ဓားတာအိုသခင်နှင့် ဓားကလန် အဖွဲ့ဝင်များက အနက်ရောင်မြူခိုးများကို ဖြတ်သန်းသွားလာနိုင်ခဲ့ပြီး ထူးခြားသည့် နေရာတစ်ခုသို့ ရောက်ရှိသွားကြ၏။
၎င်းက တစ်စုံတစ်ယောက် တည်ဆောက်ထားခဲ့သော မှော်နယ်မြေတစ်ခု ဖြစ်သည်။
တောင်တန်းများနှင့် ရေကန်များကို နောက်ခံထား၍ နန်းတော်တစ်ခုက ထိုနေရာတွင် မားမားမတ်မတ် ရှိနေ၏။
နန်းတော်ဝင်းတစ်လျှောက်တွင် ဓားရာများ ပြန့်ကျဲနေပြီး ၎င်းတို့ တစ်ခုစီတိုင်း၌ ထက်မြက်လှသော ဓားအခြေခံ တာအိုစည်းချက်များနှင့် အင်ပါယာ၏ အရှိန်အဝါတို့ ရောယှက် ပါဝင်နေသည်။
ဤသည်က ဓားအင်ပါယာ ချန်ရစ်ခဲ့သော ဓားရာများပင် ဖြစ်၏။
ဓားတာအိုသခင်နှင့် အခြားကျင့်ကြံသူများက ဤနေရာသို့ ရောက်ရောက်ချင်းပင် တူညီသော အတွေးတစ်ခု ဝင်လာခဲ့ကြသည်။
သူတို့က ထိုဓားရာများကို စိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်နေကြ၏။
ဤဓားရာများထဲတွင် ဓားအင်ပါယာ ချန်ရစ်ခဲ့သော တာအိုများ ပါဝင်နေသည်။ ထို့ကြောင့် ၎င်းကို လေ့လာ၍ ထိုးထွင်းသိမြင်မှုများ ရယူခြင်းက သူတို့အတွက် အလွန်ကြီးမားသော အကျိုးကျေးဇူး ဖြစ်စေလိမ့်မည် ဖြစ်၏။
ထိုအုပ်စုထဲတွင် ဓားတာအိုသခင်က ဓားတာအို၌ အမြင့်မားဆုံးဖြစ်ပြီး သူက ဓားရာများနှင့် ပတ်သက်၍ ထူးဆန်းသော အရာတစ်ခုကို သတိပြုမိလိုက်သည်။
“ဒီဓားရာတွေက ဖရိုဖရဲဖြစ်နေပြီး ပုံစံတကျ မရှိဘူး... တစ်ယောက်ယောက်က သူ့ဓားကို ရမ်းကားစွာ ခုတ်ပိုင်းထားသလိုပဲ... ပိုတိတိကျကျ ပြောရရင် တစ်ယောက်ယောက်က သူ့ဒေါသတွေကို ပေါက်ကွဲထုတ်နေတာပဲ...”
ဓားတာအိုသခင်က အကဲခတ်လိုက်၏။ ဓားရာများထဲမှတစ်ဆင့် ပွက်ပွက်ဆူနေသော မုန်းတီးမှု၊ ဒေါသနှင့် ဝန်လေးတွန့်ဆုတ်မှု အငွေ့အသက်တို့ကို သူ ခံစားလိုက်ရသည်။
“ဒီကိစ္စကို ခဏထားခဲ့ပြီး နန်းတော်ထဲ အရင် ဝင်ကြမယ်...”
ဓားတာအိုသခင်က ပြောလိုက်ပြီးနောက် ကျင့်ကြံသူများကို ဦးဆောင်ကာ နန်းတော်အတွင်းသို့ ဝင်ရောက်သွား၏။
နန်းတော်အတွင်း၌ အင်အားကြီးမားသော အင်ပါယာ၏ အရှိန်အဝါများကို ထုတ်လွှတ်နေသည့် အရိုးစုတစ်ခုက တင်ပျဉ်ခွေ ထိုင်နေသည်။
၎င်းက ဓားအင်ပါယာချင်းရွှယ်၏ ကြွင်းကျန်ရစ်သော အရိုးစုပင် ဖြစ်၏။
သိသာထင်ရှားစွာပင် ဓားအင်ပါယာ ချင်းရွှယ်က သူ တရားထိုင်နေစဉ်အတွင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
အရိုးစု၏ ပတ်ပတ်လည်တွင် ဓားရာအကြွင်းအကျန်များရှိနေပြီး တစ်ခုစီတိုင်းက အင်အားကြီးမားသော တွန့်ဆုတ်မှု ခံစားချက်တို့ဖြင့် ပွက်ပွက်ဆူနေ၏။
နန်းတော်အတွင်းရှိ တိုင်လုံးများအနက်မှ တစ်ခုပေါ်တွင် စာကြောင်းနှစ်ကြောင်း ထွင်းထုထားသည်။
“နှစ်ကာလ အရှည်ကြာဆုံး ငါ တွေးတောဆင်ခြင်ခဲ့ပြီး ငါ့ဘဝက အဆုံးသတ်ကို ရောက်လာခဲ့ပြီ... ဒါတောင်မှ ဒုတိယဘဝကို ရှင်သန်နိုင်ဖို့ ငါ ကျရှုံးခဲ့ရတယ်... အို... ဒီအရာအားလုံးကို ငါ ဘယ်လောက်တောင် မုန်းတီးလိုက်သလဲ...”
