တားမြစ်မြေရိုင်းရှိ နေရာတစ်ခုတွင် ဖြစ်၏။
ချူခွမ်းရန်သည် တောင်ပေါ်လမ်းများအတိုင်း လမ်းလျှောက်နေသည်။ ရတနာရှာဖွေခြင်းစွမ်းရည်ကို အသက်သွင်းထားပြီး အနီးအနားတွင် တွေ့ရှိသော မည်သည့် ရတနာကိုမဆို ချက်ချင်း ဆွဲယူနေ၏။
တားမြစ်မြေရိုင်းဖြစ်စေ၊ လျှို့ဝှက်ဆန်းကြယ် သစ်တောနယ်မြေ ဖြစ်စေ၊ ဤနေရာများသည် ချူခွမ်းရန်အတွက် ရတနာများ တူးဖော်ရန် အကောင်းဆုံးနေရာများ ဖြစ်သည်။
ရုတ်တရက် သူ၏ ဆက်သွယ်ရေး သံလိုက်အိမ်မြှောင် စတင် တုန်ခါလာ၏။
ချူခွမ်းရန်က သူ့သံလိုက်အိမ်မြှောင်ကို ဖွင့်ကြည့်လိုက်သောအခါ ကောက်ကျစ်သော အပြုံးတစ်ခု မျက်နှာပေါ်တွင် ပေါ်လာသည်။
“ဓားတာအိုသခင်က သိပ်တော့ မတုံးဘူးပဲ... ကျန့်ချန်ဖုန်းရဲ့ ထူးဆန်းတဲ့ အပြုအမူကို သတိထားမိသွားပြီ...”
ချူခွမ်းရန်အနေဖြင့် ထိုသတင်းကြောင့် အံ့သြခြင်းမရှိပေ။
ကျန့်ချန်ဖုန်းကို ထားလိုက်ပါ။ မြင့်မြတ်သခင်ဓားသမားမိန် ပေါ်သွားလျှင်ပင် သူ စိုးစဉ်းမျှ ခံစားရမည် မဟုတ်ပေ။
သူတို့က ဓားမျိုးနွယ်စုဝင်များ ဖြစ်ကြသည်လေ။ သူတို့ ကိုယ့်ဂိုဏ်းကို သစ္စာဖောက်လိုက်သည့် အချိန်ကတည်းက ဓားမျိုးနွယ်စုအတွက် ဆုံးရှုံးပြီးသား ဖြစ်သည်။
ချူခွမ်းရန်အတွက်မူ သူတို့သည် သူ ကစားနေသော ဂိမ်းတစ်ခုထဲမှ ဇာတ်ပို့ ဇာတ်ကောင်များသာ ဖြစ်ကြ၏။
“ဓားတာအိုသခင်... ဓားအင်ပါယာရဲ့ ကံတရားအခွင့်အရေးကိုရှာပေးဖို့ မင်းကိုပဒ အားကိုးရတော့မယ်...”
ချူခွမ်းရန်က ပေါ့ပါးစွာ ရယ်မောလိုက်သည်။
အခြားနေရာတစ်ခုတွင်။
ဓားတာအိုသခင်သည် ဓားမျိုးနွယ်စုဝင် တစ်စုကို တောင်တန်းတစ်ခုရှေ့သို့ ခေါ်ဆောင်သွားသည်။
“ဒီလမ်းဆုံးမှာ ဓားအင်ပါယာချင်းရွှမ်ရဲ့ အနားယူရာနေရာရှိတယ်... ဒဏ္ဍာရီတွေအရ ဓားအင်ပါယာက ကျင့်ကြံနေရင်း ကွယ်လွန်သွားပြီး ဒုတိယဘဝ မနေနိုင်ခဲ့ဘူးတဲ့... ဒါပေမဲ့ ရေနဲ့ မီး ဓားသင်္ကေတတွေက သူ့လက်ထဲမှာ ရှိနေတယ်... အဲဒါတွေကို သန့်စင်ပြီးတာနဲ့ ငါ့ရဲ့ ဆန်းကြယ်လေးပါး ဓားတာအိုက ပြီးပြည့်စုံသွားလိမ့်မယ်...”
