပိုင်ဆိုင်ထားခြင်းဖြင့် သူသည် လက်ရှိတွင် ဓားမျိုးနွယ်စုမှ အကြီးအကဲများထက် ပိုမို စွမ်းအားကြီးမားနေပြီ ဖြစ်သည်။
သို့သော်လည်း အင်ပါယာလက်နက်၏ အကူအညီနှင့် တိုးတက်လာသော ကျင့်ကြံခြင်းအဆင့်ရှိသော်လည်း ချူခွမ်းရန်ကို တိုက်ခိုက်ရန် အင်အားမလုံလောက်သေးဟု ခံစားနေရဆဲပင်။
*အင်ပါယာလက်နက် ဟုတ်လား…*
*ချူခွမ်းရန်ဆီမှာလည်း ရှိတာပဲ... တစ်လက်တည်းတောင် မဟုတ်ဘူး... ဒီအချက်က သူ့ထက် ငါ့ကို အသာစီးရစေမှာ မဟုတ်ဘူး…*
*ကျင့်ကြံခြင်းအဆင့်လား…*
*အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောစရာ ရှိဦးမှာလဲ... အဲဒီကောင်က အထွတ်အထိပ် ပညာရှင်ပဲ... သူ့အခြေခံတွေက ငါ့ထက် အများကြီး ပိုခိုင်မာတယ်... ပြီးတော့ အဲဒီ သစ်သားဓာတ် သွေးကြောအနှစ်သာရနဲ့ဆိုရင် သူ သန့်စင်ပြီးတာနဲ့ သေချာပေါက် အင်ပါယာတစ်ပိုင်းအဆင့်ကို ရောက်သွားလိမ့်မယ်…*
လက်ရှိအနေအထားအရ သူ့တွင် ချူခွမ်းရန်ကို အနိုင်ယူနိုင်မည့် အခွင့်အရေး မရှိပေ။
ဓားတာအိုသခင်က ထိုအချက်ကို နားလည်သည်။
“ငါ ချူခွမ်းရန်ကို ယှဉ်ချင်ရင် ပြီးပြည့်စုံတဲ့ အင်ပါယာလက်နက်တစ်ခုရှိမှ ဖြစ်မယ်... ဒါမှမဟုတ် ငါ့ကျင့်ကြံခြင်းကို ထိပ်တန်းအဆင့် အင်ပါယာတစ်ပိုင်းအဆင့်ထိ တိုးမြှင့်ရမယ်... ငါ့ရဲ့ဝင်ပေါက်ကိုးခု ဓားနှလုံးသားနဲ့ ပေါင်းလိုက်ရင် သူ့ကို တိုက်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်... ဒါ့အပြင် ငါ့ရဲ့ ဓားတာအိုလည်း ရှိသေးတယ်... ပြီးပြည့်စုံသောအဆင့်အထိ တိုးတက်အောင် လုပ်နိုင်ရင် အာဏာရှင်အုပ်စိုးသူတစ်ယောက်ကိုတောင် တိုက်နိုင်လောက်တယ်...”
“အဲဒီပစ္စည်းကို သွားရှာဖို့ အချိန်တန်ပြီ ထင်တယ်...”