“မင်းနဲ့ မတွေ့နိုင်ခဲ့တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ ချင်းလီ...”
ထိုစာသားများကို ဖတ်ပြီးနောက် ကျင့်ကြံသူများက အခြေအနေကို နောက်ဆုံးတွင် သဘောပေါက်သွားကြ၏။
ဓားရာများက တကယ်ပင် ဓားအင်ပါယာ ချင်းရွှယ် ချန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က ဒုတိယဘဝကို မရှင်သန်နိုင်ခဲ့သည့်အတွက် သူ၏ စိတ်ပျက်အားငယ်မှုများကို ဖော်ပြနေခြင်းပင်ဖြစ်၏။
“ကောလာဟလတွေအရတော့ အင်ပါယာတွေတောင်မှ သေမျိုးတွေပဲတဲ့... သူတို့ရဲ့ ကန့်သတ်ချက်တွေကို ရောက်သွားတာနဲ့ ဒုတိယဘဝကို မကူးပြောင်းနိုင်ဘူးဆိုရင် သေဆုံးသွားကြရတာပဲ...”
ဓားသမားယင်က ညည်းတွားလိုက်သည်။
သူ၏ ပတ်လည်ရှိ ဒေါသနှင့် တွန့်ဆုတ်မှု ဓားရာများ၏ လွှမ်းမိုးခံလိုက်ရသကဲ့သို့ သူကိုယ်တိုင်လည်း မျှော်လင့်ချက် ကင်းမဲ့ခြင်း ခံစားချက်ကို ခံစားလိုက်ရ၏။
အင်ပါယာများပင်လျှင် ပျက်သုဉ်းရမည် ဖြစ်သည်။
ကောင်းကင်ဘုံနှင့် တူညီသော သက်တမ်းကို မည်သူမျှ မပိုင်ဆိုင်နိုင်ကြတော့ချေ။
နာမည်ကျော်ကြားလှသော အင်မော်တယ်များကများ ထိုသို့သော အောင်မြင်မှုကို ရရှိနိုင်မည်လော။
ဓားသမားယင်မှာ ဝေခွဲမရ ဖြစ်သွားပြီး ကျန်သည့်လူများမှာလည်း အဖြေမရှိကြပေ။
မကြာမီပင် သူတို့က ဓားအင်ပါယာ၏ စိတ်ခံစားချက်များမှ ခွာထွက်လိုက်ကြပြီး သူ၏ အလောင်းပေါ်သို့သာ အာရုံစိုက်လိုက်ကြ၏။
အသားများအားလုံး ပုပ်သိုးဆွေးမြည့်နေပြီ ဖြစ်သော်လည်း ၎င်းက အင်ပါယာတစ်ပါး၏ အလောင်းပင် ဖြစ်သေးသည်။ ၎င်း၏ တန်ဖိုးက ခန့်မှန်း၍ မရနိုင်လောက်ပေ။
“ဓားသင်္ကေတတွေ ဘယ်မှာလဲ...”
ဓားတာအိုသခင်က လျှို့ဝှက်ဆန်းကြယ်ဓားသင်္ကေတလေးပါးကို ပို၍ စိတ်ဝင်စားနေ၏။
ထို့ကြောင့် သူက ဝင်ပေါက်ကိုးခု ဓားနှလုံးသားခန္ဓာကို အသက်သွင်းလိုက်ပြီး ၎င်းတို့၏ တည်ရှိမှုကို မကြာမီ အာရုံခံမိသွားသည်။
“အဲဒါတွေက ဒီနေရာမှာပဲ ရှိနေပုံရတယ်...”