ဓားတာအိုသခင်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ဆန်းကြယ်လေးပါးဓားတာအိုဆိုသည် သူ ရွေးချယ် လျှောက်လှမ်းထားသော တာအိုလမ်းစဉ်ဖြစ်သည်။ ၎င်းသည် ရှေးဟောင်း အမွေအနှစ်တစ်ခုမှ သူ ရှာဖွေတွေ့ရှိခဲ့သော လမ်းစဉ်ဖြစ်၏။
ဆန်းကြယ်လေးပါး ဓားသင်္ကေတသည် တစ်ချိန်က ကွဲပြားခြားနားသော ဓားတာအိုပုံစံ လေးမျိုး၏ စွမ်းအား ပါဝင်သည့် တစ်ခုတည်းသော ပစ္စည်းဖြစ်ကြောင်း ရှေးဟောင်းမှတ်တမ်းတစ်ခုမှတဆင့် ဓားတာအိုသခင် သိရှိခဲ့သည်။ သို့သော်လည်း ရှေးခေတ် စစ်ပွဲကြီးများထဲမှ တစ်ခုတွင် ထိုပစ္စည်းသည် အပိုင်းလေးပိုင်း ကွဲထွက်သွားခဲ့၏။ လေဓားသင်္ကေတ ပါဝင်သော အစိတ်အပိုင်းကို သူ ဆက်ခံရရှိခဲ့သည်။
နှစ်ပေါင်းများစွာ ရှာဖွေပြီးနောက် မြေဓားသင်္ကေတကိုလည်း ရှာဖွေတွေ့ရှိခဲ့၏။ ထို့ကြောင့် ဓားတာအိုသခင်သည် ထိုဓားသင်္ကေတကို သန့်စင်ရန် လွန်ခဲ့သော ကာလအနည်းငယ်က တံခါးပိတ် ကျင့်ကြံခဲ့ခြင်းဖြစ်သည်။
ကျန်ရှိနေသော ရေဓားသင်္ကေတ နှင့် မီးဓားသင်္ကေတတို့သည် ဓားအင်ပါယာချင်းရွှမ်ထံတွင် ရှိနေသည်ဟု ဆိုကြသည်။
ထို့ကြောင့် ဓားတာအိုသခင်သည် ဓားအင်ပါယာချင်းရွှမ်ကို ရှာဖွေရာတွင် အရေးပါသော နတ်ဘုရားမီးအိမ် ရရှိရန် စွဲလမ်းနေခဲ့ခြင်း ဖြစ်သည်။
ကျန့်ချန်ဖုန်းသည် ဓားတာအိုသခင်၏ မှတ်ချက်များကို မှတ်သားထားလိုက်၏။
အဖွဲ့က ရှေ့သို့ ချီတက်သွားစဉ် ကျန့်ချန်ဖုန်း သည် အနောက်ဘက်တွင် နေရာယူပြီး ဓားအင်ပါယာ ချင်းရွှမ် ရှိမည့်နေရာ အကြောင်း ချူခွမ်းရန်ကို သတင်းပို့လိုက်သည်။
သို့သော်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိရန် ကျန့်ချန်ဖုန်းအတွက် အချိန်သိပ်မကြာလိုက်ပေ။
အဖွဲ့သည် တောင်တန်းအဆုံးတွင် ရပ်မတန့်ဘဲ အဝေးသို့ ဆက်လက် ချီတက်သွားကြ၏။
ဓားတာအိုသခင် အကြံပြုခဲ့သည်နှင့် ဆန့်ကျင်ဘက် ဓားအင်ပါယာချင်းရွှမ်သည် တောင်တန်းတွင်ရှိမနေပေ။
ကျန့်ချန်ဖုန်းသည် သူ၏ တွေ့ရှိချက်များကို ချူခွမ်းရန်ထံ သတင်းပို့လိုသော်လည်း ဓားသမားယင်က သူ့ကို စောင့်ကြည့်နေသဖြင့် အခွင့်အရေး မရနိုင်ခဲ့ပေ။
ဤအချက်က ကျန့်ချန်ဖုန်းကို စိုးရိမ်ပူပန်စေပြီး ကူကယ်ရာမဲ့ ဖြစ်သွားစေသည်။
ဓားတာအိုသခင် သူ့ကို ရိပ်မိသွားကြောင်း သူ သိလိုက်၏။
အမှန်တကယ်တော့ သူက ထောင်ချောက်ထဲ ကျသွားခြင်း ဖြစ်သည်။ ဓားတာအိုသခင် သည် ချူခွမ်းရန်ထံ သတင်းအမှား ပေးပို့ရန် သူ့ကို အသုံးပြုခဲ့ခြင်းဖြစ်၏။
ခရီးတစ်လျှောက်လုံး ဓားသမားယင်သည် ကျန့်ချန်ဖုန်းကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ မကြာမီ အဖွဲ့သည် ထူထပ်သော မြူမည်းတိမ်တိုက် ဖုံးလွှမ်းနေသည့် ကြောက်မက်ဖွယ် သစ်တောတစ်ခု ရှေ့သို့ ရောက်ရှိလာကြ၏။
မြူမည်းများသည် ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် တံဆိပ်ပုံစံတစ်ခု ဖြစ်သည်။
၎င်းသည် တားမြစ်မြေရိုင်းတွင် ရှိနေသော သဘာဝ တံဆိပ်တစ်ခု မဟုတ်ပေ။ အမှန်တကယ်တော့ ဤတံဆိပ်ကို ကျင့်ကြံသူ တစ်ဦးက ဖန်တီးထားခြင်း ဖြစ်သည်။
“တွေ့ပြီ... ဓားအင်ပါယာချင်းရွှမ်ရဲ့ နေရာအစစ်...”