ဓားတာအိုသခင်က ရေရွတ်လိုက်ပြီးနောက် အစိမ်းရောင် မီးအိမ်တစ်ခုကို ထုတ်လိုက်သည်။ ၎င်းသည် မြစိမ်းရောင် မီးအိမ်ပင်။
ထိုအချိန်တွင် မီးတောက်တစ်ခု ၎င်းထဲ၌ တောက်လောင်နေပြီး နတ်ဘုရားမီးအိမ်မှ ဆန်းကြယ်သော အလင်းတန်းများ ဖြာထွက်နေ၏။
အနီးအနား တစ်နေရာတွင် မြင့်မြတ်သခင်ဓားသမားမိန်၏ မျက်လုံးများ ထိုအရာကို မြင်သောအခါ မထိန်းချုပ်နိုင်ဘဲ အရောင်လက်သွားသည်။
*သခင်ပြောတာမှန်တယ်... ဓားတာအိုသခင်ဆီမှာ နတ်ဘုရားမီးအိမ်ရဲ့ မီးစာ တကယ် ရှိနေတာပဲ... အခု မီးစာက သူ့နေရာမှန်ကို ပြန်ရောက်သွားပြီဆိုတော့ ဓားတာအိုသခင်က တစ်ခုခုလုပ်ဖို့ ပြင်ဆင်နေလောက်ပြီ…*
မြင့်မြတ်သခင်ဓားသမားမိန် တွေးလိုက်၏။
သူ့အတွေး မှန်ကန်ပါသည်။ ချက်ချင်းပင် ဓားတာအိုသခင်က ဝိညာဉ်စွမ်းအင်များကို မြစိမ်းရောင်မီးအိမ်ထဲသို့ လမ်းကြောင်းလွှဲပေးနေသည်ကို တွေ့လိုက်ရပြီး မီးအိမ်က လမ်းကြောင်းတစ်ခုဆီသို့ အလိုအလျောက် ညွှန်ပြနေ၏။
“အဲဒီဘက်မှာလား...”
ဓားတာအိုသခင်က နတ်ဘုရားမီးအိမ် လမ်းညွှန်သော လမ်းကြောင်းအတိုင်း လိုက်သွားပြီး ကျန်လူများကို ဦးဆောင်သွားလိုက်သည်။
မြင့်မြတ်သခင်ဓားသမားမိန်က သူ့နောက်သို့ ချက်ချင်း မလိုက်ဘဲ အုပ်စု၏ အနောက်ဘက်တွင် နေရစ်ခဲ့၏။ သူက ချူခွမ်းရန်ထံ လျှို့ဝှက်သတင်းစကား ပေးပို့ရန် ပြင်လိုက်သည်။
သို့သော်လည်း မကြာမီတွင် သူမှလွဲ၍ ကျန့်ချန်ဖုန်းသည်လည်း အုပ်စုထဲတွင် တိတ်တဆိတ် လှုပ်ရှားနေသည်ကို သတိပြုမိလိုက်၏။
သူ သံသယ ဝင်လာပြီး ကျန့်ချန်ဖုန်းကို တိတ်တဆိတ် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မကြာမီ ကျန့်ချန်ဖုန်းက တစ်စုံတစ်ယောက်ထံ သတင်းစကား ပေးပို့နေကြောင်း သူ သိလိုက်ရ၏။ ဒါ ဖြစ်နိုင်တာက...
မြင့်မြတ်သခင်ဓားသမားမိန် သဘောပေါက်သွားသောအခါ မျက်လုံးများ အရောင်လက်သွားသည်။
*ကျန့်ချန်ဖုန်းက သခင့် လူတွေထဲက တစ်ယောက်ပဲ…*
မြင့်မြတ်သခင်ဓားသမားမိန်သည် ချူခွမ်းရန်၏ နည်းဗျူဟာများကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
ကျန့်ချန်ဖုန်းက သတင်းပို့နေပြီ ဖြစ်သည့်အတွက် သူ ဒုက္ခခံစရာ မလိုတော့ပေ။ သို့သော် သူ ထွက်ခွာရန် ဆုံးဖြတ်လိုက်စဉ်မှာပင် ထူးဆန်းသော အရာတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်၏။
ဟင်းလင်းပြင်အတွင်းမှနေ၍ ကျန့်ချန်ဖုန်းကို ချောင်းမြောင်းကြည့်ရှုနေသော အခြားလူတစ်ယောက် ရှိနေသည်။
ထိုလူမှာ ဓားတာအိုသခင်၏ အရိပ်ဓားသမား သုံးဦးအနက်တစ်ဦးဖြစ်သော ဓားသမားယင်ဖြစ်ကြောင်း သူမ မှတ်မိလိုက်၏။