ဓားတာအိုသခင်က သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်း၍ သူ၏ လက်ကို မြှောက်လိုက်၏။
လက်သီးဆုပ်ခန့် အရွယ်အစားရှိ အနီနှင့် အပြာရောင် အလင်းလုံးတစ်စုံက ဓားအင်ပါယာ ချင်းရွှယ်၏ အလောင်းထဲမှ ထွက်ပေါ်လာသည်။ ၎င်းတို့က အင်အားကြီးမားသော ဓားအခြေခံ တာအိုစည်းချက် လှိုင်းလုံးများနှင့်အတူ လင်းလက် တောက်ပနေ၏။
၎င်းတို့အနက်မှ တစ်ခုက မြစ်တစ်စင်း၏ တည်ငြိမ်သော ရေစီးကြောင်းကဲ့သို့ အေးချမ်းနေပြီး အခြားတစ်ခုကမူ ရန်လိုမှုများနှင့်အတူ လောင်ကျွမ်းနေသည်။
၎င်းတို့က လျှို့ဝှက်ဆန်းကြယ်ဓားသင်္ကေတလေးပါးထမှ မီးနှင့် ရေ ဓားသင်္ကေတများပင် ဖြစ်၏။
“နောက်ဆုံးတော့ ငါ ရှာတွေ့ခဲ့ပြီ...”
ဓားတာအိုသခင်က ဝမ်းသာအားရ တောက်ပသွားပြီး ဓားသင်္ကေတများကို ဆုပ်ကိုင်လိုက်သည်။
“ချူခွမ်းရန်... ဒီဓားသင်္ကေတတွေကို ငါ သန့်စင်ပြီးသွားတာနဲ့ မင်းကို ကြောက်နေစရာ မလိုတော့ဘူး...”
ဓားတာအိုသခင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
ထို့နောက် အလင်းလုံးတစ်လုံးက ဓားအင်ပါယာ၏ အလောင်းထဲမှ ထပ်မံ ထွက်ပေါ်လာသည်။
“ဒါက... ဓားအင်ပါယာရဲ့ အမွေအနှစ်များလား...”
ဓားတာအိုသခင်မှာ ယခုအခါ ဝမ်းသာလွန်း၍ မြူးတူးနေ၏။
“လျှို့ဝှက်ဆန်းကြယ် ဓားသင်္ကေတတွေအပြင် တခြားအရာတွေ ရှိနေဦးမယ်လို့ ငါ မထင်ထားခဲ့ဘူး...”
ထိုသို့ဆိုကာ သူက အလင်းလုံးဆီသို့ လက်လှမ်းလိုက်သည်။
အလင်းလုံးကို လှည့်ပတ်နေသော ရေတွက်၍မရနိုင်သည့် တာအိုစည်းချက်များ ရှိနေ၏။ စည်းချက်တစ်ခုစီတိုင်းတွင် အင်ပါယာတစ်ပိုင်းအဆင့်တစ်ယောက် အလွန် ကြီးမားသော အကျိုးကျေးဇူး ရရှိရန် လုံလောက်သည့် အင်အားများ ပါဝင်နေသည်။
“ပထမက လျှို့ဝှက်ဆန်းကြယ် ဓားသင်္ကေတလေးပါး... အခုက ဓားအင်ပါယာရဲ့ အမွေအနှစ်... ဟားဟား... ကောင်းကင်ဘုံက ငါ့ဘက်မှာ ရှိနေတာပဲ...”
“ဒီလို ကံကြမ္မာအခွင့်အရေးမျိုးက တားမြစ်ထားသော ကန္တာရလွင်ပြင်ထဲမှာတောင် အင်မတန် ရှားပါးလိမ့်မယ်... ချူခွမ်းရန်... မင်း ဒါကို ဘယ်လို ရင်ဆိုင်မလဲ ကြည့်ကြသေးတာပေါ့...”