“တာအိုသခင်... ဒီမြူမည်းတွေက ထူးဆန်းနေတယ်...”
မြင့်မြတ်သခင်ဓားသမားမိန်က မြူမည်းများကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။
“အဲဒီသစ္စာဖောက်ကို အခြေအနေ စမ်းသပ်ခိုင်းလိုက်...”
ဓားတာအိုသခင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ ရည်ညွှန်းသော သစ္စာဖောက်မှာ သေချာပေါက် ကျန့်ချန်ဖုန်း ဖြစ်၏။
မကြာမီ ကျန့်ချန်ဖုန်းကို ဓားသမားယင်က ရှေ့သို့ ဆွဲခေါ်လာသည်။
“ငါ သိချင်တယ်... ဓားမျိုးနွယ်စုကို ဒီလောက် လိုလိုလားလား သစ္စာဖောက်ဖို့ ချူခွမ်းရန်က မင်းကို ဘယ်လောက် ပေးထားလဲ...”
ဓားတာအိုသခင်က အေးစက်စွာ ပြောလိုက်၏။
ထိုကဲ့သို့ပင် ကျန့်ချန်ဖုန်း၏ သစ္စာဖောက်မှုမှာ တစ်ဖွဲ့လုံး သိသွားကြပြီး ကျင့်ကြံသူများ အံ့သြတုန်လှုပ်သွားကြသည်။
ကျန့်ချန်ဖုန်းက ပြုံးရုံသာ ပြုံးလိုက်ပြီး ပြောလိုက်၏။
“ဓားတာအိုသခင်... မင်းက ကျုပ်သခင်ကို မယှဉ်နိုင်ပါဘူး...”
“သခင် ဟုတ်လား...”
ဓားတာအိုသခင်၏ မျက်နှာထား မည်းမှောင်သွားသည်။
“မင်း သူ့ကို သခင်လို့ ခေါ်လိုက်တာလား...”
ချူခွမ်းရန်ကို သခင်အဖြစ် အသိအမှတ်ပြုခြင်းသည် လာဘ်ထိုးခံရရုံ သက်သက်ထက် ဓားမျိုးနွယ်စုအတွက် ပိုမို စိုးရိမ်စရာကိစ္စဖြစ်သည်။
ကျန့်ချန်ဖုန်းသည် ဓားမျိုးနွယ်စု၏ ထူးချွန်သော ကောင်းကင်သားတော်တစ်ဦး ဖြစ်သည်။ မျိုးနွယ်စု၏ ရန်သူဖြစ်သော ချူခွမ်းရန်ကို သူ၏ သခင်ဟု ခေါ်ဆိုကြောင်း သတင်းပြန့်သွားပါက ဓားမျိုးနွယ်စု၏ ဂုဏ်သိက္ခာ မည်မျှကျဆင်းသွားမည်ကို တွေးကြည့်ပါ။
“သူ့ကို မြူတွေထဲ ပစ်ထည့်လိုက်...”