ဓားသမားယင်က သူ့ကို ကြည့်နေကြောင်း သတိပြုမိသောအခါ ပြုံးလိုက်သည်။ ထို့နောက် သူက တိတ်တိတ်နေရန် အချက်ပြပြီး ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွား၏။
မြင့်မြတ်သခင်ဓားသမားမိန် တုန်လှုပ်သွားသည်။
*သူ ဘာဆိုလိုတာလဲ…*
*ကျန့်ချန်ဖုန်းက သခင့်ကို တိတ်တဆိတ် ဆက်သွယ်နေတာကို ဓားသမားယင်က မတော်တဆ သိသွားတာလား... ဒါမှမဟုတ် ဓားတာအိုသခင်က သူ့ကို သံသယဝင်ပြီး စုံစမ်းဖို့ ဓားသမားယင်ကို လွှတ်လိုက်တာလား…*
*ငါကော ဘယ်လိုလဲ…*
*ငါ့အကြောင်းကော ပေါ်သွားပြီလား…*
မြင့်မြတ်သခင်ဓားသမားမိန်က သူ့စိတ်ထဲရှိ ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။ ဘာမှ မသိသေးသော ကျန့်ချန်ဖုန်းကို ကြည့်ပြီးနောက် သူ၏ ပုံရိပ်သည်လည်း တဖျပ်ဖျပ် လှုပ်ရှားကာ လေထဲသို့ ပျောက်ကွယ်သွား၏။
သူ ဓားတာအိုသခင်ထံ သွားလိုက်ရာ ဓားသမားယင်က ရောက်နှင့်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
“တာအိုသခင်.. တာအိုသခင်ရဲ့ သံသယတွေ မှန်ကန်ပါတယ်... ကျန့်ချန်ဖုန်းက ချူခွမ်းရန်ဆီ တိတ်တဆိတ် သတင်းပို့နေတာ အမှန်ပါပဲ...”
ဓားသမားယင်က ကျန့်ချန်ဖုန်းအကြောင်း ဓားတာအိုသခင်အား သတင်းပို့နေခြင်း ဖြစ်သည်။
“ဂါရဝပြုပါတယ် တာအိုသခင်..”
မြင့်မြတ်သခင်ဓားသမားမိန်က သူတို့နှစ်ဦးထံ လျှောက်သွားလိုက်၏။ သူ့မျက်နှာထားမှာ ပုံမှန်အတိုင်း ဖြစ်ပြီး ထိတ်လန့်သော အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။
ဓားသမားယင်က သူ့ဘေးတွင် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“မင်းရဲ့ ဂုဏ်သတင်းက တကယ်ကို ထိုက်တန်ပါတယ် မြင့်မြတ်သခင်ဓားသမားမိန်... တာအိုသခင် အမိန့်ပေးမှ ငါက ကျန့်ချန်ဖုန်းကို စောင့်ကြည့်ဖြစ်တာ... မင်းက သူ့ရဲ့ ထူးဆန်းတဲ့ အပြုအမူကို သိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်းရဲ့ သတိရှိမှုအဆင့်က ငါ့ထက်တောင် သာလွန်နေသေးတယ်...”
“အော် မိန်အာ... မင်းလည်း တစ်ခုခု သတိထားမိလို့လား...”
ဓားတာအိုသခင်က အနည်းငယ် အံ့အားသင့်သွားသည်။
“ဟုတ်ပါတယ်... ဒီရက်ပိုင်း ကျန့်ချန်ဖုန်း အပြုအမူတွေ ထူးဆန်းနေတာ သတိထားမိလို့ ပိုပြီး စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ... တာအိုသခင်ဆီကိုလာပြီး သတင်းပို့မလို့ လုပ်နေတာ တာအိုသခင်က သိနှင့်ပြီးသား ဖြစ်နေတာကို သတိမထားမိလိုက်ဘူး... ကျွန်မရဲ့ လုပ်ရပ်တွေက မလိုအပ်တော့ဘူး ထင်ပါတယ်...”