ဓားတာအိုသခင်က အလွန် ပျော်ရွှင်သွားပြီး အလင်းလုံးကို သူ၏ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် စုပ်ယူလိုက်၏။
သူ၏ ဝင်ပေါက်ကိုးခု ဓားနှလုံးသားခန္ဓာက ဓားတာအိုနှင့် နီးကပ်စွာ ဆက်စပ်နေသော မည်သည့် ဒြပ်စင်များနှင့်မဆို သဘာဝအရ ရင်းနှီးကျွမ်းဝင်မှု ရှိနေသည်။ အခြား မည်သူမဆိုဆိုလျှင် ဓားအင်ပါယာ၏ အမွေအနှစ်ကို စုပ်ယူရန် အချိန် အမြောက်အမြား လိုအပ်မည်ဖြစ်၏။
သို့သော်လည်း ဓားတာအိုသခင်တွင် ထိုသို့သော အားနည်းချက် မရှိပေ။
ဓားအင်ပါယာ၏ ထိုးထွင်းသိမြင်မှုများက သူ၏ စိတ်ထဲသို့ ရေကြီးသကဲ့သို့ ဝင်ရောက်လာသောအခါ ဓားတာအိုသခင်၏ ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုက အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဓားသမားမိန်မှာ ပို၍ စိုးရိမ်ပူပန်လာ၏။
လျှို့ဝှက်ဆန်းကြယ်ဓားသင်္ကေတလေးပါးနှင့် ဓားအင်ပါယာ၏ အမွေအနှစ် ကဲ့သို့သော ရှားပါးလှသည့် ကံကြမ္မာအခွင့်အရေးမျိုးကို ဓားတာအိုသခင် တွေ့ကြုံရလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
၎င်းတို့က ဓားတာအိုသခင်၏ စွမ်းရည်ကို ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုအထိ မြှင့်တင်ပေးရန် လုံလောက်နေသည်။
ဓားတာအိုသခင်က ချူခွမ်းရန်အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာမည်ကို သူမ စိုးရိမ်နေ၏။
“သူ ဓားအင်ပါယာရဲ့ အမွေအနှစ်ကို သန့်စင်နေတုန်း အခုပဲ သူ့ကို လုပ်ကြံလိုက်ရမလား...”
ဓားသမားမိန်က ဓားတာအိုသခင်ကို ရုတ်တရက် ရက်စက်စွာ စိုက်ကြည့်လိုက်သည်။
သို့သော်လည်း သူမက သူမ၏ အတွေးများကို မကြာမီ ပြန်လည်ထိန်းချုပ်လိုက်၏။
အခြားအရိပ်ဓားသမားများနှစ်ယောက်က ဓားတာအိုသခင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေသဖြင့် သူမ ဤကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် လမ်းစမရှိပေ။ တိုက်ပွဲတစ်ခုတွင် သူမက ဓားသမားယင်ကိုပင် အနိုင်ယူနိုင်စွမ်း မရှိချေ။
တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိပြီးနောက် ဓားတာအိုသခင်က ရုတ်တရက် ထစ်အသွားသည်။
“ဟင်…”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက ဘယ်လိုလုပ် ဒီနေရာကို ရောက်နေတာလဲ... ဒီပ မဖြစ်နိုင်ဘူး...”
ဓားတာအိုသခင်မှာ မကြာမီမှာပင် ထိတ်လန့်တုန်လှုပ်မှုများက လွှမ်းမိုးသွား၏။
အနီးအနားတွင် အခြားဝင်ပေါက်ကိုးခု ဓားနှလုံးသားခန္ဓာတစ်ခု၏ တည်ရှိနေမှုကို သူ အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
ချူခွမ်းရန်မှလွဲ၍ မည်သူက ဝင်ပေါက်ကိုးခု ဓားနှလုံးသားခန္ဓာကို ပိုင်ဆိုင်ထားသေးသနည်း။
သို့သော်လည်း ၎င်းက သူ၏ စိတ်ထဲတွင် အဓိပ္ပာယ် မရှိလှပေ။ ချူခွမ်းရန်က အခြား တစ်နေရာသို့ လမ်းလွဲခေါ်ဆောင်ခံလိုက်ရပြီ ဖြစ်ပြီး ကျန့်ချန်ဖုန်းကလည်း သေဆုံးသွားပြီဟု ဓားတာအိုသခင်က ထင်မှတ်ထားခဲ့သည်။ ချူခွမ်းရန်က ဤနေရာသို့ လာရာလမ်းကို မည်သို့ ရှာတွေ့နိုင်မည်နည်း။
ဓားတာအိုသခင်မှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ဓားအင်ပါယာ၏ အမွေအနှစ်ကို သန့်စင်နေဆဲဖြစ်၏။
“မိန်အာ... ချူခွမ်းရန် ရောက်နေတယ်... အခြားလူတွေနဲ့ ပူးပေါင်းပြီး သူ ဒီနေရာကို ဝင်မလာနိုင်အောင် တားထား...”
သူ့စကားကို ကြားသောအခါ ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြသည်။
သူတို့ ထပ်မံ မေးခွန်းထုတ်ရန် အချိန်မရလိုက်မီမှာပင် အဝေးမှ ရောက်ရှိလာသော ကျောချမ်းဖွယ် ဓားအခြေခံ တာအိုစည်းချက်များ၏ ကျူးကျော် ဝင်ရောက်လာမှုကို သူတို့ ခံစားလိုက်ရ၏။
“အင်အားကြီးမားလိုက်တဲ့ တာအိုစည်းချက်ပဲ... တကယ်ပဲ ချူခွမ်းရန် ဖြစ်နေတာကိုး...”