ဓားတာအိုသခင်၏ အမိန့်နှင့်အတူ ဓားသမား ယင်က ကျန့်ချန်ဖုန်းကို အားပြင်းပြင်း ရိုက်ချလိုက်ပြီး မြူထဲသို့ တွန်းပို့လိုက်သည်။
ပြင်ပလူတစ်ဦး၏ ရုတ်တရက် ဝင်ရောက်မှုက မြူထဲတွင် တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်စေ၏။
မြူများသည် တုံ့ပြန်သည့်အနေဖြင့် လှည့်ပတ်သွားပြီး အသိစိတ်ရှိနေသကဲ့သို့ ကျန့်ချန်ဖုန်းထံသို့ ဦးတည်သွားသော ဓားချီအလင်းတန်းများအဖြစ် ဖွဲ့စည်းသွားသည်။
တိကျသော ဓားချီများက ကျန့်ချန်ဖုန်းအပေါ်သို့ ပြေးဝင် ကျဆင်းလာ၏။
ကျန့်ချန်ဖုန်းသည် သင့်တင့်လျောက်ပတ်သော ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ဓားချီများ ဝိုင်းရံခံလိုက်ရပြီးနောက် လျင်မြန်စွာ အရေးနိမ့်သွားသည်။
ကျယ်လောင်သော စုတ်ပြဲသံနှင့်အတူ ဓားချီများက ကျန့်ချန်ဖုန်း၏ ခြေလက်များကို ဖြတ်တောက်လိုက်၏။
မကြာမီ ကျန့်ချန်ဖုန်းသည် ဓားချီများ၏ မွှမွှကြေအောင် ခုတ်ပိုင်းခြင်း ခံလိုက်ရပြီး ချက်ချင်း သေဆုံးသွားသည်။
ဓားတာအိုသခင်မှာမူ ယင်းကို ဂရုမစိုက်ပေ။
သစ္စာဖောက်တစ်ယောက်၏ သေဆုံးမှုအတွက် ဝမ်းနည်းစရာ အကြောင်း မရှိပါ။
သို့သော်လည်း သူ့ရှေ့မှ မြူမည်းများသည် ဖြတ်သန်းသွားလာရန် ခက်ခဲသော အခြေအနေ တစ်ခုကို ပြသနေ၏။
“ဒီဓားချီတွေက သိပ်အားပြင်းတယ်... မြူထဲကို ထိုးဖောက်ဝင်ရောက်ဖို့ လွယ်မှာ မဟုတ်ဘူး...”
ဓားတာအိုသခင်က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက လက်ထဲရှိ နတ်ဘုရားမီးအိမ်ကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားမိလိုက်၏။
ဝိညာဉ်စွမ်းအင် အသက်သွင်းလိုက်သည်နှင့် မီးအိမ်မှ ဖျော့တော့သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
အလင်းရောင်ရှိသည့် နေရာတိုင်းကို မြူမည်းများက ရှောင်ဖယ်သွားကြ၏။
“ငါထင်သားပဲ... မြူမည်းတွေကို ဖယ်ရှားဖို့ နတ်ဘုရားမီးအိမ်က အဓိက သော့ချက်ပဲ...”
ဓားတာအိုသခင်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး နတ်ဘုရားမီးအိမ်ကို ကိုင်ဆောင်ကာ မြူမည်းများထဲသို့ ဖြည်းညင်းစွာ လှမ်းဝင်လိုက်သည်။ ဓားတာအိုသခင် လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် မြူမည်းများက ဘေးနှစ်ဖက်သို့ ကွဲထွက်သွားကြ၏။
ကျန်ရှိသော ဓားမျိုးနွယ်စုဝင်များက သူ့နောက်မှ ကပ်လိုက်သွားကြသည်။
ထိုနေရာတွင် ကျန့်ချန်ဖုန်း၏ အလောင်းသာ ကျန်ရစ်ခဲ့၏။
သို့သော်လည်း အချိန်အနည်းငယ် ကြာပြီးနောက် လက်ဖဝါးအရွယ်အစားရှိသော သစ်သားအရုပ်တစ်ခု သူ့အလောင်းထဲမှ ထွက်လာသည်။
“ဒီမတိုင်ခင် ဝိညာဉ်ပြောင်းရွှေ့ခြင်းနည်းစနစ်ကို ရထားမိလို့ ကံကောင်းသွားတယ်... ငါ့ဝိညာဉ်ကို ဒီအရုပ်ထဲ မပြောင်းထားမိရင် တကယ့်အသေကောင် ဖြစ်သွားမှာ...”