မြင့်မြတ်သခင်ဓားသမားမိန်က ရယ်မောလိုက်၏။
“သံသယ ဖြစ်ရုံလောက်ပဲ ရှိသေးတာပါ... ဒါပေမဲ့ ကျန့်ချန်ဖုန်းက ငါ့ကို တကယ် သစ္စာဖောက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး... သူ့ဘက်ပါလာအောင် ချူခွမ်းရန်က ဘယ်လို အကျိုးအမြတ်တွေ ပေးထားလဲ မသိဘူး...”
“တာအိုသခင်... သူ့ကို ဘယ်တုန်းကစပြီး သံသယ ဝင်ခဲ့တာလဲ...”
“လွန်ခဲ့တဲ့တစ်ခေါက် လျှို့ဝှက်ဆန်းကြယ် သစ်တောနယ်မြေမှာတုန်းက ချူခွမ်းရန်က ဘယ်ကန့်သတ်ချက်ကိုမှ အသက်မဝင်စေဘဲ ပေါ်လာပြီး အဖြူရောင် ဝိညာဉ်နတ်ဘုရားသစ်သီးကို လုယူသွားနိုင်ခဲ့တယ်... အဲဒီနောက်ပိုင်း တစ်ခုခုမှားနေပြီလို့ ငါ သတိထားမိလာတာ... လျှို့ဝှက်ဆန်းကြယ် သစ်တောနယ်မြေက သိပ်ကျယ်တဲ့နေရာလေ... ချူခွမ်းရန်က နေရာပေါင်းစုံထဲကမှ အဲဒီနေရာမှာ ပေါ်လာဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိမှာလဲ... အဲဒီအချိန်ကစပြီး ငါ ကျန့်ချန်ဖုန်းကို သံသယ ဝင်ခဲ့တာ...”
“သဘောပေါက်ပါပြီ... ငါတို့ သိပြီးပြီဆိုတော့ သူ့ကို သွားသတ်လိုက်ပါ့မယ်...”
မြင့်မြတ်သခင်ဓားသမားမိန်က အေးစက်စွာ ပြောလိုက်၏။
“မလောပါနဲ့... ကျန့်ချန်ဖုန်းကို သတင်းအမှားတွေ ပေးပို့ခိုင်းပြီး ချူခွမ်းရန်ကို ရှင်းပစ်ဖို့ သူ့ကို ငါ သုံးလို့ရတယ်... စောင့်နေလိုက် ချူခွမ်းရန်... မင်းရဲ့ ပါးနပ်မှုက မင်းကျဆုံးရတဲ့ အကြောင်းရင်း ဖြစ်လာစေရမယ်...”
ဓားတာအိုသခင်က တိုက်ပွဲကို ထိန်းချုပ်နေသည့် စစ်ဗျူဟာမှူး တစ်ဦးအလား လှောင်ပြောင်လိုက်သည်။
လေးစားအားကျသော အမူအရာက မြင့်မြတ်သခင်ဓားသမားမိန် ၏ မျက်နှာပေါ်တွင် ပေါ်လာ၏။
“သိပ်ကောင်းတဲ့အကြံပဲ တာအိုသခင်..”
သို့သော်လည်း သူ့စိတ်ထဲတွင်မူ တိတ်တဆိတ် လှောင်ပြောင်နေသည်။
*အော်... ချစ်လှစွာသော ဓားတာအိုသခင်... ငါလည်း သခင်လွှတ်ထားတဲ့ သူလျှိုတစ်ယောက်ဆိုတာ သိသွားရင် နင် တုန်လှုပ်သွားမလားပဲ…*
***