“တာအိုသခင်ကို သူ နှောင့်ယှက်တာမျိုး မဖြစ်ရအောင် ငါတို့ ဘာပဲပေးဆပ်ရပေးဆပ်ရ တားဆီးရမယ်...”
သူ ရောက်ရှိလာသည့်အတွက် တိတ်တဆိတ် ဝမ်းသာနေသော ဓားသမားမိန်မှလွဲ၍ ကျန်သည့် ကျင့်ကြံသူများမှာ ထိတ်လန့်နေကြသည်။
သခင်က နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေတည်း။
ဟင်းလင်းပြင်ထဲမှ အရိပ်မည်းတစ်ခု ထွက်ပေါ်လာပြီး ပိန်ချုံးနေသော သက်ကြီးရွယ်အို တစ်ယောက်အဖြစ် ပေါ်လာ၏။ သူ၏ ရုပ်သွင်ပြင်လက္ခဏာက မည်သို့ပင် ရှိစေကာမူ ထိုသူက ဓားသမားယင်ထက် များစွာ ပိုမို ကြီးစိုးလွှမ်းမိုးနိုင်သော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေသည်။
သူ၏ အရှိန်အဝါက အနီးအနားရှိ မည်သူ့နှလုံးသားထဲကိုမဆို ထိတ်လန့် ကြောက်ရွံ့မှုများ ထည့်သွင်းပေးနေ၏။
သူက ဓားတာအိုသခင်ကို ကာကွယ်ရန် စေလွှတ်ခြင်း ခံထားရသည့် အရိပ်ဓားသမားသုံးယောက်အနက်မှ တစ်ယောက်ဖြစ်သော ဓားသမားကူ ဖြစ်သည်။
ဓားသမားကူက ဓားကလန်အတွင်းရှိ အကောင်းဆုံး ဓားသမားများထဲမှ တစ်ယောက်ဖြစ်၏။ သူ၏ ဓားပညာက ဓားကလန်ခေါင်းဆောင်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။
ဓားတာအိုသခင်၏ စေခိုင်းချက်တွင် သူ ပါဝင်နေခြင်းက ဓားကလန်က ဓားတာအိုသခင်အပေါ် မည်မျှအထိ ဂရုစိုက်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။
ဓားသမားကူ၏ ဦးဆောင်မှုအောက်တွင် ကျင့်ကြံသူများက နန်းတော်ထဲမှ ထွက်လာကြပြီး ချူခွမ်းရန်နှင့် ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြ၏။
မြူခိုးများထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာပြီး သူတို့ထံ ချဉ်းကပ်လာသော ဝတ်ရုံဖြူလူငယ်လေးကို သူတို့ မြင်လိုက်ရသည်။ သူ၏ နောက်တွင် ထူးဆန်းသော အရုပ်ငယ်လေးတစ်ခုက ကပ်လျက် လိုက်ပါလာ၏။
ထိုအရုပ်ငယ်လေးက အခြားသူမဟုတ်ဘဲ ရုပ်သေးရုပ်လေးအဖြစ် ပြောင်းလဲသွားသော ကျန့်ချန်ဖုန်းပင် ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ မြူခိုးများက ၎င်း၏ သေစေနိုင်သော ဓားချီများဖြင့် ချူခွမ်းရန်ကို ထိုးဖောက်ရန် ကြိုးစားလာကြ၏။ သို့သော်လည်း ဓားချီများက ချူခွမ်းရန်နှင့် သုံးမီတာ အကွာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ပျက်စီးသွားကြသည်။
ချူခွမ်းရန်ကို ပို၍ အင်အားကြီးမားသော ဓားချီတစ်ခုက ရစ်ပတ်နေကြောင်း ကျင့်ကြံသူများက ရှင်းလင်းစွာ မြင်တွေ့နိုင်ကြသည်။
ထိုဓားချီက မြူခိုးနက်၏ တိုက်ခိုက်မှုကို အားစိုက်ထုတ်စရာမလိုဘဲ ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်၏။
“အဟက်... ငါ ရောက်လာတဲ့အတွက် ဓားကလန်က ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ကြိုဆိုပွဲ အခမ်းအနားကို စီစဉ်ပေးထားတော့ ငါ အတော့်ကို ဝမ်းသာမိတာပေါ့...”
သူ၏ အလာကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသော ဓားကလန် ကျင့်ကြံသူများ အားလုံးကို ကြည့်၍ ချူခွမ်းရန်က ကျိတ်ရယ်လိုက်သည်။
***