ယခု အရုပ်ဖြစ်နေသော ကျန့်ချန်ဖုန်းက လေးနက်စွာ ပြောလိုက်၏။
သို့သော်လည်း မြူမည်းများက မကြာမီ ထပ်မံ လှည့်ပတ်လာပြီး ကျန့်ချန်ဖုန်းအနားသို့ တိုးကပ်လာသည်။
“နောက်နေတာလား... ငါက အရုပ်ဖြစ်နေပြီလေ... ဘာလို့ မြူမည်းဓားဓာတ်တွေက ငါ့ကို သတ်ဖို့ ကြိုးစားနေတုန်းပဲလဲ...”
အရုပ်ကျန့်ချန်ဖုန်း ကြောက်လန့်တကြား ဖြစ်သွား၏။
ဒီအရုပ်သာ ကွဲကြေသွားရင် တကယ်ပဲ သူ့ဘဝ အဆုံးသတ်သွားပြီ။
ဓားချီများက ကျန့်ချန်ဖုန်းထံသို့ အုံနဲ့ကျင်းနဲ့ တိုးဝင်လာသည်။
သူ့ခန္ဓာကိုယ် ပျက်စီးသွားပြီ ဖြစ်သဖြင့် အရုပ်တွင် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိသလောက်ပင်။ ကျန့်ချန်ဖုန်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နည်းလမ်း မရှိတော့ပေ။
ဓားချီများ သစ်သားအရုပ်ကို မရိုက်ခွဲမီလေးမှာပင် ဓားချီအသစ်တစ်ခု မိုးကုတ်စက်ဝိုင်းဆီမှ ပြေးဝင်လာပြီး အနက်ရောင်မြူဓားချီများကို ဖျက်ဆီးပစ်ကာ ကျန့်ချန်ဖုန်း ပတ်လည်တွင် အကာအကွယ် အတားအဆီးတစ်ခု ဖန်တီးပေးလိုက်၏။
“ဒီဓားချီကို ငါ မှတ်မိတယ်... သခင် ရောက်လာပြီ...”
ကျန့်ချန်ဖုန်းက ဝမ်းသာသွားပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
ချူခွမ်းရန်က လေပေါ်မှ လျှောဆင်းလာပြီး ကျန့်ချန်ဖုန်း၏ ရှေ့တည့်တည့်တွင် ဆင်းသက်လိုက်၏။ ချူခွမ်းရန်က ပြောင်စပ်စပ်ဖြင့် စနောက်လိုက်သည်။
“မင်း ဘယ်လိုလုပ်အရုပ်ဖြစ်သွားတာလဲ...”
အရုပ်ဟုတ်လား...
အဲဒါ ဘာကြီးလဲ...
ချူခွမ်းရန်သုံးလိုက်သည့် စကားလုံးကို ကျန့်ချန်ဖုန်း တစ်ခါမှ မကြားဖူးပေ။
သို့သော်လည်း သူ အများကြီး စဉ်းစားမနေဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်၏။
“ဂါရဝပြုပါတယ် သခင်... ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်အကြောင်း ပေါ်သွားပါပြီ...”
ကျန့်ချန်ဖုန်းက ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက် အားလုံးကို ပြောပြလိုက်သည်။
“အင်း... ကောင်းပြီ...”
ချူခွမ်းရန်က ကျန့်ချန်ဖုန်း၏ ဇာတ်လမ်းကို အံ့သြပုံမရပေ။
ရယ်စရာကောင်းသည်မှာ ဤအချက်က ကျန့်ချန်ဖုန်းကို အံ့အားသင့်သွားစေသည်။
မည်သို့ပင်ဆိုစေ ကျန့်ချန်ဖုန်းက သူ့ကို သတင်းအမှား ပေးခဲ့သည် မဟုတ်ပါလား။ ချူခွမ်းရန်က ဒီနေရာကို ဘယ်လို ရှာတွေ့ခဲ့တာလဲ။
ဒါ ဖြစ်နိုင်တာက...
ကျန့်ချန်ဖုန်း တစ်နည်းနည်းဖြင့် အကြောင်းအရာများကို ဆက်စပ်တွေးမိလိုက်ပြီး အာမေဋိတ် ပြုလိုက်၏။
“သခင်... ဓားမျိုးနွယ်စုထဲမှာ နောက်ထပ် သူလျှိုတစ်ယောက် ရှိနေသေးတာလား...”
“ဟုတ်တယ်...” ချူခွမ်းရန်က ခေါင်းညိတ်လိုက်သည်။
***